နိုဝင်ဘာရွေးကောက်ပွဲစောင့်ကြည့်ရန် ပြင်ဆင်မှုများသည် ကိုဗစ်-၁၉ကြောင့် ကမောက်ကမဖြစ်ကုန်သည်ဟု ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင်အခြေစိုက်သည့် Hornbill အဖွဲ့၏ အမှုဆောင်ဒါရိုက်တာဦးချန်းလျန် (ဝဲဘက်)က ဆိုသည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

စောင့်ကြည့်လေ့လာသူတွေရဲ့ ရွေးကောက်ပွဲနဲ့ကိုဗစ်ကြားက အခက်အခဲ

ကိုဗစ်-၁၉ကပ်ရောဂါဟာ အချိန်ပေးပြီးလုပ်ဆောင်ရတဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုလုပ်ငန်းတွေကို အကြီးအကျယ် အခက်အခဲဖြစ်စေခဲ့တယ်လို့ ပြည်တွင်းရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက ဆိုပါတယ်။

ရဲမွန် ရေးသားသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်မားနေပေမဲ့ နိုဝင်ဘာ၈ရက်မှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ရာနှုန်းပြည့် သေချာသလောက် ဖြစ်နေပါပြီ။ တစ်ဘက်မှာတော့ ကိုဗစ်-၁၉ကို ကာကွယ်ဖို့အတွက် ကန့်သတ်မိန့်တွေရှိနေတာကြောင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး လုပ်ငန်းတွေအတွက် စိန်ခေါ်မှုတွေရှိနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်နဲ့အညီ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်ကျင်းပသွားဖို့ ရည်မှန်းထားပါတယ်။ မဲရုံသွားတာဟာ ခရီးသည်ယာဥ်စီးတာနဲ့ စျေးသွားတာထက်တောင် ပိုအန္တရာယ်ကင်းတယ်လို့လည်း ကော်မရှင်တာဝန်ရှိသူတွေက မကြာသေးခင်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခြင်းမရှိတာကြောင့် ရွေးကောက်ပွဲတစ်ခုအတွက် အရေးပါတဲ့ လေ့လာစောင့်ကြည့်ရေးလုပ်ငန်းစဥ်တွေကို အရပ်ဘက်အဖွဲ့အစည်းတွေက အစိုးရရဲ့ ကိုဗစ်-၁၉စည်းမျဉ်းနဲ့ ကန့်သတ်မှုတွေကြားကနေ ခက်ခက်ခဲခဲ ဆောင်ရွက်နေကြရပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တစ်ခုနဲ့တစ်ခု သွားလာခွင့်ကန့်သတ်မှု စည်းမျဥ်းတွေရှိနေတာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စောင့်ကြည့်လေ့လာမဲ့ အဖွဲ့တွေဟာ အခုကာလမှာ ပိုအကျပ်ရိုက်ရပါတယ်။ ဒါ့ပြင်ကာလတိုစောင့်ကြည့်ရာမှာ ပါဝင်မဲ့စေတနာဝန်ထမ်း ခေါ်ယူရာမှာလည်း အဆင်မပြေဖြစ်နေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေကဆိုပါတယ်။

ကာလရှည်စောင့်ကြည့်မဲ့ စေတနာ့ဝန်ထမ်းတွေဟာ ရွေးကောက်ပွဲမတိုင်ခင် သုံးလလောက် အလိုကတည်းက တာဝန်စတင်ထမ်းဆောင်ကြရတာဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်စည်းရုံးမှု၊ ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို စီမံခန့်ခွဲမှု၊ မဲအနိုင်အရှုံးကြေညာမှု၊ ရွေးကောက်ပွဲအလွန် တရားမဲ့ပြုကျင့်မှုဖြေရှင်းချက်တွေနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံးဟာ လွတ်လပ်ပြီး တရားမျှတမှုရှိ၊ မရှိ စတဲ့ကြောင်းအရာတွေကို စောင့်ကြည့်ရတာဖြစ်ပါတယ်။ ကာလတိုစောင့်ကြည့်သူတွေကတော့ ရွေးကောက်ပွဲရက်ဖြစ်တဲ့ နိုဝင်ဘာ၈ရက်မှာ ပြုလုပ်တဲ့ မဲပေးတဲ့လုပ်ငန်းစဉ်နဲ့ မဲရေတွက်မှုတွေကိုသာ စောင့်ကြည့်ရတာဖြစ်ပါတယ်။

