ရခိုင်ပြည်နယ်၌ အသွားအလာကန့်သတ်မှု ဖယ်ရှားရန် အချိန်ကျပြီ

အစီရင်ခံစာတစ်ခုက အသွားအလာကန့်သတ်မှုများသည် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ၏ ဘဝအခြေအနေကို ဆိုးရွားစေပြီး ပြည်နယ်အတွင်း အခြားလူမျိုးစုများထက်ပို၍ ခွဲခြားဆက်ဆံခံရမှုကို ဖြစ်ပေါ်စေသည်ဟုဆိုသည်။

လယ်တီရှာ ဗန်ဒင်အက်ဆမ် ရေးသားသည်။

မေလ ၂၅ ရက်တွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် Rakhine State Advisory Commission ၏ အကြံပြုချက်အတိုင်း လုပ်ဆောင်ခဲ့သော ရခိုင်ပြည်နယ်မှ တိုးတက်မှုများကို အစိုးရက ဂလိုဘယ် နယူးလိုက် အော့ဖ်မြန်မာ Global New Light of Myanmar သတင်းစာတွင် ဖော်ပြခဲ့သည်။

ကျွန်မ သတိပြုမိသော အချက်အလက် တစ်ခုမှာ ကျန်းမာရေး ဝန်ဆောင်မှုကဏ္ဍတွင် မူဆလင်များနှင့် အခြားလူမျိုးစုများကြား တန်းတူညီမျှမှု မရှိခြင်းဖြစ်သည်။ စစ်တွေ အထွေထွေဆေးရုံတွင် ပြီးခဲ့သောနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ကုသခဲ့သော လူနာ ၂၆,၈၆၀ ဦးတွင် ၈၁၄ ဦးသာ မူဆလင်များ ပါဝင်ခဲ့သည်။ ယင်းသည် ၃ ရာခိုင်နှုန်းသာရှိသည်။

၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သိန်းဂဏန်းချီကာ ထွက်ပြေးခဲ့ပြီးကတည်းက ရခိုင်ပြည်နယ်တွင် မူဆလင်များ၊ ရိုဟင်ဂျာများနှင့် ကမန်လူမျိုးများသည် လူဦးရေ၏ ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ကျန်ရှိနေသေးသည်။ ထို့ကြောင့် စစ်တွေဆေးရုံတွင် ကုသသောလူနာများ၏ ၃ ရာခိုင်နှုန်းသာ ရှိခြင်းသည် ယင်းအချက်ကို ရှင်းရှင်းကြီး ဖော်ပြနေသည်။

ထိုသို့ တန်းတူညီမျှမှု မရှိခြင်းကို သိရှိရခြင်းသည် ယင်းတို့ကို ဖြေရှင်းရန် တွန်းအားပေးမှုများကို ဖြစ်ပေါ်စေသည်။ အစီရင်ခံစာ တစ်ခုက ဖြေရှင်းရန် ကြိုးပမ်းထားသည်။

သက်သေအခြေပြု အကြံပေးအဖွဲ့ဖြစ်သော Independent Rakhine Initiative ၏ Freedom of Movement in Rakhine State အစီရင်ခံစာသည် ထိုကွဲပြားခြင်း၏ အကြောင်းရင်းကို လေ့လာထားသည်။ ထိုလေ့လာမှုကို ၂၀၁၉ မတ်လမှ ၂၀၂၀ ဇန်နဝါရီလအတွင်း လုပ်ဆောင်ခဲ့ပြီး စာပေများကို သုံးသပ်ခြင်း၊ အင်တာဗျူး လုပ်ဆောင်ခြင်းနှင့် သီးခြားပုဂ္ဂိုလ် ၂၁၁ ဦးတို့နှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်းများ လုပ်ဆောင်ခဲ့သည်။ ယင်းသည် ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ရရှိမှုနှင့်ပတ်သက်ပြီး IRI အတွက် လုပ်ဆောင်ခဲ့သော အင်တာဗျူး ၁,၀၅၆ ခုပေါ်မှ ရရှိသည့် သက်သေများကို အခြေပြုထားသည်။

