မတ်၂ရက်က မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် ပါဝင်သူအချို့ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

CDMလှုပ်ရှားမှု အောင်မြင်နိုင်မလား

CDMလှုပ်ရှားမှုအောင်မြင်ဖို့ဆိုရင် တိကျတဲ့ပန်းတိုင်ရှိဖို့လိုသလို ရေရှည်တိုက်ပွဲအတွက် ခံနိုင်ရည်ရှိဖို့မဟာဗျူဟာတွေ လိုအပ်မှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဖြစ်နိုင်ခြေနည်းတဲ့ နိုင်ငံတကာ ဝင်ရောက်ဖြေရှင်းမှုမျိုးကို မမျှော်လင့်ဖို့လည်း လိုအပ်ပါတယ်။

အေးမင်းသန့်နှင့် ရန်အောင်ရေးသားသည်။

မြန်မာပြည်သူလူထုအနေနဲ့ ​ ဖေဖော်ဝါရီ၁ရက် နိုးထလာစဉ်ကတည်းက ယနေ့အချိန်ထိ နာကျည်းစရာတွေနဲ့သာ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တွေ အပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးအချို့၊ လွှတ်တော်အမတ်တွေနဲ့ နိုင်ငံရေးသမားတွေ အစိုးရဖွဲ့ဖို့ နေပြည်တော်မှာ စုဝေးနေစဉ်မှာပဲ မြန်မာ့တပ်မတော်က ဖမ်းဆီးပြီး အာဏာသိမ်းယူလိုက်ပါတယ်။ အင်တာနက်နဲ့ သတင်းအဆက်အသွယ်များ ဖြတ်တောက်လိုက်ပေမဲ့ ၄၈နာရီ မပြည့်ခင်မှာပဲ တချို့သော နေရာတွေမှာဆန္ဒပြမှုများ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။

ရက်အနည်းငယ်အကြာမှာတော့ အာဏာသိမ်းဆန့်ကျင်မူ၊ ဆန္ဒပြမှုတွေစုပေါင်းပြီး လူထုအခြေပြု အမိန့်ဖီဆန်ခြင်းလှုပ်ရှားမှု (Civil Disobedience Movement-CDM)  ဆိုပြီးလှုပ်ရှားမှုတစ်ရပ်စတင် ထွက်ပေါ်လာပါတယ်။ ဒီအကြမ်းမဖက်လှုပ်ရှားမှုကို အစိုးရကျန်းမာရေးဝန်ထမ်းတွေက မတရား အာဏာသိမ်းထားတဲ့ အစိုးရလက်အောက်မှာ ဆက်လက်တာ၀န်ထမ်းဆောင်ဖို့ ငြင်းဆိုရာက စတင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း ဆိုရှယ်မီဒီယာတွေကတစ်ဆင့် ခေါင်းဆောင်မထား စုပေါင်းတိုင်ပင်လှုပ်ရှားတဲ့ ဗျုဟာနဲ့အရှိန်အဟုန်ရရှိလာပါတယ်။

အခုအခါမှာတော့ ပြည်သူသန်းနဲ့ချီပြီး CDM လှုပ်ရှားမှုနည်းမျိုးစုံနဲ့ စစ်တပ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ဆန္ဒထုတ်ဖော်နေကြပါတယ်။ ပြည်သူ့ဝန်ထမ်းများက စစ်ကောင်စီက စေခိုင်းခြင်းများကိုငြင်းဆန်တာအပြင် တိုင်းနဲ့ ပြည်နယ်အနှံ့မှာ ဆန္ဒပြခြင်း၊ စစ်တပ်နဲ့ဆက်စပ်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို မဝယ်ခြင်းစတဲ့ ပုံစံအမျိုးမျိုးနဲ့ CDM လှုပ်ရှားမှုကို ပြုလုပ်နေကြပါတယ်။

