ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါအန္တရာယ် အထူးသတိပြုဖွယ်

ကောင်းမွန်စွာမကုသခြင်းကြောင့် မြန်မာနိုင်ငံမှ ကိုယ်ဝန်ဆောင် ခုနစ်ဦးတွင် တစ်ဦးသည် ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါဖြစ်ပွားပြီး ၎င်းတို့ထဲမှ ထက်ဝက်ခန့်သည် ငါးနှစ်အတွင်း ဆီးချိုရောဂါအဆင့် ၂ ဖြစ်ပွားလာသဖြင့် ကျန်းမာရေးကုန်ကျစရိတ် များပြားပြီး သက်တမ်းတိုလာကြသည်။

ဒေးဗစ်လူသာ ရေးသားသည်။

မြန်မာနိုင်ငံမှ ကိုယ်ဝန်ဆောင် ခုနစ်ယောက်အနက်မှ တစ်‌ယောက်နည်းတူ မဖြူဖြူသည် ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါဖြစ်ပွားသည်။ သူ့ကိုယ်ဝန် ငါးလခန့်တွင် ဖြစ်ပွားလာသောကြောင့် ဆီးချိုရောဂါကုဆေးခန်းသို့ ပြသခဲ့သည်။ ဆရာဝန်က သူ့ကို မည်သို့စားသောက်နေထိုင်ရမည့်အကြောင်း အကြံပေးပြီး ဆေးပေးခဲ့သည်။

ထို့ကြောင့် သူကိုယ်ဝန်ဆောင်ချိန်တွင် သွေးအတွင်း သကြားဓာတ်ကို လျှော့ချနိုင်ခဲ့ပြီး မီးဖွားစဉ် ထိခိုက်ဒဏ်ရာရခြင်း၊ ကိုယ်ဝန်ဆောင်ဆီးချိုတက်ခြင်း eclampsia ၊ ကလေးနှင့် မိခင်သေဆုံးခြင်းတို့ မဖြစ်ပွားခဲ့ပေ။ ကလေးမွေးပြီးသောအခါ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါပျောက်ကင်းသွားပြီဟု ယူဆပြီး ဆေးဝါးများ မသောက်သုံးတော့ဘဲ ဆီးချိုရောဂါကုဆေးခန်းကိုလည်း မသွားတော့ပေ။

သည်လိုနှင့်သာ အားလုံးကောင်းသွားပြီတဲ့လား၊ မဟုတ်ပါ။ ဖြူဖြူအကြောင်း ဆက်မပြောခင် ဆီးချိုရောဂါအကြောင်း ပြောပြချင်သည်။

Diabetes mellitus ရောဂါသည် သွေးအတွင်း သကြားဓာတ် မြင့်မားသောကြောင့် ဖြစ်ပွားသည်။ mellitus ဆိုသည်မှာ ဂရိစကားဖြစ်ပြီး ပျားရည်ဟု အဓိပ္ပာယ်ရသည်။ ၁၇ ရာစုတွင် သောမတ်စ်ဝီလိစ် Thomas Willis က အမည်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ၁၅ ရာစုခန့်ကတည်းက ဆရာဝန်များသည် လူနာ၏ဆီးအတွင်း ချိုသောပျားရည်အရသာကို အခြေခံမိပြီး သိရှိနေခဲ့ကြသည်။

ယနေ့တွင် ကျွန်တော်တို့သည် ကမ္ဘာတဝန်း ဆီးချိုရောဂါ၏ လွှမ်းမိုးမှုကို ခံနေရသည်။ ယင်းတို့အနက် အာရှပစိဖိတ်ဒေသသည် အဖြစ်အများဆုံးနေရာဖြစ်သည်။ သို့ဖြင့် လူမှုရေး၊ ဘဏ္ဍာရေးဆုံးရှုံးမှုများကို ကြုံတွေ့နေရပြီး လာမည့်နှစ်များ၌ ပိုမိုဆိုးရွားလာဖွယ်သာရှိသည်။

