Ninety-six year old Saw Maung Tin says he "will never forget the blood and the sound of villagers crying" during the massacre in his village of Kyoe Kone 72 years ago. (Frontier)
အသက်၉၆နှစ်ရှိပြီဖြစ်သည့် စောတင်မောင်သည် ၎င်းတို့နေထိုင်ရာ ကျို့ကုန်းရွာလေးတွင် လွန်ခဲ့သော ၇၂နှစ်ခန့်က ဖြစ်ပွားခဲ့သည့် လူအစုလိုက်၊ အပြုံလိုက်သတ်ဖြတ်မှုကို မမေ့နိုင်ဟုဆိုသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် ရင်ဆိုင်ခဲ့ရသည့် ရန်ကုန်အနီးက ကရင်ကျေးရွာများ

၁၉၄၉ အစောပိုင်းကာလ၊ ကရင်-ဗမာ လူမျိုးရေးတင်းမာမှုများမြင့်တက်နေချိန်တွင် စနစ်တကျ ဖွဲ့စည်းထားခြင်းမဟုတ်သည့် ဗမာတပ်များက ရန်ကုန်တိုင်းအစွန်အဖျားတွင် ကရင်လူမျိုးများကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ထိုလုပ်ရပ်များနှင့်ပတ်သတ်၍ ယနေ့ထိတိုင် တရားဝင်ထုတ်ပြန်ကြေညာခဲ့ခြင်းလည်း မရှိပေ။

ဖရွန်တီးယားမြန်မာ

အသက်၉၆နှစ်အရွယ်ရှိပြီဖြစ်သော အဘိုး စောမောင်တင်သည် လွန်ခဲ့သည့် ၇၂နှစ်ကျော်က သူနေထိုင်ရာ ကျို့ကုန်းရွာတွင် ဖြစ်ပွားခဲ့သည့် ဆိုးဝါးသောအဖြစ်အပျက်တစ်ခု၏ ကြောက်မက်ဖွယ်မြင်ကွင်းများကို ပြန်လည်ပြောပြနေသည်။ ကျို့ကုန်းကျေးရွာသည် ရန်ကုန်တိုင်းဒေသကြီး မြောက်ဘက်ရှိ တိုက်ကြီးမြို့နယ်အတွင်းတွင်တည်ရှိပြီး အိမ်ထောင်စု ၁ဝဝကျော်ရှိကာ လူဦးရေ ၃ဝဝခန့်ရှိသည့် ကျေးရွာကလေးဖြစ်သည်။

၁၉၄၉၊ တစ်ခုသော တနင်္ဂနွေနေ့ နေ့လယ်ခင်းတစ်ခုတွင် စောမောင်တင်တစ်ယောက် ကျွဲကျောင်းနေချိန်တွင် ပြည်ထောင်စုစစ်ရဲတပ်၊ အရန်တပ်ရင်းတစ်ဖွဲ့ ၎င်းနေထိုင်ရာ ကရင်ရွာကလေးသို့ ဝင်ရောက်လာပြီး ဘုရားကျောင်းတက်ရာမှ ပြန်လာသည့် ရွာသားများကို ဖမ်းဆီးခဲ့သည်။ ထိုဘုရားကျောင်းမှ ပြန်လာသည့် အုပ်စုထဲမှ အသက်ငယ်ရွယ်သည့် လူရွယ်အယောက်၃၀ခန့်ကို ရွာအစွန်ရှိ စပါးခင်းများအတွက် ရေသွင်းရာ တာရိုးကမ်းပါးအနီးသို့ ခေါ်ဆောင်သွားခဲ့သည်။

“သူတို့အားလုံးက လူငယ်တွေပဲ၊ သူတို့ကို တခြားလူတွေထဲကနေ ဘာကြောင့်ဆွဲထုတ်ခေါ်လာလဲဆိုတာကိုလည်း နားမလည်နိုင်ဘူးဖြစ်နေကြတယ်”ဟု အဘိုး စောမောင်တင်ကပြောသည်။ “အစုလိုက်အပြုံလိုက် လူသတ်ခဲ့ကြတာ”ဟု သူက စကောကရင်ဘာသာဖြင့် ဆက်လက်ပြောကြားသည်။ ကျို့ကုန်းကျေးရွာရှိ ရွာသားအများစုသည် ကရင်လူမျိုးများဖြစ်ကြပြီး စကောကရင်ဘာသာဖြင့် အများဆုံးပြောဆိုကြသည်။

“ကျနော်တို့ရွာသားတွေ အသတ်ခံရတဲ့မြင်ကွင်းက ကျနော့်တစ်ဘဝလုံးကို အမြဲခြောက်လှန့်နေခဲ့တယ်”ဟု အဘိုးစောတင်မောင်က ပြောသည်။

