Farmers in the Ayeyerwaddy Delta south of Yangon plough fields to grow rice in 2008. (AFP)
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ တစ်နေရာတွင် လယ်သမားများ လယ်ယာစိုက်ပျိုးနေသည်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

အာဏာသိမ်းမှုအကျိုးဆက်တွေကို ခံစားနေရတဲ့ မိုးစပါးစိုက်တောင်သူများ

စိုက်ပျိုးရေးသုံးကုန်ကြမ်းပစ္စည်းများ ဈေးမြင့်တက်လာခြင်း၊ သီးနှံဈေးများကျဆင်းခြင်းနှင့် မိုးစပါးချေးငွေရရှိရန် မရေရာခြင်းများက သန်းနှင့်ချီသော လယ်သမားများကို အလွန်အမင်းဆင်းရဲမွဲမှုနှင့် အကြွေးသံသရာဆီသို့ တွန်းပို့နေရှိသည်။

ဖရွန်းတီးယားမြန်မာ

မုတ်သုန်ဝင်လာသည့်ကာလတွင် လယ်သမားများ မိုးစပါးစိုက်ပျိုးရန် ပြင်ဆင်ကြနေကြပြီ ဖြစ်သည်။ တိုင်းပြည်တွင်း နိုင်ငံရေးမငြိမ်မသက်မှုများရှိနေသည့်တိုင် တစ်နိုင်ငံလုံး၏ အလုပ်အကိုင်တစ်ဝက်ခန့်ကို ဖန်တီးပေးပြီး နိုင်ငံ့ဝင်ငွေသုံးပုံတစ်ပုံကို ရှာဖွေပေးနေသော မိုးစပါးစိုက်ပျိုးခြင်းကိုတော့ လယ်သမားများမပျက်မကွက်လုပ်ရန် စိုင်းပြင်းလျက်ရှိသည်။

သို့သော် တိုင်းပြည်အာဏာသိမ်းခံလိုက်ရခြင်းကြောင့် လယ်သမားများ၏စိတ်တွင် စိုးရိမ်မှုများပြည့်နှက်နေပြီး အာဏာသိမ်းအကျိုးဆက်များ ရိုက်ခတ်ခံရမည်ကို တွေးပူနေသည်။

စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက် အကျိုးဆက်အနေဖြင့် ငွေကြေးတန်ဖိုးကျဆင်းလာပြီး ကုန်ဈေးနှုန်းများမြင့်တက်ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများဖြစ်သော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းတို့မှာ အဆမတန်မြင့်တာလာပြီး လယ်သမားများအဖို့ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို စတင်ခံစားနေရပြီဖြစ်သည်။ တစ်ချိန်ထဲတွင် စိုက်ပျိုးသီးနှံများ၏တန်ဖိုးကလည်း ကျဆင်းလျက်ရှိပြီး လုံခြုံမှုမရှိသော ကုန်သွယ်မှုလမ်းကြောင်းများကလည်း လယ်သမားများ ရိတ်သိမ်းပြီးကောက်ပဲသီးနှံ တင်ပို့ရောင်းချခြင်းကို ခြိမ်းခြောက်နေသည်။

ချေးငွေမရရှိပါက ယခုနှစ်တွင်စိုက်ပျိုးရေး လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ အသုံးပြုနိုင်ဖို့ကလည်း မရေရာပေ။ အာဏာသိမ်းစစ်ကောင်စီက မကြာမီ မိုးစပါးချေးငွေများ ထုတ်ချေးတော့မည်ဟု ကြေညာထားသည်။ သို့သော် ချေးငွေထုတ်ပေးမည့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကမူ ငွေထုတ်ခြင်းနှင့်ပတ်သက်သည့် တိကျသော အစီအစဉ်များကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။ လယ်သမားအများစုကလည်း ချေးငွေနှင့်ပတ်သက်၍ မည်သည့်သတင်းစကားမျှ မကြားသိရသေးဟု ဆိုကြသည်။ အခြားတစ်ဘက်တွင်လည်း လယ်သမားအချို့က စစ်တပ်အုပ်ချုပ်မှုကို အာဏာဖီဆန်သည့်အနေဖြင့် ယခင်နှစ်က အစိုးရထံမှချေးယူခဲ့သည့် ကြွေးမြီများကို ပြန်ဆပ်ရန် ငြင်းဆန်လျက်ရှိသည်။