ကိန်းဂဏန်းများသည် တကယ့်ကိုစိုးရိမ်ဖွယ်ရာဖြစ်သည်။ ပြီးခဲ့သောနှစ်က အမေရိကန် ဆီးချိုရောဂါအသင်းကြီး American Diabetes Association သည် ဆီးချိုရောဂါ စောင့်ရှောက်မှုနှင့်ပတ်သက်ပြီး စာတမ်းတစ်ခု ထုတ်ပြန်ခဲ့သည်။ ယင်းစာတမ်းအရ ကမ္ဘာတဝန်း ဆီးချိုရောဂါကြောင့် ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ထရီလျံ ကုန်ကျခဲ့သည်ဟုဆိုသည်။

ပစ်မှတ်ထား ကိုင်တွယ်ဖြေရှင်းမှု အောင်မြင်ပါက ၂၀၃၀ တွင် ယင်းကိန်းဂဏန်းသည် ၂ ဒသမ ၁ ထရီလျံအထိ တက်သွားဖွယ် ရှိသည်ဟုဆိုသည်။ သို့မဟုတ်ပါဘဲ လက်ရှိနှုန်းအတိုင်းသွားပါက ယင်းကိန်းဂဏန်းသည် ၂ ဒသမ ၅ ထရီလျံအထိ မြင့်တက်သွားဖွယ်ရှိသည်။ ဝင်ငွေနည်းပါးသော နိုင်ငံများက ဝင်ငွေများသော နိုင်ငံများထက် စီးပွားရေး ဝန်ထုပ်ဝန်ပိုးကို ပိုမိုခံစားရမည် ဖြစ်သည်။

ဆီးချိုရောဂါကို ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုမိုအကုန်အကျ သက်သာစေသည်။ ဝင်ငွေနည်းပါးသော နိုင်ငံများက ဆီးချိုရောဂါ ကာကွယ်မှုကို ထိရောက်စွာ လုပ်ဆောင်နိုင်ပါက နောင်လာမည့် မျိုးဆက်များအတွက် ကျန်းမာရေး အကျိုးဆက် ကောင်းမွန်နိုင်သည့်ပြင် စီးပွားရေး တိုးတက်မှုကို အတိုင်းအဆမရှိ အထောက်အကူပြုနိုင်ပေသည်။

ဆီးချိုရောဂါသည် အဆင့် ၁ နှင့် ၂ Type 1 and Type 2 ဟူ၍ အမျိုးအစား နှစ်ခုရှိသည်။ အဆင့် ၁ ဆီးချိုရောဂါသည် autoimmune ဟုခေါ်ဆိုသော ကိုယ်ခန္ဓာ၏ ကိုယ်ခံအားစနစ်က အင်ဆူလင် insulin ထုတ်လုပ်သော ပန်ကိရိယာဆဲလ်များကို တိုက်ခိုက်ဖျက်ဆီးပစ်ခြင်းကြောင့် ဖြစ်ရသည်။ အဆင့် ၁ ဆီးချိုရောဂါသည် ကလေးဘဝတွင် အဖြစ်များပြီး အင်ဆူလင်ဆေးထိုးပေးခြင်းဖြင့် ကုသနိုင်သည်။

အဆင့် ၂ ဆီးချိုရောဂါသည် အင်ဆူလင်ကို ခုခံခြင်းကြောင့် ဖြစ်ပွားသည်။ အချိုများများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ အဝလွန်ခြင်းတို့ကြောင့် ဖြစ်ပွားနိုင်သည်။ ကမ္ဘာပေါ်တွင် ဖြစ်ပွားသော ဆီးချိုရောဂါ အများစုသည် အဆင့် ၂ ဆီးချိုရောဂါ ဖြစ်သည်။ ယင်းကို ကြိုတင်ကာကွယ်နိုင်သည်။

