Daw Tin Tin, 57, smokes a cheroot in the informal housing she shares with relatives in the Yay Oak Kan section of Yangon's Hlaing Tharyar Township on May 1. (Frontier)
လှိုင်သာယာမြို့နယ်၊ ရေအုတ်ကန်ရပ်ကွက်တွင်နေထိုင်ပြီး အသက်၆၆နှစ်ရှိပြီဖြစ်သည့် ဒေါ်တင်တင်က ၎င်း၏တဲ့အိမ်ငယ်လေးတွင် ဖရွန်းတီးယားမြန်မာကို မေ၁ရက်က လက်ခံတွေ့ဆုံ၍ အခက်အခဲများကို ပွင့်လင်းစွာ ပြောပြခဲ့သည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ကျူးကျော်တဲများထဲက ဆာလောင်မွတ်သိပ်သံများ

ဖေဖော်ဝါရီ၁ရက် အာဏာသိမ်းလိုက်သည့်နောက် နိုင်ငံ့စီးပွားရေး အကျပ်အတည်းစိုက်ခဲ့သည်။ ယင်းအကျိုးဆက်သည် ကိုဗစ်-၁၉ ကပ်ရောဂါရိုက်ခတ်မှုအောက်တွင် ရုန်းမထနိုင်သော မြို့ပြများရှိ အိမ်ခြေရာမဲ့ (ကျူးကျော်) များကို ငတ်မွတ်ခြင်းဆီတွန်းပို့လျက်ရှိသည်။

ဖရွန်းတီးယားမြန်မာ

နေ့စဉ်စားဝတ်နေရေးအတွက် လုံးပန်းနေရခြင်းကြောင့် တိုင်းပြည်အတွင်းဖြစ်ပျက်နေသမျှ နိုင်ငံရေးအခင်းများကို ဒေါ်သန်းအေး စိတ်မဝင်စားနိုင်ပေ။ သူသိသမျှ နိုင်ငံရေးအကျပ်အတည်းမှာ အာဏာသိမ်းပြီး သုံးလကျော်အတွင်း ၁၇နှစ်မှ ၃၀နှစ်ကြားအရွယ် ကျန်းမာသန်စွမ်းလှသော သား၊ သမီးခြောက်ယောက်သည် ပိုက်ဆံရှာနိုင်မည့် အလုပ်မှန်သမျှကို လက်လွှတ်ဆုံးရှုံးနေရခြင်းဖြစ်သည်။

“အိမ်မှာ အလုပ်လုပ်နိုင်တဲ့အရွယ် ခြောက်ယောက်ရှိတယ်။ ဒါပေမဲ့ မြင်တဲ့အတိုင်းပဲ။ တစ်နေကုန်ဘာအလုပ်မှမရှိဘဲ အားလုံးအိမ်မှာပဲထိုင်နေကြရတယ်”ဟု လှိုင်သာယာစက်မှုဇုန်အနီး၊ ကျူးကျော်ရပ်ကွက်တစ်ခုရှိ ယိုင်နဲ့နဲ့တဲအိမ်ဝတွင် ထိုင်နေသည့် အမျိုးသမီးကြီးက ပြောလိုက်သည်။

အာဏာသိမ်းခြင်းက နိုင်ငံ့စီးပွားရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေခဲ့သဖြင့် ဒေါ်သန်းအေး၏မိသားစုဝင်များသည် အလုပ်ရှာရခက်သထက်ခက်ခဲလာပြီး နေ့စဉ်စားစရိတ်ကိုပင် လောက်ငအောင်မရှာဖွေနိုင်တော့ပေ။ ၎င်းတို့မိသားစုဝင်များသည် ယခင်ကဈေးများ၊ ဆောက်လုပ်ရေးလုပ်ခွင်များနှင့် အထည်ချုပ်စက်ရုံများတွင် အလုပ်လုပ်ခဲ့ကြသူများဖြစ်သည်။ ယခု ယင်းအလုပ်များအားလုံး ပိတ်သိမ်းသွားခဲ့သဖြင့် အလုပ်လက်မဲ့ဖြစ်ကုန်ကြသည်။