ရန်ကုန်အခြေစိုက် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့ Hornbillအဖွဲ့ကတော့ အရင်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လေ့လာစောင့်ကြည့်ဖို့ စီစဥ်ခဲ့ပေမဲ့ ကိုဗစ်-၁၉ ပြန်လည်ခေါင်းထောင်လာတာကြောင့် ကာလတိုစောင့်ကြည့်ဖို့လျှောက်ထားတဲ့ စေတနာ့ ဝန်ထမ်း ၁၀၀ကျော် လောက်ကို လက်လွှတ်လိုက်ရတယ်လို့ ဆိုပါတယ်။

Hornbillအဖွဲ့ဟာ ရွေးကောက်ပွဲအတွက် စေတနာ့ဝန်ထမ်း ၄၇၀ကိုရွေးချယ်ခဲ့ပေမဲ့ ၁၀၀ကျော်က သူတို့မိသားစုဝင်တွေဆီက သဘောတူညီချက် မရရှိတာကြောင့် ပြန်လည်နုတ်ထွက်သွားကြတာဖြစ်ပါတယ်။

“တချို့မိဘတွေက သူတို့သား ဒါမှမဟုတ် သမီးကို ရောဂါကူးစက်ခံရမှာကို စိုးရိမ်တာကြောင့် ခွင့်မပြုတော့တာတွေရှိပါတယ်။ အခုတော့ ကာလတိုအတွက် ၃၀၂ယောက်ပဲရှိတော့တာပေါ့”လို့ Hornbillအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာဦးချန်းလျန်ကပြောပါတယ်။

ဒါပေမဲ့ စေတနာ့ဝန်ထမ်း ၇၆ယောက်ကို မြို့နယ်၇၆ခုအတွက် ကာလရှည်စောင့်ကြည့်သူများ အဖြစ် ခန့်အပ်ထားနိုင်ခဲ့ပြီး ရွေးကောက်ပွဲရက် စောင့်ကြည့်ဖို့အတွက်ကိုတော့ ရှိရင်းစွဲ​ဝန်ထမ်းအင်အားကို လိုအပ်သလို စီမံခန့်ခွဲသွားမယ်လို့ သူကဆိုပါတယ်။

“ထွက်သွားတဲ့လူတွေနေရာအတွက်တော့ လူထပ်မခေါ်တော့ပါဘူး။ ရှိတဲ့အရေအတွက်နဲ့ပဲ စောင့်ကြည့်သွားရတော့မှာပေါ့”လို့ သူကပြောပါတယ်။

နိုဝင်ဘာ၈ရက်မှာကျင်းပမဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာချင်တဲ့အဖွဲ့အစည်းတွေအတွက် စောင့်ကြည့်ခွင့်အသိအမှတ်ပြုကတ်ပြားလျှောက်ထားမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ၂၃ရက်အထိ ခွင့်ပြုခဲ့ပါတယ်။

လျှောက်လွှာတင်ရာမှာ နှစ်ပိုင်းသတ်မှတ်ထားပြီး သက်ဆိုင်ရာ ပြည်နယ် (သို့) တိုင်းဒေသကြီး တစ်ခုတည်းမှာ စောင့်ကြည့်လေ့လာမဲ့အဖွဲ့အစည်းများအနေနဲ့ အဲဒီသက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ လျှောက်ထားရမှာဖြစ်ပါတယ်။​ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စောင့်ကြည့်လေ့လာမဲ့ အဖွဲ့အစည်းတွေအနေနဲ့ နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှာ လျှောက်ထားရမှာဖြစ်ပါတယ်။

