People gather at a Yangon teashop and browse Facebook on their mobile phones on August 31, 2018. (AFP)
လက်ဘက်ရည်ဆိုင်ထိုင်၍ လူမှုကွန်ရက်အသုံးပြုနေသူအချို့ကို ၂၀၁၈အတွင်းက မြင်တွေ့ရစဉ်။ (အေအက်ဖ်ပီ)

လိမ်ညာမှုများကို တိုက်ဖျက်ခြင်း၊ လွတ်လပ်စွာပြောဆိုမှုကိုကာကွယ်ခြင်း

မြန်မာနိုင်ငံသည် သတင်းတုသတင်းမှားများ (Disinformation) နှင့်ပတ်သက်၍ ၂၀၁၇ကဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာအရေးခင်းတွင် သာဓကဆိုးတစ်ခုဖြစ်ပြီး၊ ဖေ့စ်ဘွတ်ခ်သည်လည်း အဆိုပါဖြစ်ရပ်တွင် အားပေးကူညီခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ဖေ့စ်ဘွတ်ခ်သည် သင်ခန်းစာယူနိုင်ခဲ့ပြီလားဆိုသည်ကို ပြန်လည်ဆန်းစစ်ရန်လိုအပ်လာသည်။

ဗညားအေးကျော်၊ ဘုန်းထက်နောင်နှင့် အင်ဒရူးနာခမ်စန် ရေးသားသည်။

မြန်မာနိုင်ငံသည် ရာစုနှစ်ပေါင်းများစွာ တံခါးပိတ် (နိုင်ငံခြားရေး) မူဝါဒနှင့် (နိုင်ငံခြား) ပိတ်ဆို့ဒဏ်ခတ်မှုများအပြီး ၂၀၁၅၊ နိုဝင်ဘာတွင် ပထမဆုံးဒီမိုကစီနည်းကျ ရွေးကောက်ပွဲကို ကျင်းပခဲ့ပါသည်။

လူမှုကွန်ရက်အသုံးပြုသူဦးရေသည် ၂၀၁၅၊ ဇူလိုင်တွင် ၄ဒသမ၇သန်းသာရှိရာမှ ယင်းနောက်ပိုင်း တဟုန်ထိုးမြင့်တက်လာသည်။ ၂၀၁၇တွင် မြန်မာနိုင်ငံတဝန်း လူမှုကွန်ရက်အသုံးပြုသူ (အထူးသဖြင့် ဖေ့စ်ဘွတ်ခ်အသုံးပြုသူ) ဦးရေ၂၂ သန်းကျော်အထိ တိုးပွားလာသည်။ အဆိုပါဦးရေသည် မြန်မာနိုင်ငံရှိ လူဦးရေစုစုပေါင်း၏ တဝက်နီးပါးမျှရှိနေပါသည်။

ဖေ့စ်ဘွတ်ခ်သည် မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာလူနည်းစုများအပေါ် ညှဉ်းဆဲသတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုစသည့် အကြမ်းဖက်ဖြိုခွဲသည့်လုပ်ရပ်များ ဖြစ်ပေါ်လာစေရန် အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့သည်။

မြန်မာ့တပ်မတော်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်စလင်လူနည်းစုများနေထိုင်ရာဒေသများတွင် နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများ ဆောင်ရွက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်ကြောင်း စွပ်စွဲမှုများထွက်ပေါ်လာချိန်တွင် ရည်ရွယ်ချက်ရှိရှိ သတင်းတု၊ သတင်းမှားများ (Disinformation) ထုတ်လွှင့်သည့် လှုပ်ရှားမှုများသည် လူမှုကွန်ရက်တည်းဟူသော အွန်လိုင်းဂေဟစနစ်သို့ ပျံ့နှံ့လာခဲ့သည်။ ယင်းလှုပ်ရှားမှုများအနက် အချို့သတင်းများတွင် ရိုဟင်ဂျာများသည် မိမိတို့နေအိမ်များကို ကိုယ်တိုင်မီးရှို့ဖျက်ဆီးကြသည်ဆိုသည့် သတင်းတုသတင်းမှားများလည်းပါဝင်ခဲ့သည်။

ဤနေရာတွင် သတင်းတု၊ သတင်းမှားများနှင့်ပတ်သက်၍ အသုံးအနှုန်းများကို အနည်းငယ် ရှင်းလင်းလိုပါသည်။ နိုင်ငံတကာတွင် သတင်းတု၊ သတင်းမှားများကိုဖော်ပြသည့်အခါ Disinformation၊ Misinformation နှင့် Malinformation ဟူ၍ အမျိုးအစားသုံးခုခွဲ၍ ဖော်ပြလေ့ရှိသည်။ Disinformation ဆိုသည်မှာ မှားယွင်းသော သို့မဟုတ် ပုံဖျက်ထားသော အကြောင်းအရာများပါဝင်သည့် သတင်းအချက်အလက်အမှားဖြစ်ပြီး တစ်စုံတစ်ဦးကို နစ်နာစေရန်ရည်ရွယ်ချက်ဖြင့် မသမာသူများက ဖြန့်ဝေလေ့ရှိသည်။ အခြားသူကိုထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့်တမင်လုပ်ကြံ ပုံဖျက်ထားသော သတင်းမှားတစ်ပုဒ်(Disinformation)တွင် မှားယွင်းသောအကြောင်းအရာများ ပါဝင်နေသည်ကို မသိရှိဘဲ တစ်စုံတစ်ဦးက မျှဝေလိုက်သောအခါ၊ ယင်းသို့မျှဝေသည့် သတင်းအချက်အလက်အမှားကို Misinformationဟု ခေါ်ဆိုသည်။