ဆီးချိုရောဂါသည် ၂၀၁၁ ခုနှစ် Political Declaration on the Prevention and Control of NCDs ၏ အဓိကထား ဖြေရှင်းရမည့် မကူးစက်နိုင်သော ရောဂါ လေးခုတွင် ပါဝင်သည်။ 2030 Agenda for Sustainable Development အဖြစ် ကုလသမဂ္ဂသည် မကူးစက်နိုင်သော ရောဂါ Non-communicable diseases NCDs များကြောင့် အရွယ်မတိုင်မီ သေဆုံးမှုကို သုံးပုံတစ်ပုံခန့်အထိ လျှော့ချရန် ရည်ရွယ်ထားသည်။ UNDP ၏ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် NCDs များကြောင့် သေဆုံးမှုသည် လူ တစ်သိန်းတွင် ၄၇ ဒသမ ၃ ဦး ရှိသည်။ ယင်းသည် အရှေ့တောင်အာရှနှင့် ကမ္ဘာ့ပျမ်းမျှဖြစ်သော ၂၁ ဒသမ ၅ ဦးနှင့် ၁၉ ဒသမ ၄ ဦးထက် နှစ်ဆခန့် ပိုများနေသည်။

မကူးစက်နိုင်သောရောဂါ လေးခုမှ သုံးခုဖြစ်သော နှလုံးသွေးကြောရောဂါ၊ ကင်ဆာနှင့် ဆီးချိုရောဂါတို့သည် အဝလွန်မှုနှင့် ဆက်စပ်နေသည်။ ကမ္ဘာတဝန်းတွင် နှလုံးသွေးကြောရောဂါများကြောင့် သေဆုံးမှုသည် အများဆုံးဖြစ်သော်လည်း ဝင်ငွေနည်းပါးသော နိုင်ငံများတွင် heart attacks ခေါ် နှလုံးဖောက်ပြန်မှုကြောင့် ရုတ်ခြည်းးသေဆုံးစေပြီး ကျန်းမာရေး ဝန်ဆောင်မှုစနစ်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ပေ။ ထို့ပြင် ဝင်ငွေနည်းနိုင်ငံများတွင် ကင်ဆာရောဂါ ဖြစ်ပွားမှုကို နောက်ကျလွန်းမှ သိရှိကြသောကြောင့် ဓာတ်ရောင်ခြည်နှင့် ဓာတုကုထုံး radio- and chemotherapy ကုသမှုများကို အသုံးမပြုနိုင်တော့ပေ။

ဆီးချိုရောဂါသည် ဖြည်းဖြည်းချင်းမျှဉ်းသတ်သော အကုန်အကျများသည့် ရောဂါဖြစ်သည်။ နောက်ဆက်တွဲရောဂါများမှာ ခြေလက်ဖြတ်ရခြင်း၊ မျက်စိကွယ်ခြင်း နှင့် ကျောက်ကပ်ပျက်စီးခြင်း dialysis တို့ ဖြစ်သည်။ ယင်းတို့သည် နှစ်ပေါင်းများစွာ ဒုက္ခပေးပြီး နိုင်ငံနှင့် မိသားစုအတွက် ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်သည်။

မြန်မာနိုင်ငံတွင် ဆီးချိုရောဂါရှင် ၁၀ ရာခိုင်နှုန်းခန့် ရှိသည်။ သို့သော် ဖြစ်ပွားသူများ၏ ထက်ဝက်သာ ရောဂါဖြစ်ပွားမှန်း သိရှိကြသည်။ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်သည် အကြိုဆီးချိုရောဂါ pre-diabetes ဖြစ်ပွားနေကြသည်။ ၎င်းတို့သည် သွေးအတွင်း သကြားဓာတ် မြင့်မားနေကြပြီး ဆီးချိုရောဂါ ဖြစ်ပွားသည့် အဆင့်ထိ မရောက်ကြသေးပေ။ အပြည်ပြည်ဆိုင်ရာ ဆီးချိုရောဂါဖက်ဒရေးရှင်း International Diabetes Federation က ပြုလုပ်သော သုတေသနအရ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အသက် ၆၀ အောက် သေဆုံးသူများ၏ ၆၀ ဒသမ ၇ ရာခိုင်နှုန်းသည် ဆီးချိုရောဂါနှင့်ပတ်သက်နေသည်။

