ကြောက်မက်ဖွယ်ရာတွေ ဖန်တီးပေးတဲ့ မိတ်ကပ်ပညာ

ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးရာမှာ ဇာတ်ဝင်ခန်းအလိုက် လိုအပ်တဲ့ မီးလောင်ဒဏ်ရာတွေ၊ သွေးထွက်သံယို ဒဏ်ရာတွေလိုမျိုးတွေကို သရုပ်ဆောင်တွေရဲ့ ခန္ဓာကိုယ်အပေါ်မှာ မိတ်ကပ် အထူးပြုလုပ်ချက်တွေနဲ့ လူငယ်ပညာရှင်တွေက ဖန်တီးပေးကြပါတယ်။

သီရိဟန် ရေးသားသည်။

မိတ်ကပ်ဘူးထဲက အလှပြင်ပစ္စည်းတွေကို ခုံပေါ်တင်ရင်း ဘာဒီဇိုင်း ဖန်တီးရင်ကောင်းမလဲလို့ မအိမီမီကို ရေရွတ်နေပါတယ်။ အလှပြင်ပစ္စည်းတွေနဲ့ ဖန်တီးမယ့်အရာဟာ လှပတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ခဏအကြာမှာတော့ မီးလောင်ကွက်ဒဏ်ရာတစ်ခုကို ဖန်တီးပြဖို့ သူ စိတ်ကူးရသွားပါတယ်။

“ဒီအလုပ်ကို စလုပ်တုန်းက အိမ်က တော်တော်ဆူတာခံရတယ်။ အမေက မကြိုက်ဘူး ” လို့ မအိမီမီကိုက ပြောပါတယ်။

သူကတော့ ရုပ်ရှင်ကားတွေမှာ ရိုက်ကူးရာမှာသုံးတဲ့ အထူးပြုလုပ်ချက် မိတ်ကပ်တွေကို ဖန်တီးပေးရတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူတို့ကို SFX Makeup artist တွေလို့လဲ ခေါ်ကြပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးရာမှာ ဇာတ်ဝင်ခန်းအလိုက် လိုအပ်တဲ့ မီးလောင်ဒဏ်ရာတွေ၊ သွေးထွက်သံယို ဒဏ်ရာတွေလိုမျိုးတွေကို သရုပ်ဆောင်တွေရဲ့ ခန္ဓာကိုယ်အပေါ်မှာ မိတ်ကပ် အထူးပြုလုပ်ချက်တွေနဲ့ သူတို့က ဖန်တီးပေးကြပါတယ်။

နိုင်ငံတကာမှာတော့ SFX မိတ်ကပ်ဖန်တီးမှုကို အဆင့်အတန်းတစ်ခုအဖြစ် သတ်မှတ်ထားပေမယ့် မြန်မာနိုင်ငံမှာတော့ သိပ်အထင်အရှား မတွေ့ရသေးပါဘူး။

jtms_sfxartists-1.jpg

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

မအိမီမီကိုကတော့ ၂၀၁၅ ခုနှစ်ကတည်းက YouTube က သင်ခန်းစာ ဗီဒီယိုတွေ၊ အင်တာနက်ဝက်ဘ်ဆိုက်တွေကို ကြည့်ပြီး စတင်လေ့လာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အလုပ်က ထွက်ပြီး SFX မိတ်ကပ်ပညာရှင် တစ်ယောက်အဖြစ် ရပ်တည်ဖို့ ရွေးချယ်ခဲ့ပါတယ်လို့ အသက် ၂၇ နှစ် ရှိပြီဖြစ်တဲ့ မအိမီမီကိုက ပြောပါတယ်။ YouTubeက သင်ခန်းစာတွေကို ကြည့်ပြီး အနီးအနား ပတ်ဝန်းကျင်မှာ အလွယ်တကူရရှိနိုင်တဲ့ ဂျယ်လီ၊ ဂျုံစတာတွေကို အသုံးပြုပြီး သူရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကိုယ်တိုင် စမ်းသပ်လေ့ကျင့် ကြည့်ခဲ့ရာကနေ မိတ်ကပ်ပညာရှင်တစ်ယောက် ဖြစ်လာခဲ့တယ်လို့ သူကဆိုပါတယ်။  