ယင်းနှစ်ခု၏ အဓိက ကွာခြားချက်မှာ “ရည်ရွယ်ချက်”ပင်ဖြစ်သည်။ တစ်စုံတစ်ဦးနစ်နာစေရန် ရည်ရွယ်ချက်ဖြင့် သတင်းတု၊ သတင်းမှားကို တမင်ဖြန့်ဝေလျှင် ယင်းကို Disinformation ဟုခေါ်ဆိုပြီး အခြားသူကို နစ်နာစေလိုသည့် ရည်ရွယ်ချက်မရှိဘဲ သတင်းတု၊ သတင်းမှားကို ဖြန့်ဝေမိလျှင် ယင်းသို့ဖြန့်ဝေသော သတင်းကို Misinformation ဟုခေါ်ဆိုသည်။ Malinformation ဆိုသည်မှာ သတင်းပါအကြောင်းအရာများ မှန်ကန်မှုရှိသော်လည်း ယင်းသတင်း အချက်အလက်များကို မသမာသောနည်းလမ်းဖြင့်ရယူပြီး တစ်စုံတစ်ဦးကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ဖြင့် ဖြန့်ဝေသည့်အခါ ယင်းသို့ဖြန့်ဝေသည့် သတင်းကို Malinformation ဟုခေါ်ဆိုသည်။

[ယခုသတင်းဆောင်းပါးတွင် “သတင်းတု၊ သတင်းမှား” သို့မဟုတ် “သတင်းတု၊ သတင်းမှားနှင့် တမင်လုပ်ကြံဖန်တီးသတင်းများ”ဟု ဆိုရာတွင် Disinformationကို အဓိကထား ရည်ညွှန်းခြင်းဖြစ်ပြီး Misinformationကို ရည်ညွှန်းလိုသောနေရာများတွင် “သတင်းတု၊ သတင်းမှား (Misinformation)”ဟု သုံးစွဲသွားမည်ဖြစ်သည်။]

ရည်ရွယ်ချက်ရှိရှိဖန်တီးသည့် သတင်းတု၊ သတင်းမှားနှင့် တမင်လုပ်ကြံဖန်တီးသတင်း ထုတ်လွှင့်သူများသည် များသောအားဖြင့် ရွေးကောက်ပွဲကာလများကို စောင့်ဆိုင်း၍ အဓိကလှုပ်ရှားကြလေ့ရှိသည်။ မြန်မာနိုင်ငံတွင် နိုဝင်ဘာ၈ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ သတင်းတု၊ သတင်းမှားများကို ကာကွယ်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ သတင်းတု၊ သတင်းမှားများကို ကာကွယ်ရန်ပြင်ဆင်မှုများကို ၂၀၁၇ကတည်းက စတင်ခဲ့သော်လည်း သတင်းတု၊ သတင်းမှားများ၏ အန္တရာယ်က ကျန်ရှိနေဆဲဖြစ်သည်။

အမေရိကန်အခြေစိုက် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သည့် ကာတာစင်တာက ၂၀၁၅တွင် မြန်မာနိုင်ငံအတွင်း “လူမှုကွန်ရက်အသုံးပြုမှု သိသိသာသာ တိုးပွားလာခဲ့”သော်လည်း “သတင်းတု၊ သတင်းမှားများကို ကြီးမားသောစိုးရိမ်ပူပန်မှုအဖြစ် မသတ်မှတ်ခဲ့ကြောင်း”ဆိုခဲ့သည်။ ထိုစဉ်က မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကားများသည် လူထုအာရုံစိုက်မှုကို ရယူနိုင်ခဲ့သည်။

“၂၀၂၀ ရွေးကောက်ပွဲအကြိုကာလတွင် လူမှုကွန်ရက်များ၊ အထူးသဖြင့် ဖေ့စ်ဘွတ်ခ်တွင် သတင်းတု၊ သတင်းမှားများနှင့် အကောင့်တုများ သိသိသာသာမြင့်တက်လာနိုင်သည်”ဟု ကာတာစင်တာက ကြိုတင်ဟောကိန်းထုတ်ခဲ့သည်။

ကာတာစင်တာ၏အဆိုအရ မြန်မာနိုင်ငံတွင် လူမှုကွန်ရက်အသုံးပြုသူ (အထူးသဖြင့် ဖေ့စ်ဘွတ်ခ် အသုံးပြုသူ) ဦးရေသည် ၂၀၁၅မှစ၍ ၂၄သန်းအထိ ဆတိုးမြင့်တက်ခဲ့သည်ဟု ဆိုသည်။ ပိုလန်နိုင်ငံအခြေစိုက် ဒစ်ဂျစ်တယ် စျေးကွက်ကုမ္ပဏီတစ်ခုဖြစ်သည့် Napoleon Cat ၏ အချက်အလက်များအရ မြန်မာနိုင်ငံအတွင်း လူမှုကွန်ရက်အသုံးပြုသူဦးရေသည် ယခုနှစ်၊ မတ်တွင်၂၄သန်းသာ ရှိခဲ့ရာမှ ဇွန်တွင် ၂၈.၅သန်းအထိ တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။

ပြင်ပတွင်လူအများအပြားတက်ရောက်သည့် မဲဆွယ်မှုများကို ကိုဗစ်-၁၉ကန့်သတ်ချက်များဖြင့် ထိန်းချုပ်ထားရာ ယခုနှစ်ရွေးကောက်ပွဲတွင် လူမှုကွန်ရက်စာမျက်နှာများသည် နိုင်ငံရေးပါတီများ မဲဆွယ်ရာ နယ်နိမိတ်အသစ်ဖြစ်လာသဖြင့် လူမှုကွန်ရက်များသည် ရွေးကောက်ပွဲအတွက် အရေးပါသည့်အခန်းကဏ္ဍက ပါဝင်လာသည်။