“မနက်အိပ်ရာထတာနဲ့ ပထမဦးဆုံးဝင်လာတဲ့အတွေးက ဒီနေ့ထမင်းစားဖို့ ပိုက်ဆံဘယ်ကရှာရမလဲဆိုတာပဲ။ နေ့တိုင်းထမင်းကို ငါးပိရည်၊ တို့စရာနဲ့ပဲ ပြီးရတာပဲ။ တစ်ခါတစ်လေဆို တို့စရာတောင် မတတ်နိုင်လို့ ငါးပိနဲ့ပဲ နှယ်စားရတယ်”ဟု ဒေါ်သန်းအေးက ပြောသည်။

သူတို့ မိသားစုသည် လွန်ခဲ့သည့် ၁၂နှစ်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်မှ လှိုင်သာယာမြို့နယ်၊ ရေအုတ်ကန်ရပ်ကွက်သို့ ပြောင်းရွှေ့လာခဲ့သည်။ ထိုစဉ်က သားများ အလုပ်လုပ်ကိုင်နိုင်သည့် အရွယ်သို့ရောက်လာသည့်အခါ အလုပ်အကိုင်အခွင့်အလမ်းပေါများရာ ရန်ကုန်ဘက်သို့ ရွှေ့ပြောင်းအခြေချခဲ့ကြသည်။

တစ်နှစ်ခန့်ကြာမြင့်ခဲ့သော ကိုဗစ်-၁၉ကပ်ရောဂါနှင့် အာဏာသိမ်းမှုတို့ကြောင့် ဒေါ်သန်းအေးတို့မိသားစုအပါအဝင် သိန်းနှင့်ချီသော ကျူးကျော်များသည် အလုပ်လက်မဲ့ဖြစ်ကုန်ကြပြီး အငတ်ဘေးဆိုက်မည့် အခြေအနေတစ်ရပ် ကြုံတွေ့လာရသည်။

“အာဏာမသိမ်းခင်က မြို့ထဲက ဆောက်လုပ်ရေးဆိုက်တွေက ကားကြီးတွေနဲ့ မနက်တိုင်း အလုပ်သမားတွေလာစုပြီး ခေါ်လေ့ရှိတယ်။ အခုတော့ အဲဒီဆိုက်တွေလည်း ပိတ်သွားပြီထင်ပါတယ်။ အာဏာသိမ်းပြီးကတည်းက တစ်ခါမှလာမခေါ်တော့ဘူး”ဟု ဒေါ်သန်းအေးက ပြောသည်။

အနာဂတ်တွင် ပိုမိုဆိုးဝါးလာမည့် ဘဝများ

ရေအုတ်ကန်ရပ်ကွက်အတွင်းက ထောင်နှင့်ချီသော ကျူးကျော်မိသားစုများသည် စက်မှုဇုန်တည်ရှိရာ မြို့နယ်များရှိ မြေလွတ်မြေရိုင်းများတွင် တဲထိုး၍လည်းကောင်း၊ အိမ်ရာတည်ဆောက်၍လည်းကောင်း နေထိုင်ကြသည်။ လစဉ်ငှားရမ်းခ မပေးရသော်လည်း တစ်ခါတစ်ရံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို လာဘ်ငွေများ၊ လက်ဆောင်ပစ္စည်းများ ပေးကြရသည်။

