A Department of Agriculture staffer in Nay Pyi Taw on February 4 wears a red ribbon on her uniform to protest the coup. (AFP)
စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတစ်ဦး စစ်အာဏာသိမ်းမှုကို ကန့်ကွက်သည့်အနေဖြင့် ဖေဖော်ဝါရီ၄ရက်က ဖဲကြိုးနီလှုပ်ရှားမှုတွင် ပါဝင်ခဲ့စဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

ငွေကြေး၊ မိသားစုအရေးနှင့် ယုံကြည်ချက်ကြောင့် CDM မလုပ်နိုင်သူများ

စစ်အစိုးရလက်အောက်မှာ အလုပ်ဆက်လုပ်နေသူ တော်တော်များများဟာ အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်ကြပါတယ်။ ဒါပေမဲ့ အကြောက်တရား၊ မိသားစုတာဝန်နဲ့ သပိတ်မှောက်တာထက် အလုပ်ဆက်လုပ်တာက ပိုကောင်းတဲ့အရာတွေကိုလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုတွေကြောင့် သူတို့လုပ်ငန်းခွင်ကို မစွန့်ခွာနိုင်သေးပါဘူး။

Emily Fishbein ၊ Zau Myet  Awng  နှင့် Thang Deih Tuang  ရေးသားသည်။

ဒေါ်မေသူက စစ်အစိုးရလက်အောက်မှာ အလုပ်လုပ်ရတာကို ဂုဏ်မယူပါဘူး။ စစ်အစိုးရကို စက်ဆုပ်ရွံရှာသလို စစ်အာဏာရှင်စနစ် မြန်မြန်ကျဆုံးပါစေလို့ စိတ်ထက်သန်စွာ ဆုတောင်းနေသူပါ။ ခံပြင်းမှုတွေ၊ ရှက်စိတ်တွေနဲ့ ထူပူနေပေမဲ့လည်း နေပြည်တော်က  ပြည်ထဲရေးဝန်ကြီးဌာနမှာတော့ သူတာဝန်ဆက်ထမ်းဆောင်နေပါတယ်။

“ကျမကို သူရဲဘောကြောင်သူ၊ ငကြောက်လို့ ထင်ကြရင်လည်း သူတို့မမှားဘူးလို့ ပြောရမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဝန်ထမ်းတော်တော်များများက အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှုလှုပ်ရှားမှု (CDM)မှာ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ ရဲရဲဝင့်ဝင့် ပါဝင်နေကြတာပဲ”လို့ ဒေါ်မေသူကပြောပါတယ်။ ဒီဆောင်းပါးအတွက် တွေ့ဆုံမေးမြန်းဖြစ်တဲ့ တခြားဝန်ထမ်းတွေလိုပဲ သူ့ရဲ့လုံခြုံရေးအတွက် အမည်လွှဲအသုံးပြု ဖော်ပြထားပါတယ်။

“CDM မလုပ်တဲ့သူတွေကို ဝေဖန်ထားတဲ့ပို့စ်တွေကို လူမှုမီဒီယာတွေမှာ တစ်ခါတစ်လေ ကျမတွေ့လို့ ဖတ်ကြည့်မိရင် ရှက်စိတ်နဲ့ တစ်ကိုယ်လုံး ထူထူပူပူဖြစ်လာပြီး ချွေးတောင်ပြန်လာတယ်”လို့ ဒေါ်မေသူက ပြောပါတယ်။

ဖေဖော်ဝါရီအာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတဝှမ်းက သပိတ်တွေမှာ နိုင်ငံ့ဝန်ထမ်းတွေ သိန်းနဲ့ချီပြီး ပါဝင်ခဲ့ကြပါတယ်။ CDM လှုပ်ရှားမှုမှာ ဆန္ဒပြပွဲတွေ လုပ်ဆောင်တာ၊ စစ်တပ်နဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေနဲ့ ထုတ်ကုန်တွေကို သပိတ်မှောက်တာနဲ့ စစ်အစိုးရရဲ့ နိုင်ငံမှာ အုပ်ချုပ်နိုင်ရေး ကြိုးပမ်းမှုကိုအနှောင့်အယှက်ဖြစ်စေမယ့် တခြားလှုပ်ရှားမှုတွေ ပါဝင်ပါတယ်။ CDMကြောင့် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ဘဏ်လုပ်ငန်းနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍတွေမှာ လုပ်ငန်းတွေ ရပ်ဆိုင်းသွားစေသလို  ရဲ၊ ဒေသန္တရအုပ်ချုပ်ရေးနဲ့တခြား ကဏ္ဍတွေမှာလည်း စိတ်ဝမ်းကွဲမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

စစ်အစိုးရက အလုပ်ခန့်ထားမှုရပ်ဆိုင်းတာ၊ ဖမ်းဝရမ်းထုတ်တာ၊ ဝန်ထမ်းမိသားစုတွေကို လိုင်းခန်းကနေ မောင်းထုတ်တာနဲ့ ရုံးမတက်တဲ့သူတွေကို ရှာပြီးလိုက်ဖမ်းတာတွေလုပ်နေပေမဲ့လည်း CDM လုပ်ဆောင်သူတွေကို ပြည်တွင်းရော ပြည်ပကပါ တစ်ခဲနက်ထောက်ခံမှုတွေရရှိနေပါတယ်။ CDM သမားတွေကို ထောက်ပံ့ကူညီဖို့အတွက် အလှူငွေတွေ ဒေါ်လာသိန်းချီပြီး ကောက်ခံရရှိထားသလို မြန်မာ့CDM လှုပ်ရှားမှုကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် မတ်လမှာ အမည်စာရင်းတင်သွင်းခံထားရပါတယ်။