အာဏာသိမ်းမှုတစ်လပြည့်ပြီးချိန်မှာတော့ ပြည်သူ့ဝန်ထမ်းများက အလုပ်လုပ်ရန်ငြင်းဆိုမှုကြောင့် ကုန်သွယ်ရေးရပ်ဆိုင်းမှု၊ အစိုးရဆေးရုံများ ပိတ်လိုက်ရတာကြောင့် လူနာတွေကို ပြန်လွှတ်ရတာ၊ ဘဏ်တွေပိတ်ထားရတာကြောင့် လက်ထဲငွေသားအလုံအလောက်မရှိတာမျိုးတွေဖြစ်ပေါ် နေပြီး လက်ရှိမှာ ပြည်သူသန်းပေါင်းများစွာကလည်း အဲ့ဒီဒဏ်တွေကိုခံစားနေကြရပါတယ်။

နောက်လတွေမှာဖြစ်ပေါ်လာမယ့် အဖြစ်အပျက်တွေက မြန်မာလူထုဟာ စစ်အစိုးရကို ကိုယ်စွမ်းကိုယ်စနဲ့  ဖယ်ရှားနိုင်မလား ဒါမှမဟုတ် သန်းနဲ့ချီတဲ့ပြည်သူတွေရဲ့ လုပ်ဆောင်ချက်တွေက အချည်းနှီးဖြစ်သွားမလားဆိုတာကို ဆုံးဖြတ်သွားမှာပါ။ CDM အောင်မြင်ပြီး အကျိုးရှိဖို့အတွက်ကတော့ အောက်ပါအချက်ငါးချက်ကိုဦးစွာ ဖြေရှင်းဖို့တော့လိုအပ်ပါလိမ့်မယ်။

ကချင်ပြည်နယ်၊ မြို့တော်မြစ်ကြီးနားက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင်ပါဝင်သော လူငယ်များကို မတ်၃ရက်က မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ဦးတည်ချက်က ဘာလဲ၊ ဘယ်သူကဦးဆောင်မှာလဲ

ပထမဆုံးဖြေရှင်းဖို့လိုတာကတော့ ဒီအရေးတော်ပုံရဲ့ “အောင်မြင်မှု” ဆိုတာ ဘာလဲဆိုတာကို ဘုံသဘောတူညီပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ဖို့လိုတာပါ။

လက်ရှိအချိန်မှာ အားလုံးက စစ်တပ်အာဏာသိမ်းခြင်းကို ဆန့်ကျင်နေပေမဲ့ အရေးတော်ပုံအောင်ရင် ဘယ်အချက်တွေကို ဦးတည်တောင်းဆိုမလဲဆိုတာကိုလည်း သဘောတူဖို့လိုပါတယ်။ ယနေ့အချိန်အထိ တစ်ချို့ဆန္ဒပြတောင်းဆိုမှုတွေမှာ ရှေ့နောက်မညီတာတွေ ရှိနေပါတယ်။ လူအများက စစ်တပ်ကို “Respect Our Votes” ဆိုပြီး ၂၀၂၀ရွေးကောက်ပွဲမှာ ပေးခဲ့တဲ့မဲတွေကို လေးစားဖို့တောင်းဆိုပြီး တိုင်းရင်းသားတွေနဲ့ လူနည်းစုဘာသာခြားတွေက တက်ကြွလှုပ်ရှားသူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အင်န်အယ်လ်ဒီ)ပါတီ အာဏာပြန်လည်ရရှိရေးအတွက် ဆန္ဒထုတ်ဖော်နေကြမျိုးမဟုတ်ပါဘူး။ သူတို့ရဲ့ ရည်မှန်းချက်က ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ဒါမှမဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးကို ဦးတည်နေတာတွေ့ရပါတယ်။

CDM ဆိုတာရုံးမတက်ဘဲဆန္ဒပြတာတင်မက စစ်တပ်နဲ့ပတ်သက်တဲ့စီးပွားရေးတွေကိုပါ ဆန္ဒပြ သပိတ်မှောက်တာဖြစ်တဲ့အတွက်ကြောင့် ဒီလိုဦးတည်ချက်ကွဲသွားတာမျိုးဖြစ်တာ မထူးဆန်းပါဘူး။ အခုတော်လှန်ရေးကလည်း အရင်ထုံးတမ်းတွေနဲ့မတူဘဲ ခေါင်းဆောင်မထား၊ ဆရာမတင် လူငယ်တွေကပဲဦးဆောင်ပြီးလုပ်နေတဲ့ အရေးတော်ပုံဖြစ်လို့  ပိုပြီးဦတည်ချက်မညီတာမျိုးတွေရှိနိုင်ပါတယ်။