၂၀၁၆က ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရန်ကုန်မြို့ပေါ်တွင် ကျူးကျော် အိမ်ထောင်စုပေါင်း ၁၁၀,၀၀၀ ကျော်ရှိပြီး လူဦးရေအားဖြင့် ၄၄၀,၀၀၀ကျော်ရှိသည်ဟု ခန့်မှန်းခဲ့သည်။ ၎င်းတို့အနက်မှ အများစုမှာ လှိုင်သာယာနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် နေထိုင်သူများဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ၂၀၁၇တွင် ကျူးကျော်များကို နေရာပြန်လည်ချထားရန် ကြိုးပမ်းခဲ့ပြီး စီမံကိန်းအစိတ်အပိုင်းတစ်ခုအဖြစ် ကျူးကျော်များကို စမတ်ကတ်များ စတင်ထုတ်ပေးခဲ့သည်။ ကျူးကျော်အဖြစ် တရားဝင်အသိအမှတ်ပြုကတ်များသည် တန်ဖိုးနည်းအိမ်ရာများတွင် တိုက်ခန်းများဝယ်ယူရာတွင် ဦးစားပေးခံရမည်ဟု ပြောဆိုမှုများရှိသော်လည်း ဆောက်လုပ်ပြီးစီးသွားသော တန်ဖိုးနည်းအိမ်ရာများကို တစ်လဝင်ငွေ အနိမ့်ဆုံး ကျပ်တစ်သိန်းမှ ကျပ်သုံးသိန်းအထိရှိသော အိမ်ထောင်စုများကသာ လက်လှမ်းမီခဲ့သည်။ ဖရွန်းတီးယားမြန်မာက တွေ့ဆုံခဲ့သော ကျူးကျော်မိသားစု အများစုမှာ ထိုအိမ်ရာများကို လက်လှမ်းမမီနိုင်သူများဖြစ်ကြသည်။

“စမတ်ကတ်ကိုတော့ လုံခြုံတဲ့နေရာမှာ အမြဲသိမ်းထားတယ်။ ဒါပေမဲ့လည်း အိမ်ရာနဲ့ ပတ်သက်တာတော့ ၂၀၁၇ ကတ်ထုတ်ပေးပြီးကတည်းက တစ်ခါမှမကြားရတော့ပါဘူး။ စစ်တပ်ကတည်း ကျမတို့လက်လှမ်းမီလောက်မယ့် အိမ်ရာစီမံကိန်းတွေကို ဆက်လုပ်မှာလည်း မဟုတ်တော့ပါဘူး”ဟု ရေအုတ်ကန်ရပ်ကွက်က ကျူးကျော်နေထိုင်သူတစ်ဦးအဖြစ် မှတ်ပုံတင်ထားသူ ဒေါ်စန်းစန်းဝင်းက ပြောသည်။

အဆိုပါအိမ်ထောင်စုများ၏ ကျူးကျော်တဲအိမ်များမှ ပိုမိုကောင်းမွန်သော အိမ်ခြေများသို့ ရွှေ့ပြောင်းနိုင်ရေးမျှော်လင့်ချက်များသည် အာဏာသိမ်းလိုက်သည့်နောက်တွင် ဝေးလွင့်ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။ ကျူးကျော်နေထိုင်သူများကို ရတပ်မအေးစေသော သတင်းတစ်ခုကလည်း ၎င်းတို့ကြားတွင် ပျံ့နှံ့နေသည်။ယင်းမှာ စစ်တပ်ကခန့်ထားသော ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျူးကျော်များထံမှ တစ်လလျှင် ကျပ်၃၀,၀၀၀ ကောက်ခံမည်ဖြစ်ပြီး မပေးနိုင်ပါက ဖယ်ရှားခြင်းခံမည်ဟူသော သတင်းပင်ဖြစ်သည်။

ယခုအချိန်အထိ ယင်းသို့ဖယ်ရှားခံရသူများကို ဖရွန်းတီးယားမြန်မာက မတွေ့ဆုံနိုင်သေးသော်လည်း မေးမြန်းခဲ့သော ကျူးကျော်အားလုံးက ယင်းသတင်းကို ကြားသိနေရကြောင်း ပြောကြသည်။ သို့သော် ဧပြီတတိယပတ်အတွင်းက လှိုင်သာယာမြို့နယ်၊ ရှမ်းကျောင်းရပ်ကွက်တွင် ကျူးကျော်တဲ အလုံး၃၀ခန့် ဖယ်ရှားခံခဲ့ရသည်ကို တွေ့မြင်ခဲ့ရသည်။