ယင်းက ဖော်ပြရာတွင် အခြားလူ့အခွင့်အရေးများထက် လွတ်လပ်စွာသွားလာနိုင်ခွင့်သည် တစ်ခုတည်း ရပ်တည်နိုင်သော အချက်မဟုတ်၊ ယင်းသည် လူတစ်ဦး၏ လွတ်လပ်စွာနေထိုင်ခွင့်၊ သိက္ခာရှိစွာ နေထိုင်နိုင်ခွင့်တို့နှင့် ဆက်စပ်နေပြီး ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးအလုပ်စသော အခြားလူ့အခွင့်အရေးများအတွက် အခြေခံဖြစ်သည်ဟူ၏။

IRI သည် ကွယ်လွန်သူ မစ္စတာ ကိုဖီအန်နန် Mr Kofi Annan ခေါင်းဆောင်သည့် Rakhine State advisory Commission က ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၏ အဓိကအကြံပေးချက် တစ်ခုကို သုတေသန ပြုခဲ့သည်။ ရခိုင်ပြည်နယ်၌ မတူကွဲပြားသော လူမျိုးစုများကိုသက်ရောက်သည့် အသွားအလာ ကန့်သတ်ချက်များ အားလုံးကိုဖော်ထုတ်ရန်၊ ထိုကန့်သတ်ချက်များကို ဖယ်ရှားနိုင်ရန်၊ လမ်းပြမြေပုံ ရေးဆွဲရန် ဖြစ်သည်။

ထိုအစီရင်ခံစာသည် စိတ်ပျက်ဖွယ်ကောင်းသော အချက်များနှင့် ပြည့်နေသည်။ ၂၀၁၈ ခုနှစ် နှောင်းပိုင်းတွင် စစ်တပ်နှင့် အေအေတို့အကြား တိုက်ခိုက်မှုများ တိုးပွားလာမှုက လူ့အဖွဲ့အစည်းအားလုံးကို အသစ်ချမှတ်လိုက်သော အသွားအလာ ကန့်သတ်မှုများ၏ အကျိုးဆက်ဖြစ်သည်။ ထို့ပြင် ရိုဟင်ဂျာများကို လူမျိုးရေး ခွဲခြားမှုသည်လည်း ဆက်လက်ရှိနေသည်။

အသွားအလာ ကန့်သတ်မှုကို ပုံစံမျိုးစုံဖြင့် လုပ်ဆောင်ခြင်းသည် ခွဲခြားဆက်ဆံခြင်း၏ အဓိကအချက် တစ်ခု ဖြစ်သည်။ IRI က ရှာဖွေတွေ့ရှိသည်မှာ အသွားအလာကန့်သတ်မှုသည် လူ့အဖွဲ့အစည်းအားလုံးအပေါ် အကျိုးသက်ရောက်သည်။ အစီရင်ခံစာက ဆိုရာတွင် ထိုသို့ ကန့်သတ်ချက်များမှ အချို့သည် လုံခြုံရေး အခြေအနေကြောင့် လိုအပ်သည်ဟု ပြောဆိုနိုင်သော်လည်း အများစုသည် အကျိုးသင့် အကြောင်းသင့် လုပ်ဆောင်ထားခြင်းမဟုတ်ဘဲ ပြန်လည်သုံးသပ်ပြီး ဖယ်ရှားရန် လိုအပ်သည်။

အစီရင်ခံစာသည် လူ့အဖွဲ့အစည်းအားလုံးကို ရည်ရွယ်သော်လည်း ရခိုင်၊ ရိုဟင်ဂျာ၊ ကမန်၊ ဟိန္ဒူနှင့် မရမန်ကြီး လူမျိုးစုများကို အထူးလေ့လာထားသည်။ အားလုံးသည် ခွဲခြားဆက်ဆံမှုကို ခံနေရသော်လည်း အသွားအလာ ကန့်သတ်ခြင်းသည် ရိုဟင်ဂျာများကို ဆက်လက်ဖိနှိပ်ရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း အစီရင်ခံစာက တွေ့ရှိထားသည်။ ရိုဟင်ဂျာများသည် အစိုးရ ပေါ်လစီများနှင့် ခွဲခြားဆက်ဆံရန် ရည်ရွယ်ထားသော လုပ်ဆောင်ချက်များကို ရင်ဆိုင်နေရသည်။

