မကြယ်စင်နောက်တွင် ရှိနေသူတစ်ဦးက အခြားစနိုက်ပါတစ်ဦးနှင့် ၎င်းအားပစ်သတ်ရန် ပူးပေါင်းခဲ့သည်ဟု TikTok ဗွီဒီယိုတစ်ခုက ဆိုသည်။

ဆန္ဒပြသူတွေ သေဆုံးရခြင်းအပေါ် အပြစ်ဖို့စရာ လုပ်ကြံသတင်းတွေ ဖန်တီးနေ

လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဆန္ဒပြသူတွေသေဆုံးမှုနဲ့ပတ်သက်ပြီး အများကရှုတ်ချတာတွေရှိလာတဲ့အတွက် နိုင်ငံပိုင်သတင်းမီဒီယာနဲ့ တပ်မတော်ထောက်ခံသူ ဆိုရှယ်မီဒီယာအကောင့်တွေဟာ တတိယအဖွဲ့အစည်းက ပစ်သတ်နေတာလို့ စွပ်စွဲပြောဆိုလာကြပါတယ်။

ဖရွန်းတီးယားမြန်မာ

ဆယ်ကျော်သက်လူငယ်တွေအပါအဝင် လက်နက်မဲ့ဆန္ဒပြပြည်သူ အမြောက်အမြားသေဆုံး ရခြင်းနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ကို တစ်ကမ္ဘာလုံးနီးပါးက ပြစ်တင်ရှုတ်ချလာတဲ့အတွက် အရင်က လုပ်နေကျနည်းလမ်းအတိုင်း မဟုတ်မမှန်သတင်းတွေ လုပ်ကြံဖန်တီးလာပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေဟာ ဆန္ဒပြသူတွေကို သေနတ်နဲ့ မပစ်သတ်ကြောင်းနဲ့ ဒီလိုပစ်ခတ်သတ်ဖြတ်မှုတွေကို တတိယအဖွဲ့အစည်းတစ်ခုက လုပ်နေတာပါလို့ တပ်ထောက်ခံသူ ဆိုရှယ်မီဒီယာအကောင့်တွေနဲ့ နိုင်ငံပိုင်သတင်းဌာနတွေမှာ မကြာသေးခင်က ပြောဆိုလာကြပါတယ်။

တတိယအဖွဲ့အစည်းကလုပ်တာဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေကို ဆိုရှယ်မီဒီယာမှာ မတ်၄ရက်မှာ ပျံ့နှံ့နေခဲ့ပြီး နောက်တစ်ရက် သောကြာနေ့မှာတော့ နိုင်ငံပိုင်သတင်းစာတွေဖြစ်တဲ့ Global New Light of Myanmar၊ မြန်မာ့အလင်း၊ ကြေးမုံနဲ့ စစ်တပ်ပိုင် မြဝတီသတင်းစာတွေမှာ အလားတူစွပ်စွဲပြောဆိုမှုတွေ ဖော်ပြခဲ့ပါတယ်။

မတ်၅ရက်၊ သောကြာနေ့ထုတ် နိုင်ငံပိုင် Global New Light of Myanmar သတင်းစာမှာ ဆန္ဒပြသူတွေ သေဆုံးတာနဲ့ပတ်သက်ပြီး တခြားသူတွေကို အပြစ်ဖို့ထားတဲ့ သတင်းနှစ်ပုဒ် ဖော်ပြထားပါတယ်။ တစ်ပုဒ်ကတော့ “ဆန္ဒပြသူတွေ သေဆုံးရခြင်းဟာ လုံခြုံရေးတပ်ဖွဲ့တွေကြောင့် မဟုတ်ဘဲ ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ မသမာသူတစ်စုရှိလိမ့်မယ်”လို့ ဖော်ပြထားပါတယ်။

