ခရီးသွားလုပ်ငန်း၌ အရည်အသွေးရှိ ဝန်ထမ်းများ လိုအပ်နေ

ခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံတွင် တိုးတက်လာလျက်ရှိသည်။ သို့သော် ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းပို့ချမှုပိုင်း အဆင့်နိမ့်ကျသဖြင့် ဝန်ဆောင်မှုအရည်အသွေး ကျဆင်းနေသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

ကတ်ထရင် ရှရဂင်ဘာဂါ ရေးသားသည်။

ခရီးသွားလုပ်ငန်းသည် မကြာသေးမီ လများအတွင်း တိုးတက်မှု နှေးကောင်းနှေးနိုင်သည်။ သို့သော် ၂၀၁၁ ခုနှစ်၌ စီးပွားရေး ပြုပြင်ပြောင်းလဲမှု စတင်ပြီးကတည်းက ခရီးသွားလုပ်ငန်းသည် အလားအလာကောင်းသည့် ကဏ္ဍများတွင် ပါဝင်နေခဲ့သည်။

ဟိုတယ်သစ်များ၊ စားသောက်ဆိုင်သစ်များ ဖွင့်လှစ်လာနိုင်ခဲ့သည်။ ယခင်က သွားလာ၍မရသော ခရီးသွားနေရာများ အသစ်ပေါ်ထွန်းလာသည်။ ရုတ်တရက် တိုးတက်လာမှုကြောင့် ဟိုတယ်များနှင့် စားသောက်ဆိုင်များတွင် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပေါ်ထွက်လာသည်။ သို့သော် ဝန်ဆောင်မှုက အဓိကကျသော လုပ်ငန်းဖြစ်ရာ အရည်အသွေး ပြည့်မီသောဝန်ထမ်းများကို ဆွဲဆောင်ရာတွင် အခက်အခဲများ ရှိနေသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

“ထိရောက်တဲ့ အသက်မွေး သင်တန်းကျောင်းတွေ များများရရှိဖို့ လိုပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရ လက်အောက်မှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အကြီးအကဲ ဦးဝင်းနိုင်က ပြောကြားသည်။

မကြာသေးမီ နှစ်များတွင်း မြန်မာနိုင်ငံတွင် အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများ ပေါ်ထွက်လာခဲ့သည်။ ယင်းတို့တွင် ပုဂ္ဂလိကသင်တန်းကျောင်းများနှင့် အင်န်ဂျီအိုများ၊ နိုင်ငံတကာ အလှူရှင်များက ကူပံ့ပေးသည့် အခမဲ့ သင်ကြားပေးသော သင်တန်းကျောင်းများ ပါဝင်သည်။

၂၀၁၄ ခုနှစ်တွင် ထိုစဉ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် သူ့မဲဆန္ဒနယ် ကော့မှူးမြို့တွင် Hospitality and Catering Training Academy – HTCA ကို ဖွင့်လှစ်ပေးခဲ့သည်။ သူ၏မိခင်နာမည်ဖြင့် တည်ထောင်ထားသော ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ တစိတ်တပိုင်းအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ ၆ လ သင်တန်းဖြစ်ပြီး ၂ လမှာ မိတ်ဖက်လုပ်ကိုင်သော စားသောက်ဆိုင်နှင့် ဟိုတယ်များတွင် အလုပ်သင်အဖြစ် ဆက်လက်သင်ကြားရခြင်း ဖြစ်သည်။

HCTA သို့ တစ်နှစ်လျှင် သင်တန်းသား ၆၀၀ ခန့် လျှောက်ထားသည်ဟု ကျောင်းအုပ် ဦးသော်ဇင်မောင်မောင်က ဆိုသည်။ သင်တန်း၌ ကျောင်းသားများကို စာသင်နှစ်ဝက် နှစ်ခုစလုံး two semesters အတွက် ၂၆၀ ဦး ခွဲ၍လက်ခံသည်။ သင်တန်းသား ထက်ဝက်ခန့်သည် ကော့မှူးမြို့မှဖြစ်ပြီး ကျန်တစ်ဝက်သည် မြန်မာနိုင်ငံ အနှံအပြားမှ လာရောက်ကြသည်။

သင်တန်းတွင် အခြေခံနှင့် အဆင့်မြင့် ဧည့်ကြိုသင်တန်း၊ အချက်အပြုတ်သင်တန်းများ သင်ကြားပေးသည်။

