ကုန်ဈေးနှုန်းကြီးမြင့်နေမှုနှင့် ပတ်သက်ပြီး အစိုးရ၏အဖြေကို လွှတ်တော်ဘဝင်မကျ

နေပြည်တော်၊ နိုဝင်ဘာ ၁၆

ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးနေသည်ဖြစ်၍ ရောင်းလိုအားနှင့် ဝယ်လိုအားပေါ်မူတည်ကာ ကြီးမြင့်လာသော ကုန်ဈေးနှုန်းများကို အစိုးရက တိုက်ရိုက် ထိန်းချုပ်မည်မဟုတ်ဘဲ ထိန်းညှိခြင်းကိုသာ ဆောင်ရွက်မည်ဟု အစိုးရက လွှတ်တော်တွင် ဖြေကြားခဲ့မှုကို ပြည်သူ့လွှတ်တော်က ဘဝင်မကျဖြစ်ခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဝန်ကြီးဌာန အဆင်သင့်ဖြစ်သည့်အချိန်တွင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်ထံ အဖြေလွှာပေးပို့ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်အား ညွှန်ကြားလိုက်ပြီး ဝန်ကြီးကလည်း အဆိုပါ အကြောင်းအရာသည် ကျယ်ပြန့်သည့်အတွက် နောက်တစ်ကြိမ် ပြန်လည်ဖြေရှင်းပေးပါမည်ဟု ကတိပြုခဲ့သည်။

နေပြည်တော်တွင် ယနေ့ ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပဲခူးတိုင်း ဒေသကြီး၊ ပန်းတောင်းမဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က “အရပ်ရပ် ကုန်ဈေးနှုန်း တရိပ်ရိပ်တက်နေမှုအား ထိန်းချုပ်မည့် အစီအစဉ်ရှိမရှိ၊ ရှိပါက မည်သို့မည်ပုံ စီစဉ်ဆောင်ရွက်နေသည်၊ ထိုစီစဉ်ဆောင်ရွက်မှုသည် ပြည်သူတို့၏ လူနေမှုဘဝအတွက် မည်မျှအထိ အကျိုးသက်ရောက်မှု ရှိမည်တို့ကို သိရှိလိုကြောင်း” မေးမြန်းခဲ့မှုနှင့် ပတ်သက်၍ ဝန်ကြီးက လာရောက်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ဈေးကွက်စီးပွားရေးစနစ်အရ ကုန်ဈေးနှုန်းအား အစိုးရမှ တိုက်ရိုက် ထိန်းချုပ်ရန် မသင့်ပါ” ဟု ဝန်ကြီး ဒေါက်တာသန်းမြင့်က ပြန်လည်ဖြေကြားမှုမှာ မေးခွန်းရှင်၏ ပြန်လည် မေးခွန်းထုတ်ခြင်းကို ခံခဲ့ရသလို အခြားသော လွှတ်တော်အမတ်များ၏ ဝေဖန်မှုအချို့နှင့်လည်း ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ဝန်ကြီးက ကုန်ဈေးနှုန်းအတက်အကျမှာ ရုတ်တရက် ထူးကဲစွာဖြစ်ပေါ်ခြင်းမရှိဘဲနှင့် ထိန်းချုပ်မည်ဆိုပါက ကုန်စည်စီးဆင်းမှု များသည့် ဖြစ်သင့်ဖြစ်ထိုက်သည့် အခြေအနေမျိုး မဟုတ်တော့ဘဲ ရေစီးရေလာကို တားသကဲ့သို့ တစ်နေရာတွင် ကုန်လက်ကျန်များ၍ ဈေးသက်သာပြီး တစ်နေရာတွင် လက်ကျန်နည်းပါး၍ မှောင်ခိုဈေးကွက်ကဲ့သို့ ဖြစ်ပေါ်လာနိုင်ကြောင်း လွှတ်တော်သို့ ရှင်းပြခဲ့သည်။