“ကျွန်တော်တို့အနေနဲ့ ဖေ့စ်ဘွတ်ခ်ဟာ (ပါတီတွေ) ရွေးကောက်ပွဲမဲဆွယ်ရေးအတွက် အရေးပါတဲ့နေရာတစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပြီးသားဖြစ်ပါတယ်။ အခုအချိန်မှာ ဒီထက်ပိုပြီး သိသိသာသာ မဲဆွယ်စည်းရုံးလို့ရမဲ့ နေရာတစ်ခုဖြစ်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်”ဟု ဖေ့စ်ဘွတ်ခ်၏ အရှေ့တောင်အာရှဒေသ ဝန်ဆောင်မှုရေးရာမူဝါဒဒါရိုက်တာ ရာဖေးလ်ဖရန်ကယ်လ်က ပြောသည်။

“နိုင်ငံရေးပါတီများနှင့် ၎င်းတို့ကိုထောက်ခံသူများ၏ အချက်အလက်မှတ်တမ်းများနှင့် လုပ်ရပ်များနှင့်ပတ်သက်၍ မဲဆန္ဒရှင်များအား လှည့်ဖျားရန် လုပ်ကြံဖန်တီးထားသော” ပို့စ်များကို လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိပြီး ယခုအခါ မဲဆွယ်ကာလအတွင်းရောက်ရှိနေပြီဖြစ်ရာ ယင်းသို့လုပ်ကြံဖန်တီးမှုများ ပိုမိုများပြားလာဖွယ်ရှိသည်ဟု ကာတာစင်တာက ထုတ်ပြန်ခဲ့သည်။ ၎င်းတို့အနေဖြင့် သတင်းတု၊ သတင်းမှားနှင့် တမင်လုပ်ကြံဖန်တီးသတင်းများကို ပြန်လည်တုံပြန်မည် မဟုတ်ဘဲ စောင့်ကြည့်ခြင်း၊ အချက်အလက်စိစစ်ခြင်းနှင့် ဖြစ်ပေါ်မှုအကြိမ်ရေနှင့် သက်ရောက်မှုများကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း ကာတာစင်တာက ထုတ်ပြန်ထားသည်။

အချက်အလက်စိစစ်ရာတွင် လူသိများသည့် Boom MyanmarFacet Crescendoမြန်မာနောင်းသတင်းဌာနReal or Not (ဟုတ်တယ်၊ မဟုတ်ဘူး)နှင့် Think Before You Trust (တွေးပြီးမှယုံ)စသည့် အဖွဲ့အစည်းများက ယခုနှစ် ဇူလိုင်မှသြဂုတ်အတွင်း သတင်းတု၊ သတင်းမှားနှင့် တမင်လုပ်ကြံဖန်တီးသတင်း အခု၁၀၀ခန့်ကို စိစစ်ဖော်ထုတ်နိုင်ခဲ့ပြီး ယင်းသတင်းအများစုမှာ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပစ်မှတ်ထားတိုက်ခိုက်သည့် ရေးသားမှုများဖြစ်နေသည်။

ဖေ့စ်ဘွတ်ခ်နှင့် ကာတာစင်တာကဲ့သို့ ရွေးကောက်ပွဲအတွက် အဓိကကျသည့် အဖွဲ့အစည်းများသည် သတင်းတု၊ သတင်းမှားနှင့် တမင်လုပ်ကြံဖန်တီးသတင်းများတွန်းလှန်ရေးအတွက် အားတက်သရော ပြင်ဆင်နေကြသော်လည်း၊ နိုင်ငံရေးပါတီများတွင်မူ ယင်းနှင့်ပတ်သက်၍ ရှင်းလင်းတိကျသည့် အစီအမံများ မရှိပေ။

ပါတီများတွင် ပြင်ဆင်မှုမရှိပေ

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့်ရှိသူ စိုင်းကျော်ညွန့်သည် ၎င်းတို့ပါတီအနေဖြင့် သတင်းတု၊ သတင်းမှားများဖြင့် တိုက်ခိုက်လာမည်ကို မျှော်လင့်ထားပြီးဖြစ်သော်လည်း အထူးတလည်ပြင်ဆင်ထားမှုမျိုးမရှိကြောင်း ဆိုသည်။

“ကျွန်တော်တို့ရဲ့ လူငယ်ရေးရာကော်မတီက အွန်လိုင်းပေါ်မှာ တက်တက်ကြွကြွရှိကြပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို ပုံမှန်စောင့်ကြည့်ကြပါတယ်။ ကျွန်တော်တို့ SNLD အနေနဲ့ သတင်းတု၊ သတင်းမှားတွေကို တုံ့ပြန်ဖို့ ပါတီအနေနဲ့ ကြီးကြီးမားမားတာဝန်ပေးထားတော့မဟုတ်ပါဘူး”ဟု စိုင်းကျော်ညွန့်ကပြောသည်။

သတင်းတု၊​ သတင်းမှားနှင့် တမင်လုပ်ကြံဖန်တီးသတင်းများကို အထူးတလည်အရေးပေး၍ မတုံ့ပြန်ခြင်းသည် မှန်ကန်သော ချဉ်းကပ်မှုဟု အချို့လေ့လာသူများကဆိုသည်။ သုတေသီအချို့ကမူ သတင်းတု၊ သတင်းမှားများကို ရှာဖွေဖော်ထုတ်ပြီး မှားယွင်းကြောင်း ပြန်လည်ချေပခြင်းကပင် ယင်းသို့သော သတင်းများ၏ ပျံ့နှံ့မှုကို ပိုမိုကျယ်ပြန့်စေသည်ဟု ဆိုသည်။ အကြောင်းမှာ ယင်းသို့မှားယွင်းကြောင်း သက်သေပြသည့်တိုင် အချို့စာဖတ်သူများက အဆိုပါသတင်းများကို အမှန်ဟု ထင်မြင်ကြဆဲဖြစ်သည်။