“ကျွန်မရဲ့ ရည်မှန်းချက်ကတော့ စားဖိုမှူးကောင်း တစ်ယောက်ဖြစ်ဖို့ပါ” ဟု ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ်မှ အသက် ၂၃ နှစ်အရွယ် သင်တန်းသူ မမြတ်ဖူးဖူးစံက ပြောသည်။ သူ၏ သူငယ်ချင်း တစ်ယောက်က လမ်းညွှန်သောကြောင့် မမြတ်ဖူးဖူးစံသည် ဇန်နဝါရီလမှ စတင်ပြီး HCTA တွင် တက်ရောက် သင်ကြားခြင်း ဖြစ်သည်။

ကော့မှူးမြို့မှ Hospitality and Catering Training Academy တွင် စားဖိုမှူး သင်တန်းဆရာက ကျောင်းသားများကို သင်ကြားပြသပေးနေစဉ်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ကော့မှူးမြို့မှ Hospitality and Catering Training Academy တွင် စားဖိုမှူး သင်တန်းဆရာက ကျောင်းသားများကို သင်ကြားပြသပေးနေစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

သူနှင့်အတူ သင်တန်းတက်နေသော ရန်ကုန်မြို့မှ အသက် ၁၈ နှစ်အရွယ် ကိုသားထက်ရှန်က HCTA သည် မြန်မာနိုင်ငံတွင် အကောင်းဆုံး အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းဖြစ်သည်ဟု သူယူဆကြောင်း၊ ထိုသင်တန်းမှ ဆင်းပါက အလုပ်အကိုင်ကောင်းကောင်း တစ်ခု ရရှိနိုင်မည်ဟု မျှော်လင့်မိကြောင်း ဆိုသည်။

“ဒါက ကျွန်တော်တို့ လူငယ်မျိုးဆက်သစ်ကို အပြောင်းအလဲတွေ ပေးနိုင်မယ်” ဟု ဖေဖော်ဝါရီ ၁ ရက်က ထိုသင်တန်းသို့ ဖရန်တီယာရောက်ရှိစဉ် သူကပြောသည်။

သင်တန်းဆင်းသွားပါက ၆ လကြာ လုပ်ငန်းခွင် အစမ်းခန့်ရအောင် ဆက်သွယ်ပေးသည်ဟု ဦးသော်ဇင်မောင်မောင်က ပြောပြသည်။ သင်တန်းဆင်းကျောင်းသားများ၏ ၉၀ ရာနှုန်းခန့်သည် ခရီးသွားလုပ်ငန်း ကဏ္ဍတွင်သာ ဆက်လက်လုပ်ကိုင်နေကြသည်ဟု ၎င်းကဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်က သင်တန်းသားဟောင်းတွေ ဘာတွေလုပ်ကိုင်နေလဲ သိချင်တယ်။ ဒီတော့ ကျွန်တော်တို့က အရေအတွက်ကို သူ့ကို တင်ပြရတယ်” ဟု ဦးသော်ဇင်မောင်မောင်က ဆိုသည်။

အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်း တည်ထောင်သူများသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ မြန်မာနိုင်ငံတွင် အသက်မွေးဝမ်းကျောင်း သင်တန်းများသည် အစိမ်းသက်သက် ဖြစ်နေသေးသည်။ အလုပ်ရှင်များကလည်း ကောင်းစွာ နားမလည်ကြသေးပေ။

“အလုပ်ရှင်တွေရဲ့ မျှော်မှန်းချက်က မြင့်မားလွန်းတယ်” ဟု ရန်ကုန်မြို့ရှိ ခရီးသွားနှင့် ဧည့်ဝန်ဆောင်မှုလုပ်ငန်း သင်တန်းဗဟို Tourism and Hospitality Training Centre – THTC မှ ဆရာတစ်ဦးဖြစ်သူ အသက် ၄၉ အရွယ် ဦးအောင်ဆန်းကြိုင်က ပြောပြသည်။ ယင်းသင်တန်းကျောင်းကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် Luxembourg Agency for Development Cooperation တို့ ပူးပေါင်းဖွင့်လှစ်ထားခြင်း ဖြစ်သည်။

