Counted ballots at a polling station in South Okkalapa Township in Yangon on November 8. (Hkun Lat | Frontier)
နိုဝင်ဘာ၈ရက်က ရွေးကောက်ပွဲကျင်းပအပြီး တောင်ဥက္ကလာပမြို့နယ်အတွင်းက မဲရုံတစ်ခုတွင် မဲရလဒ်များ ရေတွက်နေစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ရွေးကောက်ပွဲမမျှတဟုဆိုကာ ပြည်ခိုင်ဖြိုးက ကန့်ကွက်ရန်ပြင်နေ

နိုဝင်ဘာ၈ရက်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲသည် မျှတမှုမရှိဟုဆိုကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်ရန် ပြင်ဆင်နေပြီး မဲပေးရာတွင် မမှန်ကန်သည့် သက်သေ၊ အထောက်အထားများရှိပါက ပါတီသို့ပေးပို့ရန် ပါတီဥက္ကဋ္ဌဦးသန်းဌေးက ယနေ့ပြောကြားလိုက်သည်။

ဖရွန်းတီးယားမြန်မာသတင်းအဖွဲ့

နိုဝင်ဘာ၈ရက်က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲကို မမျှတဟုဆိုကာ အနိုင်၊ အရှုံးရလဒ်များကို အတည်ပြုရန် ပြည်ခိုင်ဖြိုးပါတီက ငြင်းဆန်လျက်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာများတင်သွင်းရန် ပြင်ဆင်နေသည်။

ကော်မရှင်၏ တရားဝင်ရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ကြေညာခြင်း မပြီးဆုံးသေးသော်လည်း မဲရုံအသီးသီးမှ အနိုင်၊ အရှုံးရလဒ်ကြိုတင်တွက်ချက်မှုများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အင်န်အယ်လ်ဒီ) က ယခုနှစ်ရွေးကောက်ပွဲတွင်လည်း တောင်ပြိုကမ်းပြို အနိုင်ရရန် နီးစပ်နေပြီဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကမူ နေရာအနည်းငယ်တွင်သာ အနိုင်ရရှိထားပြီး မြန်မာပြည်အလယ်ပိုင်းဒေသက အမာခံနယ်မြေများတွင်ပင် အင်န်အယ်လ်ဒီပါတီကို အရေးနိမ့်သည်အထိ ရှုံးနိမ့်မှုက ကြီးမားခဲ့သည်။

သို့သော် ပြည်ခိုင်ဖြိုးပါတီက အနိုင်၊ အရှုံးရလဒ်ကို လွယ်လွယ်နှင့် လက်ခံဖွယ်မရှိပေ။

ဥက္ကဋ္ဌဦးသန်းဌေး၏ ဗွီဒီယိုမိန့်ခွန်းတစ်ခုကို ပြည်ခိုင်ဖြိုးပါတီ တရားဝင်လူမှုကွန်ရက်စာမျက်နှာက ယနေ့မွန်းလွဲပိုင်းက ထုတ်လွှင့်ထားသည်။ အဆိုပါမိန့်ခွန်းတွင် လွန်ခဲ့သည့်လကစတင်၍ နိုဝင်ဘာ၈ရက်အထိ မဲပေးခြင်းဖြစ်စဉ်များ၊​ မဲရေတွက်ခြင်း၊ မှတ်တမ်းတင်ခြင်း စသည့်ဖြစ်စဉ်များတွင် အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်လျက်ရှိသေးကြောင်း ၎င်းက ပြောသည်။

“ဒီဖြစ်စဉ်များနဲ့ပတ်သက်လို့ ဥပဒေနဲ့အညီဖြစ်အောင် ဒီအထောက်အထားတွေနဲ့ဆက်ပြီးတော့ အပြီးသတ်အဖြေရတဲ့အထိအောင် ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သည်းခံပါ”ဟု ဦးသန်းဌေးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ လုပ်ရမဲ့လုပ်ငန်းစဉ်တွေ မပြီးဆုံးသေးပါဘူး။ ဥပဒေပြင်ပက ဖြစ်နေတဲ့ ကိစ္စအားလုံးကို ဥပဒေနဲ့အညီဖြစ်အောင် ဆက်ပြီးတော့ ကြိုးစားရပါဦးမယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်အထိ ရွေးကောက်ပွဲနှင့်ပတ်သက်၍ မိမိတို့ရရှိထားသည့် တရားမဲ့ပြုကျင့်မှု အထောက်အထားများကို ဒေသအသီးသီးရှိ ပြည်ခိုင်ဖြိုးပါတီရုံးများနှင့် ကိုယ်စားလှယ်လောင်းများသို့ ပေးပို့ရန် မေတ္တာရပ်ခံကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ကို အားပေးထောက်ခံကြတဲ့ပြည်သူလူထု လိုချင်တဲ့ ရလဒ်ဖြစ်အောင် ဥပဒေနဲ့အညီ ဆက်လက်ပြီးတော့ ဆောင်ရွက်သွားပါ့မယ်”ဟု ဦးသန်းဌေးက ပြောကြားခဲ့သည်။