အာဏာသိမ်းပြီးနောက် ဖယ်ရှားခံလိုက်ရတဲ့ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဟာ သပိတ်လှုပ်ရှားမှုတွေ စတင်တဲ့ ရက်သတ္တပတ်တွေအတွင်းမှာပဲ CDM လှုပ်ရှားမှုကို ထောက်ခံအားပေးခဲ့ပါတယ်။ “ပြည်သူ့အစိုးရ”အာဏာပြန်ရလာတဲ့အခါ CDM ဝန်ထမ်းတွေ မူလရာထူးတာဝန်တွေကို ပြန်လည်ယူထမ်းဆောင်ခွင့်ရစေမယ်လို့ CRPH က မတ်လမှာ အာမခံပြောကြားခဲ့ပါတယ်။ CRPH က စင်ပြိုင်အစိုးရအဖြစ် ဖွဲ့စည်းခဲ့တဲ့ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ  NUG) ဟာ CRPH ကို လှူဒါန်းထားတဲ့ငွေတွေကို  CDM ဝန်ထမ်းတွေကို လစာအဖြစ်ထောက်ပံ့ပေးမယ်လို့  ဧပြီလမှာ ထပ်မံကြေညာခဲ့ပါတယ်။

CDM ဝင်သူတွေကို အခုလိုအားပေးထောက်ခံနေကြတဲ့အချိန်မှာပဲ ရုံးတက်မပျက်ကြတဲ့သူတွေကိုတော့ စစ်အစိုးရ အားပေးသူတွေ၊ ဆက်နွှယ်သူတွေအဖြစ် အမည်ဖော်ပြခံရပြီး အရှက်ရစေတဲ့ လှုပ်ရှားမှုတစ်ရပ်ဖြစ်တဲ့ လှုမှုရေးအရပြစ်ဒဏ်ခတ်တာ (Social Punishment) တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ စစ်အစိုးရရဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပိုများပြီး ပိုမိုကြမ်းလာတာနဲ့အမျှ လူထုရဲ့ရန်ငြိုးတွေက CDM မလုပ်တဲ့ဝန်ထမ်းတွေအပေါ်မှာ ပိုပြင်းထန်လာပါတယ်။

ခံပြင်းဒေါသတွေဟာ CDM မလုပ်တဲ့ဝန်ထမ်းအပေါ် တစ်ခါတစ်လေ အကြမ်းဖက်မှုအဖြစ် ပြောင်းသွားပါတယ်။ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်မှာ တရားရုံး၊ ပညာရေးမှူးရုံးနဲ့ ပြည်သူ့ဆေးရုံကြီး နေရာသုံး နေရာမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ကြောင်း မေ၄ရက်မှာ Myanmar Now သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ ဒီပေါက်ကွဲမှုတွေဟာ CDM ကိုထောက်ခံအားပေးသူတွေက လုပ်တာလို့ ဒေသခံတွေက ယူဆထားကြပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့က CDM မဝင်တဲ့ ဆရာမတစ်ဦးရဲ့ နေအိမ်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း ဇွန်၂ရက်မှာ DVBသတင်းဌာနက ဖော်ပြထားပါတယ်။

CDM မဝင်သူ အစိုးရဝန်ထမ်းငါးဦးကို ဖရွန်းတီးယားမြန်မာက တွေ့ဆုံမေးမြန်းခဲ့ရာမှာ သူတို့တွေဟာ အာဏာသိမ်းတာကို ဆန့်ကျင်ပြီး CDM ဝင်ဖို့ စဉ်းစားခဲ့ကြောင်း၊ ဒါပေမဲ့ သူတို့မှာ မိသားစုအရေး၊ သူတို့ လုံခြုံရေးကို စိုးရိမ်စိတ်နဲ့ စိတ်တူကိုယ်တူ လုပ်ဖော်ကိုင်ဖက်တွေအပေါ် သစ္စာစောင့်သိခြင်း စတဲ့အကြောင်းအရာတွေကြောင့် ရုံးဆက်တက်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့ကြတယ်လို့ ပြောကြပါတယ်။ တချို့ဝန်ထမ်းတွေကျတော့ အလုပ်ထွက်တာ၊ သပိတ်မှောက်တာထက် အလုပ်ဆက်လုပ်နေတာက လူတွေကို ပိုပြီးကူညီနိုင်မယ်လို့ယူဆပြီး CDM မှာ မပါဝင်ဖို့ဆုံးဖြတ်ခဲ့တာလို့ ဆိုကြပါတယ်။