နောက်တစ်ပုဒ်ကတော့ မတ်၃ရက်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်နေ အသက်၁၉နှစ်အရွယ် မကြယ်စင်သေဆုံးမှုဟာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လက်ချက်မဟုတ်ဘူးလို့ အတိအလင်း ငြင်းဆိုထားတာပါ။ မျက်မြင်တွေကတော့ မကြယ်စင်ဟာ ဆန္ဒပြနေစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေပစ်လိုက်တဲ့ကျည်ဆန် သူ့ခေါင်းနောက်ကို ထိမှန်သွားတာလို့ ပြောပါတယ်။

ဒီသတင်းမှာတော့ “မကြယ်စင်ရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်သွားမယ်” လို့ စစ်ကောင်စီက ပြောထားပေမဲ့ “ကျွမ်းကျင်ပညာရှင်” တွေရဲ့ သုံးသပ်ချက်ကို ကိုးကားပြီး လုံခြုံရေးတပ်ဖွဲ့တွေ အပြစ်လွတ်အောင် ဖော်ပြထားပါတယ်။ “မကြယ်စင်၏ ဓာတ်ပုံပါ ဒဏ်ရာအရ အဓိကရုဏ်းလက်နက်နှင့် ထိခိုက်သောဒဏ်ရာမဟုတ်ကြောင်းနှင့် အဓိကရုဏ်းနှိမ်နှင်းရေးလက်နက် သို့မဟုတ် ကျည်စစ်ကျည်မှန်ဖြင့် ထိခိုက်သောဒဏ်ရာဖြစ်ပါက သေဆုံးသူ၏ ဦးခေါင်းအနေအထားမှာ အကောင်းပကတိရှိရန် မဖြစ်နိုင်ကြောင်း အမှန်တရားလိုလားသည့် သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များ၏ သုံးသပ်ချက်များလည်း လက်ခံရရှိခဲ့ကြောင်း သိရသည်”လို့ ဖော်ပြထားပါတယ်။

မကြယ်စင်ရဲ့ဒဏ်ရာကို စုံစမ်းစစ်ဆေးဖို့လုပ်တာဟာ လုံခြုံရေးတပ်ဖွဲ့တွေ အပြစ်ကင်းကြောင်း ပြဖို့အတွက် ဆောင်ရွက်တာဖြစ်ပုံရပါတယ်။ မကြယ်စင်ကို ဂူသွင်းသဂြိုဟ်ပြီး မတ်၅ရက် ညပိုင်းမှာ စစ်တပ်က သူ့ရဲ့အုတ်ဂူကိုဖွင့်ပြီး အလောင်းကို ပြန်စစ်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေသေဆုံးရခြင်းဟာ စစ်တပ်နဲ့ရဲကြောင့်မဟုတ်ဘဲ တစ်စုံတစ်ယောက်ကြောင့်ဖြစ်ရ တာဆိုတဲ့ ပို့စ်တွေ ရာနဲ့ချီတဲ့ Facebook နဲ့ Tiktok အကောင့်တွေမှာ မတ်၄ရက်က ပြန်လည်ဝေမျှ ထားကြပါတယ်။ ဖရွန်းတီးယားမြန်မာက ရှာတွေ့ထားတဲ့အစောဆုံး ပို့စ်တွေထဲကတစ်ခုကတော့ ညပိုင်းအင်တာနက်လိုင်းတွေ ပိတ်ထားတဲ့အချိန်အတွင်းဖြစ်တဲ့ မနက်၅နာရီ၃၄မိနစ်မှာ ပြန်လည်မျှဝေ ထားတာပါ။