အရင်ကလိုပဲ အဖိနှိပ်ခံလူမျိုးစုတွေကို ဓားစာခံထားတဲ့၊ အများဘက်အားသာတဲ့ လူများစုကြီးစိုးရေး နိုင်ငံရေးမျိုးပြန်ရောက်တာမျိုး ဒါမှမဟုတ် အချင်းချင်းသင်းကွဲတာမျိုးတွေမဖြစ်အောင် အခုကတည်းက မျှတပြီး အားလုံးကိုယ်စားပြုနိုင်တဲ့ ဦးတည်ချက်တွေကို ညှိနှိုင်းထားဖို့လိုအပ်မယ်လို့မြင်ပါတယ်။

ဒုတိယဖြေရှင်းရမယ့်အချက်ကတော့ အလယ်အလတ်အနေအထားမှာရောက်နေတဲ့ CDMလှုပ်ရှားမှုမှာ ရှင်းလင်းတဲ့ဦးဆောင်မှုမရှိသလို အဆုံးသတ်မှာ သီးသန့်ဆွေးနွေးညှိနှိုင်းမှုတွေလုပ်နိုင်ဖို့အတွက် ခေါင်းဆောင်လည်းရှိမနေပါဘူး။

အခုကြည့်လိုက်ရင် CDM မှာအားလုံးက တစ်တပ်တစ်အားပါဝင်နေပြီး တစ်ဦးချင်းဆီရဲ့ တာဝန်ဝတ္တရားက ကွဲကွဲပြားပြားဖြစ်မနေပါဘူး။ စစ်တပ်လို စနစ်နဲ့အုပ်ချုပ်ပြီး လေ့ကျင့်မှုရှိတဲ့အဖွဲ့အစည်းနဲ့ ထိပ်တိုက်တွေ့ရတဲ့အခါ ဒါက အန္တရာယ်များပါတယ်။

အရေးတော်ပုံအောင်မြင်ပြီး စစ်တပ်ကိုဖြုတ်ချနိုင်တဲ့အချိန်မှာ တစ်ယောက်ယောက်ကတော့ ပြည်သူကို ကိုယ်စားပြုပြီး သူတို့နဲ့ထိပ်တိုက်ဆွေးနွေးရမှာပါ။ အာဏာသိမ်းပြီးတစ်လအကြာမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အထွေထွေသပိတ်ကော်မတီ (GSC) နှင့် လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSC-N) ဆိုပြီးခေါင်းဆောင်နိုင်ခြေရှိတဲ့ အဖွဲ့ သုံးခုပေါ် လာပါတယ်။ သူတို့တွေရဲ့ ဦးတည်ချက်တွေက ခပ်ဆင်ဆင်ရှိသော်ငြားလည်း အလုံးစုံတူညီနေတာတော့ မဟုတ်ပါဘူး။

CRPH က ၂၀၂၀ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့လွှတ်တော်အမတ်တွေ စုစည်းဖွဲ့စည်းထားပြီး အဖွဲ့ဝင်အများစုက အင်န်အယ်လ်ဒီက လူကြီးပိုင်းပုံစံခွက်ထဲမှာ  ကြီးပြင်းလာတဲ့ နိုင်ငံရေးသမားတွေဖြစ်ပြီး လမ်းမပေါ်မှာ ဆန္ဒပြနေတဲ့လူတွေလို မတူညီတဲ့နောက်ခံတွေက လာတာမဟုတ်ပါဘူး။ ကော်မတီကအခုအချိန်မှာ တရားဝင်အစိုးရအဖြစ်သတ်မှတ်ခံရပြီး အာဏာသိမ်းမခံရခင်ပုံစံအတိုင်း ပြန်လည်ဖြစ်တည်နိုင်ဖို့ ကြိုးပမ်းနေတာလည်းတွေ့ရပါတယ်။