ဒီလိုသတ်မှတ်ထားတာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စောင့်ကြည့်လေ့လာမဲ့ အဖွဲ့အစည်းများတွေဟာ ကော်မရှင်က ထုတ်ပေးတဲ့ လေ့လာစောင့်ကြည့်ခွင့် အသိအမှတ်ပြု ကတ်ပြားတွေကို နေပြည်တော်မှာ ထုတ်ယူရမှာဖြစ်ပါတယ်။ ဒီကတ်ပြားတွေကိုပဲ နေပြည်တော်ကနေ တစ်နိုင်ငံလုံးက စောင့်ကြည့်လေ့လာသူတွေကို ပေးပို့ဖို့လိုအပ်တာကြောင့် အခုလိုအသွားအလာခက်ခဲတဲ့ ကိုဗစ်ကာလမှာ ဒီကတ်ပြားတွေ ဖြန့်ဝေဖို့ဟာ စိန်ခေါ်မှုရှိလာပါတယ်။

ပြည်တွင်းအကြီးဆုံး ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE)ကတော့ အသိအမှတ်ပြုကတ်ပြားတွေကို ရတဲ့နည်းလမ်းနဲ့ တစ်နိုင်ငံလုံးက အဖွဲ့ဝင်စောင့်ကြည့်လေ့လာသူတွေဆီကို ပို့ဆောင်နေပါတယ်။

“စောင့်ကြည့်လေ့လာဖို့အတွက် ကတ်တစ်ခုတည်းတင်မကပါဘူး။ ကျန်းမာရေးလုံခြုံမှုအတွက် နှာခေါင်းစည်း၊ မျက်နှာအကာ၊ လက်သန့်စင်ဆေးရည်၊ စာအုပ်တွေနဲ့ စာရွက်စာတမ်းတွေပါ ပို့ပေးရတာပါ။ အခုကာလမှာတော့ ကုန်တင်ကားဒါမှမဟုတ် အမြန်ချောပို့နဲ့ ပို့နေတာ ဖြစ်ပါတယ်”လို့ PACEအဖွဲ့ရဲ့ စီမံချက်မန်နေဂျာ ကိုဟန်စိုးထွန်းကပြောပါတယ်။

အရင်ရွေးကောက်ပွဲတွေမှာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေဟာ ရွေးကောက်ပွဲမတိုင်ခင် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေရဲ့ မြို့တော်တွေမှာ စေတနာ့ဝန်ထမ်းတွေကို လေ့လာစောင့်ကြည့်နည်းနာသင်တန်းတွေပေးပြီး အပြန်မှာ အသိအမှတ်ပြုကတ်ပြားနဲ့ လိုအပ်တဲ့ပစ္စည်း၊ ပစ္စယတွေကို တခါတည်းပေးလိုက်တာဖြစ်ပါတယ်။ ကိုဗစ်ကာလမှာတော့ သင်တန်းတွေကို အွန်လိုင်းက တစ်ဆင့်ပဲ​ ပို့ချခဲ့ကြတာဖြစ်ပြီး လိုအပ်တဲ့ ပစ္စည်းတွေကိုတော့ တစ်နေရာကနေ တစ်နေရာ ခက်ခက်ခဲခဲ ပို့ဆောင်ကြရပါတယ်။

PACEအဖွဲ့က မဲရုံတစ်ထောင်အတွက် စေတနာ့ဝန်ထမ်း နှစ်ထောင်ကျော်ကို ကာလတို စောင့်ကြည့်လေ့လာသူများအဖြစ်ခေါ်ယူထားပြီး မဲရုံတစ်ရုံကို အတွင်းနဲ့အပြင် တစ်ဦးစီ စောင့်ကြည့်ဖို့လည်း တာဝန်ချထားမှာဖြစ်တယ်လို့ ကိုဟန်စိုးထွန်းကဆိုပါတယ်။

ဒါ့ပြင် မဲဆွယ်စည်းရုံးရေးကာလအတွက် စောင့်ကြည့်လေ့လာသူ ၃၁၉ယောက်နဲ့ ကြိုတင်မဲပေးမှုအတွက် ၃၂၂ယောက်ကို ရေရှည်စောင့်ကြည့်လေ့လာသူများအဖြစ် တာဝန်ပေးအပ်ထားတာဖြစ်ပါတယ်။