ဒေါ်မေသူကတော့ သူမျှော်လင့်ထားသလို နောက်ဆုံးမှာ စစ်အစိုးရပြုတ်ကျသွားတဲ့အခါ သူနဲ့ တခြား CDM မလုပ်တဲ့ဝန်ထမ်းတွေဟာ သူတို့ ရွေးချယ်မှုအတွက် ကြုံတွေ့ရနိုင်တဲ့ အပြစ်တင်ခံရခြင်း ဒါမှမဟုတ် အပြစ်ပေးခံရခြင်းတွေကို လက်ခံဖို့ပြင်ဆင်ထားရလိမ့်မယ်လို့  ပြောပါတယ်။

“ပြည်သူ့အစိုးရ အာဏာပြန်ရတဲ့အခါ CDM ဝင်တဲ့ဝန်ထမ်းတွေက ကျမတို့ကို လက်ညှိုးထိုး လှောင်ရယ်ကြမယ်ဆိုရင်လည်း  ကျမတို့ အလုပ်ကနေ ကျေကျေနပ်နပ် ထွက်သွားပေးမှာပါ။ ကျမအဖြစ်ချင်ဆုံးကတော့  အာဏာသိမ်းအစိုးရကျဆုံးပြီး CRPH ကို အောင်ပွဲခံစေချင်တာပါပဲ”လို့ ဒေါ်မေသူက ပြောပါတယ်။

“ကျမတို့ကို အလုပ်ကနေထွက်ပေးဖို့ သူတို့ပြောလာရင်လည်း ကျမတို့ မဆိုင်းမတွ ထွက်သွားပေးကြမှာပါ”လို့ သူကပြောပါတယ်။

မြောက်ကိုရီးယားဆန်လာခြင်း

အာဏာသိမ်းလိုက်တဲ့နေ့မှာပဲ ဒေါ်မေသူနဲ့လုပ်ဖော်ကိုင်ဖက်တွေ အစည်းအဝေးတစ်ခုတက်ကြရပြီး ဘယ်အစိုးရတက်တက် ဝန်ထမ်းတွေဟာ ကိုယ့်တာဝန်ကိုယ်ဆက်ပြီး ထမ်းဆောင်ရမယ်လို့ ပြောတာကိုကြားခဲ့ရပါတယ်။

“အာသာသိမ်းလိုက်တာကို သိလိုက်ရတဲ့အခါမှာ ကျမတို့ဌာနက ဝန်ထမ်းသုံးပုံနှစ်ပုံလောက်ဟာ စိတ်ပျက်သွားတယ်။ အဲဒီနေ့မှာ ဘယ်လိုမှ အလုပ်လုပ်ချင်စိတ်တွေမရှိတော့ဘူး”လို့ ဒေါ်မေသူက ပြောပါတယ်။

ဒါပေမဲ့ အာဏာသိမ်းပြီးသုံးလေးပတ်လောက် အကြာမှာတော့  ဆန္ဒပြပွဲတွေအောင်မြင်မှုရပြီး စစ်အုပ်ချုပ်ရေးလည်း သိပ်မကြာခင် အဆုံးသတ်သွားလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးတွေ ရှိလာကြပါတယ်။ ဒေါ်မေသူနဲ့ စိတ်တူကိုယ်တူ လုပ်ဖော်ကိုင်ဖက်တွေဟာ တစ်နိုင်ငံလုံး တညီတညွတ်တည်း ပါဝင်ကြတဲ့ ည၈နာရီ သံပုံတီးလှုပ်ရှားမှုမှာ တစ်တပ်တစ်အား ပါဝင်ခဲ့ကြပါတယ်။

တခြားဝန်ထမ်းတွေ အလုပ်ထွက်ကြတာကို စိတ်လှုပ်ရှားမှုတွေ၊ အားကျစိတ်တွေနဲ့ သူတို့ ကြည့်နေခဲ့ကြပါတယ်။ အများစုကတော့ သပိတ်မှောက်တာထက် အလုပ်ထွက်စာတင်ကြတာတွေ လုပ်ကြပါတယ်။ ဒါပေမဲ့ အလုပ်ထွက်စာတင်တာကို စစ်အစိုးရက အခုနောက်ပိုင်း လက်မခံတော့တဲ့အတွက် အလုပ်ထွက်စာတင်တာမျိုးတွေ သိပ်မရှိတော့ဘူးလို့ ဒေါ်မေသူကပြောပါတယ်။

“ကျမရဲ့လုပ်ဖော်ကိုင်ဖက် တော်တော်များများ သည်းမခံနိုင်တဲ့အဆုံး အာဏာအသိမ်းခံလိုက်ရပြီး သိပ်မကြာခင်မှာပဲ အလုပ်ကနေ နုတ်ထွက်သွားကြပါတယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက် ခိုင်မာတာကိုကြည့်ပြီး သူတို့ကို လေးစားအားကျနေမိတယ်”လို့ သူက ပြောပါတယ်။

ရက်တွေ ကြာလာတာနဲ့အမျှ ဒေါ်မေသူရဲ့ အကောင်းမြင်စိတ်တွေလည်း တဖြည်းဖြည်းပျောက်ကွယ်စ ပြုလာပါတယ်။ သံပုံးတီးတဲ့ အိမ်ခန်းတစ်ခန်းကို သေနတ်နဲ့ပစ်တာကြောင့် သူတို့နေတဲ့ဝင်းထဲမှာ သံပုံးတီးသံတွေ တဖြည်းဖြည်း ဆိတ်သုဉ်းသွားပါတော့တယ်။ သူတို့ရုံးမှာ CDM လုပ်တဲ့ အရှိန်လည်း တဖြည်းဖြည်းကျသွားတာကို ဒေါ်မေသူ သတိထားမိပါတယ်။