ထို့အတူ နိုင်ငံတကာတွင်လည်း ကုန်ဈေးနှုန်းကို တိုက်ရိုက်ထိန်းချုပ်သည့် နည်းလမ်းများ၊ အမိန့်အာဏာဖြင့် ထိန်းချုပ်သည့် နည်းလမ်းများအစား ကုန်စည်စီးဆင်းမှုနှင့် ထုတ်လုပ်မှု စွမ်းအားများကို ပိုမိုကောင်းမွန်စေသည့် နည်းလမ်းများ၊ ပျော့ပြောင်းသည့် နည်းလမ်းများ၊ ရေရှည်တွင် ကုန်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုတိုးတက်စေမည့် နည်းလမ်းများဖြင့်သာ ဆောင်ရွက်ကြောင်း ဒေါက်တာသန်းမြင့်က ပြောကြားခဲ့သည်။

မေးခွန်းမေးမြန်းခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်ဖြစ်သူ ဒေါ်ခင်နှင်းသစ်ကမူ မေးခွန်းနှင့် အဖြေကိုက်ညီမှု မရှိဟု ပြောကြားသည်။

“ဒီအစိုးရတက်လာတဲ့အချိန်မှာ မူဝါဒရှိတယ်လေ။ ပြည်သူအများစုရဲ့ဘဝတွေ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ရှိတဲ့အခါကျတော့ ပြည်သူအပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုအနေနဲ့ ပြည်သူအပေါ်မှာ သူဘယ်လို ဆောင်ရွက်ပေးနေတယ်ဆိုတဲ့ ပွင့်လင်း မြင်သာမှုတွေ လိုအပ်သွားပြီလေ။ သူ့ရဲ့ အဖြေထဲမှာ ဒီဟာတွေ မပါဘူး” ဟု ၎င်းက ပြောသည်။

သို့သော် ဝန်ကြီးဌာနက ထပ်မံဖြေကြားပေးဦးမည်ဆိုသဖြင့် စောင့်ကြည့်ဦးမည်ဖြစ်ပြီး ထူးခြားမှုမရှိပါက လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အခွင့်အရေးအတွင်းမှ ဆက်လက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

“သက်ဆိုင်တဲ့အခါကျတော့ ဒီဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်ပေးမှုဟာ ပြည်သူတွေအပေါ် ဘယ်လောက် အကျိုးသက်ရောက်မှုရှိလဲ။ အဓိကက ကုန်ဈေးနှုန်းက ဈေးကွက်စီးပွားရေးကြောင့် တက်တယ်လို့ ပြောပေမယ့် ပြည်သူသည် ဝင်ငွေနဲ့ ထွက်ငွေနဲ့ မျှနိုင်မှာလား။ ပြည်သူကို သူတို့ပြောထားတဲ့ မူဝါဒတွေနဲ့ ကိုက်ညီမှာလား ပြည်သူက ကျေနပ်လို့ ဒီအသံတွေ မထွက်တော့ဘူးလား။ ဒါကတော့ ကျွန်မရဲ့ ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ် သက်တမ်းမှာ ဆက်ပြီးစောင့်ကြည့် ဆောင်ရွက်သွားမှာပါ” ဟု ဒေါ်ခင်နှင်းသစ်က ပြောသည်။

ဝန်ကြီးှဌာန၏ အဖြေအပေါ် ဘဝင်မကျသူ နောက်တစ်ဦးဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအမတ် ဒေါက်တာမောင်သင်းက “တကယ်တမ်းကတော့ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူတွေ တိုင်းပြည်မှာ ဖြစ်ပျက်နေတာအားလုံးက သူအပေါ်မှာ တာဝန်ရှိပါတယ်။ သို့သော်လည်းပဲ ဈေးကွက်စီးပွားရေး စနစ်ဖြစ်တဲ့အတွက်ကြောင့် အစိုးရအနေနဲ့ တိုက်ရိုက်ဝင်ရောက် ထိန်းချုပ်ဖို့မသင့်ပါဘူး။ ဒါကတော့ အစိုးရမှာ တာဝန်ရှိတာပေါ့လေ။ တာဝန်ရှိတဲ့အတွက်ကြောင့် ထိန်းချုပ်တဲ့နေရာမှာလည်း မူဝါဒနဲ့ စိစစ်ပေးလို့ရတယ်။ နောက်တစ်ခါမှာလည်း ဖြစ်ပျက်နေတဲ့ပေါ် မူတည်ပြီး ကြားထဲက ဝင်ညှိပေးလို့ရတယ်။ အဲလိုနည်းတွေနဲ့ ထိန်းချုပ်လို့ ရမယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