လက်ရှိအနေအထားမှာ CRPHက အများရဲ့ထောက်ခံမှုကိုရရှိထားပြီး စစ်တပ်အုပ်ချုပ်ရေးကို ကျော်လွန်ကာ ကျေးရွာ၊ ရပ်ကွက်နဲ့ မြို့နယ်လိုက် အဆင့်ဆင့် စင်ပြိုင်အစိုးရဖွဲ့ဖို့ ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားကိုလည်း စတင်တည်ဆောက်နေပါတယ်။ ဖေဖော်ဝါရီ ၂၆ရက်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကလည်း သူ့အနေနဲ့ ပြည်သူနဲ့အတူရှိပြီး CRPHကိုသာ တရားဝင်အစိုးရအဖြစ် သတ်မှတ်ဖို့ အတိအလင်းပြောကြားသွားပါတယ်။

GSC နဲ့ GSCN-N တို့ကတော့ အခုအချိန်မှာ CRPH လောက်အများပြည်သူက အသိအမှတ်ပြုခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ GSC-Nအနေနဲ့ သူတို့ တရုတ်သံအမတ် ချန်းဟိုင်ကို ပေးပို့ခဲ့တဲ့စာကြောင့် ကမ္ဘာကသတိထားမိခဲ့ပြီး စာထဲမှာ တိုင်းရင်းသားပေါင်းစုံကို အညီအမျှကိုယ်စားပြုတဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ထောင်ရေးကို ဖော်ထုတ်ခဲ့ပါတယ်။ အဖွဲ့နာမည်အတိုင်း GSCN ကတော့ CRPH နဲ့ယှဥ်ရင် တိုင်းရင်းသားတွေကို ပိုမိုကိုယ်စားပြုနေတာတွေ့ရပါတယ်။

ခေါင်းဆောင်မရှိတဲ့တော်လှန်ရေးဟာ လူတစ်ဦးတစ်ယောက်ကို သတ်ဖြတ်ဖမ်းဆီးလိုက်ရုံနဲ့ ဖြိုခွဲလို့မရနိုင်ပါဘူး။ ဒါပေမဲ့ အင်န်အယ်လ်ဒီခေါင်းဆောင်တွေကိုဖမ်းဆီးလိုက်ကတည်းက လစ်လပ်သွားတဲ့နေရာကို အခုအချိန်ထိ ဘယ်သူကမှ မယူနိုင်တာတွေ့ရပါတယ်။ ဆန္ဒပြသူတွေကိုယ်စားဆွေးနွေးဖို့ တစ်ယောက်ယောက်ကို ရွေးချယ်ထားမှ တော်လှန်ရေးအဆုံးသတ်၊ တိုင်းပြည်အနာဂတ်အတွက် ဆွေးနွေးဖို့လိုအပ်လာတဲ့အချိန်မှာ ထိပ်တိုက်ဆွေးနွေးနိုင်ပြီး ယခုအချိန်မှာ တိုက်ယူထားသမျှ အချည်းနှီးမဖြစ်အောင် ကာကွယ်နိုင်မှာပါ။

A protester holds a National League for Democracy flag in Yangon. (Frontier)
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင်ပါဝင်သည့် လူငယ်တစ်ဦးကို ရန်ကုန်မြို့တစ်နေရာတွင် မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ရေရှည်တိုက်ပွဲကိုအနိုင်ယူခြင်း

တတိယစိန်ခေါ်မှုကတော့ CDM ကို ရေရှည်ဘယ်လိုထိန်းထားနိုင်မလည်း ဆိုတာပဲဖြစ်ပါတယ်။ 

ဩစတြေးလျ စွမ်းအင် ကုမ္ပဏီကြီးဖြစ်တဲ့ Woodside Energy ရဲ့ မြန်မာနိုင်ငံနဲ့ ပက်သတ်တဲ့ စီးပွားရေးရပ်တည်ချက်ကို ပြောင်းသွားအောင်လုပ်နိုင်တာတွေကိုကြည့်ခြင်းဖြင့် CDMလှုပ်ရှားမှုဟာ အတန်အသင့် အောင်မြင်နေတယ်လို့ပြောနိုင်ပေမဲ့ ဆန္ဒထုတ်ဖော်မှုတွေနဲ့ အခြားသပိတ်မှောက်တဲ့ လှုပ်ရှားမှုတွေက မဟာဗျုဟာသိပ်မရှိဘဲ မလိုလားအပ်တဲ့ဒုက္ခတွေ၊ တုံ့ပြန်မှုတွေကိုတောင် ဖြစ်ပေါ်စေနိုင်တဲ့ကိစ္စတွေ ရှိနေပါတယ်။