“အစပိုင်းမှာတော့ CDM ကအောင်မြင်မှု ရတော့မယ့်အတိုင်းပဲ။ ဝန်ထမ်းတော်တော်များများလည်း အလုပ်ထွက်ကြဖို့ ပြင်ဆင်နေကြပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျမတို့ထဲက တစ်ချို့ စိတ်ပြောင်းသွားကြပါတယ်”လို့ ဒေါ်မေသူက ပြောပြပါတယ်။

နေပြည်တော်မှာ တာဝန်ကျတဲ့ဝန်ထမ်းတွေရဲ့ ဘဝဟာ ပုံစံခွက်ထဲက ထားတဲ့အတိုင်းနေရသလို ဖြစ်လာပါတယ်။ “ကျမတို့ မလုပ်ချင်တာတွေကိုလုပ်ဖို့ သူတို့တွေ ကျမတို့ကို စပြီးအမိန့်ပေးလာကြပါတယ်”လို့ ဒေါ်မေသူက ပြောပါတယ်။ သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ သူတို့အဆောင်ကို ဘယ်သူတွေလာသလဲဆိုတာ အာဏာပိုင်တွေကို သတင်းပို့ရတာမျိုး၊ ရုံးမှာ တစ်နေ့နှစ်ကြိမ် လက်မှတ်ထိုးရတာမျိုးတွေ လုပ်ကြရပါတယ်။

ယူနီဖောင်းအတွက် စစ်တပ်စက်ရုံထုတ် အရည်အသွေးနိမ့်ပိတ်စကို ဈေးကြီးပေးဝယ်ရပြီး သူတို့သတ်မှတ်တဲ့ ပုံစံအတိုင်းပဲ ချုပ်ဝတ်ကြရပါတယ်။ “ကြယ်သီးဘယ်နှစ်လုံး ပါရမယ်ဆိုတာမျိုးကနေ စပါတယ်။ သူတို့ပြောသလိုမချုပ်မိဘဲ နည်းနည်းလေးလွဲနေရင်တောင် ပြဿနာအရှာခံရပါတယ်။ သူတို့ ပြောတဲ့အတိုင်း တစ်သဝေမသိမ်းလုပ်ကြရတယ်”လို့ ဒေါ်မေသူက ပြောပါတယ်။

“ကျမတို့အဖြစ်က မြောက်ကိုရီးယားနဲ့တူလာပြီလို့ ကျမတို့အချင်းချင်း နောက်ပြောင်ပြောကြပါတယ်”လို့ သူက ပြောပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်ကြရန် အစိုးရဝန်ထမ်းများကို တိုက်တွန်းထားသည့် စာသားများကိုင်ဆောင်ထားသော ဆန္ဒပြသူများကို ဖေဖော်ဝါရီ၁၇ရက်က နေပြည်တော်၌ မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

လုပ်ဖော်ကိုင်ဖက်တွေအကြား ရဲဘော်ရဲဘက်စိတ်ကြောင့်  ဒီအခြေအနေမျိုးမှာ ဒေါ်မေသူအတွက် အဆင်ပြေသလိုရှိပေမဲ့ စိတ်ပျက်အားလျော့တာတွေ မကြာခဏဖြစ်မိပါတယ်။

“ရုံးမှာ တစ်နေ့တစ်နေ့ဘာမှ လုပ်စရာမရှိသလိုပါပဲ။ နေ့တိုင်းရုံးလာထိုင်ပြီး သူတို့ (စစ်ကောင်စီရဲ့)အမိန့်တွေကို လာဖတ်နေရသလိုပါပဲ။ သူတို့တွေ နိုင်ငံအတွက်ကောင်းတာ ဘာတစ်ခုမှမလုပ်ပေးနိုင်ဘူး ဆိုတာ ကျမတို့သိပါတယ်။ ကျမတို့ ငိုချင်တာပဲသိတော့တယ်”လို့ ဒေါ်မေသူက ပြောပါတယ်။

ဒေါ်မေသူဟာ သင်္ကြန်ကာလအတွင်း အားလပ်ရက်ရပေမဲ့ သူနဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ စစ်တပ်က စီစဉ်တဲ့ သင်္ကြန်မဏ္ဍပ်မှာ မြန်မာအကနဲ့ ပါဝင်ဖျော်ဖြေပေးရပါသေးတယ်။

တချို့က ဗိုက်အောင့်နေလို့ မကချင်ဘူးဆိုပြီး အကြောင်းပြကြပေမဲ့ ဆရာဝန်ဆီကဆေးလက်မှတ် မပြနိုင်လို့ အကြံမအောင်ကြပါဘူး။ “ကျေကျေနပ်နပ် ပျော်ပျော်ပါးပါး သင်္ကြန်ကျတဲ့သူက သိပ်မရှိပါဘူး။ လက်ချိုးရေလို့တောင် ရပါတယ်”လို့ သူကပြောပါတယ်။ “ကျမတို့တွေ ဝမ်းနည်းနေပေမဲ့လည်း စင်ပေါ်တက်ပြီးအကနဲ့ ဖျော်ဖြေပေးရတယ်”လို့ ဒေါ်မေသူက သူတို့အဖြစ်ကို ပြောရင်းမျက်ရည်တွေ ကျလာပါတော့တယ်။