စောမောင်တင်သည် သူကျောင်းနေသည့် ကျွဲများအကြား ပုန်းနေသည့်အတွက် လက်နက်ကိုင်များက သူ့ကို မမြင်ခဲ့ကြပေ။ တစ်နာရီခန့်အကြာတွင် ပစ်သတ်ခံရသည့်လူငယ်များရှိရာသို့ ကျေးရွာရပ်မိ၊ ရပ်ဖများနှင့် ၎င်းတို့၏ ဆွေမျိုးသားချင်းများ၊ ဖခင်များရောက်လာကြသည်။

“နောက်ကနေ လိုက်လာတဲ့သူတွေကိုလည်း သူတို့က ထပ်ပစ်သတ်ခဲ့ကြတယ်”ဟု ၎င်းက ပြောသည်။

ရွာသားများကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ပြီးနောက် ပြည်ထောင်စုစစ်ရဲတပ်များသည် အခြားရွာများသို့ ထွက်ခွာသွားသည်။ ၎င်းတို့ ထွက်ခွာသွားသည်နှင့် အသတ်ခံရသူများ၏ ဆွေမျိုးသားချင်းများက ၎င်းတို့၏ အသက်မဲ့ခန္ဓာကိုယ်များကို လှည်းများဖြင့် အသီးသီးသယ်ဆောင်ကာ သုသာန်သို့ထွက်ခွာသွားကြသည်။

“သွေးတွေကြားမှာ ငိုနေတဲ့ရွာသားတွေရဲ့ အသံကို ဘယ်တော့မှမမေ့ဘူး”ဟု အဘိုး စောင်မောင်တင်က ပြောသည်။

“ရွာထဲက ကံသီတဲ့လူငယ်လေးယောက်လောက်ပဲ အသတ်မခံရပဲလွတ်ခဲ့တာ။ ကျနော်နဲ့ ကျနော့်သူငယ်ချင်း စောပေထူး၊ ဖိုးသက်ရှည်၊ စောမောင်ထူးတို့ပေါ့”ဟု စောမောင်တင်ကပြောသည်။ “ဆုံးသွားတဲ့သူတွေအားလုံးအတွက်တော့ ဘုရားသခင်ကောင်းချီးပေးခံရဖို့ ဆုတောင်းမိတယ်”ဟု သူကပြောသည်။

Kyoe Kone village resident Saw Kanarni stands at a cemetery with the graves of local people killed in the massacres of 1949. (Frontier)
မိဘနှစ်ပါးနှင့် အစ်မဖြစ်သူ၏ အုတ်ဂူအနီး စောကနားနီးကို တိုက်ကြီးမြို့နယ်၊ ကျို့ကုန်းရွာတွင် မြင်တွေ့ရစဉ်။ ကနားနီး၏ အဖိုးလေးဖြစ်သူသည် ၁၉၄၉တွင်ဖြစ်ပွားခဲ့သည့် အစုလိုက်၊​ အပြုံလိုက် သတ်ဖြတ်မှုအတွင်း သေဆုံးခဲ့ပြီး ၎င်းတို့၏ ခန္ဓာကိုယ်များကို ဗမာစစ်တပ် (ထိုစဉ်အသုံး)က မီးရှို့ခဲ့ရာ မိသားစုဝင်များက ၎င်းတို့၏ ခန္ဓာကိုပင် ကိုယ်တိုင်မြှုပ်နှံခွင့် မရခဲ့ကြပေ။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ကရင်တော်လှန်ရေး စတင်ခြင်း

ကရင်လူမျိုးနှင့် ဗမာလူမျိုးများအကြား နိုင်ငံရေးတင်းမာမှုများ မြင့်တက်နေချိန်တွင် ဖြစ်ပွားခဲ့သည့် လူသတ်ပွဲများသည် ယနေ့အချိန်အထိဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို ဦးတည်စေခဲ့သည်။

ဒုတိယကမ္ဘာစစ်ဖြစ်ပွားသည့်အချိန်တွင် ကရင်လူမျိုးများသည် ဗြိတိသျှအစိုးရအပေါ် သစ္စာစောင့်သိခဲ့ပြီး ၎င်းတို့ဘက်မှရပ်တည်ကာ ဂျပန်နှင့် ဗမာအမျိုးသားရေးမဟာမိတ်တပ်များကို ကူညီတိုက်ခိုက်ပေးခဲ့သည်။ ကရင်ခေါင်းဆောင်များက ကရင်ပြည်နယ်ကို အုပ်ချုပ်မှုစနစ်သစ်လွှမ်းခြုံသည့် သီးခြားလွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်သည့် ဒေသအဖြစ်ခွဲထွက်ရန် ကိုလိုနီအစိုးရကို တောင်းဆိုခဲ့ပြီး အဆိုပါ ခွဲထွက်မည့် ဒေသများတွင် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသများလည်းပါဝင်ခဲ့သည်။