“ပေးလိုက်တဲ့ သင်တန်းဆင်းလက်မှတ် အမျိုးအစားကို သူတို့က မကြည့်ဘူး။ သင်တန်းဆင်းတစ်ယောက်က အလုပ်တစ်ခုကို အောင်မြင်အောင် မလုပ်ဆောင်နိုင်ရင် လက်မှတ်က ဘာမှသုံးမရဘူးပဲ ပြောကြတယ်။ သူတို့က ကိုယ်လိုအပ်တဲ့ လုပ်ငန်းအမျိုးအစားကို ကြည့်ပြီး ရှာဖွေသင့်တယ်” ဟု ဦးအောင်ဆန်းကြိုင်က ပြောသည်။

ခရီးသွားလုပ်ငန်းတွင် ပါဝင်သူများသည် မိမိတို့၏ လိုအပ်ချက်ကို လေ့လာဆန်းစစ်ရမည်။ သို့မှသာ သင်တန်းကျောင်းများက ၎င်းတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသော သင်ရိုးညွှန်းတမ်းကို ထုတ်နိုင်မည်ဟု ၎င်းက ပြောသည်။

THTC သည် ကျပ် ၃၀,၀၀၀ ကျသင့်သော လေးပတ်ကြာ သင်တန်းကို ပို့ချနေသည်။ မကြာသေးမီ ကာလက ၆ လကြာသော သင်တန်းတစ်ခုကို မိတ်ဆက်ပေးခဲ့သည်။ ယင်းသင်တန်းသည် အလုပ်သင်အဖြစ် ၃ လကြာ လုပ်ကိုင်နိုင်မည်ဖြစ်ပြီး ကျပ် ၁၀၅,၀၀၀ ကျသင့်သည်ဟု ဆိုသည်။

လူဇင်ဘတ် အေဂျင်စီ Luxenbourg Agency သည် အသက်မွေးဝမ်းကျောင်း သင်တန်းများကို ဧရာဝတီတိုင်း ပုသိမ်မြို့၊ မကွေးတိုင်း ပခုက္ကူမြို့များတွင် ဖွင့်လှစ်ပေးထားပြီး ၆ လကြာ အလုပ်သင်အဖြစ် လုပ်ကိုင်ခွင့်ကို အခမဲ့ ပေးထားသည်။ ယင်းမှာ ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းလုပ်ကိုင်ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် ပြည်တွင်းမှ အင်န်ဂျီအိုတစ်ခုဖြစ်သော Inle Heritage Foundation သည် ရှမ်းပြည်နယ် အင်းလေးကန် အနီးတွင် Inle Heritage Hospitality Vocational Training Centre ကို တည်ထောင်ပေးခဲ့သည်။ နှစ်စဉ် ထိုစင်တာသည် လူငယ်အယောက် ၄၀ ခန့်ကို ခရီးသွားလုပ်ငန်း ကဏ္ဍအတွက် လေ့ကျင့်သင်ကြားပေးသည်။ ထိုသင်တန်းမှ ဆင်းလာသော ကျောင်းသား ၇၀ ရာခိုင်နှုန်းခန့်သည် ခရီးသွားကဏ္ဍတွင်သာ ဆက်လက်လုပ်ကိုင်နေကြသည်ဟု သင်တန်း၏ လက်ထောက်ကျောင်းအုပ် ဦးအောင်ဖြိုးမင်းက ပြောသည်။

၎င်းကပင် အင်းလေးဒေသမှ လူငယ်အများအပြားသည် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများသို့ သွားရောက်ပြီး သင်တန်းမတက်နိုင်ကြကြောင်း ဖရန်တီယာကို ပြောပြသည်။

“အင်းလေးက လူငယ်တွေအတွက် ဒါက ငွေကုန်ကြေးကျ များလွန်းတယ်” ဟု ၎င်းကဆိုသည်။Inle Heritage Hospitality Vocational Training Centre ကို ၂၀၁၃ ခုနှစ်က အင်းလေးဒေသမှ ပြည်သူများအား ဧည့်ဝန်ဆောင်မှုလုပ်ငန်း၌ အလုပ်ရရှိစေရန် တည်ထောင်ခဲ့သည်။ ဓာတ်ပုံ - အိုလီဗာ ဆလိုး

Inle Heritage Hospitality Vocational Training Centre ကို ၂၀၁၃ ခုနှစ်က အင်းလေးဒေသမှ ပြည်သူများအား ဧည့်ဝန်ဆောင်မှုလုပ်ငန်း၌ အလုပ်ရရှိစေရန် တည်ထောင်ခဲ့သည်။ ဓာတ်ပုံ – အိုလီဗာ ဆလိုး