သင်္ကြန်ပြီးတော့ အိမ်ပြန်လာမယ်ဆိုပြီး ဒေါ်မေသူက သူ့မိဘတွေဆီ ဖုန်းဆက်လိုက်ပါသေးတယ်။ နောက်တော့ သူ့ရဲ့ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တစ်ဦးနဲ့ စကားပြောဖြစ်ပြီးတဲ့နောက်မှာ သူစိတ်ပြောင်းသွားပါတယ်။ “ကျမတို့အားလုံး မိသားစုတွေလို တူတူနေကြတာဆိုတော့ ကျမတို့ဆက်ဆံရေးကို မပြတ်တောက်ချင်ဘူး”လို့ သူကပြောပါတယ်။

အလုပ်ကထွက်လိုက်ရင် အခြေအနေတွေ ပိုဆိုးလာနိုင်တယ်လို့ ဒေါ်မေသူက ယုံကြည်ထားပါတယ်။ “ကျမတို့ CDM ဝင်လိုက်ရင် စစ်တပ်ကသူတွေ ကျမတို့နေရာမှာ အစားထိုးဝင်လာမှာ”လို့ သူကပြောပါတယ်။

“ရုံးဆက်တက်ဖို့ ဆုံးဖြတ်ပြီးတော့များ ဘာလို့အဆင်မပြေတာတွေကို ပြောပြနေသေးလဲလို့ လူတွေ ပြောကြမှာ ကျမသိပါတယ်။ ကျမလည်း သူတို့နေရာမှာဆိုရင် CDM မဝင်တဲ့သူတွေကို အဲဒီလိုပြောမိမှာပဲ။ ဒါပေမဲ့ ကျမတို့ရဲ့ ဆုံးဖြတ်ချက်ကို နားလည်စာနာပေးနိုင်မယ့်သူရှိမယ်လို့ ကျမမျှော်လင့်နေမိတုန်းပါပဲ”လို့ သူက ပြောပါတယ်။

မိသားစုအရေး ငဲ့ကွက်ခြင်း

မိသားစုအတွက် ထည့်သွင်းစဉ်းစားကြတာဟာ ဝန်ထမ်းတချို့ CDM မဝင်နိုင်ရတဲ့ အဓိကအကြောင်းရင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ “ကျနော့်အမေ အလုပ်ကြိုးစားခဲ့လို့ ကျနော်ဆရာဝန်တစ်ယောက် ဖြစ်လာတာ”လို့ ကရင်ပြည်နယ်က ပြည်သူ့ဆေးရုံကြီးမှာ အလုပ်ဆက်လုပ်နေတဲ့ ဒေါက်တာပိုင်ထူးက ပြောပါတယ်။ သူ့အမေနဲ့ညီလေးကို ထောက်ပံ့ပေးနေရတာကြောင့် သူသာ အဖမ်းခံရရင် သူတို့မိသားစု ဝင်ငွေမရှိဖြစ်သွားကြမှာကို သူကစိုးရိမ်နေပါတယ်။

CDM ဝင်တဲ့အတွက် ကျန်းမာရေးဝန်ထမ်း ၁၅၀ကျော် အခုအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး စစ်အစိုးရဟာ CDM ဆရာဝန် ၄၀၀ဝန်းကျင်ကို ဖမ်းဝရမ်းထုတ်ထားတယ်လို့  Humanitarian Data Exchange ဆိုတဲ့အဖွဲ့က ဖော်ပြထားပါတယ်။

“ကျနော့်အတွက်ထက် မိသားစုအရေးကို ဦးစားပေးစဉ်းစားခဲ့တာ။ ကျနော်သာ CDM ဝင်ရင် အဖမ်းခံရနိုင်ပြီး မေမေလည်း စိတ်ထိခိုက်သွားနိုင်တယ်ဗျ”လို့ ဒေါက်တာ ပိုင်ထူးက ပြောပါတယ်။ နောက်တစ်ချက်က သူအလုပ်ဆက်လုပ်နေရင် အထူးသဖြင့် ဆင်းရဲသားတွေနဲ့ သက်ကြီးရွယ်အိုလူနာတွေကို အကူအညီဆက်ပေးနိုင်တယ်လို့လည်း ဒေါက်တာပိုင်ထူးက ယုံကြည်ထားပါတယ်။

“အာဏာသိမ်းလိုက်တာက တရားမျှတမှုမရှိတဲ့ လုပ်ရပ်တစ်ခုဆိုတာ ကျနော် လုံးဝလက်ခံပါတယ်။ ဒါပေမဲ့ ဒီကလူတော်တော်များများဟာ ကျနော်အလုပ်လုပ်နေတဲ့ ဆေးရုံကို မှီခိုအားထား နေကြရတာလေ။ ကျနော် အလုပ်ဆက်လုပ်ပေးနေရင် လိုအပ်တဲ့သူတွေကို ကျနော်နည်းနည်းပါးပါး ကူညီပေးနိုင်တာပေါ့ဗျာ”လို့ သူကပြောပါတယ်။