၎င်းတို့၏တောင်းဆိုချက်များ လျစ်လျူရှုခံရသောအခါ ၁၉၄၇၊ ဖေဖော်ဝါရီတွင်ကျင်းပသည့် ပင်လုံညီလာခံကို သပိတ်မှောက်ခဲ့ကြသည်။ အဆိုပါညီလာခံသည် ဗမာအမျိုးသားရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်းသားများအကြားတွင် နိုင်ငံရေးသဘောတူညီချက်တစ်ခုယူရန် ဦးတည်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ သဘောတူညီချက်မှာ လွတ်လပ်ရေးကို အတူတူရယူကာ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းတည်ထောင်ရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေး မဲဆန္ဒနယ်အလိုက် ရွေးကောက်ပွဲများကျင်းပရန် ဖြစ်သည်။

ပင်လုံညီလာခံကျင်းပနေချိန်တွင် ကရင်အမျိုးသားခေါင်းဆောင် ဝတ်လုံတော်ရရှေ့နေ စောဘဦးကြီးသည် ကရင်အမျိုးသားအစည်းအရုံးကို စတင်တည်ထောင်ခဲ့ပြီး ကရင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် စတင်တိုက်ပွဲဝင်ခဲ့သည်။ ထို့နောက် ကရင်လူမျိုးစုများကို ကာကွယ်ရန် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၏ရှေ့ပြေးအနေနှင့် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း (KNDO) ကို စတင်ဖွဲ့စည်းခဲ့သည်။

သို့သော် ၁၉၄၈တွင် လွတ်လပ်ရေးရပြီးနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းအပါအဝင် ကရင်လူမျိုးတော်တော်များများသည် အမျိုးသားကာကွယ်ရေးတပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီး ဗမာအစိုးရအပေါ်တွင် သစ္စာစောင့်သိခဲ့ကြသည်။ ၎င်းတို့၏ ဦးဆောင်မှုနှင့် ကတိကဝတ်များသည် ယခင်က ရန်ဂူးန်းဟုအမည်တွင်သည့် ရန်ကုန်မြို့ရှိဝန်ကြီးချုပ်ဦးနုဦးဆောင်သည့် အစိုးရကိုဖြုတ်ချရန် ပုန်ကန်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီအန္တရာယ်ကို ကာကွယ်ရေးအတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍကပါဝင်ခဲ့သည်။

တစ်နှစ်ကြာပြီးနောက် ဗမာလူမျိုးနှင့် ကရင်လူမျိုးများအကြား နိုင်ငံရေးတင်းမာမှုများ ထိန်းမရနိုင်အောင် မြင့်တက်လာသည်။ KNDO အဖွဲ့ဝင်တစ်ချို့ အစိုးရကိုပုန်ကန်ကာ ဗမာပြည်အောက်ပိုင်းမြို့များကို သိမ်းယူခဲ့သည်။ အဆိုပါခြိမ်းခြောက်မှုကို ကာကွယ်ရန် နောက်ဆက်တွဲအနေနှင့် ဗမာတပ်မတော်မှ ခေါင်းဆောင်များက အရံပြည်တောင်စုစစ်ရဲတပ်နှင့် မြန်မာနိုင်ငံပြည်စောင့်တပ်ဟုခေါ်သည့် ပြည်သူ့စစ်အဖွဲ့များ (ဗမာလို စစ်ဝန်ထမ်းတပ်ဟုလည်းခေါ်ကြသည်) ဖွဲ့စည်းခြင်းဖြင့် တပ်အင်အားကို ဖြည့်တင်းခဲ့ကြသည်။ အဆိုပါတပ်ဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များနှင့် စည်းကမ်းချိုးဖောက်မှုများသည် ဗမာပြည်တွင် ပြည်တွင်းစစ်ဖြစ်ပေါ်ရန် တွန်းအားပေးခဲ့သည့် အဓိကအကြောင်းအရင်းများ ဖြစ်လာခဲ့သည်။