Claire Wardleနှင့် Hossein Derakhshan တို့ရေးသားသည့် Information Disorder (သတင်းအချက်အလက် ဖောက်လွဲဖောက်ပြန်မှု) ဟုအမည်ရသည့် စာတမ်းတွင် (သတင်းတုသတင်းမှားများကို) ရှာဖွေဖော်ထုတ်ရေးသားခြင်းကပင်လျှင် ၎င်းသတင်းများကို လူသိစေပြီး၊ သတင်းမှားများဆက်လက်ရှင်သန်နိုင်ရန် ထောက်ပံ့နေသကဲ့သို့ဖြစ်ကြောင်း သတိပေးသည်။

ကမ္ဘာအနှံ့နေရာအများအပြားနှင့် မြန်မာနိုင်ငံအတွင်း သတင်းတု၊​ သတင်းမှားများ (Misinformation) ၏ နောက်ဆက်တွဲအကျိုးသက်ရောက်မှုက ကြီးမားသည့် သက်သေသာဓကများ ရှိသည့်တိုင် စိုင်းကျော်ညွန့်ကမူ ပြည်သူလူထုသည် သတင်းအမှားများကို ခွဲခြားနိုင်စွမ်းရှိသည်ဟု ဆိုသည်။

“အဓိကစိုးရိမ်စိတ်မရှိပါဘူး။ သတင်းတုတွေကိုယုံကြည်ချင်တဲ့သူတွေကပဲ သတင်းတုရှိတယ်ဆိုတာကို ယုံကြတာပါ”ဟု ၎င်းကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ အဆိုပါကိစ္စကို ပြဿနာတစ်ခုအဖြစ် အလေးအနက် ခံယူသည့်တိုင် သတင်းတု၊ သတင်းမှားနှင့် တမင်လုပ်ကြံဖန်တီးထားသောသတင်းများကို ဖြေရှင်းရန် ရှင်းလင်းတိကျ ပြတ်သားသော အဖြေတစ်ရပ်မရှိပေ။

“လူမှုကွန်ရက်ပေါ်မှာ ရေးသားပြောဆိုနေတာတွေဟာ ရွေးကောက်ပွဲဥပဒေနဲ့ မညီဘူး၊ သို့မဟုတ် ပါတီတစ်ခုခု၊ ကိုယ်စားလှယ်လောင်း တစ်ယောက်ယောက်ကို တိုက်ခိုက်ပြောဆိုနေတာဆိုရင် ပိုစ့် (ရေးသားသူ)ကို ချက်ချင်းဖျက်ပေးဖို့ ပြောဆိုတာမျိုးပြုလုပ်ပါတယ်”ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကပြောသည်။

အင်န်အယ်လ်ဒီပါတီက ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းထားသော်လည်း ၎င်း၏အဓိက တာဝန်က ပါတီကိုယ်စားလှယ်လောင်းများ၏ အွန်လိုင်းရေးသား ပြောဆိုမှုများကို ထောက်လှမ်းရန်အတွက်သာ ဖြစ်နေသည်။ ကိုယ်စားလှယ်လောင်းများ၏ လူမှုကွန်ရက်ပေါ်က ပြောဆိုရေးသားမှုများသည် ရွေးကောက်ပွဲဥပဒေနှင့် ညှိစွန်းခြင်း သို့မဟုတ် အခြားပါတီနှင့် ကိုယ်စားလှယ်လောင်းများကို တိုက်ခိုက်ခြင်းဖြစ်ပါက ကိုယ်စားလှယ်လောင်းများကို ယင်းအရေးအသားများ ၎င်းတို့၏ စာမျက်နှာများကဖယ်ရှားရန် ချက်ချင်းသတိပေးလေ့ရှိကြောင်း ၎င်းကဆိုသည်။

သတင်းတုသတင်းမှားများကို မည်သည့်အဖွဲ့အစည်းများက အဓိကဖြန့်ဖြူးသည်ကို သိရှိပါသလားဟု မေးမြန်းသောအခါ ဒေါက်တာမျိုးညွန့်ကဖြေဆိုရန် ငြင်းဆန်သည်။ သို့သော် မည်သူပြုလုပ်သည်ကို ပြည်သူလူထုက သိရှိထားပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။ ဖေ့စ်ဘွတ်ခ်နှင့် ကာတာစင်တာတို့ကလည်း ယင်းသို့ သတင်းတု၊ သတင်းမှားများ ဖြန့်ဖြူးနေသည့်အဖွဲ့အစည်းသည် မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ကြသည်။

သို့သော်မကြာသေးမီနှစ်များအတွင်း ဖေ့စ်ဘွတ်ခ်က “မရိုးဖြောင့်သည့်အပြုအမူများ”ဟုအမည်တပ်သည့် လှုပ်ရှားမှုများကို ၎င်း၏ပလက်ဖောင်းမှ ဖယ်ရှားခဲ့ပြီး၊ ယင်းတို့အနက် လှုပ်ရှားမှုသုံးခုသည် စစ်တပ်နှင့် ဆက်နွှယ်ပြီး တစ်ခုမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပတ်သက်နေသည်ဟု ဖေ့စ်ဘွတ်ခ်ကဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ယခုဆောင်းပါအတွက် အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ယခုနှစ်တွင် ပထမဆုံးအကြိမ်ရွေးကောက်ပွဲဝင်မည့် ပြည်သူ့ရှေ့ဆောင်ပါတီသည်လည်း သတင်းတု၊ သတင်းမှားနှင့် ပစ်မှတ်ထားတိုက်ခိုက်မှုကြုံတွေ့နေရသည်။ အများပြည်သူက အမှန်တရားကို လက်ခံယုံကြည်ရန် စိတ်မဝင်စားကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