ရပ်ကွက်ဆယ်အိမ်မှူးတစ်ဦးက ယင်းသို့ဖယ်ရှားခဲ့ခြင်းမှာ ငွေကြေးကိစ္စကြောင့်မဟုတ်ဘဲ မြေပိုင်ရှင်ထံမှတိုင်ချက်ရ၍ ဖယ်ရှားခဲ့သည်ဟု ပြောသည်။

ကျူးကျော်ဧရိယာတွင် နေထိုင်သူများသည် ကနဦးရောက်စတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ကျပ် ၃၀,၀၀၀ပေးရပြီး အုပ်ချုပ်ရေးမှူး၏တပည့်တပန်းများက ၎င်းတို့အဝန်းအဝိုင်းတွင် ဖြစ်ပျက်နေသမျှကို အမြဲတစေ စောင့်ကြည့်နေသည်ဟု ရှမ်းကျောင်းရပ်ကွက်ကျူးကျော်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

“၃၀,၀၀၀ မပေးရင် ဖျက်မယ်ဆိုတဲ့ကိစ္စတော့ ကျနော်တို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဘာမှမပြောသေးဘူး။ အဲဒါက အုပ်ချုပ်သူတစ်ဦးချင်းစီရဲ့ သဘောထားနဲ့ပဲဆိုင်မှာပဲ။ အခုအချိန်မှာ အာဏာကိုအလွဲသုံးချင်တဲ့လူကတော့ လုပ်ကောင်းလုပ်မှာပါ”ဟု ရှမ်းကျောင်းရပ်ကွက်ရှိ ဆယ်အိမ်မှူးတစ်ဦးက ပြောသည်။

ကျူးကျော်ဖြစ်ကြောင်း အသိအမှတ်ပြု စမတ်ကတ်များထုတ်ပေးစဉ်က တစ်နေ့တွင် အိမ်ပိုင်ရာပိုင်ဖြစ်တော့မည်ဟု ဒေါ်စန်းစန်းဝင်း မျှော်လင့်ခဲ့မိသည်။ ယခုတွင်မူ မိမိ၏ကျူးကျော်တဲလေးပင် ဖယ်ရှားခံရမည့်အရိပ်အယောင်များအောက်တွင် အိမ်ရာအိပ်မက်မှာ ပျောက်ကွယ်သွားခဲ့ရတော့သည်။

“လစဉ်ပေးရမယ်ဆို ကျမတို့ဒီငွေကို အလျှင်မှီအောင် ဘယ်ရှာနိုင်မလဲ”ဟု သူက ဆိုသည်။ ၎င်း၏ သမီးသုံးယောက်မှာ အနီးရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသော်လည်း ထိုစက်ရုံမှာ မေလကုန်တွင် ပိတ်သိမ်းတော့မည်ဖြစ်သည်။

“သူတို့ရတဲ့လစာက စားဖို့လောက်ပဲကာမိတာ။ လစဉ်ကြေးပေးရမယ်ဆိုရင်တော့ ဘာဆက်လုပ်ရမလဲ ကျမ မသိတော့ပါဘူး။ သူတို့လုပ်သမျှ ခံရမှာပဲ။ ဖျက်မယ်ဆိုတော့လည်း အဖျက်ခံရမှာပဲ”ဟု သူကပြောသည်။

ကူညီထောက်ပံ့သူမရှိသည့် အလုပ်လက်မဲ့များ

ဒေါ်တင်တင်တို့မိသားစုတွင် သမီးတစ်ဦးကသာ အလုပ်ရှိပြီး မိခင်၊ ကျန်းမာရေးမကောင်းသောညီမနှင့် ၎င်း၏ သားသမီးနှစ်ဦးကို ထိုသမီးဖြစ်သူ တစ်ဦးတည်းက ရှာဖွေကျွေးမွေးရသည်။ သူသည် ယခင်ကအထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ခဲ့ပြီး ထိုအလုပ်မှာ ဧပြီလဆန်းကတည်းက လုပ်ငန်းပိတ်သိမ်းသွားခဲ့သည်။ ယာယီသုံးလပိတ်သည်ဟုဆိုကာ အလုပ်သမားအားလုံးကို သုံးလ လစာမဲ့ခွင့်ပေးခဲ့ကြောင်း ဒေါ်တင်တင်ကပြောသည်။