ခရစ္စမတ်အကြိုကာလတစ်ခုတွင် ကရင်အရပ်သား၈ဝခန့်သည် တနင်္သာရီတိုင်း၊ ပုလောတွင် အရန်ပြည်ထောင်စုစစ်ရဲတပ်များ၏ သတ်ဖြတ်မှု ခံခဲ့ရသည်။ မြန်မာနိုင်ငံပြည်စောင့်တပ်အဖွဲ့များသည် ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးသူဦးရေ လူ၃၀၀ကျော်အထိမြင့်တက်ခဲ့သည်။

စနစ်တကျ ဖွဲ့စည်းထားခြင်းမရှိသည့် ယင်းဗမာလက်နက်ကိုင်တပ်ဖွဲ့များက ရန်ကုန်နှင့်ကရင်လူမျိုးများအများစုနေထိုင်ရာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများတွင် ကရင်အသိုင်းအဝိုင်းကို တိုက်ခိုက်ခဲ့ကြောင်း KNDO က ထုတ်ပြန်ခဲ့သည်။ ရန်ကုန်ရှိ စာနယ်ဇင်းများသည် လူမျိုးရေးတင်းမာမှုဖြစ်ပွားစေရန် လှုံ့ဆော်ခဲ့ကြောင်းလည်း စွပ်စွဲပြောဆိုခံခဲ့ရသည်။ အထူးသဖြင့် KNDO က ဗမာတိုင်းရင်းသားများကို ခြိမ်းခြောက်မှုဆန်သည့် သတင်းတင်ပြမှုများနှင့် ဦးနုခေါင်းဆောင်သည့် အစိုးရအဖွဲ့သည် အဆိုပါအကြမ်းဖက်မှုများကို တားဆီးနိုင်ခြင်းမရှိကြောင်း ရေးသားဖော်ပြခဲ့ခြင်းကြောင့်ဖြစ်သည်။ ၁၉၅၇တွင် သမိုင်းပညာရှင် Hugh Tinker ထုတ်ဝေခဲ့သည့် ပြည်ထောင်စုမြန်မာနိုင်ငံ: တစ်နှစ်တာလွတ်လပ်ရေးကာလကိုလေ့လာခြင်း ဆိုသည့် စာအုပ်တွင် “မြစ်ဝကျွန်းပေါ်ဒေသ၏ ကောင်းကင်တစ်ခုလုံးရဲရဲနီအောင် မီးရှို့ခံလိုက်ရသောရွာများ”ဟု ရေးသားခဲ့သည်။

၁၉၄၉၊ ဇန်နဝါရီ၃၁ရက်တွင် ဗမာလက်နက်ကိုင်တပ်များက ရန်ကုန်ရှိ၊ သမိုင်းနှင့်အလုံတို့တွင် နေထိုင်သော ကရင်အသိုင်းအဝိုင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ နောက်တစ်ရက်တွင် ဗိုလ်ချုပ်စမစ်ဒွန်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ပြီး ဗိုလ်ချုပ်နေဝင်းက ၎င်း၏နေရာကို အစားထိုးတာဝန်ယူခဲ့သည်။ ထို့နောက် ရန်ကုန်၊ အင်းစိန်တွင် ဗမာတပ်မတော်နှင့် ကရင်လူမျိုးများအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများဖြင့် ကရင်တော်လှန်ရေးကြီး စတင်တော့သည်။

တိုက်ကြီးမြို့နယ်၊ ကျို့ကုန်းကျေးရွာရှိ ကရင်လူမျိုးများသတ်ဖြတ်ခံလိုက်ရခြင်းသည် တော်လှန်ရေးကာလအတွင်း အစုအလိုက်၊ အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များအနက်က တစ်ခုဖြစ်နိုင်သည့်တိုင် ဖြစ်ပွားခဲ့သည့် အချိန်အတိအကျကို မသိနိုင်ပေ။

ကျို့ကုန်းရှိ၊ အဆိုပါဖြစ်စဉ်ကို သိမီလိုက်သည့် ဒေသခံသက်ကြီးရွယ်အိုများကမူ ၁၉၄၉၊ ဖေဖော်ဝါရီလဟု ဖရွန်းတီးယားမြန်မာကို အခိုင်အမာပြောဆိုကြသော်လည်း Hugh Tinker ရေးသားသော စာအုပ်များအပါအဝင် အခြားသမိုင်းဆိုင်ရာ အရင်းအမြစ်များကမူ ဇန်နဝါရီ၁၆ရက်က Rangoon Nation သတင်းစာ၏ဖော်ပြချက်ကို ကိုးကားကြသည်။ ယင်းဖော်ပြချက်အရ ကျို့ကုန်းလူသတ်မှုဖြစ်စဉ်သည် ကရင်တော်လှန်ရေးမစတင်မီဖြစ်ပွားခဲ့ပြီး သွေးစွန်းခဲ့သည့်ဖြစ်ရပ်များက နှစ်ပေါင်းခုနစ်ဆယ်ကျော်ကြာသော ပဋိပက္ခကို ဖြစ်ပေါ်စေခဲ့သည်။