အင်န်အယ်လ်ဒီပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကမူ ပြည်ခိုင်ဖြိုးပါတီက ယင်းသို့ ယုံကြည်ပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်သည်ဟု ဆိုသည်။

“ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှုမရှိဘူးထင်ရင် သက်သေအထောက်အထားတွေစုပြီး ကော်မရှင်ကိုတင်လေ။ တရားဥပဒေလမ်းကြောင်းအတိုင်း သွားလို့ရတယ်။ အထောက်အထားမရှိဘဲနဲ့ ပြည်သူအမြောက်အမြားမဲပေးထားတဲ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘူးဆိုရင်တော့ သူတို့တာဝန်ဖြစ်သွားပြီ”ဟု ၎င်းကပြောသည်။

နိုဝင်ဘာ၈ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲအတွင်း ဗိုလ်တစ်ထောင်မြို့နယ်အတွင်းရှိ မဲရုံတစ်ခုတွင် အမျိုးသမီးတစ်ဦး မဲပေးနေသည်ကို မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ပြည်ခိုင်ဖြိုးပါတီက ပါတီဝင်ကိုယ်စားလှယ်လောင်းများကို ရွေးကောက်ပွဲရလဒ်များကို လက်မခံရန် ညွှန်ကြာထားဟန်ရှိသည်။ ပါတီဝင်အချို့နှင့် ကိုယ်စားလှယ်လောင်းအချို့က ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ ကန့်ကွက်သွားမည်ဖြစ်ကြောင်း ဖရွန်းတီးယားမြန်မာကို ပြောကြသည်။

နိုဝင်ဘာ၈ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲအနိုင်၊ အရှုံးရလဒ်စာရင်း (ပုံစံ-၁၉)တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များက လက်မှတ်မထိုးရန်နှင့် “နောက်ဆက်တွဲပါပုံစံအတိုင်း ဖြစ်စဉ်ရေးသွင်းကာ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ကန့်ကွက်ရန်” ပြည်ခိုင်ဖြိုးပါတီအမှတ်တံဆိပ်များပါဝင်လျက် ညွှန်ကြားထားသော ရုံးစာတစ်စောင် လူမှုကွန်ရက်စာမျက်နှာများတွင် ယမန်နေ့က ပျံ့နှံ့ခဲ့သည်။

ပုံစံ-၁၉ဆိုသည်မှာ ရွေးကောက်ပွဲအနိုင်၊ အရှုံးရလဒ်များကို အတည်ပြုရန် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ မဲရုံကိုယ်စားလှယ်များက လက်မှတ်ရေးထိုးရသည့် စာရင်းဖြစ်သည်။

သို့သော် ယင်းပုံစံတွင် လက်မှတ်ရေးထိုးရန် ငြင်းဆန်ခြင်းသည် ရွေးကောက်ပွဲရလဒ်နှင့် ယင်းရလဒ်များကို အတည်ပြုထုတ်ပြန်သည့် လုပ်ငန်းစဉ်အပေါ် သက်ရောက်မှုမရှိနိုင်ပေ။ အကြောင်းမှာ ပုံစံ-၁၉တွင် လက်မှတ်ရေးထိုးခြင်းသည် မဖြစ်မနေလုပ်ဆောင်ရသည့် လုပ်ငန်းစဉ်တစ်ခု မဟုတ်၍ဖြစ်သည်။

သို့သော် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေး၏ ပြောကြားချက်အရဆိုလျှင် ပါတီဝင်ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကော်မရှင်အဖွဲ့ခွဲများထံသို့ ကန့်ကွက်လွှာအများအပြား တင်သွင်းနိုင်ဖွယ်ရှိသည်။ အဆိုပါတရားမဲ့ပြုကျင့်မှုများကို ဆုံးဖြတ်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမြင့်ဆုံးအဖွဲ့အစည်းဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီဌာနချုပ်နှင့် ပြောရေးဆိုခွင့်ရှိသူများထံသို့ အဆိုပါစာမှာ အစစ်ဟုတ်၊ မဟုတ် အတည်ပြုရန် ဖရွန်းတီးယားမြန်မာက အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။ သို့သော် ပြည်ခိုင်ဖြိုးပါတီ၏ တိုင်းဒေသကြီးအဆင့်ပါတီတာဝန်ရှိသူတစ်ဦးနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းနှစ်ဦးက အဆိုပါညွှန်ကြားချက်မျိုး လက်ခံရရှိကြောင်း ဖရွန်းတီးယားမြန်မာသို့ အတည်ပြုသည်။