ထိုအခြေအနေများကြောင့် မေလကုန်တွင် လုပ်ငန်းစတင်ရမည့် မိုးစပါးစိုက်တောင်သူများအဖို့ မရေရာမှုမျာ ပြည့်နှက်နေသည့် အခြေအနေဖြစ်တော့သည်။

“မိုးတွင်းရောက်ပြီဆိုတာနဲ့ လုပ်သားကြေး၊ ဓာတ်မြေဩဇာကြေးနဲ့ ပိုးသတ်ဆေးတွေပေးနိုင်ဖို့ အမြဲစိတ်ပင်ပန်းရတယ်။ ဒီနှစ်ကတော့ ပိုဆိုးလိမ့်မယ်ထင်တယ်”ဟု ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်အတွင်းက စာဖြူစုကျေးရွာက လယ်သမား ဦးမြင့်အောင်ကဆိုသည်။

ကိုဗစ်−၁၉ကပ်ရောဂါရိုက်ခတ်မှုကြောင့် အခက်အခဲများကြား ရုန်းကန်ခဲ့ရသည့် တောင်သူလယ်သမားများသည် ယခုနှစ်၊ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုက ပို၍ပင်ပန်းခက်ခဲစေတော့သည်။ ကမ္ဘာ့ဘဏ်ကလည်း အာဏာသိမ်းမှုကြောင့် တိုင်းပြည်အတွင်း ဆင်းရဲမွဲတေမှုမြင့်တက်လာပြီး အချို့ဒေသများတွင် အငတ်ဘေးဒဏ် ကြုံတွေ့ရဖွယ်ရှိကြောင်းနှင့် ပြည်သူများအကြား ဆင်းရဲတွင်းပို၍ နက်လာလိမ့်မည်ဟု ဧပြီတွင် ခန့်မှန်းသတိပေးထားသည်။

ထို့ပြင် နိုင်ငံအတွင်း အထွေထွေကျပ်တည်းမှုများနှင့် စီးပွားရေးကဏ္ဍအပေါ် ရိုက်ခတ်မှုကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို မှီခိုနေရသောအိမ်ထောင်စုများသည် ပို၍ကျပ်တည်းလာဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်က သတိပေးထားခဲ့သည်။

ကျပ်ငွေတန်ဖိုးကျဆင်း၍ ကုန်ဈေးနှုန်းမြင့်တက်ခြင်း

လယ်သမားများကြုံတွေ့ရသည့် ပထမဆုံးပြဿနာမှာ စိုက်ပျိုးရေးလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းရောင်းချသူများက ယခုနှစ်တွင် ယခင်ကကဲ့သို့ အကြွေးမရောင်းပေးတော့ပေ။ လက်ငင်း ငွေပေးချေသော ဝယ်ယူသူများကိုသာ ရောင်းချပေးတော့သည်။

ယခင်က လယ်သမားများသည် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို အကြွေးစနစ်ဖြင့်ဝယ်ယူပြီး အစိုးရဘဏ်မှ စိုက်ပျိုးရေးလုပ်ငန်းအတွက် ချေးငွေရရှိသည့်အချိန် သို့မဟုတ် သီးနှံပေါ်ချိန်များတွင် ပြန်လည်ပေးဆပ်လေ့ရှိကြသည်။

“ဒီနှစ်တော့ ဆိုင်ရှင်တွေကငွေ လက်ငင်းချေဖို့ပြောတယ်။ အခုအချိန်က လက်ထဲမှာ ဘယ်ကပိုက်ဆံရှိမလဲ”ဟု ဦးမြင့်အောင်က စိတ်မသက်မသာ ညည်းညူလိုက်သည်။

ယင်းသို့ဖြစ်ရသည်မှာ အာဏာသိမ်းမှုအလွန် ဘဏ်လုပ်ငန်းများ ကမောက်ကမဖြစ်ပေါ်ရခြင်းနှင့်လည်း ဆက်စပ်နေသည်။ အာဏာသိမ်းမှုကြောင့် ဘဏ်လုပ်ငန်းများ ယိုင်နဲ့သွားခဲ့ပြီး ငွေထုတ်ရန် ခက်ခဲခြင်းကြောင့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို လက်ကားတင်သွင်းသည့် ကုမ္ပဏီများက လက်လီအရောင်းဆိုင်များကို ငွေလက်ငင်းပေးချေစေတော့သည်။ သို့ဖြစ်ရာ လက်လီအရောင်းဆိုင်များကလည်း လယ်သမားများကို စိုက်ပျိုးရေးလုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများအား အကြွေးဖြင့် ရောင်းချမပေးနိုင်တော့ပေ။