ဖရွန်းတီးယားမြန်မာက အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက် ဦးစီးဌာနသို့ဆက်သွယ်ကာ မှတ်တမ်းများတောင်းခံရန်ကြိုးပမ်းခဲ့သော်လည်း ကိုဗစ်−၁၉ကြောင့် အစိုးရရုံးများနှင့် အများပြည်သူသွားလာသည့်နေရာ တော်တော်များများပိတ်ထားသဖြင့် လိုအပ်သည့်အချက်အလက်များ မရနိုင်ခဲ့ပေ။

Hugu Tinker က ဗိုလ်စိန်မှန်ဦးဆောင်သည့် ပြည်ထောင်စုအရံစစ်ရဲတပ်ဖွဲ့က တိုက်ကြီးမြို့ရှိ ကျေးရွာတစ်ရွာတွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း၁၅ဝကျော် သေဆုံးခဲ့သည်ဟု ရေးသားသည်။ သေဆုံးသူများအနက် ၃ဝဦးမှာ ရည်ရွယ်ချက်ရှိရှိ အသတ်ခံခဲ့ရသည်ဟု ဖော်ပြထားသည်။ ထိုအရေအတွက်သည် ဖရွန်းတီးယားမြန်မာက ကျို့ကုန်းဒေသခံ စောမောင်တင်ထံမှတစ်ဆင့် သိရှိခဲ့ရသည့် အသတ်ခံရသူဦးရေနှင့် တူညီနေသည်။

ကျို့ကုန်းရွာတွင် လူသတ်ပွဲဖြစ်ပွားပြီးနောက် တိုက်ကြီးမြို့နယ်အတွင်းရှိ အခြားကျေးရွာများမှ ကရင်လူမျိုးများလည်း ပစ်မှတ်ထားခြင်းခံခဲ့ရသော်လည်း လူသိပ်မသိခဲ့ပေ။ ထိုအဖြစ်အပျက်များကို အသေးစိတ်အတည်ပြုရန်ခက်ခဲသော်လည်း ဒေသခံများက ဖရွန်းတီးယားမြန်မာကို  ကိုပြောဆိုချက်အရ ၁၉၄၉တွင် တိုက်ကြီးမြို့နယ်အတွင်း အနည်းဆုံးရွာခြောက်ရွာခန့်တွင် လူပေါင်းများစွာ အသတ်ခံခဲ့ရသည်။

စောကနားနီးသည် ဖခင်ဖြစ်သူပြောပြသည့် ၁၉၄၉က ၎င်းတို့၏ ကျို့ကုန်းရွာလူသတ်ပွဲအကြောင်း အမြဲတစေ နားထောင်ရင်း ကြီးပြင်းလာခဲ့သူဖြစ်သည်။ ထိုဖြစ်စဉ်အတွင်း ၎င်းတို့၏မိသားစုဝင်တစ်ဦး အသတ်ခံခဲ့ရသည်ကို ဖခင်၏ပြောပြချက်အရ အမြဲအမှတ်ရနေသည်ဟု ၎င်းက ပြန်ပြောင်းပြောပြသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ပျက်ကွက်နေဆဲ တောင်းပန်ခြင်းနှင့် ဝန်ခံခြင်း

ကျို့ကုန်းကျေးရွာတွင် ကရင်လူမျိုးများ အစုလိုက်အပြုံလိုက်အသတ်ခံခဲ့ရခြင်းက ကရင်တော်လှန်ရေးအတွက် တွန်းအားဖြစ်စေသကဲ့သို့ စောမောင်တင်၏ ဘဝလမ်းကြောင်းကို ပြောင်းလဲစေခဲ့သည်။ သူကိုယ်တိုင် မျက်မြင်ကြုံခဲ့ရသည့် မြင်ကွင်းကြောင့် နောက်တစ်နေ့တွင် KNDOတွင် အမှုထမ်းရန် ရွာမှ ထွက်ခွာခဲ့သည်။

စောမောင်တင်သည် နှစ်ပေါင်း ၃ဝကျော် KNDOတွင် တာဝန်ထမ်းဆောင်ခန့်ပြီး သူ့အသက် ၅၀အရွယ်ရောက်မှသာ ဇာတိကျို့ကုန်းရွာကို ပြန်လာခဲ့သည်။ ယနေ့အချိန်တွင် စောမောင်တင်တွင် သား၊ သမီး ၁ဝယောက်၊ မြေး ၂၉ယောက်နှင့် မြစ် ၁ဝယောက် ရှိနေပြီဖြစ်သည်။