အာဏာရပါတီ၏ခေါင်းဆောင်မှုကို ဝေဖန်သဖြင့် အင်န်အယ်လ်ဒီပါတီကထုတ်ပယ်ခံခဲ့ရသည့် ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါ်သက်သက်ခိုင်က ပြည်သူ့ရှေ့ဆောင်ပါတီက ယမန်နှစ်က တည်ထောင်ခဲ့သည်။ ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သည့် ဒေါ်သက်သက်ခိုင်သည် လူမှုကွန်ရက်စာမျက်နှာများတွင် မကြာခဏ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ ကြုံတွေ့နေရသည်။

“ပြည်သူ့ရှေ့ဆောင်ပါတီဟာ စစ်တပ်နဲ့ မဟာမိတ်ပြုထားတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး လက်အောက်ခံ ဖြစ်တယ် စသဖြင့် သတင်းတု၊ သတင်းမှားတွေနဲ့ တိုက်ခိုက်နေကြတာပါ”ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးကောင်းမင်းခန့်ကပြောသည်။

နောက်ထပ်သတင်းမှားတစ်ခုမှာ ပြည်သူ့ရှေ့ဆောင်ပါတီသည် အဆိုတော်ယုန်လေး၏ အငြင်းပွားဖွယ်ရိုက်ကွက်များပါဝင်ပြီး လူအများအပြားဝေဖန်မှုခံခဲ့ရသည့် ရုပ်သံသီချင်းတစ်ပုဒ်ကို ငွေကြေးထောက်ပံ့ခဲ့သည်ဟူသော စွပ်စွဲချက်တစ်ခုဖြစ်သည်။ အဆိုပါရုပ်သံသီချင်းတွင် တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ထားသည့် အမျိုးသမီးကို ကယ်တင်ခဲ့သည့် ဇာတ်ကွက်များပါဝင်ခဲ့ပြီး အင်န်အယ်လ်ဒီပါတီထောက်ခံသူများ၏ ဒေါသကို နှိုးဆွပေးခဲ့သည့် သီချင်းတစ်ပုဒ်လည်းဖြစ်သည်။

“ဒေါ်သက်သက်ခိုင်ရဲ့ ပုံကို အသုံးပြုပြီး သူ မပြောခဲ့စကားတွေနဲ့ တွဲချိတ်ပြီး သတင်းမှား ဖြန့်နေတာတွေလည်း ရှိပါတယ်”ဟု ဦးကောင်းမင်းခန့်ကပြောသည်။ ထို့ပြင် ဒေါ်သက်သက်ခိုင်ကို လိင်ကွဲပြားမှုအပေါ် ခွဲခြားဆက်ဆံပြီး ချိုးနှိမ်သည့်တိုက်ခိုက်မှုများ အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့နေသည်ကိုလည်း ဖရွန်းတီးယားမြန်မာက လေ့လာတွေ့ရှိခဲ့ရသည်။

၎င်းတို့အနေဖြင့် မှန်ကန်သောအချက်အလက်များဖြင့် ယင်းသို့သတင်းတု၊ သတင်းမှားများ၊ တမင်လုပ်ကြံဖန်တီးထားသော သတင်းများကို တုံ့ပြန်ဖြေရှင်းခဲ့သည်ဟု ဦးကောင်းမင်းခန့်က ဆိုသော်လည်း ယင်းသို့တုံ့ပြန်မှုများမှာ အကျိုးသက်ရောက်မှုကြီးစွာရှိဟန်မတူချေ။ “သူတို့က မှန်ကန်တဲ့သတင်းအချက်အလက်ကို မလိုချင်ကြဘူး”ဟု မြန်မာနိုင်ငံက အွန်လိုင်းအသုံးပြုသူများကို ရည်ရွယ်၍ ဦးကောင်းမင်းခန့်ကပြောသည်။

အကျိုးစီးပွားသက်ဆိုင်သူများ သဘောထားတစ်သားတည်းမရှိခြင်း

ရိုဟင်ဂျာအရေးခင်းတွင် ၎င်း၏အခန်းကဏ္ဍအပေါ် အပြင်းအထန်ဝေဖန်ရှုတ်ချခံရပြီးနောက် ဖေ့စ်ဘွတ်ခ်သည် သတင်းတု၊ သတင်းမှားများကို စိစစ်ရန် နည်းလမ်းအချို့ကို စတင်မိတ်ဆက်ခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာလူမှုကွန်ရက်အသုံးပြုမှုမူဝါဒများကို ပြောင်းလဲရာတွင် မြန်မာနိုင်ငံအတွင်းက လူမှုကွန်ရက်စာမျက်နှာကို အလွဲသုံးစားပြုသည့်ဖြစ်စဉ်များကို သင်ခန်းစာယူခဲ့ကြောင်း ဖရန်ကယ်လ်ကဆိုသည်။ ထို့ပြင် လူမှုကွန်ရက်စာမျက်နှာပေါ်ရှိ မြန်မာနိုင်ငံအတွင်းက အကြောင်းအရာများကို စိစစ်ရန် လူဦးရေ ၁၂၀ခန့်ပါဝင်သည့် အဖွဲ့တစ်ခုကိုဖေ့စ်ဘွတ်ခ်က ခန့်ထားကြောင်း၎င်းကဆိုသည်။