CDM မလုပ်တဲ့အတွက် သူ့ကိုအနှောင့်အယှက်ပေးတာမျိုး၊ ခြိမ်းခြောက်တာမျိုးတွေ ရင်ဆိုင်ရမှာကို စိုးရိမ်ပေမဲ့ သူ့ရဲ့သမာဓိဂုဏ်ကြောင့် ဘေးကင်းလိမ့်မယ်လို့ ဒေါက်တာပိုင်ထူးတစ်ယောက် မျှော်လင့်ထားပါတယ်။ “ဗုဒ္ဓဘာသာအယူအဆအရဆိုရင် ကောင်းတာလုပ်တဲ့သူဟာ သူပြုခဲ့တဲ့ကောင်းမှု ကုသိုလ်အကျိုးကြောင့် ဘေးဆိုး၊ ရန်ဆိုးတွေကနေ ကင်းကွာစေတယ်လို့ လက်ခံထားကြပါတယ်”လို့ သူကပြောပါတယ်။

CDM အများဆုံးလုပ်ဆောင်သူတွေကတော့ ပညာရေးကဏ္ဍပါပဲ။ စစ်အစိုးရဟာ မေလမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပညာရေးဝန်ထမ်း ၁၂၅,၀၀၀ကျော်ကို တာဝန်ကနေ ယာယီရပ်စဲထားပါတယ်။ ဒါပေမဲ့ ဝန်ထမ်းတချို့ကတော့ ပညာရေးဝန်ထမ်းအမြောက်အမြား သပိတ်မှောက်ကြတဲ့ လှုပ်ရှားမှုထဲ မပါဝင်နိုင်ကြပါဘူး။

ကချင်ပြည်နယ်က မူလတန်းပြဆရာမရွယ်ဂျာ တကိုယ်ရည်မိခင်တစ်ယောက်ပါ။ စစ်အာဏာသိမ်းလိုက်တာကို စိတ်ပျက်သွားပေမဲ့ မိသားစုတာဝန်တွေရှိသေးတာကြောင့် CDM မလုပ်ဖို့ ဆုံးဖြတ်ခဲ့ရသူပါ။

“စစ်အစိုးရလက်အောက်မှာထက် အရင်အစိုးရလက်အောက်မှာပဲ အလုပ်ပိုလုပ်ချင်တာပေါ့။ အာဏာသိမ်းမှုကြီး တကယ်ကျဆုံးသွားစေချင်ပါတယ်။ တခြားအလုပ်တစ်ခုရှိမယ်ဆိုရင် ကျမကလေးတွေကို ကြည့်နိုင်မယ့် ဝင်ငွေအလုံအလောက်ရှိမယ်ဆိုရင် ကျမ CDMလုပ်မှာ သေချာပါတယ်”လို့ ဆရာမရွယ်ဂျာက ပြောပါတယ်။

ဆရာ၊ ဆရာမ ၂၀၀ကျော်ကို ဖမ်းဝရမ်းထုတ်ထားတာကြောင့် အဖမ်းခံရမှာစိုးရိမ်တဲ့ ဆရာမရွယ်ဂျာတစ်ယောက် သပိတ်မှာဆက်ပြီး မပါနိုင်ဖြစ်သွားရပါတယ်။ “ကျမတချိန်လုံး သတိထားနေရပါတယ်။ မိသားစုကလည်းကြီးပြီး တခြားတာဝန်ယူစရာတွေကလည်း ရှိတဲ့အတွက် တစ်ခုခုဆို ကျမအလွယ်တကူ ရှောင်ပုန်းနေလို့မရဘူး”လို့ သူကပြောပါတယ်။

ဒါပေမဲ့ လူမှုရေးပြစ်ဒဏ်ခတ်ခံရမှာကိုလည်း ကြောက်တဲ့အတွက် CDM ဝင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေက သူ့ဆုံးဖြတ်ချက်ကို မသိအောင် ဖုံးကွယ်ထားရပါတယ်။ “ကျမလိပ်ပြာမလုံသလို ရှက်လည်း ရှက်မိတယ်”လို့ သူ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဆရာမရွယ်ဂျာက ပြောပါတယ်။

ရွေးကောက်ပွဲတာဝန်ခံတစ်ဦးဖြစ်တဲ့ ဦးကောင်းမြတ်ကတော့ သူ့အမျိုးသမီးက CDM ဝင်ထားတဲ့အတွက်  လေးဦးရှိတဲ့ သူတို့မိသားစုမှာ တစ်ဦးတည်းသော ဝင်ငွေရှိသူပါ။ သူသာ CDM ဝင်လိုက်ရင် အလုပ်ထုတ်ခံရမှာကို စိုးရိမ်ပူပန်ခဲ့ပါတယ်။ ဒါ့ပြင် ရာထူးတိုးပေးခံရမှာကိုလည်း သူစိတ်ပူနေပါတယ်။ “ကျနော့်ကို ရာထူးတိုးပေးလို့ကတော့ ကျနော် ဆုံးဖြတ်ရ တော်တော်ခက်မှာဗျ။ လူတော်တော်များများ အသက်တွေပေးထားရတဲ့အချိန်မှာ ဒါမျိုးကို လက်ခံဖို့ ကျနော်ချီတုံချတုံဖြစ်နေမှာပါ”လို့ ဦးကောင်းမြတ်က ပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းက ရွေးကောက်ပွဲကော်မရှင်က ဝန်ထမ်းတော်တော်များများလိုပဲ ဦးကောင်းမြတ်လည်း အာဏာသိမ်းပြီး မကြာခင်အချိန်လေးမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။ ၂၀၂၀၊ နိုဝင်ဘာရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီအစိုးရက မဲလိမ်ပြီးအနိုင်ရခဲ့တယ်ဆိုတဲ့ မရေမရာစွပ်စွဲမှုကို ထောက်ခံပေးဖို့ ရွေးကောက်ပွဲတာဝန်ခံတွေကို စစ်အစိုးရက ဖိအားပေးခဲ့ချိန်မှာ သူတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

