ရန်ကုန်၊ ဧပြီ ၄
ပြီးခဲ့သည့်ဧပြီ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲလာပေးသူအရေအတွက် ကျဆင်းနည်းပါးသွားသည်ကို တွေ့ရှိခဲ့ရပြီး ထိုကိစ္စသည် အဓိကကျသော ကိစ္စတစ်ရပ်ဖြစ်ကြောင်း ရွေးကောက်ပွဲတွင် ပါဝင်စောင့်ကြည့်ခဲ့သည့် နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ (IEOM) တစ်ဖွဲ့ဖြစ်သည့် ANFREL က ဧပြီ ၃ ရက်ထုတ် ၎င်းတို့၏ ပဏာမအစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် ပြည်တွင်းစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်သည့် ရွေးကောက်ပွဲအသိပညာပေးရေးနှင့် လေ့လာရေး မိတ်ဖက်အဖွဲ့ (EEOP)ကလည်း ကြားဖြတ်ရွေးကောက်ပွဲသည် အစိုးရအပြောင်းအလဲအထိ မဖြစ်နိုင်ဟုဆိုကာ မဲမပေးသူ များပြားခဲ့ကြောင်း ရွေးကောက်ပွဲကာလ တွေ့ရှိချက်များ ထုတ်ဖော်ပြောကြားသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်း၏ ရွေးကောက်ပွဲအပြီး နောက်တစ်ရက်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားချက်အရလည်း လက်ရှိအချိန်အထိ အချက်အလက် ရရှိထားသည့် မဲဆန္ဒနယ်အားလုံးတွင် ပြီးခဲ့သော ၂၀၁၅ ရွေးကောက်ပွဲကထက် မဲလာပေးသည့်သူ အရေအတွက် သိသိသာသာကျဆင်းသွားကြောင်း တွေ့ရှိရသည်။
မုံရွာ၌ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးသူ ၇၇ ဒသမ ၂၆ ရာခိုင်နှုန်းရှိခဲ့သော်လည်း ယခုကြားဖြတ်တွင် ၄၇ ဒသမ ၇၀ ရာခိုင်နှုန်း၊ ချောင်းဆုံတွင် ၂၀၁၅ တွင် ၄၄ ဒသမ ၄၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ကြားဖြတ်ရွေးကောက်ပွဲတွင် ၃၈ ဒသမ ၄၅ ရာခိုင်နှုန်း၊ လှိုင်သာယာတွင် ၂၀၁၅ ၌ ၃၆ ဒသမ ၇၁ ရာခိုင်နှုန်းရှိသော်လည်း ကြားဖြတ်တွင် ၁၂ ဒသမ ၂၆ ရာခိုင်နှုန်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းတွင် ၂၀၁၅ ၌ ၇၁ ဒသမ ၆၃ ရာခိုင်းနှုန်းရှိခဲ့သော်လည်း ကြားဖြတ်တွင် ၄၁ ဒသမ ၆၆ ရာခိုင်နှုန်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းတွင် ၂၀၁၅ ၌ ၄၇ ဒသမ ၆၃ ရာခိုင်နှုန်းရှိခဲ့သော်လည်း ကြားဖြတ်တွင် ၂၉ ဒသမ ၂၃ ရာခိုင်နှုန်း၊ ကော့မှူးမဲဆန္ဒနယ်တွင် ၂၀၁၅ က ၈၀ ဒသမ ၄၆ ရာခိုင်နှုန်းရှိခဲ့သော်လည်း ကြားဖြတ်တွင် ၅၉ ဒသမ ၂၈ ရာခိုင်နှုန်းသာ မဲလာပေးခဲ့ကြောင်း ၎င်းကပြောခဲ့သည်။
“[မဲလာပေးသူနည်းပါးခြင်းသည်] ပိုမိုကျယ်ပြန့်သော ကိုယ်စားပြုမှုအား မမျှော်လင့်နိုင်ခြင်းကြောင့် ကိုင်တွယ် ဖြေရှင်းသင့်ပါသည်”ဟု ANFREL က အစီရင်ခံစာတွင် ဖော်ပြထားသည်။