“အရင်တုန်းကနဲ့ မတူတော့ဘူး။ အခုက ဆိုင်ကိုပစ္စည်းချတာနဲ့ ငွေချေရတော့ ကျနော်တို့မှာလည်း ငွေလိုတယ်။ အကြွေးစနစ် မလုပ်နိုင်တော့ဘူးပေါ့”ဟု ဓနုဖြူမြို့နယ်၊ ဆကာကြီးကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချသူတစ်ဦးက ပြောသည်။

စိုက်ပျိုးရေးလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းအများစုမှာ နိုင်ငံခြားမှ တင်သွင်းသည့် ကုန်ပစ္စည်းများဖြစ်သဖြင့် ကုန်ဈေးနှုန်းများမှာ တစ်နေ့တစ်ခြား မြင့်တက်လာနေကြောင်း သူကဆိုသည်။ တပ်မတော် အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ၁ရက်မတိုင်ခင်က ဒေါ်လာဈေးမှာ တစ်ဒေါ်လာလျှင် မြန်မာငွေ ၁,၃၃၅ကျပ်သာရှိခဲ့သော်လည်း မေလတတိယအပတ်တွင်မူ တစ်ဒေါ်လာ ၁,၇၀၀ ကျပ်ထိ တစ်ဟုန်ထိုး မြင့်တက်သွားခဲ့သည်။ကျပ်ငွေတန်ဖိုး ၃၀ရာခိုင်နှုန်းအထိ ကျဆင်းသွားသည့်သဘောဖြစ်ပြီး ယင်းသို့ဒေါ်လာဈေးတက်ခြင်းက ပြည်ပမှတင်သွင်းသည့် စိုက်ပျိုးရေးလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းကိုလည်း မြင့်တက်စေတော့သည်။

“ဓာတ်မြေဩဇာ တံဆိပ်အများစုက ၁၅ရာခိုင်နှုန်းထိ ဈေးတက်သွားတယ်။ တစ်ချို့တံဆိပ်တွေဆို ၄၀ရာခိုင်နှုန်းထိ တက်ကုန်တယ်။ ငွေကြေးအခြေအနေက ရှေ့ဘာဆက်ဖြစ်မလဲဆိုတာတောင် ခန့်မှန်းရခက်တယ်။ အရောင်းတွေကလည်း ပုံမှန်နဲ့ယှဉ်ရင်ကျဆင်းသွားပြီ”ဟု ဆကာကြီးကျေးရွာက စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်ရှင်က ပြောသည်။

တောင်သူဦးမြင့်အောင်ကမူ ငွေကြေးမတတတ်နိုင်သဖြင့် ယခင်ပုံမှန်အချိန်ကာလကလို ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးများကို စိုက်ပျိုးရေးပညာရှင်များ ညွှန်းသည့်အတိုင်း (စပါးတစ်ဧက နှစ်အိတ်နှုန်း)မသုံးစွဲနိုင်တော့ဘဲ တက်နိုင်သရွေ့ ချင့်ချိန်သုံးစွဲနေရသည် ဟုဆိုသည်။

“မနေ့ကဓာတ်မြေဩဇာသွားဝယ်တာ ဈေးတွေက လက်လှမ်းမမီတော့လောက်အောင် ဖြစ်နေတယ်။ အရင်က ကျနော့်လယ်ရှစ်ဧကအတွက် ဓာတ်ဆားလေးအိတ်သုံးတယ်။ အခုတော့သုံးအိတ်ပဲ ဝယ်တယ်။ပိုးသတ်ဆေးတွေဝယ်ဖို့တော့ ငွေထပ်ရှာရဦးမယ်”ဟု သူကပြောသည်။

ဓနုဖြူမြို့နယ်က စိုက်ပျိုးရေးသုံးကုန်ကြမ်းပစ္စည်းရောင်းချသည့် ကိုယ်စားလှယ်တစ်ဦးကလည်း ယခုနှစ်၏ ကာလတူရောင်းအားသည် ယခင်နှစ်ကရောင်းအားနှင့် နှိုင်းယှဉ်ပါက ၂၀ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟု ဆိုသည်။

International Food Policy Research Institute က မတ်လအတွင်း ထုတ်ပြန်သည့် စိုက်ပျိုးရေးသုံး ကုန်ကြမ်းရောင်းချသူလက်လီသမားများကို မေးမြန်းပြုစုထားသော စစ်တမ်းတစ်ခုတွင်လည်း ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် လက်လီရောင်းချသူအများစုသည် ရောင်းအားအဆမတန်ကျဆင်းခြင်းကို ကြုံတွေ့နေရသည်ဟု ဖော်ပြထားသည်။