အင်တာနက်လိုင်းတွေကို ဖေဖော်ဝါရီ၁၄ရက်ကစပြီး မနက်၁နာရီကနေ ၉နာရီအထိ ပိတ်ထားဖို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဆက်သွယ်ရေးကုမ္ပဏီတွေကို ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ အင်တာနက်လိုင်းကို လုံးဝဖြတ်တောက်လိုက်တာတော့ မဟုတ်ပါဘူး။ ဆိုက်ဘာလုံခြုံရေးနဲ့ အင်တာနက်အသုံးပြုမှုအပေါ် အစိုးရတွေရဲ့ ထိန်းချုပ်မှုကို အမြဲစောင့်ကြည့်နေတဲ့ NetBlocks အဖွဲ့ရဲ့ အင်တာနက်အသုံးပြုမှု အချက်အလက်တွေအရ မြန်မာနိုင်ငံအတွင်း အင်တာနက်ကွန်နက်ရှင်ဟာ ပုံမှန်အသုံးပြုနှုန်းရဲ့ ၂၀ရာခိုင်နှုန်းလောက်သာရှိတယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးသူတွေရဲ့ ကိုယ်ခန္ဓာပေါ်မှာတွေ့ရတဲ့ ကျည်ဆန်တွေဟာ စစ်တပ်ကအသုံးပြုတဲ့ ကျည်တွေနဲ့ မတူတဲ့အပြင် ၈၈အရေးအခင်းတုန်းက စစ်တပ်ကဖြိုခွဲမှုကြောင့် ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးသွားကြတဲ့ ကျောင်းသားတွေဖွဲ့စည်းထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)အဖွဲ့ကသုံးတဲ့ ကျည်ဆန်တွေနဲ့တူတယ်ဆိုပြီး မတ်၄ရက်မှာ တက်လာတဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်တစ်ခုမှာ ရေးသားထားပါတယ်။ ၂၀၁၅မှာ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ် (အင်န်စီအေ)ကို လက်မှတ်ရေးထိုးခဲ့တဲ့ ABSDFအဖွဲ့မှာရှိတဲ့ စစ်သားဦးရေဟာ အလွန်ဆုံးရှိမှ ရာဂဏန်းလောက်ပါပဲ။

ကျည်အစစ်သုံးကြောင်း သက်သေအထောက်အထားတွေ အများကြီးရှိနေပေမဲ့လည်း “ရဲနဲ့ စစ်သားတွေဟာ ကျည်အစစ်တွေမသုံးရသေးပါဘူး။ ရာဘာကျည်တွေပဲ သုံးတာပါ”လို့လည်း အဲဒီပို့စ်မှာ ပြောင်းပြန် ရေးထားပါသေးတယ်။ ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ပစ်သတ်မယ်လို့ စစ်သားတွေက ခြိမ်းခြောက်နေတဲ့ ဗီဒီယိုတွေလည်း မြန်မာနိုင်ငံသားတွေအသုံးများတဲ့ ဆိုရှယ်မီဒီယာ Tiktokမှာ အများကြီးတွေ့နိုင်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေ ပစ်လိုက်တဲ့ ကျည်အစစ်ထိလို့ ဒဏ်ရာရလာတဲ့ ဆန္ဒပြသူတွေကို ဆေးကု ပေးခဲ့ရတယ်လို့ မန္တလေးက အမျိုးသမီးဆရာဝန်တစ်ဦးက ဆိုပါတယ်။

ဒီလို မမှန်သတင်းလုပ်ကြံဖော်ပြထားတဲ့ပို့စ်ကို ပြန်လည်ဝေမျှလိုက်ရင် ဆိုရှယ်မီဒီယာ ပလက်ဖောင်းကန ဖြုတ်ချလိုက်တာကြောင့် ပို့စ်မပျောက်သွားအောင် ရှောင်လွှဲတဲ့အနေနဲ့   follower ရာပေါင်းများစွာက ပြန်ကူးယူပြီးဖော်ပြခဲ့ကြပါတယ်။ အဲဒီလို ပြန်လည်ဝေမျှပေးတဲ့ အကောင့်တစ်ခုစီမှာလဲ follower နှစ်သောင်းနီးပါးလောက်ရှိပြီး တခြားအကောင့်ထောင်ပေါင်း များစွာကလည်း ဒီလိုပို့စ်တွေကိုထပ်ပြီး မျှဝေထားကြပါတယ်။

ကျည်အစစ်ဖြင့် ပစ်ခတ်ဖြိုခွင်းမှုအတွင်း သေဆုံးသွားသည့် မန္တလေးမြို့က အသက်၁၉နှစ်အရွယ် မကြယ်စင်၏ အုတ်ဂူကို မြင်တွေ့ရစဉ်။ ဈာပနအခမ်းအနားအပြီး နောက်တစ်ရက်တွင် စစ်ကောင်စီက အုတ်ဂူကိုဖွင့်၍​ မကြယ်စင်၏ အလောင်းကို ပြန်လည်စစ်ဆေးခဲ့သည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