ထိုအစီရင်ခံစာသည် ရခိုင်ပြည်နယ်တွင် မကြာသေးမီက လုပ်ဆောင်ခဲ့သော သုတေသနများထဲမှ အရေးအပါဆုံးဖြစ်ပြီး နားလည်လွယ်သော အကြံပြုချက် လမ်းပြမြေပုံကို ပေးသည်။ ယင်းသည် အခြားလူ့အခွင့်အရေးများကိုပါ ဖြေရှင်းနိုင်မည့် လွတ်လပ်စွာသွားလာခွင့်ကို ဖြေရှင်းထားသည်။ ထိုသို့ လုပ်ဆောင်ရာတွင် IRI သည် အန်နန်ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသော အချက်အများအပြားကို အကောင်အထည်ဖော်နိုင်ရန် အကြံပြုချက်များကို ထည့်သွင်းထားသည်။

နိုင်ငံသား အထောက်အထား စာရွက်စာတမ်းများနှင့် လွတ်လပ်စွာ သွားလာခွင့်ကို ချိတ်ဆက်ထားသော မြန်မာနိုင်ငံ၏ လုပ်ဆောင်ချက်သည် ပြဿနာရှိနေသည်။ နိုင်ငံတကာ ဥပဒေတွင် လူတိုင်းသည် နိုင်ငံသား ဟုတ်ဟုတ်၊ မဟုတ်ဟုတ် လွတ်လပ်စွာသွားလာခွင့် ရှိသည်။ သို့သော် ၁၉၈၀ ပြည့်နှစ်များမှ စတင်ပြီး ရိုဟင်ဂျာများ၏ အသိအမှတ်ပြုမှတ်ပုံတင်ကတ်များကို ဖြည်းဖြည်းချင်း သိမ်းဆည်းလာခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ယာယီအသိအမှတ်ပြုကတ်များကိုပါ ပြန်လည်ရပ်သိမ်းခဲ့သည်။ အစီရင်ခံစာက တွေ့ရှိသည်မှာ အစိုးရသည် ရိုဟင်ဂျာ လူ့အဖွဲ့အစည်း တစ်ခုလုံးကို မှတ်ပုံတင် စာရွက်စာတမ်းပေးရန် စနစ်တကျ ငြင်းပယ်နေပြီး ၎င်းတို့ကို မှတ်ပုံတင် စာရွက်စာတမ်း မရှိသောကြောင့် လွတ်လပ်စွာသွားလာခွင့် ပိတ်ပင်နေခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံသားမှတ်ပုံတင် ရထားသော ရိုဟင်ဂျာများသည်လည်း လွတ်လပ်စွာ သွားလာနိုင်ခွင့်ဆိုင်ရာအာမခံချက် မရရှိကြပေ။ အခြားအချက်များကို ကြည့်ရှုကြသေးသည်။ ယင်းတို့မှာ အသိအမှတ်ပြုမထားသော အုပ်စုတစ်ခုမှဖြစ်နေခြင်း၊ လူနည်းစုကသာ ကိုးကွယ်သောဘာသာဖြင့် မှတ်ပုံတင်ထားခြင်း၊ လူနည်းစုကသာ ပြောသော ဘာသာစကားကို ပြောဆိုခြင်းနှင့် အသားအရောင် မည်းညစ်ခြင်းတို့ ပါဝင်သည်။ ထိုအချက် အများအပြားနှင့်ကိုက်ညီလေလေ၊ ခရီးသွားရန် ပိုမိုခက်ခဲလေလေဖြစ်သည်။ ရိုဟင်ဂျာများက အခက်ခဲဆုံး စိန်ခေါ်မှုများကို ရင်ဆိုင်ရသော်လည်း မရမန်ကြီးနှင့် ကမန်လူမျိုးများသည်လည်း အသွားအလာပိတ်ပင်မှုကို ရင်ဆိုင်ရနိုင်သည်။

လွတ်လပ်စွာသွားလာခွင့် ပိတ်ပင်ထားခြင်းကို တရားဝင်နှင့် တရားဝင်မဟုတ်သည့်နည်းလမ်းများဖြင့် တွေ့မြင်နိုင်သည်။ တရားဝင်ပိတ်ပင်ခြင်းကို အစိုးရက ချမှတ်ပြီး မှတ်ပုံတင် စာရွက်စာတမ်း၊ သွားလာခွင့် ခွင့်ပြုချက်၊ ညမထွက်ရအမိန့်၊ သို့မဟုတ် သွားလာရာတွင် အစောင့်အကြပ် လိုအပ်ခြင်း စသည်တို့ဖြင့် တွေ့မြင်နိုင်သည်။ တရားဝင်မဟုတ်သော ကန့်သတ်ချက်များကို တရားဝင်ချမှတ်ထားခြင်း မရှိဘဲ အခြားလူမှုနိုင်ငံရေးများနှင့် ဆက်စပ်နေသည်။ ရဲတပ်ဖွဲ့က လူ့အဖွဲ့အစည်းများကြား တရားဥပဒေ စိုးမိုးအောင် လုပ်ဆောင်ခြင်း၊ လာဘ်ထိုးသော ကျူးလွန်သူများကို အပြစ်မှ ကင်းလွတ်ခွင့်ပေးခြင်း၊ အစိုးရက လုံခြုံသော ပတ်ဝန်းကျင်ကို ဖန်တီးမပေးနိုင်ခြင်းတို့ ပါဝင်သည်။