တစ်လကျော် ထိန်းသိမ်းခံရပြီးတဲ့နောက် ဦးကောင်းမြတ်ဟာ နောက်ထပ်အဖမ်းခံရမှာကို မကြုံချင်တော့ပါဘူး။ “တစ်ခါ ဖမ်းဆီးထိန်းသိမ်း ခံထားရပြီးပြီလေဗျာ။ အဲဒီလိုအဖြစ်မျိုး နောက်တစ်ကြိမ် ထပ်မကြုံချင်တော့ဘူးဗျာ”လို့ ဦးကောင်းမြတ်က ပြောပါတယ်။ “ကျနော်သာ လူလွတ်ဆိုရင် တစ်နေရာရာမှာ သွားပုန်းနေလို့ရတယ်။ ဒါပေမဲ့ အခုတော့ ကျနော့်မှာ ကလေးနှစ်ယောက်နဲ့ အမျိုးသမီးကလည်း ကိုယ်ဝန်ကြီးနဲ့ဗျာ”လို့ သူကပြောပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ဖဲကြိုးနီလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများကို ဖေဖော်ဝါရီ၄ရက်တွင် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

အတွင်းစည်းထဲမှ  ဆန့်ကျင်ခြင်း

ချင်းပြည်နယ်က ရဲအရာရှိတစ်ဦးဖြစ်တဲ့ ဦးကျော်ကျော်ကတော့ သူ့အလုပ်ဟာ အာဏာသိမ်းခံရပြီး ကတည်းက ပိုပြီးအန္တရာယ်များလာပါပေမဲ့ သူ့အလုပ်ကို ဆက်လုပ်နေပါသေးတယ်လို့  ပြောပါတယ်။ “ကျနော်ဘေးမကင်းဘူးလို့ ခံစားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေရဲ့ ကျနော်တို့အပေါ် ဆက်ဆံမှုဟာ အာဏာအသိမ်းမခံရခင်နဲ့ အသိမ်းခံရပြီးချိန် မတူတော့ပါဘူး။ အပြင်မှာ ကျနော့်ကို ဘယ်သူများတိုက်ခိုက်မလဲ၊ သေနတ်နဲ့ ပစ်သတ်ခံရတော့မလား ကျနော်တွေးပူနေရတယ်”လို့ ဦးကျော်ကျော်က ပြောပါတယ်။

မြန်မာနိုင်ငံတဝှမ်းက အရပ်သားတွေဟာ စစ်အစိုးရတပ်ဖွဲ့တွေရဲ့ရန်ကနေ ပြည်သူအချင်းချင်း အကာအကွယ်ပေးဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ မတ်လအကုန်ပိုင်းလောက်ကစပြီး လက်နက်တွေ ကိုင်လာကြပါတယ်။ ဦးကျော်ကျော် တာဝန်ကျရာရဲစခန်းကို အမည်မသိလက်နက်ကိုင်တွေက တူမီးသေနတ်တွေနဲ့ မကြာသေးခင်ကပဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပါသေးတယ်။

ဦးကျော်ကျော်ဟာ အစပိုင်းမှာတော့ CDM ဝင်ဖို့စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမဲ့ CDM ဝင်သွားတဲ့ သူ့လုပ်ဖော်ကိုင်ဖက်တစ်ယောက် အိန္ဒိယဖက်ကို ထွက်ပြေးဖို့ ကြိုးစားနေချိန်မှာပဲ အဖမ်းခံလိုက်ရတဲ့ သတင်းကြောင့် သူ CDM မလုပ်ဖြစ်တော့တာပါ။ ပြီးတော့ ရဲတပ်ဖွဲ့ကိုဝင်တဲ့အချိန်မှာ သူသစ္စာဆိုထားခဲ့ရတာကြောင့် သစ္စာစောင့်သိရမယ့်တာဝန်လည်း သူ့မှာရှိနေတယ်လို့ သူကခံယူထားပါသေးတယ်။