မတ်၃ရက်မှာတက်လာတဲ့ အလားတူ ဖေ့စ်ဘွတ်ခ်ပို့စ်တစ်ခုမှာလည်း “နိုင်ငံတကာ ဖိအားတွေ ထင်သလောက် မဖြစ်လာပါဘူး”လို့ပြောထားသလို “ဆန္ဒပြပွဲတွေမှာ လူထုပါဝင်မှုမရှိဘူး”လို့လည်း ရေးထားပါတယ်။

ဒီရေးသားဖော်ပြချက်တွေဟာ အမှန်တကယ်ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ လုံးဝ ပြောင်းပြန်အနေအထားတွေပါ။ လက်ရှိအချိန်မှာ စစ်တပ်အပေါ် နိုင်ငံတကာဖိအားတွေဟာ တဖြည်းဖြည်း များပြားလာနေပါတယ်။ နိုင်ငံအများစုဟာ စစ်ကောင်စီကို အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုရာရောက်သွားစေမယ့် အရာတစ်ခုကိုမှ မလုပ်မိအောင် သတိထားဆောင်ရွက်နေကြပါတယ်။ နိုင်ငံတွင်းမှာတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ပြည်သူသန်းနဲ့ချီပြီး လမ်းပေါ်ထွက်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်လျက်ရှိကြပါတယ်။

နေပြည်တော်က မမြသွဲ့သွဲ့ခိုင်နဲ့ မန္တလေးက မကြယ်စင်တို့ရဲ့ ခေါင်းမှာမှန်တဲ့ကျည်ဆန်တွေဟာ တတိယအဖွဲ့အစည်းကလာတဲ့ ကျည်ဆန်တွေလို့ မတ်၃ရက်က တက်လာတဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်တွေမှာ ရေးသားထားပါတယ်။ မမြသွဲ့သွဲ့ခိုင်သေဆုံးရတာဟာ “တတိယအဖွဲ့” ရဲ့လက်ချက်ဖြစ်တယ်လို့ “မန္တလေးအခြေစိုက် သတင်းတွေ”မှာ ဖော်ပြထားကြောင်း ကိုးကားထားပေမဲ့ အမှန်တကယ်မှာတော့ အဲဒီလိုဖော်ပြတဲ့သတင်းမျိုး လုံးဝရှာမတွေ့ပါဘူး။

နေပြည်တော်မှာ ဆန္ဒပြတဲ့သူတွေကို ရာဘာကျည်ဆံနဲ့သာပစ်တာလို့ တပ်မတော်က ပြောပါတယ်။ ဒါပေမဲ့ သူ့ဒဏ်ရာဟာ ကျည်ဆန်အစစ်မှန်ထားတာလို့ ဆရာဝန်တွေက အတည်ပြုပေးထားသလို သူသေနတ်အပစ်ခံလိုက်ရတဲ့အချိန်ကို မှတ်တမ်းထင်တားမိတဲ့ ရုပ်သံမှတ်တမ်းကလည်း ရှိနေပါတယ်။ သူရပ်နေတဲ့နေရာဟာ ဆန္ဒပြသူတွေကို ရေကားနဲ့လူစုခွဲတဲ့ ရဲတွေတန်းစီရပ်နေတဲ့နေရာနဲ့ သိပ်မဝေးပါဘူး။

မတ်၃ရက်က တက်လာတဲ့ အဲဒီပို့စ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)ပါတီကို အမြဲတိုက်ခိုက်ပြီး မွတ်စလင်မုန်းတီးရေးသတင်းတွေ မကြာခဏရေးတင်လေ့ရှိကာ၊ လုပ်ကြံဖန်တီးသတင်းတွေ အမြဲထုတ်လွှင့်တဲ့ Radio Free Myanmar ဆိုတဲ့ အင်တာနက်စာမျက်နှာကလည်း ဖော်ပြထားပါတယ်။ 