အန္တရာယ်ရှိသော သတင်းတု၊ သတင်းမှား (Misinformation) ပျံ့နှံ့မှုကို လျှော့ချရန်၊ အချို့မဲဆန္ဒရှင်များကို မဲလာမပေးအောင် လှုံ့ဆော်ခြင်းဖြင့် အလိုရှိသော မဲရလဒ်ထွက်လာအောင် အကွက်ကျကျစီစဉ်ခြင်း (voter suppression)ကဲ့သို့သော လှုပ်ရှားမှုများကို ကာကွယ်ရန်၊ အမုန်းစကားများကို တိုက်ဖျက်ရန်၊ လူမှုကွန်ရက် စာမျက်နှာများပေါ်က နိုင်ငံရေးနှင့်ပတ်သက်သည့် ကြော်ငြာများကို ပို၍ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် (နိုင်ငံတစ်ခု၏) ရွေးကောက်ပွဲကို (အခြားနိုင်ငံတစ်ခုက) ဝင်ရောက်စွက်ဖက်လွှမ်းမိုးမှုမှ ကာကွယ်ရန် တို့မှာ ဖေ့စ်ဘွတ်ခ်၏ အလွန်အရေးပါသော ရည်မှန်းချက်များဖြစ်သည်။

ဖေ့စ်ဘွတ်ခ်က မိတ်ဆက်ထားသည့် ယင်းနည်းလမ်းအသစ်များမှာ အလုပ်ဖြစ်မည့်ပုံပေါ်သည်။ ၎င်းတီထွင်ထားသော နည်းပညာအခြေခံအသိဉာဏ် (AI)က အမုန်းစကားများကို ခြေရာခံ၍ ဖော်ထုတ်ရာတွင် များစွာတိုးတက်မှုရှိလာပြီဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်က ဆိုသည်။ ထို့ပြင် ယခင်ပုံအဟောင်းများနှင့် နောက်ခံအကြောင်းအရာ အပြည့်အစုံမပါရှိဘဲ နားလည်မှုလွဲစေနိုင်သော ပုံများကို မျှဝေလျှင် အသုံးပြုသူများအား သတိပေးသည့် “Image Context”ဟုခေါ်သော စနစ်တစ်ခုကိုလည်း ဖေ့စ်ဘွတ်ခ်က မိတ်ဆက်ထားပြီးဖြစ်သည်။

ထိုမျှမက Messenger ကတစ်ဆင့် အခြားသူများသို့ သတင်းအချက်အလက်များ ထပ်ဆင့်ပေးပို့ရာတွင် တစ်ကြိမ်လျှင် လူငါးဦးအထိသာပေးပိုင်နိုင်သည်အထိ ကန့်သတ်လျှော့ချလိုက်ခဲ့သည်။ ယင်းက သတင်းတု၊ သတင်းမှားများကို အစုလိုက်၊ အပြုံလိုက် Messenger ကတစ်ဆင့် မျှဝေခြင်းနှင့် ပျံ့နှံ့ခြင်းကိုကာကွယ်နိုင်မည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်ကဆိုသည်။

သို့သော် ရိုဟင်ဂျာအရေးနှင့်ပတ်သက်လျှင် လူ့အခွင့်အရေးစောင့်ကြည့်သူများကမူ ဖေ့စ်ဘွတ်ခ်သည် ရိုဟင်ဂျာများကို မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုများကို ပိတ်ပင်တားဆီးခဲ့သည်ဟု ဝေဖန်ကြသည်။ The Wall Street Journal က ဩဂုတ်လအတွင်းက ထုတ်ဖော်ရေးသားခဲ့သော သတင်းတစ်ပုဒ်အရ အိန္ဒိယနိုင်ငံရေးသမားတစ်ဦးက ရိုဟင်ဂျာဒုက္ခသည်များအား ပစ်ခတ်သတ်ဖြတ်ရန် ဖေ့စ်ဘွတ်ခ်ပေါ်တွင် ရေးသားခဲ့ပြီး ယင်းကို ဖေ့စ်ဘွတ်ခ်ထိပ်တန်းအမှုဆောင်တစ်ဦးက ခွင့်ပြုခဲ့သည်။

ဖေ့စ်ဘွတ်ခ်သည် ရှေ့လာမည့်လများတွင် အကြီးအကျယ်စောင့်ကြည့်စစ်ဆေးခံရမည်ကို ကောင်းစွာသဘောပေါက်ပြီးဖြစ်သည်။

“ဖေ့စ်ဘွတ်ခ်ဟာ မြန်မာပြည်သူတွေအတွက် အပြုသဘောဆောင်တဲ့ အင်အားတစ်ခုဖြစ်လာဖို့ အရင်းအမြစ်တွေနဲ့ အားစိုက်ထုတ်မှုတွေသေချာပေါက်ပြုလုပ်နေပါတယ်။​ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်တို့လုပ်ဆောင်တဲ့အရာတွေက သက်သေပြသွားမှာပါ”ဟု ဖရန်ကယ်လ်ကပြောသည်။