အားလုံးကိုသပိတ်မှောက်ဆန္ဒပြပြီး ထမင်းနှပ်မမှန်လောက်တဲ့အထိ စီးပွားရေးကပျက်စီးသွားရင်၊ ဒါမှမဟုတ် CDM အတွက် ရန်ပုံငွေကုန်သွားရင်တော့ ဆန္ဒပြသူလျော့လာမှာပါပဲ။ ဒီတိုက်ပွဲဟာ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ အောင်နိုင်မယ့်ပွဲမဟုတ်ဘူးဆိုတာကို CDM လုပ်နေသူတွေအနေနဲ့နားလည်ထားရပါမယ်။ တပ်မတော်မှာ အချိန်မရွေးအသုံးပြုနိုင်တဲ့ ဘီလီယံချီဒေါ်လာတွေနဲ့ လက်နက်တွေရှိတဲ့အတွက် CDM အောင်မြင်ဖို့အတွက် လပေါင်း/ နှစ်ပေါင်းများစွာအတွက် ညီညွတ်တဲ့နည်းလမ်းတွေကို ပြင်ဆင်ထားဖို့ လိုပါတယ်။

ကိုဗစ်−၁၉ကပ်ရောဂါကြောင့် အစိုးရကျောင်းတွေပိတ်ထားရတဲ့ အခုလိုအချိန်မှာ ဆရာ၊ ဆရာမတွေက သူတို့ရဲ့ သင်ကြားရေးအခန်းကဏ္ဍကို သိပ်မထိခိုက်ဘဲ သပိတ်မှောက်နိုင်ပါတယ်။ သို့ပေမဲ့ ကောင်းမွန်တဲ့ ကျန်းမာရေးဝန်ဆောင်မှု အထောက်အကူမရှိတဲ့နိုင်ငံအတွက် အခုလို ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေပြီး၊ ကုသမှုတွေ ပေးနေရတဲ့အချိန်မျိုးမှာ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ လုံလောက်တဲ့အခြား​ရွေးချယ်စရာ အထောက်အကူတွေကို မစီစဉ်ပေးနိုင်ဘဲ သပိတ်မှောက်မယ်ဆိုရင် မလိုအပ်တဲ့သေဆုံးမှုတွေနဲ့ ဆင်းရဲဒုက္ခ ဖြစ်သွားစေနိုင်ပါတယ်။

လာမယ့်သီတင်းပတ်တွေမှာ CDMမှာပါဝင်နေတဲ့ နယ်ပယ်နဲ့ အခန်းကဏ္ဍတစ်ခုချင်းစီရဲ့ အရေးပါမှုတွေကိုသုံးသပ်ပြီး လှုပ်ရှားမှုရဲ့ ချဉ်းကပ်ပုံတွေကို လိုအပ်သလိုညှိယူဖို့ အရေးကြီးပါတယ်။ စစ်အစိုးရရဲ့ လည်ပတ်နိုင်မှုကို အများဆုံးထိခိုက်ပြီး ပြည်သူလူထုရဲ့အခြေခံလိုအပ်ချက်တွေကိုလည်း ပုံမှန်အသုံးပြုခွင့်ရအောင် လုပ်ပေးနိုင်ဖို့က အဓိကရည်ရွယ်ချက်ဖြစ်သင့်ပါတယ်။ ပြည်သူလူထုအနေနဲ့ ဝင်ငွေသာမက ကျန်းမာရေး၊ လျှပ်စစ်မီး၊ ရေ၊ အိမ်တွေရဲ့ အမှိုက်သိမ်းစနစ်တွေပါ စတင်ဆုံးရှုံးလာရင် အာဏာရှင်စနစ်အောက်မှာအုပ်ချုပ်ခံရမှုကပဲ ပိုကောင်းမလားဆိုပြီး စဉ်းစားသွားနိုင်တာမျိုးကိုလည်း ဂရုပြုစဉ်းစားဖို့လိုပါတယ်။

စတုတ္ထစိန်ခေါ်မှုကတော့ ငွေကြေး၊ နေရာထိုင်ခင်းလိုအပ်နေသူတွေကို ဘယ်လိုထောက်ပံ့ပေးနိုင်မလဲ ဆိုတဲ့အချက်ဖြစ်ပါတယ်။