“မတည်ငြိမ်သော သီးနှံဈေးနှုန်း၊ ဈေးကွက်တင်ပို့ရန် မြင့်မားလာသည့်ကုန်ကျစရိတ်၊ မရေရာသည့်ငွေကြေးစနစ်နှင့် ကုန်ကြမ်းပစ္စည်းများ စျေးနှုန်းမြင့်တက်လာခြင်းသည် လယ်သမားများကို မိုးစပါးစိုက်ပျိုးရာတွင် ရင်းနှီးမြုပ်နှံနိုင်မှုပမာဏကို ရုတ်လျော့သွားစေမည်”ဟု အဆိုပါစစ်တမ်းက ထောက်ပြထားသည်။

ဓနုဖြူမြို့က ဆန်၊ စပါးနှင့် ပဲရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးတင်စိုးကလည်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးသုံးစွဲမှု လျော့ကျသွားပါက သီးနှံထွက်နှုန်းလည်း ကျဆင်းသွားလိမ့်မည်ဟု ဆိုသည်။

“ဒီနှစ်က လယ်သမားတွေအများကြီးထိခိုက်နိုင်ခြေရှိတယ်။ အထွက်နှုန်းနဲ့ အရည်အသွေးမကောင်းရင် ဈေးကလည်း ရသင့်သလောက် ရတော့မှာမဟုတ်ဘူး။ အစိုးရက ထိရောက်တဲ့အကူအညီတွေ ထောက်ပံ့ပေးနိုင်ရင်တော့အကောင်းဆုံးပေါ့”ဟု သူကပြောသည်။

သို့တိုင် မြေပြင်တွင်အကျိုးဆက်များကို တောင်သူများ စတင်ခံစားနှင့်နေပြီဖြစ်သည်။ ကြက်သွန်စိုက်တောင်သူများသည် ဖေဖော်ဝါရီလကုန်က ကြက်သွန် တစ်ပိဿာဈေး ၆၅၀ကျပ် ရရှိခဲ့သော်လည်း ယခုအခါ တစ်ပိဿာ ၂၅၀ကျပ်အထိ ဈေးနှုန်းကျဆင်းသွားခဲ့ပြီဖြစ်သည်။ ယင်းက ထုတ်လုပ်မှုစရိတ်ကိုပင် ကာမိစေမည်မဟုတ်ပေ။

“နိုင်ငံ့အခြေအနေတွေကြောင့် သယ်ယူပို့ဆောင်ရေးတွေခက်ခဲပြီး ဈေးတွေထိုးကျသွားတယ်။ အခုဆို နောက်သီးနှံထပ်စိုက်ဖို့ ရင်းစရာငွေတောင် မကျန်ဘူး။ ဒေါ်လာဈေးတွေက တက်နေတော့ စိုက်ပျိုးရေးကုန်ကြမ်းပစ္စည်းတွေကလည်း ဈေးတွေတက်လာပြီ။ ကျနော်တို့အတွက် အရမ်းခက်ခဲတဲ့နှစ်ပါပဲ”ဟု စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီးရှိ တောင်ရွာဒေသခံ ဦးအောင်ကိုမြင့်က ပြောသည်။

မရေရာသော ဘဏ်ချေးငွေ

အကယ်၍ စိုက်ပျိုးရေးသုံးကုန်ကြမ်းပစ္စည်းများကို အကြွေးဝယ်ယူခွင့်ရပါကလည်း လယ်သမားများထံတွင် လယ်ယာထွန်ယက်ခြင်းနှင့် မျိုးစေ့ကြဲခြင်းစသည့် လုပ်ငန်းစဉ်များအတွက် အပိုငွေလုံးငွေရင်းလိုအပ်နေသေးသည်။ ယခင်က ယင်းစိုက်ပျိုးစရိတ်များအတွက် အစိုးရပိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေများကို အဓိကမှီခိုခဲ့ရသည်။ ယင်းချေးငွေက စိုက်စရိတ်အားလုံးအတွက် လောက်ငှမှုမရှိခြင်းကြောင့် အပြင်က ငွေတိုးချေးစားသူများထံက အတိုးနှုန်းမြင့်မားသော ချေးငွေများကိုပါ အားကိုးကြရသည်။