စာကျက်နေရင်း စိတ်ထွက်ပေါက်အဖြစ် YouTube သင်ခန်းစာတွေကို ကြည့်ရာကနေ လေ့ကျင့်တဲ့အနေနဲ့ အိမ်မှာရှိတဲ့ ဂျုံ နဲ့ အလှပြင်ပစ္စည်းတစ်ချို့ကို ရောကာ လက်ကို ဓားနဲ့ လှီးထားတဲ့ ဓားခုတ်ရာကို ဖန်တီးပြီး ကိုယ်ပိုင် Facebook စာမျက်နှာပေါ်မှာ တင်ခဲ့တဲ့ မစောယုနန္ဒာဟာလည်း တက်သစ်စ SFX makeup artist တစ်ယောက် ဖြစ်ပါတယ်။ အဆိုပါ ပုံကိုတင်ပြီး နောက်တစ်နေ့မနက်မှာတော့ သူမရဲ့ Facebook အကောင့် အပိတ်ခံရတဲ့အတွက် recover ပြန်ယူထားရတယ်လို့ ဆိုပါတယ်။ သူ့ဆီကိုလည်း ကိုယ့်ကိုကိုယ့် သတ်သေခြင်းတွေ မပြုလုပ်ဖို့အတွက် အားပေးတဲ့ စာတွေ ရောက်လာတယ်လို့ ဆိုပါတယ်။

“အဲ့ဒါ SFX မိတ်ကပ် စမ်းတာပါ ဆိုတာကို အတော်ရှင်းယူလိုက်ရတယ်” လို့ မစောယုန္နာက ရယ်ပြီး ပြောပါတယ်။

jtms_sfxartists-11.jpg

နာမည်ကျော် ပန်းပုပညာရှင်တစ်ဦးဖြစ်တဲ့ မအိမီမီကို ရန်ကုန်မြို့ရှိ စတူဒီယိုတစ်ခုတွင် ဆီလီကွန်ပန်းပုရုပ်ထုတစ်ခု ဖန်တီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

အထူးပြုလုပ်ချက် မိတ်ကပ်ပညာကို ကိုယ်တိုင်လေ့လာသင်ယူ စမ်းသပ်လို့ ရနိုင်ပေမယ့် အသုံးပြုတဲ့ပစ္စည်းတွေကို ပြည်တွင်းမှာ ဝယ်ယူနိုင်ဖို့ ခက်ခဲလှပါတယ်။ ပြည်တွင်းမှာ အရည်အသွေးကောင်းတဲ့ပစ္စည်းကို ဈေးချိုချိုသာသာနဲ့ ရဖို့ ဆိုတာ တက်သစ်စ SFX မိတ်ကပ် ပညာရှင်တွေအတွက်တော့ အခက်အခဲတစ်ခု ဖြစ်ပါတယ်။ အသုံးပြုတဲ့ပစ္စည်းတွေကို များသောအားဖြင့် နိုင်ငံခြားက မှာကြတယ်လို့ ဆိုပါတယ်။

“နိုင်ငံခြားက ပစ္စည်းတွေရဲ့ အရည်အသွေးဟာ ရုပ်ထွက်ကောင်းစေပါတယ်။ ပြည်တွင်းမှာလည်း ဖြစ်တဲ့ပစ္စည်းနဲ့တော့ လုပ်လို့ရတယ်” လို့ မအိမီမီကိုက ဆိုပါတယ်။ ဒါပေမယ့် အရမ်းကောင်းတဲ့ ကင်မရာတွေနဲ့ ရိုက်တဲ့အခါကျတော့ ရှိတဲ့ပစ္စည်းနဲ့ ဖြစ်သလိုလုပ်လို့ အဆင်မပြေဘူးလို့ သူက ရှင်းပြပါတယ်။ 