သတင်းတု၊ သတင်းမှားများနှင့် တမင်လုပ်ကြံဖန်တီးထားသည့်သတင်းများကို တိုက်ဖျက်ရေးအတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခုမှာ အကျိုးစီးပွားသက်ဆိုင်ပြီး ပါဝင်လုပ်ဆောင်ရမည့် အဖွဲ့အစည်းများတွင် သဘောထား တစ်သားတည်းရှိမနေခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာရွေးကောက်ပွဲကို ဆန့်ကျင်ကြသော လူမှုကွန်ရက်ပေါ်ရှိ မဲမပေးရေးလုပ်ရှားမှုတွင် ပါဝင်သော ဖေ့စ်ဘွတ်ခ်အုပ်စုများနှင့် သုံးစွဲသူများကို တရားစွဲမည်ဟုပြောဆိုထားသည်။

ဖေ့စ်ဘွတ်ခ်ကမူ အဆိုပါမဲမပေးရေး လှုပ်ရှားမှုများသည် “အကာအကွယ်ပေးထားသည့် နိုင်ငံရေးသတင်းစကားများ” အဖြစ် မှတ်ယူပြီး မဲမပေးရေးသတင်းစကားများကို စာမျက်နှာများပေါ်မှ ဖယ်ရှားရန် အစီအစဉ် မရှိကြောင်းနှင့် မရိုးဖြောင့်သည့်ရည်ရွယ်ချက်များပါသော အွန်လိုင်းလှုပ်ရှားမှု မဖြစ်သရွေ့ ဖယ်ရှားမည်မဟုတ်ဟု ဆိုသည်။

“ကျနော်တို့ အနေနဲ့ အဲဒီ(မဲမပေးရေး) လှုပ်ရှားမှုတွေကို စိစစ်ပြီးဖြစ်ပါတယ်။ လက်ရှိအချိန်ထိ သူတို့မှာ (မရိုးဖြောင့်ဘူးလို့ယူဆစရာ) သက်သေ မရှိသေးဘူး”ဟု ဖရန်ကယ်လ်ကပြောသည်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ပိုးတွေ့လူနာဦးရေမြင့်မားနေဆဲအချိန်ဖြစ်သဖြင့် မဲဆန္ဒရှင်များကို မဲမပေးအောင်လှုံ့ဆော်ခြင်းကတစ်ဆင့် လိုချင်သည့်ရလဒ်ပုံဖော်သည့် “voter suppression” ကဲ့သို့သော လှုပ်ရှားမှုများကို အဓိကထားစောင့်ကြည့်သွားမည်ဟု ပြည်တွင်းအကြီးဆုံး ဆန္ဒမဲ စောင့်ကြည့်လေ့လာသည့်အဖွဲ့အစည်းတစ်ခုဖြစ်သော ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှု အဖွဲ့ (PACE) ကဆိုသည်။

ရွေးကောက်ပွဲရက်ရွှေ့ပြီဟုဆိုသည့် သတင်းများနှင့် မဲရုံဧရိယာအနီးကိုဗစ်-၁၉ပိုးတွေ့မှု အစုလိုက်အပြုံလိုက်ရှိသည် စသော သတင်းတု၊ သတင်းမှားများကို လိုက်လံကြည့်ရှုနေကြောင်း PACEအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ဆိုသည်။ “သတင်းတုသတင်းမှား (Misinformation) တွေဟာ ကျွန်တော်တို့ အားလုံးအတွက် အသစ်ဖြစ်ပါတယ်။ တော်တော်လည်း စိန်ခေါ်မှုဖြစ်တယ်”ဟု ၎င်းကပြောသည်။

အစိုးရ၏ သတင်းတု၊​ သတင်းမှားများ (Misinformation) ပျံ့နှံ့မှုကို ထိန်းချုပ်ရန် ကိုင်တွယ်ဖြေရှင်းပုံကလည်း ဝေဖန်စရာဖြစ်ခဲ့သည်။ အငြင်းပွားဖွယ် အသုံးအနှုန်း “fake news” (သတင်းတု)ကို ဖြန့်ဖြူးနေသည်ဟုဆိုကာ အစိုးရက ယခုနှစ်အတွင်း ဒါဇင်နှင့်ချီသည့် အင်တာနက်စာမျက်နှာများကို ပြည်တွင်းက ဝင်ရောက်ဖတ်ရှုခွင့် ပိတ်ပင်ခဲ့သည်။

“fake news” ဆိုသည့် အသုံးအနှုန်းကို “ကမ္ဘာတစ်ဝန်း နိုင်ငံရေးသမားများက ၎င်းတို့သဘောမတွေ့သည့် သတင်းတင်ဆက်မှုများ ပြုလုပ်သော မီဒီယာအဖွဲ့အစည်းများကို ယင်းအသုံးအနှုန်းဖြင့် ခေါ်ဝေါ်လျက်ရှိသည်”ဟု Information Disorder စာတမ်းက ထောက်ပြထားသည်။ ထို့ပြင် သတင်းမီဒီယာများကို “fake news”ဟု ခေါ်ဆိုသုံးစွဲခြင်းဖြင့်လည်း မီဒီယာများ၏ “လွတ်လပ်၍ အမှီအခိုကင်းမှုအပေါ် အများပြည်သူ ယုံကြည်မှု လျော့နည်းလာအောင်” နိုင်ငံရေးသမားများက လုပ်ဆောင်လျက်ရှိသည်ဟု စာတမ်းက ထောက်ပြသည်။

မြန်မာအစိုးရသည်လည်း ယင်းရည်ရွယ်ချက်နှင့်ပင် အင်တာနက်စာမျက်နှာအချို့ကို ပိတ်ပင်ခဲ့ဟန်တူသည်။ အစိုးရကပိတ်ပင်ခဲ့သည့် အင်တာနက်စာမျက်နှာများအနက် ရခိုင်အခြေစိုက် နိရဉ္စရာနှင့် Development Media Group သတင်းဌာနများ၊ တက်ကြွလှုပ်ရှားသူအဖွဲ့ Justice for Myanmar စသည့် အဖွဲ့အစည်းများသည် အစိုးရ၏လုပ်ဆောင်ချက်များကို အပြင်းအထန်ဝေဖန်ကြပြီး ယင်းဝေဖန်မှုများမှာ အများပြည်သူ ယုံကြည်ထိုက်သော အကြောင်းအရာများလည်း ဖြစ်နေသည်။