“လှိုင်သာယာလို အလုပ်သမားတွေ အများကြီးရှိတဲ့နေရာမှာ ကျွန်တော်မဲရုံစဖွင့်တဲ့ အချိန်ကနေပြီးတော့ မဲရုံပိတ်ဖို့ အနည်းငယ်ပဲလိုတော့တဲ့ အချိန်အထိ စောင့်ကြည့်တာ မဲလာပေးတဲ့အလုပ်သမား မရှိသလောက် နည်းတာကို တွေ့ရပါတယ်”ဟု EEOP အဖွဲ့ဝင် ကိုတင်လှိုင်က ပြောသည်။
ထို့ပြင် ရှမ်းပြည်နယ်တွင်လည်း မဲဆန္ဒရှင်ပညာပေးမှု အားနည်းသဖြင့် လူအများအပြား မဲလာမပေးခဲ့ကြကြောင်း ရှမ်းပြည်တွင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခဲ့သည့် နန်းမွေဆိုင်ကပြောသည်။
“စောင့်ကြည့်လေ့လာမှုများအရ နေရာဒေသအတော်များများတွင် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်သော သတင်းအချက်အလက် ပြည့်စုံအောင် မရှိသည်ကိုတွေ့ရှိရသည်။ အထူးသဖြင့် ၂၀၁၅ က ရွေးကောက်ပွဲပယ်ဖျက်ခဲ့သော နေရာများတွင်ဖြစ်ပါသည်”ဟုအာရှ လွတ်လပ်သော ရွေးကောက်ပွဲကွန် ယက် (ANFREL)က ၎င်းတို့အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ကံမကောင်းစွာပင် မဲဆန္ဒရှင်ပညာပေးလုပ်ငန်းများသည် ယုံကြည်ရလောက်သည့် အဆင့်တွင် ရှိမနေဘဲ စောင့်ကြည့် လေ့လာသူများအနေဖြင့် ပညာပေးလုပ်ငန်းနှင့် မဲဆန္ဒရှင်များ သိရှိနားလည်မှုတွင် လိုအပ်ချက်မှာ သတိပြုမိလောက်ဖွယ် အခြေအနေတွင်ရှိပါသည်”ဟုလည်း ထိုအစီရင်ခံစာတွင် ဆိုထားသည်။
ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် မဲဆန္ဒရှင်ပညာပေးလုပ်ငန်းများအား ယခုထက်ပိုမို ထိရောက်စွာ လုပ်ဆောင်ရန်လိုအပ်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် ပြည်တွင်းပြည်ပအဖွဲ့များက အကြံပြု တိုက်တွန်းထားကြသည်။
သို့သော် အခြားတစ်ဖက်တွင်မူ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကောင်းမွန်စွာ စွမ်းဆောင်ခဲ့နိုင်သည်များ ရှိသလို၊ ရွေးကောက်ပွဲသည် ကြီးကြီးကျယ်ကျယ် ပဋိပက္ခ တစ်စုံတစ်ရာမဖြစ်ပွားဘဲ ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့ခြင်း၊ အမျိုးသမီးကိုယ်စားလှယ်များ ပိုမိုပါဝင်လာခြင်းကဲ့သို့သော ကောင်းမွန်သည့် ကိစ္စများ အများအပြားရှိသည်ဟု ၎င်းတို့က ချီးကျူးခဲ့ကြသည်။
ANFREL ၏ အဖွဲ့ခေါင်းဆောင် မစ္စတာ ဒမာဆို မက်ဂ်ဘူယယ်က “ရွေးကောက်ပွဲကော်မရှင်ဟာ ကောင်းမွန်တဲ့ အလုပ်ကြီးတစ်ခုကိုလုပ်နိုင်ခဲ့ပါတယ်”ဟု မီဒီယာများနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ချီးကျူးခဲ့သည်။ သို့သော် အသေးစိတ် ထပ်မံမွမ်းမံပြုပြင်ရမည့်ကိစ္စများမှာ ကျန်ရှိနေသေးသလို ၎င်းတို့ကလည်းတွေ့ရှိချက်များအား အကြံပြုသွားမည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
သတင်း-ကျော်ဖုန်းကျော်