ထိုစင်တာသည် ၁၀ လကြာ သင်တန်းများကို အခမဲ့ပေးနေပြီး အင်းလေးကန်၊ ရန်ကုန်နှင့် ပုဂံတို့ရှိ ဟိုတယ်များတွင် အလုပ်သင်အဖြစ် တစ်လ လုပ်ကိုင်ခွင့် ပေးထားသည်။ သင်တန်းကာလတွင် စင်တာနှင့် ချိတ်ဆက်ထားသော စားသောက်ဆိုင်များတွင် အလုပ်လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။

“အင်းလေးဒေသနဲ့ အနီးဝန်းကျင်မှာ ခရီးသွားနဲ့ ဧည့်ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဝန်ထမ်းကောင်းတွေ လိုအပ်နေပြီး အရည်အသွေး ပြည့်မီတဲ့ ဝန်ထမ်းတွေကို ပြုစုပျိုးထောင်ပေးမယ့် သင်တန်းက ရှားပါးနေပါတယ်” ဟု  ဦးအောင်ဖြိုးမင်းက ဆိုသည်။ အဓိက ပြဿနာမှာ လူငယ်တို့က နိုင်ငံခြားထွက်ပြီး အလုပ်အကိုင် ရှာဖွေနေကြခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အခြားပြဿနာ တစ်ခုက အထက်တန်းကျောင်းကို ပြီးဆုံးအောင် မတက်နိုင်ဘဲ ထွက်လာသည့် လူငယ်များကို အထောက်အကူပြုမည့် အသက်မွေးဝမ်းကျောင်း အစီအစဉ်များ မရှိခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လက်နဲ့ လုပ်ရတဲ့အလုပ်တွေ၊ ဝန်ဆောင်မှုအလုပ်တွေကို လူတွေက နိမ့်ကျတယ်လို့ ထင်နေကြတယ်။ ကျောင်းကို ပြီးဆုံးအောင် မတက်နိုင်ဘဲ ထွက်လာတဲ့ လူငယ်တွေအပေါ် ရှုမြင်ပုံက ဆိုးရွားလွန်းတယ်” ဟု ၎င်းက ဆိုသည်။ အင်းလေးဖောင်ဒေးရှင်း၏ အဓိက ရည်ရွယ်ချက် တစ်ခုက ဧည့်ဝန်ဆောင်မှုလုပ်ငန်းအပေါ် လူငယ်များနှင့် မိဘများ၏ ထင်မြင်ယူဆချက်များကို ပြောင်းလဲပစ်ရန်ဖြစ်ကြောင်း ဦးအောင်ဖြိုးမင်းက ဆိုသည်။

မြန်မာနိုင်ငံမှ အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းများသည် သင်တန်းကာလ တစ်နှစ်ထက် ကျော်လွန်သည်မှာ ရှားပါးသည်။ ခြွင်းချက်တစ်ခုမှာ သင်တန်းကာလ ၃ နှစ် သင်ကြားသော ရန်ကုန်မြို့ရှိ Centre for Vocational Training – CVT သင်တန်းကျောင်း ဖြစ်သည်။ CVT သင်တန်းသည် ခရီးသွားနှင့် ဧည့်ဝန်ဆောင်မှုကဏ္ဍတွင် နာမည်ကြီးသော ဆွစ်ဇာလန်နိုင်ငံ၏ လုပ်ငန်းခွင် စာတွေ့လက်တွေ့ သင်တန်းပုံစံ dual form ကို ယူ၍ သင်ကြားပေးခြင်း ဖြစ်သည်။

CVT မှ ကျောင်းသားများကို ၎င်းတို့၏ ကုမ္ပဏီမှ စပွန်ဆာပေးသည်ဟု CVT ၏ အမှုဆောင်အရာရှိချုပ် ဒေါ်ခင်မြတ်စန္ဒာက ပြောသည်။ စင်တာမှ သင်ခန်းစာများတွင် စာသင်ခန်းအတွင်း သင်ကြားရသော အစီအစဉ်အချို့ ပါဝင်သော်လည်း သင်တန်း၏ အဓိကအရည်အသွေးသည် ယင်း၏ မိတ်ဖက်ဟိုတယ်များတွင် အလုပ်သင်အဖြစ် သင်ကြားရသော အစီအစဉ်သာ ဖြစ်သည်ဟု ဆိုသည်။ CVT သည် ရန်ကုန်မြို့တွင် မိတ်ဖက်ဟိုတယ် အလုံး ၅၀ ခန့် ရှိသည်။ ယင်းသည် ဧရာဝတီတိုင်း ချောင်းသာကမ်းခြေမှ ဟိုတယ်တစ်ခုနှင့်လည်း ချိတ်ဆက်နိုင်ရန် ဆွေးနွေးလျက်ရှိသည်။