ဖေဖော်ဝါရီ၁ရက် အာဏာသိမ်းမှုမတိုင်ခင် ဇန်နဝါရီလဆန်းပိုင်းတွင် ဖရွန်းတီးယားမြန်မာက စောမောင်တင်နှင့် တွေ့ဆုံ မေးမြန်းနိုင်ခဲ့သည်။ စောမောင်တင်သည် ၁၉၄၉က အရပ်သားများကို အကြမ်းဖက် သတ်ဖြတ်မှုများအတွက် နောက်တက်လာသည့်အစိုးရနှင့် တပ်မတော်ခေါင်းဆောင်များက ဖော်ပြခြင်းမရှိပဲ သတင်းအမှောင်ချထားခဲ့သည့်အပေါ် စိတ်ခုနေဆဲဖြစ်သည်။

“ကျနော်အခု အသက်၉၆နှစ်ရှိပြီမို့ အများကြီးမနေရတော့ဘူး။ ဒါပေမဲ့ ကျနော့်ဘဝ သက်တမ်းတစ်လျှောက်လုံးမှာ တပ်မတော်ခေါင်းဆောင်တွေက ကရင်လူမျိုးတွေကိုသတ်ခဲ့မိတာအတွက် တောင်းပန်စကားပြောတာမကြုံဖူးသေးဘူး”ဟု သူကပြောသည်။

“အတိတ်ကပြီးသွားခဲ့ပြီ။ ဘယ်သူမှ ပြန်မပြင်နိုင်ဘူး။ ဒါပေမဲ့ ရွာသားတွေရဲ့ ဆွေမျိုးတွေက အသတ်ခံခဲ့ရတာအတွက် အာဏာပိုင်တွေက အဲ့ဒီကာလတွေက ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေကို တရားဝင်ဖော်ထုတ်ပြီး သူတို့ရဲ့ ကိုယ်ချင်းစာတရားကို ပြသင့်တယ်”ဟု စောမောင်တင်က ပြောသည်။

ကျို့ကုန်းရွာတွင်ဖြစ်ပွားခဲ့သည့် ကရင်လူမျိုးများ အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်မှုကို မျက်မြင်မကြုံတွေ့ခဲ့ရသည့်တိုင်အောင် ဆွေမျိုးများဆုံးရှုံးခဲ့ရသည့် ဒေသခံများကတော့ မေ့နိုင်ကြမည် မဟုတ်ပေ။ ကျို့ကုန်းကရင်နှစ်ခြင်းအသင်းတော်၊ အမှုတော်ဆောင်ကော်မတီအဖွဲ့ဝင် စောကနားနီး၏ အဖိုးလေး (အဖိုး၏ညီ) သည် ထိုနေ့ကသတ်ခံရသူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

စောကနားနီး၏ ဖခင်က ထိုဖြစ်ရပ်ဖြစ်ပွားချိန်တွင် အသက် ၁၃နှစ်သာရှိသေးသည်။ ဖခင်ဖြစ်သူသည်လည်း လွန်ခဲ့သည့်နှစ်နှစ်က ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ ရွာသားများ အသတ်ခံရသည့် မိသားစုဝင်များကို လှည်းများဖြင့် သယ်ဆောင်နေကြချိန်တွင် ပြည်ထောင်စုစစ်ရဲတပ်များ ပြန်လှည့်လာပြီး ဘုရားကျောင်းနှင့် အနီးအနားရှိ အိမ်အချို့အား မီးရှို့ခဲသည့်မြင်ကွင်းကို ဖခင်က အမြဲပြောပြကြောင်း ကနားနီကပြောသည်။

“အဖေက သူ့ဘကြီး (ကနားနီး၏ အဖိုးလေး) က ဗမာစစ်သားတွေသတ်လို့ သေရတာလို့ အမြဲပြောတယ်”ဟု အသက် ၆၂နှစ်အရွယ် ကနားနီးကဆိုသည်။

“အဖေက နှစ်တိုင်းကျင်းပတဲ့ အသတ်ခံရသူတွေအတွက် အောက်မေ့ဆုတောင်းပွဲကို အမြဲပါဝင်တယ်။ သေဆုံးသူတွေအတွက် သူလုပ်ပေးနိုင်တာက ဆုတောင်းခြင်းအပြင် တခြားမရှိဘူးလို့ ပြောတယ်”ဟု ကနားနီးက ဆိုသည်။