“ကျမသမီးက ယောက်ျားမရှိဘဲ သမီးနှစ်ယောက်ကို တစ်ဦးတည်း စောင့်ရှောက်နေရတာ။ သူက အိမ်ထောင်ဦးစီးပေါ့။ စက်ရုံက သုံးလပိတ်တယ်ဆိုတော့ ဇူလိုင်အထိ ဘာဝင်ငွေမှမရှိဘူး။ သုံးလအလွန်မှာ ပြန်ဖွင့်မယ်၊ မဖွင့်ဘူးကလည်း မသေချာဘူး”ဟု ၎င်းက ပြောသည်။ ယခုအခါ သူတို့မိသားစုမှာ အတိုးကြီးစားသော ကြွေးရှင်များထံတွင် ကြွေးမြီများစွာ တင်ရှိနေပြီဟု ၎င်းကဆိုသည်။

“ကြွေးရှင်လေးဦးဆီက ယူထားတာ စုစုပေါင်း ခုနစ်သိန်းကျော်လောက်ရှိတယ်။ ၂၀ကျပ်တိုးနဲ့ ၃၀ကျပ်တိုးတွေပေါ့။ အတိုးပဲတစ်လကို နှစ်သိန်းလောက်ပေးရတယ်။ အတိုးကို အချိန်မီ မဆပ်နိုင်ရင် အတိုးပေါ်အတိုးဆင့်ပြီး တောင်းတယ်”ဟု ဒေါ်တင်တင်ကပြောသည်။

အသက်၆၆နှစ်ရှိပြီဖြစ်သည့် ဒေါ်တင်တင်က အနီးအနားရှိ ငါးစက်ရုံနှင့်ဈေးများတွင် အလုပ်ရှာဖွေနေသော်လည်း အသက်ကြီးနေသော အမယ်အိုတစ်ဦးကို အလုပ်ပေးချင်သူမရှိဟု သူက ဆိုသည်။

လက်ကားဈေးကြီးတစ်ခုတွင် ကုန်ထမ်းသမားအဖြစ်လုပ်ကိုင်ခဲ့သော ဦးမောင်ဝင်းသည်လည်း စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီနောက်ပိုင်းတွင် အလုပ်လက်မဲ့ဖြစ်လာသူတစ်ဦး ဖြစ်သည်။

“ဈေးထဲမှာ အလုပ်သမားတွေကိုနေ့ဆိုင်း၊ ညဆိုင်းခွဲထားတယ်။ အာဏာသိမ်းပြီး ညမထွက်ရအမိန့်ထုတ်လိုက်တော့ ညဆိုင်းသမားတွေ အလုပ်မရှိတော့ဘူး။ နေ့ဆိုင်းဘက်မှာလည်း လူကများလာပြီး အလုပ်ကမပေးနိုင်တော့ဘူး”ဟု ၎င်းကပြောသည်။

လှိုင်သာယာမြို့နယ်အတွင်းက ကျူးကျော်ရပ်ကွက်တစ်ခုကို မေ၁ရက်က မြင်တွေ့ခဲ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခဲ့သည့် ကာလအတွင်း အလုပ်သမားသောင်းနှင့်ချီ အလုပ်လက်မဲ့ဖြစ်ခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သော အစိုးရအဖွဲ့က ငွေသားထောက်ပံ့မှုနှင့် လူမှုကူညီရေးအဖွဲ့များက အခြေခံစားသောက်ကုန်လှူဒါန်းမှုများ မကြာခဏပြုလုပ်ခဲ့သည်။ အဆိုပါဆောင်ရွက်ချက်က ဆင်းရဲနွှမ်းပါးသောလူများကို များစွာအထောက်အကူပြုခဲ့သည်။