အစိုးရက အဆိုပါအဖွဲ့အစည်းများ၏ အင်တာနက်စာမျက်နှာများကို ပိတ်ပင်ခြင်းသည် သတင်းတု၊ သတင်းမှားများကို တိုက်ဖျက်ခြင်းဖြစ်သည်ဟု ဆိုသည့်တိုင် ယင်းလုပ်ရပ်သည် လွတ်လပ်စွာပြောရေးဆိုခွင့်ကို ထိပါးစော်ကားခြင်းဖြစ်ကြောင်း ရှုမြင်သူများလည်းရှိနေသည်။

ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ ဖုန်းဆင်းကတ်မှတ်ပုံတင်ရာတွင် ကိုယ်ရေးအချက်အလက်အမှန်ဖြင့် မှတ်ပုံတင်စေရန် လုပ်ဆောင်သင့်ကြောင်းနှင့် ယင်းသို့ပြုလုပ်ပါက သတင်းတု၊ သတင်းမှားများအန္တရာယ်ကို ကာကွယ်ရာတွင် အထောက်အကူပြုစေမည်ဟု ယုံကြည်ကြောင်း အင်န်အယ်လ်ဒီပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကဆိုသည်။

ယင်းမူဝါဒသည် အသက်ဝင်နေပြီဖြစ်သော်လည်း​ အငြင်းပွားဖွယ်ဖြစ်နေပြန်သည်။ နော်ဝေနိုင်ငံအခြေစိုက် ဆက်သွယ်ရေးအော်ပရေတာ တယ်လီနောကုမ္ပဏီက ကိုယ်ရေး အချက်အလက်အမှန်ဖြင့် မှတ်ပုံတင်ထားခြင်းမရှိသဖြင့် မြန်မာနိုင်ငံအနှံ့ ၎င်း၏ဆက်သွယ်မှု ကွန်ရက်အသုံးပြုသူ သန်းပေါင်းများစွာကို ဝန်ဆောင်မှုဖြတ်တောက်ခဲ့ရပြီး ယင်းသို့လုပ်ဆောင်ရသည့်အတွက် တောင်းပန်စကားပေးပို့ခဲ့သည်။ ယင်းကို “ခက်ခဲသော်ငြား မဖြစ်မနေလုပ်ကိုင်ရသည့် လုပ်ငန်းစဉ်”ဖြစ်သည်ဟု တယ်လီနောကဆိုသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် တောင်းဆိုတိုက်ပွဲဝင်နေသည့် တက်ကြွလှုပ်ရှားသူများကမူ အဆိုပါလုပ်ငန်းစဉ်သည် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များကို ပေါက်ကြားခြင်း၊ အသုံးပြုသူများကို စောင့်ကြည့်ထောက်လှမ်းခြင်းစသည့် အန္တရာယ်များရှိနိုင်သည်ဟု ဆိုသည်။ ထို့ပြင် အရေးကြီးသည်က အစောင့်ကြည့်ခံရသဖြင့် အသုံးပြုသူများက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရမည့်အစား မိမိကိုယ်ကိုဆင်ဆာဖြတ်တောက်ခြင်း၊ တစ်နည်းဆိုသော် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တစ်ဖက်လှည့်ခြိမ်းခြောက်မှုဟု သုံးသပ်ကြသည်။

ပိုဆိုးသည်က ယင်းလုပ်ငန်းစဉ်သည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အင်အားနည်းပါးပြီး အထောက်အထားမဲ့သော လူမျိုးစုများကို သတင်းအချက်အလက်များ ရယူသုံးစွဲခြင်းမှ ထပ်မံပိတ်ပင်ရာရောက်ကြောင်းလည်း ၎င်းတို့ကဆိုသည်။

“တယ်လီဖုန်းဆင်းကတ်များ မှတ်ပုံတင်ခြင်းသည် လူအများကို အစုလိုက်အပြုံလိုက် စောင့်ကြည့်ရာတွင် ပိုမိုလွယ်ကူစေပြီး၊ နိုင်ငံရေးဖိနှိပ်မှုအတွက် အသုံးချလာနိုင်သည့် အလားအလာရှိသည်”ဟု ပြည်တွင်းအခြေစိုက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်း-မြန်မာအဖွဲ့က ထုတ်ပြန်ချက်တစ်ခုတွင် ဆိုသည်။

“သတင်းတု၊ သတင်းမှားဆိုတာနဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို တိကျရှင်းလင်းတဲ့ ခွဲခြားမှုမျိုးရှိဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ အစိုးရရဲ့ လုပ်ရပ်လုပ်ငန်းစဉ်တွေအပေါ် ဝေဖန်ထောက်ပြဖို့လိုပါတယ်။ ဒါပေမဲ့ အစိုးရဘက်က ဒီလိုထောက်ပြတာကို သတင်းတု၊ သတင်းမှားပါလို့ ပြောလာနိုင်ခြေလည်း ရှိနေပြန်ပါတယ်။ ဒါကြောင့် ကျနော်တို့ စိုးရိမ်တာက အစိုးရအနေနဲ့ သတင်းတုသတင်းမှား (Misinformation) ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုမလဲဆိုတာပါပဲ”ဟု ဦးစိုင်းရဲကျော်စွာမြင့်ကပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.