စိုက်ဘဏ်ကလယ်သမားများကို လယ်တစ်ဧကလျှင် မိုးစပါးအတွက် ကျပ်၁၅၀,၀၀နှင့် ဆောင်းသီးနှံအတွက် ကျပ်တစ်သိန်းနှုန်းထားဖြင့် လယ်သမားတစ်ဦးလျှင် အများဆုံး ဆယ်ဧကအထိ နှစ်စဉ်ထုတ်ချေးလေ့ရှိသည်။ ယခင်နှစ်အကြွေးကျေမှ နောက်နှစ်အတွက် ချေးငွေထုတ်ပေးလေ့ရှိသည်။

ယမန်နှစ်က မိုးစပါးအတွက် ချေးငွေစုစုပေါင်း ၁ဒသမ၇၅ထရီလျံ ထုတ်ချေးပေးခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။ တစ်နှစ်အတိုးနှုန်းမှာ ၈ရာခိုင်နှုန်းဖြစ်ပြီး ယမန်နှစ်က ကိုဗစ်-၁၉ကပ်ရောဂါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ(အင်န်အယ်လ်ဒီ)က တောင်သူများ ပြန်လည်ပေးဆပ်ရမည့် အတိုးနှုန်းကို ၅ရာခိုင်နှုန်းထိ လျှော့ချပေးခဲ့ပြီး မိုးစပါးချေးငွေ ပြန်ဆပ်ချိန်ကိုလည်း ဇူလိုင်၃၁ရက်အထိ နောက်ဆုတ်ပေးခဲ့သည်။

သို့သော် ယခုနှစ်တွင် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ချေးငွေများထုတ်ပေး၊ မပေး အသေအချာမသိရသေးပေ။ ထို့ပြင် လယ်သမားများကိုလည်း ငွေထုတ်ချေးပေး၊ မပေး ရေရေရာရာ ပြောဆိုခြင်းမရှိသေးပေ။

ပုံမှန်ဆိုလျှင် ဖေဖော်ဝါရီလအတွင်း မိုးစပါးချေးငွေများ အကြေဆပ်ပြီးပါက မေလတွင် ချေးငွေများစတင်ထုတ်ပေးလေ့ရှိသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးများက ချေးငွေယူမည့် လယ်သမားအမည်စာရင်းကောက်ယူ၍ အစိုးရဘဏ်သို့ ပေးပို့ရသည်။ ယင်းနောက် အစိုးရဘဏ်က ချေးငွေစာချုပ်များကို ပြန်လည်ပေးပို့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများက ယင်းစာချုပ်များကို လယ်သမားများအား ဖြည့်သွင်းစေပြီး ဘဏ်သို့ ပြန်လည်ပေးပို့ရသည်။ ယင်းနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် လယ်သမားများ ချေးငွေကို ဘဏ်မှထုတ်ယူနိုင်ပြီဖြစ်သည်။

ယင်းချေးငွေများပြန်ဆပ်ရန်ကိစ္စကို စစ်တပ်က အာဏာသိမ်းယူပြီးနောက် သုံးလကြာသည်အထိ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။ စိုက်ဘဏ်ဝန်ထမ်းအများအပြားလည်း စစ်တပ်အာဏာသိမ်းမှုကို အာခံသည့်အနေဖြင့် ရုံးမတက်ဘဲ အာဏာဖီဆန်၍ သပိတ်မှောက်မှုတွင် ပါဝင်ခဲ့ကြသည်။ ယင်းအတွက်ကြောင့် ချေးငွေပြန်ဆပ်သည့် လုပ်ငန်းစဉ်လည်း ကြန့်ကြာသည်ဟု ယူဆရဖွယ်ရှိသည်။ မေလ တတိယပတ်တွင်မူ အလုပ်ဆင်းရန် ငြင်းဆန်နေသော ရန်ကုန်တိုင်းအတွင်းက စိုက်ဘဏ်ဝန်ထမ်း ၆၀ကျော်ကို စစ်ကောင်စီက အလုပ်ထုတ်ပစ်လိုက်သည်။

သို့သော် မေ၂၀ရက်ထုတ်၊ အစိုးရပိုင်သတင်းစာတွင်မူ မိုးစပါးချေးငွေများကို မေ၂၆ရက်မှ စက်တင်ဘာ၃၀ရက်အတွင်း ထုတ်ချေးပေးမည်ဟု စစ်ကောင်စီကကြေညာခဲ့သည်။ ယင်းကြေညာချက်တွင် ချေးငွေအသစ် ထုတ်ယူလိုပါက ကြွေးဟောင်းများကို အလျင်အမြန် ပြန်ဆပ်ရမည်ဟု ဆိုထားသည်။