ကနားနီး၏ အစ်မကြီးဖြစ်သူ အသက်၆၄နှစ်အရွယ်ရှိ နော်ကမူသည် ၎င်းတို့၏အသင်းတော်တွင် တာဝန်ခံဆရာမတစ်ဦးဖြစ်သည်။ ကျို့ကုန်းရှိ၊ ကရင်နှစ်ခြင်းအသင်းတော်သည် ၁၉ဝဝပြည့်နှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၄၉တွင် မီးရှို့ခံလိုက်ရသည်။ ထို့နောက် ၁၉၅၃တွင် သစ်သားဝတ်ပြုဆောင်လေးအဖြစ်ပြန်လည်ဆောက်ခဲ့ကြောင်း သူကပြောသည်။ ထို့နောက် ၁၉၈၈တွင် ဘုရားကျောင်းအကြီးအဖြစ် ပြန်လည်တည်ဆောက်ခဲ့ကြောင်း ဘုရားကျောင်းရှေ့ရှိ ကမ္ပည်းကျောက်စာတွင် စကောကရင်ဘာသာဖြင့် ရေးထိုးထားသည်။

ကျို့ကုန်းရွာအပါအဝင် အနီးအနားရှိ ရွာများမှ ရွာသားများသည် စပါးရိတ်သိမ်းပြီးချိန် နိုဝင်ဘာတွင် ၁၉၄၉က အသတ်ခံခဲ့ရသည့် ကရင်ဒေသခံတို့အတွက် ဆုတောင်းပွဲကို နှစ်စဉ်ကျင်းပကြောင်း နော်ကမူက ပြောသည်။

“ဆုတောင်းပွဲက ရိုးရိုးရှင်းရှင်းပါပဲ။ သေသွားသူတွေရဲ့ ဆွေမျိုးသားချင်းတွေ မိတ်ဆွေတွေက ဘုရားကျောင်းကို လာကြပြီး တစ်ညီတစ်ညာတည်း သူတို့အတွက် ဆုတောင်းပေးကြတာမျိုးပါ”ဟု သူကပြောသည်။

သို့သော် ယမန်နှစ်က ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေများကြောင့် နှစ်စဉ်ပြုလုပ်နေကျ ဆုတောင်းပွဲကို ၂၀၂၀တွင် မကျင်းပဖြစ်ခဲ့ကြောင်း သူကဆိုသည်။

“အသင်းတော်မှာ ပုံမှန်ဘုရားကျောင်းတက်တာက လူ၃၀ဝန်းကျင်ပဲရှိပေမဲ့ အထိမ်းအမှတ်ဆုတောင်းပွဲကို တော့ လူ၁ဝဝကျော်လောက်တက်လို့ ကျင်းပဖို့အဆင်မပြေခဲ့ဘူး”ဟု ၎င်းက ဆက်ပြောသည်။

“ပွဲမလုပ်ဖြစ်ပေမဲ့ တစ်ယောက်တည်း ဆုတောင်းပေးဖြစ်ခဲ့တယ်”

ကျို့ကုန်းကရင်နှစ်ခြင်းအသင်းတော်ရှေ့တွင် ဓမ္မအမှုတော်ဆောင် နော်ကမူကို မြင်တွေ့ရစဉ်။ လွန်ခဲ့သော ၁၉၄၉တွင် ဖြစ်ပွားခဲ့သော လူသတ်ပွဲကို အမှတ်ရသည့်အနေဖြင့် တစ်နှစ်တစ်ခါ နိုဝင်ဘာလတွင် အောက်မေ့သတိရဆုတောင်းပွဲ ကျင်းပကြလေ့ရှိသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ဖျောက်ဖျက်မရသည့် စိတ်ဒဏ်ရာများ

ကျို့ကုန်းအနီးအနားရှိ ရှမ်းကွင်းကျေးရွာသည်လည်း ဗမာတပ်များ၏ အကြမ်းဖက်ခြင်းခံခဲ့ရသည်။ အဆိုပါရွာကို ဒေသခံကရင်လူမျိုးများက စာပြည်စုကျေးရွာဟုလည်းခေါ်ကြပြီး အိမ်ထောင်စု ၆ဝကျော်နှင့် လူဦးရေ ၁၅ဝခန့် နေထိုင်ကြပြီး ၁၉၄၉က ကြုံတွေ့ခဲ့သည့် စိတ်ဒဏ်ရာနှင့်အတူ ရှင်သန်နေထိုင်နေကြဆဲသူများလည်းရှိသည်။