ရခိုင်အမျိုးသားပါတီအမတ် ဦးဦးလှစောကလည်း ကုန်ဈေးနှုန်းကြီးမြင့်မှုသည် စီးပွားရေးဖြစ်စဉ် သီအိုရီအရ ဖြစ်နေသည်ဟုဆိုခြင်းမှာ ဝန်ကြီးဌာန၏ အခန်းကဏ္ဍ ပျောက်ဆုံးနေသည်ဟူသော သဘောသက်ရောက်နေကြောင်း မှတ်ချက်ပြုသည်။

“ဝန်ကြီးဌာနဆိုတာ ဒီလိုမဖြစ်သင့်တာတွေ မဖြစ်ဖို့အတွက် လူထုကို ကာကွယ်ပေးဖို့အတွက် သူ့လုပ်ပိုင်ခွင့်နဲ့ သူ့ခေါင်းထဲမှာရှိတဲ့ အရည်အသွေးနဲ့ အကောင်အထည်ဖော်ရမှာ။ အဲဒီအတွက် သူ့ခေါင်းထဲမှာ ဘာမှမရှိဘူးလို့ သက်သေပြသွားတာ၊ ထပ်ဆင့်မေးခွန်း မေးတဲ့အခါမှာလည်း သူ့အနေနဲ့ ဖြေနိုင်ဖို့ အလားအလာမရှိဘူး။ နောက်မေးတာဖြေတာလည်း ဘာမှ မရေရာတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့ လွှတ်တော်ဥက္ကဋ္ဌ ကိုယ်တိုင်က နိဂုံးချုပ်ပါတော့ ပြောတဲ့အဆင့်ရောက်သွားတယ်” ဟု ဦးဦးလှစောကပြောသည်။

ယခုအခါ မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁,၃၀၀ ကျော်နှုန်းအထိ ပေါက်ဈေးရှိနေပြီး ယင်းမတိုင်မီကပင် နိုင်ငံခြားငွေဖြင့် ဝယ်ယူသုံးစွဲရသည့် ကုန်ပစ္စည်များ၏ ဈေးနှုန်းများအပြင် အခြေခံ စားသောက်ကုန် ဈေးနှုန်းများပါ မြင့်တက်နေသည့် အခြေအနေကို ပြည်သူများ ကြုံတွေ့နေရသည်။

တာမွေမြို့နယ်နေ အိမ်ရှင်မတစ်ဦးဖြစ်သူ မမော်မော်စန်းက “ကန်စွန်းရွက်ဈေးကနေ၊ အီလက်ထရွန်းနစ်ပစ္စည်းတွေအထိ ဈေးတက်နေတယ်။ အိမ်ငှားခလည်း တက်တယ်။ လစာကတော့ တက်မလာဘူး” ဟု Frontier ကို ပြောသည်။