ကိုဗစ်-၁၉ကာလဖြစ်တာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကပ်ရောဂါကို အကြောင်းပြပြီး စောင့်ကြည့်လေ့လာသူတွေကို မဲရုံအတွင်းပေးမဝင်မှာကို အရပ်ဘက်အဖွဲ့အစည်းတွေက စိုးရိမ်နေကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကော်မရှင်က တိတိကျကျ ထုတ်ဖော်ပြောဆိုထားခြင်းလည်း မရှိသေးပါဘူး။

လူအင်အား ၁၀၀နဲ့ တစ်နိုင်ငံလုံးမှာစောင့်ကြည့်သွားမဲ့ ငြိမ်းချမ်းမျှတလူမှုအဖွဲ့အစည်း (Peace and Justice Myanmar – PJM) ကတော့ ကိုဗစ်ကာလဖြစ်တာကြောင့် သူတို့ရဲ့စေတနာ့ဝန်ထမ်းတွေကို သူတို့နေရပ်နဲ့ နီးစပ်ရာမဲရုံတွေမှာ တာဝန်ချထားပါတယ်။​ ဒါပေမဲ့ ကိုဗစ်ကာလအတွင်းမှာကျင်းပမဲ့ ရွေးကောက်ပွဲနေ့အတွက် လေ့လောစောင့်ကြည့်သူတွေနဲ့ ပတ်သက်ပြီး ကော်မရှင်ကတိကျတဲ့ညွှန်ကြားချက်တွေ ထုတ်ပြန်ထားတာမရှိသေးဘူးလို့ PJMအဖွဲ့က ဆိုပါတယ်။

“ကျွန်မတို့က မဲရုံထဲဝင်ရမှာလား၊ မဝင်ရဘူးလားဆိုတာတောင် တိတိကျကျမသိရဘူးဖြစ်နေတယ်။ စာတွေထွက်ရင်လည်း ရှင်းရှင်းလင်းလင်းမထုတ်ပြန်ကြတာကြောင့် အောက်ခြေမှာ အခက်အခဲတွေ ဖြစ်လာမှာကိုစိုးရိမ်တယ်”လို့ PJMအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါ်ရွှေရည်လင်းက ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ နယ်မြေကြေညာချက်ကလည်း အရပ်ဘက်အဖွဲ့အစည်းတစ်ချို့အတွက်တော့ စောင့်ကြည့်လေ့လာရေးပြင်ဆင်မှုတွေကို အဟောသိကံဖြစ်စေခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲမကျင်းပဖြစ်ကြောင်း ကော်မရှင်က ကြေညာခဲ့တဲ့ မြို့နယ်ကိုးခုမှာ အတော်များများဟာ အင်တာနက်ဖြတ်တောက်ခံခဲ့ရတဲ့ ဒေသတွေဖြစ်ပါတယ်။ (အစိုးရက ဒီနှစ်မှာ အင်တာနက်ပြန်ဖွင့်ပေးခဲ့ပေမဲ့ ဆက်သွယ်မှုအမြန်နှုန်းက သုံးမရအောင် နှေးကွေးလွန်းတယ်လို့ ဒေသခံတွေကဆိုပါတယ်။)

အဲဒီဒေသတွေက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကို အင်တာနက် ဆက်သွယ်မှုမရှိခဲ့တာကြောင့် ခက်ခက်ခဲခဲသင်တန်းပေးခဲ့ရတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတစ်ချို့က ဆိုပါတယ်။

PACEအဖွဲ့အနေနဲ့ အဲဒီမြို့နယ်တွေက စောင့်ကြည့်မဲ့ဝန်ထမ်းတွေအတွက် လေ့လာစောင့်ကြည့်ရေးနဲ့ပတ်သက်တဲ့ သင်တန်းပို့ချမှုကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တွေကို မန်မိုရီကတ်တွေနဲ့ သိမ်းဆည်းသိုလှောင်ပြီး ရခိုင်ပြည်နယ်က အင်တာနက်မရတဲ့ မြို့နယ်တွေအထိ ရောက်အောင် ပေးပို့ခဲ့ကြရပါတယ်။ ဒီကာလဟာ ကိုဗစ်-၁၉ဒုတိယလှိုင်းကြောင့် ရခိုင်နဲ့ရန်ကုန်အကြား ဆက်သွယ်ရေးလမ်းကြောင်းကလည်း ခက်ခဲတဲ့ကာလဖြစ်ပါတယ်။