စစ်ကောင်စီက ယင်းသို့ထုတ်ပြန်ကြေညာထားသော်လည်း လက်တွေ့ မြေပြင်အခြေအနေများနှင့် ခြားနားနေသည်။ ဓနုဖြူမြို့နယ်က တောင်သူတစ်ဦးဖြစ်သော ဒေါ်မြသက်မူက မေ၁၄ရက်က စိုက်ဘဏ်သို့ သွားရောက်၍ ချေးငွေပြန်လည်ဆပ်စဉ်က နောက်ထပ်ချေးငွေသစ်များ မည်သည့်အချိန်တွင် ထုတ်ချေးမည်ကို ဘဏ်ဝန်ထမ်းများအား မေးမြန်းခဲ့သော်လည်း ၎င်းတို့က ပြန်လည်ဖြေကြားနိုင်ခြင်း မရှိခဲ့ပေ။ ကျေးရွာအုပ်ချုပ်ရေးမှူးထံမှတဆင့် သတင်းစောင့်ဆိုင်းရန်သာ ၎င်းကို ပြောဆိုခဲ့ကြောင်း ဒေါ်မြသက်မူက ပြောသည်။

“ထုတ်ပြန်ချက်က ဘာမှတိတိကျကျမရှိဘူး။ အရင်နှစ်ကဆို ဒီနှစ်ပမာဏ ဘယ်လောက်ထုတ်ချေးမယ်ဆိုတာမျိုး ကြေညာတယ်။ အခုက ဘာအချက်အလက်မှကို မပါသေးတာ။ မနှစ်က ဒီအချိန်ဆို ကျေးရွာအုပ်ချုပ်ရေးမှူးကနေတဆင့် လျှောက်လွှာတင်ပြီးပြီ။ ဒီနှစ်မထုတ်ချေးပေးရင်တော့ လယ်သမားတွေပိုခက်ခဲပြီပေါ့”ဟု သူကပြောသည်။

စစ်ကောင်စီ၏ကြေညာချက်က လယ်သမားများထံမှ ချေးငွေများပြန်လည်ရရှိရေးအတွက်သာ ရည်ရွယ်ထားသည်ဟုလည်း လယ်သမားများက ယုံကြည်နေသည်။ ယင်းသို့ကြေညာချက် မထုတ်ခင်ကလည်း ၎င်းတို့ ခန့်အပ်ထားသော ကျေးရွာအုပ်ချုပ်ရေးမှူးများကို ချေးငွေများပြန်လည်ရေးလုပ်ဆောင်ရန် စစ်ကောင်စီက ညွှန်ကြားခဲ့ကြောင်း ဖရွန်းတီးယားမြန်မာက စုံစမ်းသိရှိရသည်။

ဓနုဖြူမြို့နယ်အတွင်းရှိ အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ဧပြီသင်္ကြန်အားလပ်ရက်အပြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကျေးရွာအုပ်ချုပ်ရေးမှူးများကို အစည်းအဝေးခေါ်ခဲ့ပြီး လယ်သမားအရေးကော်မတီဖွဲ့စည်းရန်နှင့် ချေးငွေများပြန်တောင်းရန် ညွှန်ကြားခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီ၏ ချေးငွေနှင့်စပ်လျဉ်းသော ထုတ်ပြန်ချက်ကိုပင် ထိုအုပ်ချုပ်ရေးမှူးက သိရှိပုံမပေါ်ပေ။

“ချေးငွေအသစ်နဲ့ပတ်သက်ပြီး ဘာသတင်းမှ မကြားရသေးဘူး။ ကြွေးဟောင်းတွေတော့ ပြန်ဆပ်ခိုင်းဖို့ အထက်ကညွှန်ကြားထားတယ်။ ချေးငွေလိုချင်တဲ့ လယ်သမားစာရင်းလည်း မကောက်ခိုင်းသေးဘူး။ မေ ၂၆ရက်နေ့ ထုတ်ပေးမယ်ဆိုတာတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး”ဟု သူကပြောသည်။