ဝန်ကြီးဌာနကမူ လက်တွေ့တွင် ဝယ်လိုအားဆွဲဆောင်မှု၊ ထုတ်လုပ်မှုကုန်ကျစရိတ် တွန်းအားပေးမှုနှင့် စီးပွားရေး အဆောက်အအုံဆိုင်ရာ အားနည်းချက်များစသည့် အကြောင်းအမျိုးမျိုးသည် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်ချိန်တွင် အနည်း နှင့်အများ တစ်ပြိုင်တည်း ဖြစ်ပေါ်လေ့ရှိပြီး ကုန်ဈေးနှုန်းတက်ခြင်းများလည်း ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်တွင် ၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂-၁၃ တွင် ၂ ဒသမ ၈၅၊ ၂၀၁၃ -၁၄ တွင် ၅ ဒသမ ၇၂၊ ၂၀၁၄ -၁၅ တွင် ၅ ဒသမ ၉၀ နှင့် ၂၀၁၅-၁၆ တွင် ၁၁ ဒသမ ၄၄ ရာခိုင်နှုန်းများအထိ မြင့်တက်ခဲ့ကာ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် ၈ ဒသမ ၂၆ ရာခိုင်နှုန်းသို့ ပြန်လည်ကျဆင်းသွားသည်။

သို့သော် တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းများအား လေ့လာချက်တွင်မူ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာတွင် စားသုံးသူဈေးဆနှုန်းမှာ ၁၃၀ ဒသမ ၄၈ ဖြစ်၍ လွန်ခဲ့သောနှစ် အလားတူကာလတွင် ဖြစ်ပေါ်ခဲ့သည့် ၁၂၆ ဒသမ ၀၆ နှင့် နှိုင်းယှဉ်ပါက ယခုအချိန်တွင် ၃ ဒသမ ၅၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေသည့် အဓိက အကြောင်းအရင်းများမှာ လွန်ခဲ့သော နှစ်နှစ်အတွင်း ငွေကြေးပမာဏတိုးတက်မှုနှုန်း သိသာစွာမြင့်မားခဲ့ခြင်း၊ ရသုံးခန့်မှန်းခြေ ငွေစာရင်းလိုငွေကို ဖြည့်ဆည်းရာတွင် ငွေကြေးစုဆောင်းမှုဖြင့် အဓိက အားထား ဖြည့်ဆည်းခြင်းမဟုတ်ဘဲ ငွေစက္ကူသစ်များ ရိုက်နှိပ်ခြင်း (သို့မဟုတ်) အစိုးရငွေတိုက်စာချုပ်များ ရောင်းချခြင်းဖြင့် ဖြည့်ဆည်းခြင်းတို့ကြောင့် ဖြစ်သည်ဟု ဝန်ကြီးဌာနက အကြောင်းပြထားသည်။

ထို့အတူ သဘာဝအန္တရာယ်ကြောင့် သီးနှံပျက်စီးမှုများ ဖြစ်ပေါ်သဖြင့် ပို့ကုန်တင်ပို့နိုင်မှု လျော့နည်းကျဆင်းခြင်းနှင့် ရောင်းလိုအားကို ထိခိုက်မှုများဖြစ်ပေါ်ခြင်း၊ မိမိနိုင်ငံ၏ အဓိကပို့ကုန်များ ကျဆင်းခြင်း၊ သဘာဝဓာတ်ငွေ့ဈေးနှုန်းများ ကျဆင်းခြင်း၊ လုပ်ခ၊ လစာ၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်၊ ဝန်ဆောင်မှု ကုန်ကျစရိတ် စသည်တို့ တိုးတက်လာခြင်းကြောင့်လည်း ဖြစ်ပေါ်တက်ကြောင်း ဝန်ကြီး ဒေါက်တာသန်းမြင့်က လွှတ်တော်တွင် ရှင်းပြခဲ့သည်။

ထို့ပြင် ပြည်ပကြွေးမြီ ပေးဆပ်ရသည့်အတွက် ငွေရေးကြေးရေး ဝန်ထုပ်ဝန်ပိုးတိုးလာခြင်းနှင့် ပြည်သူများက ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်မည်ဟု မျှော်လင့်ခြင်းနှင့် ကောလာဟလ ထုတ်လွှင့် ဈေးကစားခြင်းတို့ကြောင့် ဝယ်လိုအား တိုးလာပြီး ဈေးနှုန်းတက်လာသည့် အခြေအနေနှင့် ကြုံတွေ့ နေရကြောင်းလည်း ဝန်ကြီးက ပြောကြားခဲ့သည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.