“အင်တာနက်မရတဲ့မြောက်ပိုင်းကရော ပလက်ဝပါ အဲဒီလိုပို့ပေးခဲ့တာဖြစ်ပါတယ်။ အခုတော့ အင်တာနက်မရတဲ့ဒေသတွေအပါအဝင် မြို့နယ်ကိုးမြို့နယ်က ဝန်ထမ်းတွေကတော့ ဘာမှလုပ်စရာ မလိုတော့ဘူးပေါ့။ ရွေးကောက်ပွဲမှမရှိတော့တာလေ”လို့ ကိုဟန်စိုးထွန်းကပြောပါတယ်။

PACEအဖွဲ့က ရခိုင်ပြည်နယ်အတွင်း ကာလရှည်စောင့်ကြည့်သူ ၁၈ဦး၊ ကာလတို စောင့်ကြည့်သူ ၆၀ဦးတို့နဲ့ နိုဝင်ဘာ၈ရက်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ ပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်။

Hornbillအဖွဲ့ကတော့ အင်တာနက်ပိတ်ပင်ခံထားရတဲ့ဒေသတွေကို အရင်ကတည်းက စောင့်ကြည့်လေ့လာမဲ့စာရင်းက ချန်လှပ်ခဲ့တာကြောင့် ဒီလိုပြဿနာတွေ မကြုံခဲ့ရဘူး။

“ပလက်ဝဆို ဘယ်လိုမှဆက်သွယ်လို့မရဘူး။ ကျွန်တော်တို့က သင်တန်းပေးလို့မရရင် အမှားပါသွားနိုင်တယ်။ ကျွန်တော်တို့လုပ်ငန်းက အမှားခံလို့ကိုမရဘူး။ အဲဒါကြောင့် အရင်ကတည်းက အဲဒီဒေသတွေအတွက် မခေါ်တဲ့တာဖြစ်ပါတယ်”လို့ ဦးချန်းလျန်ကပြောပါတယ်။

မြန်နှုန်းမြင့်အင်တာနက်ပိတ်ပင်ခံထားရတဲ့မြို့နယ်တွေထဲမှာ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့ ပါဝင်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ၁၆ရက်မှာ ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့နယ်မြေတွေကို ကြေညာခဲ့ပါတယ်။ အဲဒီနယ်မြေတွေမှာ ပလက်ဝကလွဲပြီး အင်တာနက်ပိတ်ပင်ခံထားရတဲ့ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်ရှစ်မြို့နယ်နဲ့ ပေါက်တောမြို့နယ်တွေပါဝင်ခဲ့ပါတယ်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး ဦးဆောင်ကော်မတီဝင် ဦးခိုင်ကောင်းစံက သူတို့အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရွေးကောက်ပွဲမဖြစ်နိုင်ဘူးလို့ အရင်ကတည်းက ကြိုတင်တွက်ဆထားတဲ့အတွက် တောင်ပိုင်းကိုပဲ စောင့်ကြည့်လေ့လာဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ မဲရုံပေါင်း ၅၀၀မှာ စောင့်ကြည့်သွားမှာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

“မငြိမ်မသက်ဖြစ်နေတဲ့အနေအထားတွေကြောင့် အရင်ကတည်းကတောင်ပိုင်းကိုပဲ စောင့်ကြည့်မယ်လို့ ဆုံးဖြတ်ထားတာ”လို့ သူကပြောပါတယ်။

ဒါ့ပြင် ရခိုင်ပြည်နယ်က ပြည်သူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုရော၊ တိုက်ပွဲများရဲ့ အကျိုးသက်ရောက်မှုတွေကိုပါ ခံစားနေရတာကြောင့် ရွေးကောက်ပွဲမှာ မဲဘယ်လိုပေးရမယ်ဆိုတာနဲ့ ကိုယ်စားလှယ်လောင်းတွေက ဘယ်သူလည်းဆိုတာကအစ မသိကြဘူးလို့ ကိုခိုင်ကောင်းစံက ပြောပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.