၎င်း၏ ဖခင်ဖြစ်သူအပါအဝင် ရွာထဲမှ အဘိုး၊ အဘွားများကို ဗမာတပ်များက အရှင်လတ်လတ် ပုဆိန်ဖြင့် ခုတ်သတ်ခြင်းခံခဲ့ရကြောင်း ရှမ်းကွင်းကရင်နှစ်ခြင်းအသင်းတော်က အသက်၇၈နှစ်ရှိပြီဖြစ်သော သင်းအုပ်ဆရာစောထွန်းအောင်က ပြောသည်။

“ဗမာတပ်တွေက ငါတို့ကို ကရင်သူပုန်တွေ၊ သူပုန်တွေကို ထောက်ပံ့နေသူတွေလို့ စွပ်စွဲခဲ့တာ။ အဲဒီတုန်းက ကျနော့် အသက်က ၁ဝနှစ်ပဲရှိသေးတယ်။ စစ်သားတွေက သူတို့ကိုယ်သူတို့ မြန်မာနိုင်ငံပြည်စောင့်တပ်လို့ပြောတယ်။ အဲဒါဘာကိုဆိုလိုတာလဲ ကျနော်လည်းမသိခဲ့ဘူး”ဟု စောထွန်းအောင်ကပြောသည်။

ရှမ်းကွင်ကျေးရွာကို ထိုကိစ္စများမဖြစ်ပွားမီ လွန်ခဲ့သည့်နှစ်ပေါင်း၅ဝခန့်၊ ၁၈၉၉တွင် တည်ထောင်ခဲ့ပြီး ၁၉၄၉တွင် ဗမာတပ်များက မီးရှို့ဖျက်ဆီးခဲ့ရာ ၁၉၅၃မှသာ ပြာပုံဘဝမှပြန်လည်ရုန်းထနိုင်ခဲ့သည်။

“ရွာသားတွေက ကျေးရွာပြန်တည်ထောင်ဖို့ ကြိုးစားတဲ့လေးနှစ်အတွင်း အတော်လေးခက်ခဲပြီး ရုန်းကန်ခဲ့ရတယ်”ဟု စောထွန်းအောင်က ၎င်း၏ ဒိုင်ယာယီစာအုပ်ဟောင်းလေးတွင် မှတ်သားထားသော မှတ်တမ်းတစ်ခုချင်းဆီကို ပြန်ဖတ်ကာ လေသံအေးအေးဖြင့် ပြောသည်။

ဒိုင်ယာယီမှတ်တမ်းအရ ရှမ်းကွင်း၊ ကျို့ကုန်းအပြင် အခြားရွာလေးရွာတွင်လည်း လူပေါင်း၁၅ဝထက်မနည်း အသတ်ခံခဲ့ရကြောင်း သိရသည်။

လူသတ်ပွဲဒဏ်ခံခဲ့ရသည့် ကျေးရွာလေးခုအနက် တစ်ရွာကသာ ပြန်လည်နလံထနိုင်ခဲ့ပြီး ကျန်ရွာသုံးခုမှာ ယင်းဖြစ်စဉ်များနောက်ပိုင်းတွင် လုံးဝပျောက်ကွယ်သွားခဲ့သည်ဟု စောထွန်းအောင်က ဆိုသည်။

အာဏာပိုင်များက ကရင်လူမျိုးများ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရခြင်းနှင့်ပတ်သက်ပြီး လူထုကို ရိုးသားပွင့်လင်းစွာ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိကြောင်း စောထွန်းအောင်က ဆိုသည်။ တရားဝင်မှတ်တမ်းမှတ်ရာနှင့် ဖော်ပြခဲ့ခြင်းမရှိခဲ့သဖြင့် ကရင်များ အစုလိုက်၊ အပြုံလိုက်အသတ်ခံခဲ့ရခြင်းကို မြန်မာနိုင်ငံတွင် သိရှိသူအနည်းငယ်သာရှိပြီး လူအများစုက ကောလာဟလဟုသာ မှတ်ယူကြသည်ဟု ၎င်းကဆိုသည်။

“အတိတ်မှာဖြစ်ခဲ့တာတွေအတွက် ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ဘူး။ ဘုရားသခင်ရဲ့ အလိုတော်အတိုင်းပဲ”ဟု သူကပြောသည်။

“ဒါပေမဲ့ အသတ်ခံခဲ့ရသူတွေအတွက် ခံပြင်းပြီး ဝမ်းနည်းတယ်။ သေဆုံးသူအားလုံးနဲ့ သူတို့ရဲ့ ဆွေမျိုးသားချင်းတွေအတွက် ဆုတောင်းနေပါတယ်”ဟု စောထွန်းအောင်က ဆိုသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.