သို့ဆိုက ဖြူဖြူ ဘာဖြစ်သွားသနည်း။ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါသည် ကိုယ်ဝန်ရှိခိုက် ယာယီဖြစ်သော ဆီးချိုရောဂါသာ ဖြစ်သည်။ ကိုယ်ဝန်ဆောင်မှုကြောင့် ဖြစ်ပွားသောဟော်မုန်းများက ဆီးချိုရောဂါဖြစ်စေသည့် အခြေအနေသို့ရောက်စေသည်။ ထိုကြောင့် ကိုယ်ဝန်ဆောင်မှုသည် ဆီးချိုရောဂါ ဖြစ်ပွားရန် အလားအလာ များသည်။

သူမသိလိုက်ဘဲ ဖြူဖြူသည် ကလေးမွေးဖွားပြီးနှစ်များတွင် သွေးတွင်းသကြားဓာတ် များနေသည်။ သူ့မှာ ဖြည်းဖြည်းချင်း အာရုံကြောများနှင့် ကျောက်ကပ်တို့ ထိခိုက်မှုကို ခံစားလာရသည်။ သူ့ကလေး ကျောင်းနေသည့်အရွယ် ရောက်လာသော ခုနစ်နှစ်ခန့် ကြာပြီးနောက် ဖြူဖြူ၏ခြေထောက်တွင် အနာမကျက်သော ပြည်တည်နာများ ဖြစ်လာသည်။ မျက်စိအမြင်အာရုံလည်း ချို့ယွင်းသွားသည်။

နည်းလမ်းပေါင်းစုံ စမ်းသပ်ပြီးနောက် သူသည် ဆီးချိုကြောင့် diabetic neuropathy ၊ diabetic retinopathy ၊ diabetic nephropathy ရောဂါများ ဖြစ်ပွားနေပြီဖြစ်ကြောင်း သိရှိခဲ့ရသည်။ ယင်းရောဂါများသည် ပျောက်ကင်းအောင် ကု၍မရသောရောဂါများ ဖြစ်ကြသည်။ သူ့ဆေးဝါးအသုံးစရိတ် မြင့်မားလာသည်။ ၁၀ နှစ်ခန့် ကြာပြီးသောအခါ diabetic ulcers ဆီးချိုရောဂါကြောင့်ဖြစ်သော အနာများကြောင့် သူ့ခြေထောက် နှစ်ဖက်စလုံး ဒူးအောက်မှ ဖြတ်လိုက်ရသည်။ ထိုသို့ဖြစ်ပွားချိန် သူ့အသက် ၄၅ နှစ်အရွယ်၌ သူ့မျက်စိများ ကွယ်လုနီးပါးဖြစ်နေချေပြီ။

ဖြူဖြူ သွားခဲ့ရသော လမ်းကြောင်းသည် ပေါ်လွင်သိရှိပြီးသားဖြစ်သည်။

-မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင်သူ ခုနစ်ဦး၌ တစ်ဦးသည် ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါဖြစ်ပွားနေသည်။

-ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါကို မကုသပါက မိခင်နှင့်ကလေးတွင် ဆီးချိုတက်ခြင်း၊ မီးဖွားစဉ် က‌လေးနှင့်   မိခင် ထိခိုက်ခြင်း၊ မွေးဖွားစဉ် ကလေးနှင့် မိခင်သေဆုံးခြင်းတို့ ဖြစ်နိုင်သည်။

-ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါမှာ မွေးဖွားလာသော ကလေးကို အဝလွန်ရောဂါနှင့် အဆင့် ၂ ဆီးချိုရောဂါ ဖြစ်ပွားစေနိုင်သည်။

-ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါသည်မိခင်များ၏ ၅၀ ရာခိုင်နှုန်းခန့်သည် ငါးနှစ်အကြာတွင် အဆင့် ၂ ဆီးချိုရောဂါ ဖြစ်ပွားလာသည်။