တရားဝင်နှင့် တရားဝင်မဟုတ်သော အကန်အသတ်များကြား ဘဏ္ဍာရေး ကုန်ကျစရိတ်များကြောင့် လွတ်လပ်စွာ သွားလာခွင့်ကို တားမြစ်ထားသလို ဖြစ်နေသည်။ သွားလာရေး ကုန်ကျစရိတ်သည်ပင် ရိုဟင်ဂျာများအတွက် ခရီးသွားလာမှုကို တားမြစ်နေသည်။ ယင်းကို အစီရင်ခံစာက အသေးစိတ်တွက်ချက်ပြသထားသည်။ ဥပမာတစ်ခုတွင် ဘူးသီးတောင်မှ ရန်ကုန်သို့ သွားလာရာ၌ အသိအမှတ်ပြု မှတ်ပုံတင်မရှိသော ရိုဟင်ဂျာတစ်ယောက်နှင့် ရိုဟင်ဂျာမဟုတ်သူတစ်ယောက်တို့၏ ကုန်ကျစရိတ်ကို ပြသထားသည်။ ရိုဟင်ဂျာ မဟုတ်ပါက ဘူးသီးတောင်မှ ရန်ကုန်သို့သွားရန် ၆၆ ဒေါ်လာသာ ကုန်ကျသော်လည်း ရိုဟင်ဂျာဖြစ်ပါက ၈၉၆ ဒေါ်လာ ကုန်ကျနိုင်သည်။ ယင်းမှာ ၁၃ ဆ မြင့်မားနေခြင်းဖြစ်ပြီး ရိုဟင်ဂျာများအတွက် မတတ်နိုင်သော ပမာဏဖြစ်သည်။

ရိုဟင်ဂျာတစ်ယောက် ရန်ကုန်သို့ သွားရောက်ရာတွင် ပေးရနိုင်သော တရားဝင်၊ သို့မဟုတ် တရားဝင်မဟုတ်သည့် ငွေကြေးကုန်ကျစရိတ်သည် များပြားလွန်းသည်။ ရွာမှထွက်ခွာခွင့် စာရွက်စာတမ်းကြေး၊ လုံခြုံရေး ရှင်းလင်းကြောင်း စာရွက်စာတမ်းကြေး၊ စစ်ဆေးရေးဂိတ်များတွင် ထပ်ခါတလဲလဲ ပေးရသော တရားဝင်မဟုတ်သည့် ကုန်ကျစရိတ်၊ မြို့နယ်၊ သို့မဟုတ် တိုင်းနှင့်ပြည်နယ် ဖြတ်သန်းရာတွင် ပုံစံ ၄ အတွက် ကျသင့်ငွေ၊ လုံခြုံရေးအစောင့်အကြပ် မဖြစ်မနေ ထားရှိရခြင်း၊ ရန်ကုန်မှ အရာရှိများအတွက် ပေးရသောငွေကြေးတို့ ပါဝင်သည်။

ခရီးသွားကုန်ကျစရိတ် များပြားခြင်းသည် စစ်တွေ အထွေထွေဆေးရုံတွင် မူဆလင် အနည်းငယ်သာ တက်ရောက်နိုင်ခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်သည်။ မူဆလင် အများအပြားသည် စစ်တွေသို့ သွားရန် ကုန်ကျစရိတ် မတတ်နိုင်ကြပေ။ ငွေကြေးရရှိရန်ခက်ခဲပြီး ခရီးသွားလာခွင့်နှင့် ပိုက်ဆံပေးရသော အစောင့်အရှောက် စီစဉ်ရခြင်းသည် ငွေရော အချိန်ပါ ကုန်သည်။ ထိုသို့ဖြင့် မလိုလားအပ်သော ရောဂါများ တိုးပွားလာပြီး သေဆုံးသည်အထိ ဖြစ်ကြသည်။