“သွေးတို့ ဘာတို့ဆိုလည်း နိုင်ငံခြားက မှာရမယ်ချည်းပဲတော့ မဟုတ်ဘူး။ ဒီမှာလည်း ဖြစ်အောင်လုပ်လို့ရတယ်။ ရုပ်ထွက်ကတော့ ကွာတာပေါ့” လို့  သူက ဆိုပါတယ်။

အရင်ကတော့ အခုလို SFX မိတ်ကပ်တွေကို ရုပ်ရှင်ရိုက်ကူးမှုတွေမှာ အသုံးပြုတာနည်းပါးတာကြောင့် လူတွေရဲ့ စိတ်ဝင်စားမှုဟာလည်း အားမကောင်းခဲ့ပါဘူး။ အသုံးပြုဖို့ ပစ္စည်းတွေ မှာယူမယ်ဆိုရင်လည်း အလွယ်တကူမရှိဘဲ တော်ရုံကလည်း ပစ္စည်းမဝယ်နိုင်ကြဘူးလို့ စောယုနန္ဒာက ဆိုပါတယ်။

jtms_sfxartists-12.jpg

ပန်းပုပညာရှင်ကိုအောင်ကျော်ထွန်းကို ၎င်းဖန်တီးထားသည့် အရုပ်များနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

“ဒီမှာက အရမ်းကိုဈေးကြီးတယ်။ နိုင်ငံခြားမှာငါးဒေါ်လာလောက်ဆိုပေမယ့် ဒီကို ရောက်တဲ့အခါမှာတော့ ခရီးစရိတ် ဘာညာနဲ့ ဒေါ်လာ ၂၀ ကျော်လောက် ကျသွားတယ်” လို့ သူမက ဆိုပါတယ်။

ပစ္စည်းမှာယူရတဲ့အပိုင်းမှာ အခက်အခဲတွေရှိသလို ထိုက်သင့်တဲ့ လုပ်အားခကို ရသင့်တဲ့ အပိုင်းတွေမှာလည်း အဆင်မပြေမှု အနည်းငယ် ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ တခါတလေမှာ ရရှိသည့် ငွေကြေးပမာဏနဲ့ သုံးဆွဲလိုက်ရသည့် ပစ္စည်းရဲ့ ကုန်ကျစရိတ်က အရမ်းကွာခြားနေသည်များလည်း ရှိတတ်တယ်လို့ စောယုနန္ဒာက ပြောပါတယ်။

“ကိုယ်ကလည်း အကောင်းဆုံးပဲ လုပ်ပေးချင်တယ်။ ပေါ့တီးပေါ့ပျက် တာဝန်ကျေ မလုပ်ချင်တဲ့အခါ ကိုယ့်ပစ္စည်းပဲ သုံးပေးလိုက်တယ်” လို့ သူကပြောပါတယ်။ ကိုယ့်ကို အသိအမှတ်ပြုခံချင်လို့ အကောင်းဆုံးလုပ်ပေးတယ်ဆိုပေမယ့် ထိုက်သင့်တဲ့တန်ဖိုး ပေးသင့်တဲ့အတွက်လည်း နားလည်အောင် ပြောမယ်ဆိုတဲ့အတွေးတော့ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