ချေးငွေရရှိရန် မသေချာသဖြင့် လယ်သမားများသည် ငွေဖော်ရန် အခြားနည်းလမ်းများကို စဉ်းစားလာကြသည်။ စာဖြူစုကျေးရွာက တောင်သူဦးမြင့်အောင်ကမူ ဇနီးသည်၏ ရွှေဆွဲကြိုးကို ပေါင်နှံပြီး ရရှိလာသည့် ငွေစဖြင့် လိုအပ်သော လယ်ယာသုံးကုန်ကြမ်းပစ္စည်း ဝယ်ယူမည်ဟုဆိုသည်။

“လယ်ယာက ရတဲ့အမြတ်ငွေက စားဖို့လောက်ပဲ ကာမိတာ။ အစိုးရက ငွေမချေးပေးဘူးဆိုရင်တော့ ကျနော်တို့ အကျပ်အတည်းစိုက်မှာပေါ့”ဟု ၎င်းကပြောသည်။

သပိတ်မှောက်ခြင်း

စစ်ကောင်စီထံမှ ချေးငွေမရမည်ကို စိုးရိမ်နေသည့် လယ်သမားများရှိသကဲ့သို့ တစ်ဘက်တွင်လည်း စစ်အာဏာသိမ်းယူခြင်းကို ကန့်ကွက်သည့်အနေဖြင့် ချေးငွေများပြန်လည်ပေးဆပ်ရန် ငြင်းဆိုပြီး စစ်ကောင်စီထံမှ နောက်ထပ်ချေးငွေကို လက်မခံလိုသော လယ်သမားများလည်း အများအပြားရှိနေသည်။

စစ်တပ်ထုတ်ကုန်များကို မသုံးစွဲခြင်း၊ ထီမထိုးခြင်းနှင့် လျှပ်စစ်မီတာခများမပေးဆောင်ခြင်း စသည့် စစ်ကောင်စီအုပ်ချုပ်မှု မအောင်မြင်စေရန် အထွေထွေငြင်းဆန်မှုသပိတ်များကဲ့သို့ စိုက်ပျိုးချေးငွေများ ပြန်မဆပ်ခြင်းကလည်း အာဏာဖီဆန်ခြင်းလှုပ်ရှားမှုတစ်ခု ဖြစ်လာသည်။

အင်န်အယ်လ်ဒီရွေးကောက်ခံအမတ် အများစုနှင့် တိုင်းရင်းသားအမတ်အချို့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ကလည်း ယင်းလှုပ်ရှားမှုကို ထောက်ခံအားပေးထားသည်။ စိုက်ပျိုးချေးငွေ ပြန်ဆပ်ကာလကို တစ်နှစ်တိတိ နောက်ဆုတ်ပေးကြောင်းနှင့် ယင်းကာလအတွက် အတိုးနှုန်းကိုလည်း ကောက်ခံမည်မဟုတ်ကြောင်း မတ်၁၂ရက်တွင် အဆိုပါကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်းက လယ်သမားတစ်ဦးကမူ ပေးဆပ်ရန်ကျန်ရှိနေသည့် ချေးငွေ ကျပ် ၅၅၀,၀၀၀ကို ပြန်ဆပ်မည်မဟုတ်ဟု ဖရွန်းတီးယားမြန်မာကိုပြောသည်။

“အရင်နှစ်တွေတုန်းကတော့ ရပ်ကွက်ဥက္ကဋ္ဌက ချေးငွေတွေ ဘယ်နေ့နောက်ဆုံးပြန်ဆပ်ရမယ်ဆိုတာကို အသံချဲ့စက်နဲ့ လိုက်အော်တယ်။ ဒီနှစ်တော့ ဘာမှမကြားသေးဘူး။ သူတို့ပြန်ဆပ်ခိုင်းလည်း ကျနော်တို့ကတော့ ပြန်မဆပ်ဖို့ဆုံးဖြတ်ထားတယ်”ဟု မြိုင်မြို့နယ်၊ တော်ရွာကျေးရွာရှိ စပါး၊ မြေပဲနှင့် နှမ်းစိုက်ခင်း ၁၆ဧကပိုင်ဆိုင်သော တောင်သူတစ်ဦးက ပြောသည်။

“ရွာထဲက အတော်များများကတော့ ပြန်ဆပ်ကြမှာမဟုတ်ဘူး။ စစ်တပ်ကို ဘယ်သူမှမကြည်ဖြူတော့ သူ့ဆီငွေမပေးချင်ကြဘူး။ ဒေါ်အောင်ဆန်းစုကြည်တောင်းမှ ကျနော်တို့က ပြန်ပေးမှာ”ဟု သူကပြောသည်။