CDM ကို နယ်ပယ်ပေါင်းစုံကနေ အကူအညီပေးနေကြတာမှန်ပါတယ်။ ဆန္ဒပြချီတက်ကြတဲ့သူတွေကို ရေသန့်တွေ၊ မုန့်တွေဝေတာကနေစပြီး အာဏာပိုင်တွေဆီကနေ ရှောင်ပြေးနေရတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေ၊ သတင်းသမားတွေအတွက် နေရာထိုင်ခင်းစီစဉ်ပေးတာတွေအထိ အကူအညီမျိုးစုံပါဝင်ပါတယ်။

လူတွေအားလုံးလမ်းပေါ်ရောက်နေကြပေမဲ့ နောက်ကွယ်ကနေ အလုပ်သမားတွေ၊ ဆန္ဒပြသူတွေကို ငွေကြေးဆိုင်ရာ အထောက်အပံ့တွေပေါ်ပေါက်လာပြီး၊ ပြည်သူလူထုအနေနဲ့လည်း ထင်ရှားကျော်ကြားသူတွေ ထူထောင်ထားပြီး အစိုးရထံမှာ မှတ်ပုံတင်မထားတဲ့ ရန်ပုံငွေတွေ၊ အဖွဲ့တွေကို အလှူငွေတွေ ရက်ရက်ရောရောပေးဝင်နေကြပါတယ်။ ဒီလိုရက်ရောမှုတွေ ရှိနေပေမဲ့လည်း ယုံကြည်မှုဆိုင်ရာ ပြဿနာကတော့ ရှင်းဖို့လိုနေတုန်းပါပဲ။

CDM အနေနဲ့ တရားဝင်လမ်းကြောင်းတွေကို အသုံးပြုလို့မရတဲ့အတွက် အလှူငွေတွေပေးဝေနေတဲ့သူတွေနဲ့ ငွေကြေးအထောက်အပံ့ လိုအပ်နေသူတွေကြား လုံခြုံတဲ့နည်းလမ်းနဲ့ချိတ်ဆက်ဖို့က ခက်ခဲနေပါတယ်။ တပ်မတော်က သတင်းပေးတွေနဲ့သူလျှိုတွေကို အသုံးပြုခဲ့တဲ့ ယခင်အတွေ့အကြုံတွေကြောင့် အလှူရှင်တွေဟာ လူမှုကွန်ရက်ပေါ်မှာရှိတဲ့ အဖွဲ့တွေတိုင်းကို မယုံကြည်နိုင်ကြပါဘူး။ အစိုးရဝန်ထမ်းတွေအနေနဲ့လည်း အဖွဲ့အစည်းတွေရဲ့ ဖုန်းနံပါတ်တွေကို စွန့်စားပြီးမခေါ်ရဲကြပါဘူး။ ဒီအရာတွေက အရင်ကအဆက်အသွယ် များခဲ့တဲ့သူတွေအတွက်သာ လုံခြုံစေပြီး အခက်အခဲရှိနေပြီးသားသူတွေအနေနဲ့ ပိုမိုကျပ်တည်းမှုဖြစ်စေတာတွေ ရှိပါတယ်။

ဒီလှုပ်ရှားမှု ဘယ်လောက်ကြာကြာတောင့်ခံရမလဲမသိနိုင်တဲ့အတွက် အရှေ့မှာပြောခဲ့တဲ့ပြဿနာတွေကို အမြန်ဆုံးဖြေရှင်းဖို့လိုပါတယ်။ ဒီလှုပ်ရှားမှုဟာ တစ်နှစ် ဒါမှမဟုတ် တစ်နှစ်ထက်ပိုကြာနိုင်တယ်ဆိုတဲ့ အချက်ကိုလည်း လူထုအနေနဲ့ သိရှိပြီး ငွေရေးကြေးရေးအရ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ CDM ကို အတိုချုပ်ပြောရရင် စစ်အာဏာသိမ်း ခေါင်းဆောင်တွေနဲ့ လူထုကြားက လွန်ဆွဲပွဲ ဖြစ်ပါတယ်။ ခွန်အား၊ ခံနိုင်ရည်၊ အများနဲ့ညီညွတ်အောင်လုပ်နိုင်စွမ်းတွေ ယှဉ်ရတဲ့ ကစားပွဲဖြစ်ပြီးတော့ အသေအချာမတောင့်ထားနိုင်တဲ့ဘက်က ကျရှုံးမှာပါ။

စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့်အနေဖြင့် ငြိမ်းချမ်းစွာအမိန့်ဖီဆန်ခြင်းကို ထောက်ခံပါဝင်ကြရန် တိုက်တွန်းထားသည့် ပိုစတာများကိုင်ဆောင်၍ ဆန္ဒပြသူများကို ဖေဖော်ဝါရီလအတွင်းက မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

နောက်ဆုံးစိန်ခေါ်မှုက #savemyanmar ဆိုပြီး မလာနိုင်တဲ့နိုင်ငံတကာအကူအညီကို ယုံကြည်နေခြင်း ဖြစ်ပါတယ်။

စတင်ဆန္ဒပြကတည်းက ပါဝင်သူတွေက အင်္ဂလိပ်ဘာသာနဲ့ ဟစ်ကျွေးတာ၊ ဆိုင်းဘုတ်ကိုင်တာ၊ ဘာသာပြန်ပြီးသတင်းပို့တာ၊ hashtag သုံးတာ၊ ကုလသမဂ္ဂရုံးနဲ့ သံရုံးရှေ့တွေမှာ ဆန္ဒပြတာ တွေကိုလုပ်ခဲ့ပါတယ်။ မြန်မာပြည်သူပြည်သားတွေက အနောက်နိုင်ငံက လက်ဝဲဒီမိုကရက်တစ်တွေ ပြောလွန်းတဲ့ပုံစံတွေကို ယုံလွန်းတာမျိုးဖြစ်နေတာတွေ့ရပါတယ်။ ဒါ့ပြင် အခုလို အော်ဟစ် အကူအညီတောင်းဆိုရင် နိုင်ငံတကာက မြန်မာစစ်တပ်ကို စစ်ကြေညာအရေးယူမယ်လို့လည်း ယုံကြည်နေကြပါတယ်။ အနောက်နိုင်ငံက ဒီမိုကရေစီ ခေါင်းစဉ်အောက်ကနေပြီး ဒရုန်းနဲ့တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာလည်းဖြစ်လာနိုင်တယ်လို စဉ်းစားတာကိုတွေ့နေရပါတယ်။

ဒါပေမဲ့ အခုအချိန်အထိ စစ်တပ်ကိုရှုံ့ချနေတဲ့ အနောက်နိုင်ငံတွေက စစ်ဆင်ရေးလုပ်မယ့် အရိပ်အယောင် ဆိုတာတောင်မတွေ့ရသေးပါဘူး။ စစ်တပ်ခေါင်းဆောင်ပိုင်းတွေကို စီးပွားရေးပိတ်ဆို့မှုပြုလုပ်တာတောင်မှ အစည်းအဝေးများစွာ၊ ရက်နဲ့ချီကြာပြီးမှ ဆုံးဖြတ်နိုင်တာပါ။ နိုင်ငံတကာက စစ်လက်နက်ထောက်ပံ့မှုတွေ ရပ်တာဖြစ်လာနိုင်ပေမဲ့  မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုခုံရုံးမှာလည်း ပါဝင်ဖို့ လက်မှတ်ရေးထားထိုးခြင်း မရှိသေးတဲ့အတွက်ကြောင့်လည်း စစ်တပ်ခေါင်းဆောင်တွေကို နိုင်ငံတကာအလယ်မှာ တရားစီရင်ဖို့ဆိုတာက မလွယ်ပါဘူး။ ပြီးခဲ့တဲ့နှစ်အထိ ဒီလိုမပါ၀င်ခြင်းကို ကံကောင်းတယ်လို့ သတ်မှတ်ထားပေမဲ့ အခုအခါမှာ နိုင်ငံတကာတရားစီရင်ရေးနဲ့ မြန်မာတွေမျှော်မှန်းထားသလို နိုင်ငံတကာကူညီမှုကြီးကြီးမားမားတွေရရှိဖို့မှာ အဟန့်အတားဖြစ်နေပါတယ်။