“ကျနော့် တကိုယ်ရည်အနေနဲ့ဆိုရင်တော့ စစ်အာဏာရှင်စနစ်ကို မကြိုက်ပါဘူး။ ဒါပေမဲ့ ဒါကနိုင်ငံရေးဖြစ်ပြီး ကျနော့်လို ဝန်ထမ်းတစ်ယောက်အနေနဲ့ နိုင်ငံရေးနဲ့ကင်းရှင်းရမယ်ဆိုတဲ့ တာဝန်ရှိနေပြန်တယ်။ ရဲတပ်ဖွဲ့ကို စဝင်တဲ့အချိန်တုန်းက မြန်မာနိုင်ငံတော်အလံအောက်မှာ နိုင်ငံအတွက် သစ္စာအဓိဋ္ဌာန်ဆိုထားခဲ့ကြပါတယ်။ ကျနော်တို့က နိုင်ငံ့ဝန်ထမ်းတွေဖြစ်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ရမှာပါ”လို့ ဦးကျော်ကျော်ကပြောပါတယ်။

ဦးကျော်ကျော်လို စစ်အစိုးရကိုမကြိုက်သူတွေ ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်လာနိုင်အောင် အားပေးရာမှာ နည်းပရိယာယ်အသစ်တွေနဲ့ ကြိုးစားခဲ့ရတယ်လို့  CDM ဝင်တဲ့ရဲတွေကို ကူညီပေးတဲ့ ကိုသူရိန်ကပြောပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေ CDM မှာ ပါဝင်ဖို့ နောက်ဆုံးရက်ကို CRPH က မတ်၃၁ရက်အဖြစ် ကြေညာခဲ့ပါတယ်။ဒီကြေညာချက်ရက်က နောက်ဆုံးသတ်မှတ်ရက် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ CDM ရဲအရေအတွက်က နည်းပါးလှတယ်လို့ သူက ဆိုပါတယ်။ ရဲအရာရှိ ၉၅ရာခိုင်နှုန်းလောက်ဟာ အာဏာသိမ်းတာကို လက်မခံချင်ကြပါဘူးလို့ သူကခန့်မှန်းပေမဲ့ အများစုကတော့ သူတို့အလုပ်ကနေ ထွက်လိုက်ဖို့ကြောက်နေကြတယ်လို့ ကိုသူရိန်ကပြောပါတယ်။

“အန္တရာယ်မကင်းပေမဲ့ အရဲစွန့်ကြရတဲ့သူတွေအားလုံး CDM ဝန်ထမ်းတွေ ဖြစ်လာကြတယ်။ လူတွေ CDM ဝင်လာအောင် ကျနော်အခုမစည်းရုံးနိုင်တော့ပါဘူး”လို့ သူက ပြောပါတယ်။

သူ့ရဲ့ကွန်ရက်ဟာ လူတွေကို CDMဝင်လာအောင် စည်းရုံးတာမျိုးမလုပ်တော့ဘဲ ရုံးဆက်တက်၊ သူတို့လုပ်ပိုင်ခွင့်ကိုအသုံးချပြီး ပြည်သူတွေကို သက်သက်ညှာညှာ ဆက်ဆံပေးခြင်းနည်းလမ်းနဲ့ အတွင်းစည်းတွေထဲကနေ (စစ်အာဏာရှင်)စနစ်ကို ဆန့်ကျင်နေတဲ့ရဲတွေကို အားပေးတာမျိုးတွေ အဓိကထား ဆောင်ရွက်နေပါတယ်။

“အရင်ကဆိုရင် CDMဝန်ထမ်းတွေက သူတို့အလုပ်ကနေ ထွက်ပြေးတိမ်း ရှောင်နေကြရတာပါ။ အခုတော့  CDM မဝင်ဘဲ နည်းလမ်းတစ်မျိုးနဲ့ CDM လုပ်နေကြပါလိမ့်မယ်”လို့ ကိုသူရိန်က ပြောပါတယ်။

ဒီလို တိတ်တဆိတ်လုပ်ရတဲ့ CDM ဟာ ယာယီသာဖြစ်လိမ့်မယ်လို့ ကိုသူရိန်က ခန့်မှန်းထားပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စင်ပြိုင်အစိုးရက ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက မြို့ကြီးတွေနဲ့ မြို့တွေကို ထိန်းချုပ်နိုင်သွားပြီဆိုရင် သပိတ်မှောက်တဲ့ရဲတွေနဲ့ တခြားဝန်ထမ်းတွေကို ဘေးကင်းတဲ့နေရာမှာ ထားပေးနိုင်မှာဖြစ်တယ်လို့ သူကဆိုပါတယ်။

အခုအချိန်ကစပြီး လှုပ်ရှားမှုတိုင်းကို သေသေချာချာ စဉ်းစားချင့်ချိန်ဖို့လိုကြောင်းနဲ့ ပြီးခဲ့တဲ့အချိန်က လုပ်ခဲ့သမျှတွေကိုလည်း ပြန်စဉ်းစားကြည့်ရမယ်လို့ ကိုသူရိန်ကပြောပါတယ်။

“CDM ဝင်ထားတဲ့သူတွေက  သူတို့အကောင်းဆုံးလုပ်ခဲ့ကြတာပဲ။ ဒါပေမဲ့ အခုကနည်းဗျူဟာ ပြောင်းဖို့လိုနေပြီ။ ကျနော်တို့ လိမ္မာပါးနပ်စွာနဲ့ ဆောင်ရွက်ကြဖို့လိုတယ်။ ဒါမှ တိုက်ပွဲကို အောင်ပွဲခံနိုင်မှာပါ”လို့ ကိုသူရိန်က ပြောပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.