-စစ်ဆေးမှု အစီအစဉ်များ မရှိပါက အဆင့် ၂ ဆီးချိုရောဂါ ဖြစ်ပွားပြီး ၁၀ နှစ်ခန့်အကြာတွင် diabetic damage ဆိုသည့် ဆီးချိုရောဂါကြောင့် ကိုယ်လက်နှင့် အင်္ဂါအစိတ်အပိုင်းများ၊ မျက်စိများ ထိခိုက်လာသည်။

-ယင်း ၁၀ နှစ်ခန့်အချိန်တွင် ပြန်လည်မကုစားနိုင်သော ပျက်စီးမှုသည် မည်သည့်အင်္ဂါအစိတ်အပိုင်းကိုမဆို ဖြစ်စေနိုင်သည်။

-ဆီးချိုရောဂါသည်များ၏ ဆေးဝါးအသုံးစရိတ်သည် ဆီးချိုရောဂါရှင် မဟုတ်သူများထက် လေးဆခန့် ပိုမိုများပြားသည်။

-အဆင့် ၂ ဆီးချိုရောဂါ ဖြစ်ပွားသူများ၏ ပျမ်းမျှသက်တမ်းသည် ဆီးချိုရောဂါသည် မဟုတ်သူများထက် ၁၀ နှစ်ခန့် ပို၍တိုတောင်းသည်။

သို့ရာတွင် ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါဖြစ်ပွားအပြီး အဆင့် ၂ ဆီးချိုရောဂါ ဖြစ်ပွားလာမှုကို နောက်ကျမှ သိရှိခြင်းကို ရှောင်ရှား၍ရသည်။ နိုင်ငံတကာက သဘောတူထားသည်မှာ ကလေးမွေးဖွားအပြီး ခြောက်ပတ်အကြာ၊ ခြောက်လ မှ ၁ နှစ်အကြာ ဆီးချိုရောဂါ စစ်ဆေးကြည့်ပြီး နောက်ထပ် သုံးနှစ် တစ်ကြိမ် စစ်ဆေးမှု ပြုလုပ်ကြရန် အကြံပေးထားသည်။ ထိုနည်းအားဖြင့် မလိုလားအပ်သော ငွေကြေးကုန်ကျမှုနှင့် အသက်ဆုံးရှုံးမှုများကို ကယ်တင်နိုင်သည်။ မြန်မာနိုင်ငံတွင် ကလေးမွေးဖွားအပြီး စစ်ဆေးမှုကို ပုံမှန်မဟုတ်ဘဲ ကြုံသလိုလုပ်ဆောင်နေသည်။

၂၀၁၈ ခုနှစ် ဩဂုတ်လတွင် ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီး၏ Gestational Diabetes Mellitus Clinic သည် ကလေးမွေးအပြီး မိခင်များကို အခမဲ့ဆေးစစ်ပေးသော နိုင်ငံဘဏ္ဍာဖြင့် ပထမဆုံး လုပ်ဆောင်သည့်ဆေးခန်း ဖြစ်လာသည်။ ထိုသို့ ပုံမှန်ဆေးစစ်ခြင်း၏ ကောင်းကျိုးကို အမျိုးသမီးများ သိရှိစေရန် ပညာပေးနိုင်ဖို့ စတင်ဆောင်ရွက်လျက်ရှိသည်။

ဆေးရုံကြီး၏ ထိုဆေးခန်းပုံစံကို အခြားဆေးရုံ ဆေးခန်းများက နမူနာယူနိုင်သည်။ သို့သော် ကျန်းမာရေး ဗဟုသုတ နည်းပါးသောကြောင့် လိုက်ပါလုပ်ဆောင်မှု နည်းပါးသည်။ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါ ဖြစ်ပွားသောမိခင်များကို ပုံမှန်ဆေးစစ်ခြင်းကို တွင်ကျယ်စွာလုပ်ဆောင်လာကြစေရန် လုပ်ဆောင်စရာ အများကြီး ရှိနေပါသေးသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.