ဒါပေမဲ့ CDM မှာနိုင်ငံကာအကူအညီပါစရာမလိုဘူးလို့ ဆိုလိုတာတော့မဟုတ်ပါဘူး။ CDM လုပ်ရှားမှုတွေကတစ်ဆင့် နိုင်ငံတကာနဲ့ ကုလသမဂ္ဂကို စစ်အစိုးရနဲ့ သူတို့ကိုယ်စားလှယ်တွေကို လက်မခံစေဖို့ ဖိအားပေးတာမျိုး၊ အာဏာကိုပြည်သူ့လက်ဝယ် ပြန်လည်အပ်နှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးခိုင်းတာမျိုး တို့ကိုပြုလုပ်နိုင်ပါတယ်။ နိုင်ငံတကာအစိုးရတွေကို သူတို့နိုင်ငံက စီးပွားရေးလုပ်ငန်းတွေကို စစ်တပ်နဲ့ ဆက်နွယ်တဲ့လုပ်ဆောင်မှုတွေကို မလုပ်ဆောင်စေဖို့၊ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကိုလည်း သူတို့ဝန်ထမ်းတွေကို ဆန္ဒပြပွဲ​တွေမှာ လွတ်လပ်စွာပါဝင်ခွင့်ပေးဖို့ စတဲ့ဖိအားတွေ ပေးနိုင်ပါတယ်။ လမ်းမပေါ်မှာ အသေခံတိုက်ခိုက်ပြီး နိုင်ငံတကာအကူအညီကိုမျှော်လင့်နေတာမျိုးမဟုတ်ဘဲ CDMလှုပ်ရှားမှုက နိုင်ငံတကာကိုပါ စစ်တပ်နဲ့ ဆက်စပ်လုပ်ဆောင်မှုတွေ ရပ်ဆိုင်းစေတာကို ဦးတည်လုပ်ဆောင်နိုင်ပါတယ်။

နိဂုံးချုပ်အနေနေနဲ့ ပြည်သူ့ခွန်အားကသာ အောင်မြင်မှုကို ရစေနိုင်မှာလို့ပြောချင်ပါတယ်။ မြန်မာနိုင်ငံရဲ့အနာဂတ်ကို တခြားနိုင်ငံတကာလက်ထဲ ထည့်ဖို့မလိုသလို၊ ထည့်ဖို့လည်းမသင့်ပါဘူး။ မြန်မာပြည်သူလူထုတစ်ရပ်လုံး အခုအချိန်မှာ စုပေါင်းပြီးအရင်ကသွေးခွဲခံခဲ့ရတဲ့ လူ့အဖွဲ့အစည်းတွေအနေနဲ့ မဟာမိတ်ဖွဲ့ကာ အားလုံးကြိုးစားနေတဲ့ လူမျိုး၊ ဘာသာ၊ ကျား၊ မ၊ လိင်တိမ်းညွတ်မှုကအစ မခွဲခြားတဲ့ ပြည်ထောင်စုတစ်ရပ်ကို ထူထောင်ရမှာပါ။

နွေဦးတော်လှန်ရေးအောင်မြင်ဖို့ဆိုတာ အားလုံးအနေနဲ့  ဒီလိုဗျုဟာတွေကို ဆွေးနွေးငြင်းခုံနေကြဖို့ လိုအပ်ပါတယ်။ ဒီအခက်အခဲဆုံးအချိန်ကပဲ မြန်မာတွေအတွက် ဒီမိုကရေစီစစ်စစ်တည်ဆောက်ဖို့ အခွင့်အရေးဖြစ်တယ်ဆိုတာကိုလည်း အသိပေးချင်ပါတယ်။

မှတ်ချက်။ ။ ဤအတွေးအမြင်ဆောင်းပါးပါ တင်ပြချက်များသည် စာရေးသူနှစ်ဦး၏ အာဘော်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အေးမင်းသန့်သည် ပူလစ်ဇာဆုရသတင်းထောက်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင် အခြေစိုက်သည်။

ရန်အောင်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် အချိန်ပြည့်ပါဝင်လှုပ်ရှားဆန္ဒပြနေသူတစ်ဦးဖြစ်ပြီး မူဝါဒရေးရာ အချိန်ပိုင်းသုသေတီလည်းဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.