အသွားအလာ ကန့်သတ်ခြင်းသည် ကျန်းမာရေး တစ်ခုတည်းကို ထိခိုက်သည် မဟုတ်ပါ။ ယင်းသည် ပညာရေးနှင့် အသက်မွေးအလုပ်အကိုင်ကိုပါ ထိခိုက်နိုင်သည်။

စစ်တပ်နှင့် အေအေတို့၏တိုက်ပွဲများကြောင့် ဒေသခံလူမျိုးစုအားလုံးအတွက် အသက်မွေးအလုပ်အကိုင် ရရှိရန် ခက်ခဲသည်။ အများအပြားသည် ယင်းတို့ရွာမှ ခပ်ဝေးဝေးသို့ မသွားရဲကြဘဲ ၎င်းတို့၏ လယ်မြေများသို့ပင် မသွားရဲကြပေ။ ငါးမျှားပင် မထွက်ရဲကြပေ။ မြေမြှုပ်မိုင်းများနှင့် လက်လုပ်မိုင်းများသည် အန္တရာယ်တစ်ခုဖြစ်သည်။ ရိုဟင်ဂျာများအတွက်မူ အသွားအလာ ကန့်သတ်မှုကြောင့် ၎င်းတို့၏ ရွာတွင် တိုက်ပွဲဖြစ်ပွားလျှင်ပင် ထွက်မပြေးနိုင်ကြပေ။ လူ့အဖွဲ့အစည်းအားလုံးအတွက် ပြဿနာများသည် အလုပ်အကိုင် မရရှိခြင်းကြောင့် ပိုမိုဆိုးရွားစေသည်။ အိမ်ထောင်စုအများစုအတွက် စားရေးသောက်ရေးသည် အဓိကပြဿနာ ဖြစ်နေသည်။

ရခိုင်ပြည်နယ်၏ ပညာရေးကဏ္ဍသည် တရားဝင်နှင့် တရားဝင်မဟုတ်သည့် အစီအစဉ်များနှင့် ဖြစ်သလို ဖန်တီးထားပြီး တနိုင်ငံလုံး၏ ပျမ်းမျှ ပညာရေးအစီအစဉ်နှင့် နှိုင်းယှဉ်ပါက ညံ့ဖျင်းလွန်းသည်။ မတူကွဲပြားသော လူမျိုးစုများမှ ကလေးငယ်များသည် ကျောင်းကို အတူတကွ တက်ရောက်နိုင်သော်လည်း လွတ်လပ်စွာသွားလာခွင့် မရှိခြင်းကြောင့် ရိုဟင်ဂျာနှင့် ကမန်ကလေးငယ်များသည် ပညာရေးကို ရရှိရန်ခက်ခဲသည်။ ၂၀၁၂ ခုနှစ်မှစပြီး အစိုးရ ပညာရေးကို နိုင်ငံသားမှတ်ပုံတင်ရှိသော မူဆလင်ကလေးများအပါအဝင် မူဆလင်ကလေးများအားလုံး မရရှိနိုင်ကြပေ။

IRI အစီရင်ခံစာကို လူအများက လေ့လာသင့်သည်။ ယင်းတွင်ပါဝင်သော အချက်အလက်အားလုံးသည် အသစ်မဟုတ်ပေ။ သို့သော် ယင်းသည် ရခိုင်ပြည်နယ်တွင် အသွားအလာကန့်သတ်မှုနှင့် ယင်း၏ဆိုးကျိုးများကို လေ့လာထားသော ပထမဆုံး အစီရင်ခံစာဖြစ်သည်။ ထိုသို့ ပြင်းထန်သောကန့်သတ်ချက်များသည် ရခိုင်ပြည်နယ် တခုလုံး၏ တိုးတက်မှုကို နှောင့်နှေးစေသည်။ ထိုကန့်သတ်ချက်များကို ကြာရှည်စွာ ထားရှိလေလေ၊ ကန့်သတ်ချက်ကို ဖယ်ရှားရန် ခက်ခဲလေလေဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လူ့အဖွဲ့အစည်းများကြား ယုံကြည်မှုများ ကင်းမဲ့စေသောကြောင့် ဖြစ်သည်။ လူမျိုးစု မတူကွဲပြားမှုကို အင်အားအဖြစ် အခြေခံထားသော အပြုသဘောဆောင်သည့် အနာဂတ်တစ်ခု ရခိုင်ပြည်နယ်တွင် မရှိမဖြစ်လိုအပ်နေသည်။