စစ်ကောင်စီထံမှချေးငွေကိုလည်း ယူမည့်အစား သီးနှံရိတ်သိမ်းချိန်တွင် လယ်သူရင်းငှားများကို ပေးချေရမည့် အခကြေးငွေကို ငွေတိုးချေးစားသူများထံမှ ကြွေးမြီရယူမည်ဟု ၎င်းကဆိုသည်။ “အတိုးနှုန်းကတော့ များတာပေါ့။ ဘာပဲဖြစ်ဖြစ် အကြွေးသံသရာထဲမှာ လည်နှင့်ပြီးသားပဲ။ မထူးခြားပါဘူး”ဟု သူကပြောသည်။

စစ်ကိုင်းတိုင်း၊ မြင်းခြံမြို့နယ်အတွင်းက တောင်သူဦးနေနိုင်လင်းကလည်း CRPH က ချေးငွေပြန်ဆပ်ကာလကို ဆိုင်းငံ့ပေးထားခြင်းကြောင့် ၎င်းတို့ရွာအတွင်းရှိ တောင်သူ၈၀ရာခိုင်နှုန်းခန့်က အကြွေးပြန်မဆပ်ကြသေးကြောင်းဆိုသည်။

စိုက်ဘဏ်ကလည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးသဖြင့် အကြွေးပြန်လည်ပေးဆပ်ရန် ကြန့်ကြာနေပြီး လယ်သမားအများစုကလည်း ချေးငွေအသစ်ပြန်ရတော့မည်မဟုတ်ဟု ယူဆထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျနော်က မုံရွာနဲ့မင်းကင်းကို ဆွဲနေတဲ့ကုန်ကားတစ်စီးရှိတော့ တော်သေးတာပေါ့။ လယ်စိုက်တဲ့အပေါ် အများကြီးမမှီခိုရဘူး။ တခြားလယ်သမားတွေအတွက်ကတော့ တကယ်ခက်ခဲတယ်”ဟု ဦးနေနိုင်လင်းက ပြောသည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ နေပြည်တော်စံပြကျေးရွာက တောင်သူအမျိုးသမီးတစ်ဦးကလည်း အစိုးရစိုက်ဘဏ်မှ ချေးငွေ ကျပ်၁၁သိန်းခန့်ကို ပြန်ဆပ်၊ မဆပ်ကို မဆုံးဖြတ်ရသေးကြောင်း ပြောသည်။

“CRPH က ဆိုင်းငံ့ထားပေမဲ့ စစ်ကောင်စီက ပြန်တောင်းနေပြီ။ အများစုကတော့ ပြန်မပေးချင်ကြဘူး။ ကျမလည်းစောင့်ကြည့်နေတာ။ ချေးငွေပြန်ဆပ်တဲ့လူများရင်တော့ ပြန်ဆပ်ရမှာပေါ့။ မဆပ်ကြရင်တော့ ကျမလည်း မဆပ်ဘူး”ဟု ၎င်းကပြောသည်။

စစ်အာဏာရှင်များကပေးမည့် ချေးငွေကိုလည်းမလိုချင်ဟု သူကဆိုသည်။ “သူတို့ဆီကပိုက်ဆံကို မလိုချင်ဘူး။ လာမယ့်ရာသီအတွက် ငွေမလောက်ရင်တောင် တစ်ခြားနည်းနဲ့ပဲ ရှာတော့မယ်”ဟု အဆိုပါတောင်သူအမျိုးသမီးက ပြောသည်။

သို့သော် တစ်ဘက်တွင်လည်း လယ်သမားများသည် ချေးငွေပြန်မဆပ်ပါက လယ်ယာပိုင်ဆိုင်ကြောင်းသက်သေဖြစ်သည့် ပုံစံ- ၇ ကို ဆုံးရှုံးမည်ကို စိုးရိမ်ကြောင်း ဓနုဖြူမြို့နယ်က တောင်သူဒေါ်မြသက်မူက ဆိုသည်။ ချေးငွေများချေးယူစဉ်က စိုက်ဘဏ်သည် တောင်သူများ၏ ပုံစံ−၇ မူရင်းများကို ထိန်းသိမ်းထားပြီး ချေးငွေပြန်ဆပ်မှသာ ပြန်လည်ထုတ်ပေးလေ့ရှိသည်။

“ပုံစံ- ၇ မရှိရင် လယ်ကိုရောင်းလို့မရသလို ပိုင်ဆိုင်ကြောင်းလည်းပြလို့မရဘူး”ဟု  ဒေါ်မြသက်မူကပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.