အလုပ်စအပ်တဲ့ အချိန်ကတည်းက ဈေးနှုန်းကြိုတင်ညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမဲ့ ရုပ်ရှင်ရိုက်ကွင်းကို ရောက်ရှိတဲ့အခါမှာ ကြုံရတဲ့ အခက်အခဲတွေ ရှိတတ်ပါတယ်။ “ကိုယ်က အခုမှ စလုပ်ခါစလည်းဖြစ်တယ်။ ဒါရိုက်တာ လိုချင်တာတစ်မျိုး၊ ကိုယ်လုပ်ပေးလိုက်တာက တစ်မျိုး၊ အဲဒါမျိုးတွေရှိတယ်လို့ အိမီမီကိုက ဆိုပါတယ်။ “ဒဏ်ရာပေါ်မူတည်ပြီး အချိန်ကွာတယ်။ အနည်းဆုံးတော့ နာရီဝက်၊ ၄၅ မိနစ်တော့ အချိန်ယူရတယ်” လို့ သူကထပ်ပြောပါတယ်။

jtms_sfxartists-15.jpg

အထူးပြုလုပ်ချက် မိတ်ကပ်ဖန်တီးသည့် မိတ်ကပ်များနှင့် ပစ္စည်းများ။ ဓာတ်ပုံ-သိ့မ်မွန်စိုး (J)

ရုပ်ရှင်ရိုက်ကူးသူတွေအနေနဲ့ကလည်း ရုပ်ရှင်တွေမှာ ဇာတ်ဝင်ခန်းလိုအပ်ချက်အရ SFX မိတ်ကပ် အထူးပြုလုပ်ချက်များနဲ့ ပြုလုပ်ရမယ့် အပိုင်းတွေ ရှိနေပေမယ့် ဘတ်ဂျက်အနေအထားကို ငဲ့ညှာနေရပါတယ်။ ထုတ်လုပ်သူချပေးတဲ့ ဘတ်ဂျက်ပေါ်မူတည်ပြီး လုပ်ရတဲ့အတွက် SFX မိတ်ကပ် သုံးသင့်တယ်၊ သုံးရင်ပိုကောင်းမယ်မှန်းသိပေမဲ့ ကိုယ့်ဘာသာကိုယ် ရတာလေးတွေနဲ့ လုပ်ကြတယ်လို့ မျက်နှာသစ် သရုပ်ဆောင် အောင်မြင့်မြတ်က ဆိုပါတယ်။ ယခုနောက်ပိုင်း တစ်နှစ်၊ နှစ်နှစ်အတွင်းမှာတော့ ပြောင်းလဲလာကြပြီး SFX မိတ်ကပ် အထူးပြုလုပ်ချက်တွေလည်း သုံးလာကြပါပြီ။

“အရင်တုန်းကတော့ ကွာလတီထက်ကို ပိုက်ဆံဘက်ကို ဦးစားပေးရတော့ ဒီလိုမသုံးဖြစ်ကြဘူး” လို့ သူက ပြောပါတယ်။

အိမီမီကိုကတော့ ဝါသနာပါတဲ့အတွက် ဘဝမှာ အလုပ်လုပ်နေတယ်လို့ မခံစားရပဲ ဒီအလုပ်လုပ်နေရရင် ပျော်နေတယ်လို့ ဆိုပါတယ်။ “အရင်ကဆို ရုံးအလုပ်လုပ်တော့ သြော်ရုံးသွားရအုံးမယ်ဆိုတဲ့ ခံစားချက်က ရှိနေပြီး အခုအချိန်က အဲဒီလိုမျိုးကို မခံစားရဘူးကွာ။ မနက်မိုးလင်းတာနဲ့ ငါဒါလေး လုပ်လိုက်အုံးမယ်ဆိုပြီး ကိုယ့်ဘာသာကိုယ် ဖန်တီးရတာမျိုးကို ပျော်လည်းပျော်တယ်” လို့ ဒီအလုပ်အပေါ် သူ့ရဲ့ ချစ်မြတ်နိုးမှုကို ရင်ဖွင့်ပါတယ်။ 

dsc_2399_lo_res.jpg

ကိုအောင်ကျော်ထွန်း၏ ပန်းပုရုပ်ထုတစ်ခု ဖန်တီးမှုကို အိမီမီကို လေ့လာနေစဉ်။ ဓာတ်ပုံ-သိ့မ်မွန်စိုး (J)