အန်နန်အစီရင်ခံစာက ဖော်ပြခဲ့သလို ရခိုင်ပြည်နယ်တွင် ရခိုင်နှင့် မူဆလင်များ အတူတကွ နေထိုင်ကြမလား ဆိုသည်က အရေးမကြီးပေ။ မည်သို့ အတူတကွနေထိုင်ကြမည် ဆိုသည်ကိုသာ တွေးတောရမည်။ ရခိုင်ပြည်နယ်တွင် မူဆလင်များကို ခွဲခြားဆက်ဆံခြင်းမပြုဘဲ လက်ခံခြင်းကသာ ပြည်နယ်၏ ရေရှည်တည်ငြိမ်ရေးနှင့် တိုးတက်ရေးအတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

အစီရင်ခံစာက ဖော်ပြသော လွတ်လပ်စွာသွားလာခွင့် ကန့်သတ်ချက်ကို ဖြေလျှော့ပေးရေး လမ်းပြမြေပုံသည် တန်ဖိုး မဖြတ်နိုင်သော ရင်းမြစ်ဖြစ်သည်။ ယင်းသည် လွတ်လပ်စွာသွားလာခွင့် ကန့်သတ်ချက်ကို ဖြေရှင်းပေးရုံသာမက ယင်းကိုဖြစ်စေသော ခွဲခြားဆက်ဆံမှုကိုလည်း ဖြေရှင်းပေးထားသည်။

ယင်းက တဆင့်ချင်း ချဉ်းကပ်ထားပြီး ချက်ချင်းဖြေရှင်းချက်များ၊ ရေတိုလုပ်ဆောင်ရမည့်အချက်များ၊ အလယ်အလတ်နှင့် ရေရှည်လုပ်ဆောင်ရမည့်အချက်များ ပါဝင်သည်။ ယင်းသည် မြန်မာအစိုးရအတွက် လုပ်ဆောင်ရမည့် ဖြေရှင်းချက်များကို ဖော်ပြထားရုံသာမက ပြည်တွင်းနှင့် နိုင်ငံတကာမှ ရခိုင်ပြည်နယ် တိုးတက်ရေး၊ လူသားချင်းစာနာမှု ရရှိရေး၊ ငြိမ်းချမ်းရေး ရရှိရန် လုပ်ဆောင်နေသော အေဂျင်စီများ အတွက် အကြံပြုချက်များကိုပါ ပေးထားသည်။ ယင်းအဖွဲ့အစည်းများက ၎င်းတို့၏ လုပ်ဆောင်ချက်များမှာ ဆိုးကျိုးများ မဖြစ်ပေါ်စေရန် တာဝန်ရှိပြီး ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းအားလုံး၏ အခွင့်အရေးများကို အကာအကွယ်ပေးရန် တက်ကြွစွာ လုပ်ဆောင်ရမည်။

အကြံပြုချက်အချို့ကိုမူ ချက်ချင်း လုပ်ဆောင်၍ရပါသည်။ ထိုသို့လုပ်ဆောင်ပါက မြန်မာနိုင်ငံသည် လူ့အဖွဲ့အစည်းများကို အသွားအလာကန့်သတ်ခြင်း၏ ဆိုးကျိုးကို ဖြေရှင်းလိုစိတ်ရှိသည်ဟု ပြသရာရောက်သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသောတိုက်ပွဲများကို အကြောင်းပြ၍ ယင်းကိုနှောင့်နှေးနေ၍ မရပါ။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသောတိုက်ပွဲများကို စစ်တပ်ကဖြေရှင်းမည့် အလားအလာသည် လတ်တလော မြင်တွေ့ရသည်မဟုတ်ပါ။ ယင်းပြဿနာအားလုံးကို မတူကွဲပြားမှုကို လက်ခံခြင်း၊ ခွဲခြားဆက်ဆံမှုမရှိခြင်း၊ တန်းတူညီမျှခြင်းနှင့် အားလုံးပါဝင်မှသာ ဖြေရှင်းနိုင်မည် ဖြစ်သည်။

ဦးကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.