အလားတူ တခြားပို့စ်တွေကတော့ လူအုပ်ထဲက ဆန္ဒပြသူတစ်ဦးဦးက pen gunလို့ခေါ်တဲ့ သေနတ်အသေးလေးနဲ့ မကြယ်စင်ကို အနောက်ကနေပစ်လိုက်တာလို့ ရေးသားကြပါတယ်။pen gunနဲ့ ကျည်ကို ရည်ညွှန်းဖော်ပြတဲ့ အဲဒီပို့စ်ကို ပြန်လည်ဝေမျှထားသူ ၁၀,၀၀၀ကျော်ရှိပြီး အသုံးပြုသူ ၅,၇၀၀ လောက်က reaction ပေးထားကြပါတယ်။ ဒါပေမဲ့ ဒီပို့စ်မှာ မကြယ်စင်ကို သေဆုံးစေတဲ့ လက်နက်နဲ့ဆက်စပ်တဲ့ ဘာအထောက်အထားမှ မဖော်ပြထားပါဘူး။

Nay Zin Latt အမည်နဲ့ဖွင့်လှစ်ထားတဲ့ အကောင့်တစ်ခုက တင်ထားတဲ့ပို့စ်မှာတော့  pen gunရဲ့ ပုံကိုပါဖော်ပြထားတာကြောင့် ဖေ့စ်ဘွတ်ခ်အသုံးပြုသူ အတော်များများ ယုံကြည်ခဲ့ကြပါတယ်။ သူ့ရဲ့မူရင်းပို့စ်ကို အကြိမ်၂,၀၀၀ပြန်လည်ဝေမျှခဲ့ကြပြီး ဖေ့စ်ဘွတ်ခ်အသုံးပြုသူတော်တော်များများ ကူးယူဖော်ပြခဲ့ကြပါတယ်။ ဒီလိုပြန်ကူးပြီးဖော်ပြထားတဲ့ ပို့စ်တစ်ခုကို  စစ်တပ်နဲ့ အနီးကပ်ဆက်ဆံရေးရှိတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဥပဒေအကြံပေးတစ်ဦးဖြစ်သူ ဒေါ်သန်းသန်းအေးအမည်နဲ့ ဖွင့်လှစ်ထားတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ကလည်း ပြန်လည်မျှဝေထားပါတယ်။ အဲဒီအကောင့်မှာ follower ၄၃,၀၀၀ ကျော်ရှိပါတယ်။ အဲဒီအကောင့်ကို ဒေါ်သန်းသန်းအေး အမှန်တကယ်အသုံးပြု၊ မပြု၊ သူ့အကောင့် အစစ်ဟုတ်၊ မဟုတ်ကိုတော့ ဖရွန်းတီးယားမြန်မာက အတည်ပြုနိုင်ခြင်း မရှိပါဘူး။

တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပုံတင်ထားတဲ့ အောင်ဆန်းကျော်ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်မှာတော့ အင်န်အယ်လ်ဒီပါတီဝင် မွတ်စလင်အမတ် ဦးစည်သူမောင်ကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ပို့စ်တစ်ခုကို မတ်၄ရက်၊ ည၁၀နာရီနောက်ပိုင်းမှာ တင်ထားတာ တွေ့ရပါတယ်။ သူ့ပို့စ်မှာတော့ ပုံထဲက သေနတ်ကိုင်ထားတဲ့ သူဟာ ဦးစည်သူမောင်ဖြစ်ပြီး  ABSDF က ဖောက်ခွဲရေး သင်တန်းဆင်းဆိုပြီး ရေးထားပါတယ်။