သူတို့က Facebook စာမျက်နှာတွေပေါ်မှာ သူတို့ရဲ့ ကိုယ်ပိုင် ဖန်တီးမှုပုံလေးတွေကို တင်ရင်း တဖြည်းဖြည်းနဲ့ အခုလို လူသိများပြီး လမ်းကြောင်းပေါ်ကို ရောက်လာခဲ့ကြတဲ့သူတွေ ဖြစ်တဲ့အားလျော်စွာ ဇာတ်ညွှန်းရေးဆရာတွေ၊ အဆိုတော်တွေက Facebook က မြင်ပြီးတော့ အလုပ်လာအပ်ကြတယ်လို့ စောယုနန္ဒာက ဆိုပါတယ်။

Facebook အကောင့်မှာ SFX ပြင်ထားတဲ့ ပုံတစ်ပုံတင်လိုက်ရင် အနည်းဆုံး Like ပေါင်း ၈,၀၀၀ ကျော် ၉,၀၀၀ နီးပါး ရတတ်ပြီး ဒါတွေက ကိုယ့်ကို အကူအညီ ထောက်ပံ့ပေးမယ့်သူတွေလို့ မြင်တယ်လို့ သူကပြောပါတယ်။

အရမ်းဝါသနာပါလို့ ဒီအလုပ်ကို ရွေးချယ်ထားပေမယ့် တခါတရံမှာလည်း အလုပ်ဆက်မလုပ်ချင်လောက်အောင် စိတ်ဓာတ်ကျတဲ့ အချိန်တွေရှိတယ်လို့ အိမီမီကိုက ပြောပါတယ်။

“တကယ်တမ်း ရှူတင်မှာ နဖူးတွေ့ ဒူူးတွေ့တွေ့ပြီဆိုရင် အခက်အခဲတွေက အများကြီး။ ဒါရိုက်တာက ပေးတဲ့ pressure တွေရှိတယ်။ ရုပ်ရှင်မှာ live ရိုက်တာနဲ့ ဓာတ်ပုံံရိုက်တာနဲ့က မတူဘူး။ ဓာတ်ပုံကျတော့ ရုပ်သေဆိုတော့ လှအောင်ပြင်ပြီး ရိုက်တာ။  ရုပ်ရှင်ကျတော့ သွေးစက်စက်နဲ့ အခန်းတွေ ရှိမယ်။ ကင်မရာ ကဒ်ချိုးတာတွေ ပါမယ်။ အဖက်ဖက်က အဆင်ပြေအောင် ပြင်ရတာတွေ ရှိတယ်” လို့ သူက ပြောပါတယ်။

jtms_sfxartists-22.jpg

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

“နိုင်ငံတကာမှကတော့ SFX မိတ်ကပ်ဆိုရင် ဆီလီကွန်နဲ့ လုပ်ကြတာ။ ဒီမှာက အခုမှ အစဆိုတော့ ပင်ပန်းတယ်” လို့ သူကပြောပါတယ်။

အစအဆုံး အသေးအမွှားကအစ ကိုယ်တိုင်ဖန်တီး၊ ကိုယ်တိုင်လုပ်ရတာမျိုးတွေလည်း ရှိပါတယ်။ နိုင်ငံတကာမှာ SFX မိတ်ကပ်ပြင်တဲ့အခါ စတူဒီယိုထဲမှာ ပြင်ကြတာဖြစ်ပေမယ့် ဒီမှာကတော့ အဆင်ပြေတဲ့နေရာတွေဖြစ်တဲ့ သစ်ပင်အောက်မှာ၊ နေပူထဲမှာ စသည်ဖြင့် ပြုလုပ်ကြရတာပါ။

“ဒီမှာက အရမ်း ရုန်းကန်ရတယ်။ ဘာမှ မရှိတဲ့နေရာကနေ ဖြစ်အောင်လုပ်ရတာဆိုတော့ ယှဉ်လိုက်ရင် ကျွန်မတို့က ပိုသာတယ်” လို့ အိမီမီကိုက ပြောပါတယ်။

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.