လုပ်ငန်းပိုင်ရှင် အများစုက ၎င်းတို့၏ ဝန်ထမ်းများအား သင်တန်းများသို့ မပို့ချင်ကြကြောင်း၊ သင်တန်းမှ ဆင်းလာပါက လစာ ပိုပေးရမည်ကို စိုးရိမ်နေကြကြောင်း ဒေါ်ခင်မြတ်စန္ဒာက ဆိုသည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံ၌ ခရီးသွားလုပ်ငန်းတွင် ဝန်ထမ်းကောင်းများ ရှားပါးနေခြင်းဖြစ်သည်ဟု ဆိုသည်။

“လူငယ်တွေကို သင်တန်းတွေ မပေးဘူး၊ လုပ်သက်ရလာပြီး ကျွမ်းကျင်ဝန်ထမ်း ဖြစ်လာရင်လည်း လစာ တိုးမပေးဘူး၊ သူတို့ရဲ့အနာဂတ်အတွက် အခွင့်အလမ်းတွေ မပေးဘူးဆိုရင် သူတို့ အလုပ်ထွက်ကြမှာပဲ” ဟု ၎င်းက ပြောသည်။

၎င်းက လုပ်ငန်းရှင်များကို မိမိတို့ဝန်ထမ်းများ၏ အနာဂတ်အတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် လူမှုရေး တာဝန်သိစိတ်နဲ့ လုပ်ကိုင်ကြရန် တွန်းအားပေးလျက် ရှိသည်။ ၂၀၁၅ ခုနှစ်တွင် CVT သည် သင်တန်းဆရာများ၏ အရည်အသွေး ပြည့်ဝစေရေးအတွက် ကျွမ်းကျင်မှု ဖလှယ်သော အစီအစဉ် trainer-to-trainer programme ကို ဖန်တီးပေးခဲ့သည်။

အခြားပြဿနာ တစ်ခုကမူ လူအများက လက်ခံထားသည့် အရည်အသွေး အာမခံသော သင်တန်းဆင်း လက်မှတ်မျိုး မြန်မာနိုင်ငံမှာ မရှိခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။

“မြန်မာနိုင်ငံမှာ National Standard Skill Authority ဆိုတာတော့ ရှိတယ်။ ဒါပေမဲ့ ဒီအဖွဲ့အစည်းက အင်အားမကောင်းဘူး။ ကုမ္ပဏီ နည်းနည်းလောက်ကပဲ သိကြတယ်” ဟု ၎င်းက ဆိုသည်။ ယင်းအဖွဲ့အစည်းကို ၂၀၀၇ ခုနှစ်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ခရီးသွားကဏ္ဍမှာ ဝန်ထမ်းများ၏ အရည်အသွေးကို စစ်ဆေးပေးနိုင်သော ဗဟိုချုပ်ကိုင်သည့် စနစ်တစ်ခုတော့ ရှိသင့်တယ်ဟု ဒေါ်ခင်မြတ်စန္ဒာက ဆိုသည်။

“ကျွန်မတို့က နိုင်ငံတကာကို တံခါးဖွင့်ပြီး အလုပ်လုပ်နေကြပါပြီ။ ဒါပေမဲ့ ပြည်တွင်းမှာပဲ စံသတ်မှတ်ရတဲ့ အရည်အသွေးမျိုးတွေ မရရှိနိုင်သေးဘူး။ နိုင်ငံတကာစံနှုန်းနဲ့ သွားမယ်ဆိုရင် အနည်းဆုံးတော့ ဒါက လိုအပ်ပါတယ်” ဟု ဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ကော့မှူးမြို့မှ Hospitality and Catering Training Academy တွင် စားဖိုမှူး သင်တန်းဆရာက ကျောင်းသားများကို သင်ကြားပြသပေးနေစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.