TikTokပေါ်က ရုပ်သံဖိုင်တစ်ခုကတော့ မကြယ်စင်အနောက်မှာရပ်နေတဲ့ ဆန္ဒပြသူတစ်ဦးဟာ တတိယအဖွဲ့အစည်းက စနိုက်ပါသမားကို သေနတ်ပစ်ဖို့အတွက် အချက်ပြနေတယ်လို့ စွပ်စွဲပြောဆို ထားပါတယ်။ အဲဒီရုပ်သံဖိုင်ကို ချိတ်ဆက်ထားတဲ့သူ အချင်းချင်းသာမြင်နိုင်တဲ့ private မပြောင်းလိုက်ခင်မှာ reaction ပေးထားသူ ၄၄,၀၀၀ကျော် ရှိခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ဆန္ဒပြသူတွေ သေဆုံးရတာဟာ လုံခြုံရေးတပ်ဖွဲ့ကြောင့်ကလွဲပြီး တခြားအဖွဲ့ရှိတယ်ဆိုတဲ့ အထောက်အထား မရှိဘူးလို့ပြောပါတယ်။ ဒါ့ပြင် ဆန္ဒပြပွဲတွေမှာ စစ်တပ်က လက်ဖြောင့်စနိုက်ပါသမားတွေ အသုံးပြုနေတယ်လို့ ယုံကြည်ရလောက်တဲ့ သက်သေအခိုင်အမာရှိတယ်လို့ သူက ပြောပါတယ်။

မကြယ်စင် ကျဆုံးသွားတာကို ဝမ်းနည်းကြောင်းဖော်ပြပြီး သူ့ကို ပစ်သတ်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အတိအလင်း ပြစ်တင်ရှုတ်ချထားတဲ့ပို့စ်တွေ ဖေ့စ်ဘွတ်ခ်နဲ့ TikTokမှာ ပိုပြီး တွေ့ရပါတယ်။ မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား MMA fighter အောင်လအန်ဆန်းတင်ထားတဲ့ မကြယ်စင် သေဆုံးရခြင်းနဲ့ ပတ်သက်တဲ့ပို့စ်ကို ပြန်လည်ဝေမျှထားသူ ၁၄,၀၀၀ဦးရှိပြီး reaction ပေါင်း ၈၇,၀၀၀ ကျော်ရှိနေတာကြောင့် လုပ်ကြံဖန်တီးတဲ့ သတင်းတွေထက် ပိုပြီး မျှဝေသူများတာကို ဖရွန်းတီးယားမြန်မာက တွေ့ရှိထားပါတယ်။

“မကြယ်စင်ကိုမှန်တဲ့ ကျည်ဆန်ဟာ မတော်တဆ မှန်တာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ခေါင်းကိုမှ မှန်တာကြောင့်ပါ”လို့ စစ်တပ်ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အပြစ်တင်ရေးသားထားပါတယ်။

မဟုတ်မမှန်သတင်းတွေကို လူတွေက ယုံကြည်ကြလောက်မှာ မဟုတ်ဘူးလို့ ကိုဘိုကြည်က ပြောပါတယ်။ “စစ်တပ်က အမြဲတမ်း လိမ်ညာနေကျပဲ။ လူတွေ မယုံကြပါဘူး”လို့ သူက ပြောပါတယ်။ တကယ်လို့စစ်တပ်က စုံစမ်းစစ်ဆေးမှုလုပ်မယ်ဆိုရင်တောင် မယုံကြည်ရကြောင်း မကြယ်စင်ရဲ့အလောင်းကို ပြန်စစ်မယ်ဆိုတဲ့ သတင်းနဲ့ဆက်စပ်ပြီး ကိုဘိုကြည်က ဆိုပါတယ်။

“တကယ်လို့ စစ်တပ်ဟာ  ခွင့်ပြုချက်မရဘဲ မကြယ်စင်ရဲ့ အလောင်းကို အတင်းပြန်ဖော်ပြီး စုံစမ်းစစ်ဆေးမှု လုပ်မယ်ဆိုရင်တော့ ဒါဟာ ရာဇဝတ်မှုမြောက်ပါတယ်”လို့ သူက ပြောပါတယ်။ “မြန်မာနိုင်ငံတစ်ဝန်း ရဲနဲ့စစ်သားတွေက ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့တော့ လိုနေပါတယ်”လို့ ကိုဘိုကြည်က ပြောပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.