ကိုဗစ်-၁၉ထောက်ပံ့ကြေးအဖြစ် ယမန်နှစ်က အစိုးရထံမှ ငွေကျပ် ၄၀,၀၀၀ တစ်ကြိမ်နှင့် ၂၀,၀၀၀ နှစ်ကြိမ် လက်ခံရရှိခဲ့ကြောင်းနှင့် လူမှုကူညီရေးအဖွဲ့များကလည်း မကြာခဏ လာရောက်လှူဒါန်းလေ့ရှိခဲ့ကြောင်း ဒေါ်သန်းအေးကပြောသည်။ အာဏာသိမ်းပြီးသည့်နောက်တွင် မည်သည့်လှူဒါန်းမှုမျှ မရှိတော့ဘဲ စစ်တပ်ကလာဝေသော ဆန်နှစ်ကီလိုဂရမ်ခန့် (တစ်ပြည်ဝန်းကျင်)နှင့် ဆီအနည်းငယ်သာ တစ်ကြိမ်ရဖူးသည်ဟု သူကဆိုသည်။

ရပ်ကွက်သို့ လာရောက်လှူဒါန်းလိုသော လူမှုအဖွဲ့အစည်းများကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများကတားမြစ်နေသည်ဟု ဒေသခံကျူးကျော်များက ဆိုသည်။

“ပြီးတဲ့သုံးလေးပတ်လောက်က ဆန်ဆီတွေလှူဖို့ဆိုပြီး အဖွဲ့တစ်ဖွဲ့ ရပ်ကွက်ထဲလာသေးတယ်။ ဒါပေမဲ့ ဥက္ကဋ္ဌရဲ့တပည့်တွေက ရပ်ကွက်ထဲ အဝင်မခံဘူး။ လှူချင်ရင် ရပ်ကွက်ရုံးကို အရင်လာပြီး အဖွဲ့နာမည်တွေ၊လူနာမည်တွေ စာရင်းလာပေးရမယ်လို့ ပြောတယ်။ အဲဒီအဖွဲ့လည်း မလှူတော့ဘဲပြန်သွားတယ်”ဟု ဒေါ်သန်းအေးက ပြောသည်။

လတ်ရှိအချိန်တွင် အရပ်ဘက်လူမှုအဖွဲ့များသည် စစ်ကောင်စီ၏ ခြေရာခံခြင်း၊ ဖမ်းဆီးခြင်းများကြောင့် ရှောင်တိမ်းနေရသည့် ကာလဖြစ်သည်။ အထူးသဖြင့် လှိုင်သာယာမြို့နယ်တွင် မတ်၁၄ရက်က ဆန္ဒပြသူများကို ရက်ရက်စက်စက် သတ်ဖြတ်ဖြိုခွဲမှုအတွင်း ဒဏ်ရာရသူများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် ပရဟိတအဖွဲ့များ၊ အရပ်ဘက်အဖွဲ့များကို နောက်ပိုင်းတွင် စစ်ကောင်စီက ပစ်မှတ်ထားဖမ်းဆီးလာသည်။ ယင်းကြောင့် လူမှုကူညီရေးအဖွဲ့အစည်းအများစုသည် အဖွဲ့ဆိုင်းဘုတ်များ ဖြုတ်ချရသည့်အပြင် အဖွဲ့ဝင်များလည်း တိမ်းရှောင်ထွက်ပြေးကြရသည်။ ထို့ပြင် အဖွဲ့ပိုင် လူနာတင်ယာဉ်များကိုလည်း လူမြင်ကွင်းမှလည်း ကွယ်ဝှက်ကာ ပုန်းလျှိုးကွယ်လျှိုး သွားလာကြရသည်။

ကိုဗစ်-၁၉ကာလအတွင်း ကြုံတွေ့ခဲ့ရသည့် စားဝတ်နေရေး အခက်အခဲများထက် စစ်အာဏာသိမ်းပြီးနောက် ကြုံတွေ့နေရသည့် အခြေအနေများက အဆမတန် ပို၍ဆိုးဝါးလှသည်ဟု မှတ်ချက်ပြုရင်း ဒေါ်သန်းအေးက ညည်းညူလိုက်သည်။

“ကိုဗစ်တုန်းက မငတ်ဘူး။ အခုမှ အငတ်ဘေးဆိုက်တော့တာပဲ”

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.