မန္တလေးတိုင်းဒေသကြီး၊​ ပျော်ဘွယ်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင် ဦးသောင်းအေးအပါအဝင် မဲရှုံးကိုယ်စားလှယ်လောင်းအချို့သည် ပုံစံ -၁၉တွင် လက်မှတ်ထိုးရန် ငြင်းဆန်လျက်ရှိသည်။

“မဲစာရင်းတွေက မှားနေတယ်။ တခြားနေရာတွေမှာလည်း အမှားတွေများတဲ့အတွက် ကျွန်တော်တို့ဆီမှာလည်း ပြန်စစ်ဖို့လုပ်နေတယ် ရလဒ်ကပြောင်းပြန်ကြီး။ ဒါတကယ်ပဲ ပြည်သူ့ရွေးချယ်မှုလား၊ ဒါမှမဟုတ် ပယောဂတခုခုကြောင့်လားဆိုတာ စစ်ဆေးနေတယ်”ဟု ဦးသောင်းအေးက ပြောသည်။

လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ပြည်ခိုင်ဖြိုးပါတီအမှတ်တံဆိပ်ပါသည့် ညွှန်ကြားချက်တစ်ခု။ အဆိုပါညွှန်ကြားချက် အတု သို့မဟုတ် အစစ်ဖြစ်ကြောင်းကို ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ထံ ဖရွန်းတီးယားမြန်မာက အတည်ပြုရန် ကြိမ်းပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ပျော်ဘွယ်သည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ “ပြည်ခိုင်ဖြိုးမြို့လေးမြို့”ဟု အမည်တွင်သည့် ပြည်ခိုင်ဖြိုး၏ အမာခံမြို့နယ်လေးခုအနက် တစ်ခုဖြစ်သည်။ သို့တိုင် အဆိုပါမြို့လေးမြို့လုံးတွင် လက်ရှိအချိန်အထိ ကနဦးရလဒ်ထုတ်ပြန်ချက်များအရ အင်န်အယ်လ်ဒီပါတီက မဲဆန္ဒနယ်အားလုံးတွင် အနိုင်ရရှိထားသည်။

၎င်းတို့ပါတီသည် အမာခံနယ်မြေများတွင် ရှုံးနိမ့်ခဲ့သည်မှာ ရွေးကောက်ပွဲတွင် မမျှတ၍ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲရလဒ်များကို လက်မခံနိုင်ကြောင်း တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် (ရမည်းသင်း-၂)တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဦးကျော်မြင့်က ယမန်နေ့ကပြောသည်။

တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် (ပျော်ဘွယ် -၂)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်ခိုင်ဖြိုး ပါတီဝင် ဦးမြင့်စိုးက ၎င်းသည် ပုံစံ-၁၉ကို လက်မှတ်ထိုးမည်မဟုတ်ကြောင်းဆိုသည်။ အင်န်အယ်လ်ဒီပါတီက အစိုးရလုပ်ပိုင်ခွင့်အာဏာကို အသုံးချ၍ ရွေးကောက်ပွဲတွင် အနိုင်ရအောင် လုပ်ဆောင်ခဲ့သည်ဟု ၎င်းကဆိုသည်။

“ရွေးကောက်ပွဲနီးကျမှ လမ်းတွေခင်းတာ။​ ရွာတွေမှာ ဖွံ့ဖြိုးတိုးတက်ရေးတွေလုပ်တာ။ ဘုန်းကြီးကျောင်းမှာ အလှူအတန်းလုပ်တာတွေက လုံးဝမမျှတဘူး။ ကျွန်တော်တို့ ကော်မရှင်ကို ကန့်ကွက်သွားမှာပါ”ဟု ၎င်းကပြောသည်။

ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြု၍ ကျိုင်းတုံနှင့် တာချီလိတ်မြို့နယ်များတွင် ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် ကိုယ်စားလှယ်လောင်းများကလည်း ရွေးကောက်ပွဲသည် တရားမျှတမှုမရှိသဖြင့် ရလဒ်များကို လက်မခံနိုင်ကြောင်းနှင့် ရွေးကောက်ပွဲပြန်လည်ကျင်းပပေးရန် ၎င်းတို့၏ သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများသို့ စာပေးပို့ထားကြောင်း ပြည်ခိုင်ဖြိုးပါတီ တာချီလိတ်ခရိုင်ဥက္ကဋ္ဌဦးဘိုဆန်းနှင့် ရှမ်းပြည်နယ်ပါတီခွဲဥက္ကဋ္ဌဦးစိုင်းကျော်လှတို့က ပြောသည်။

ထို့ပြင် ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုနှင့် ကြိုတင်မဲကိစ္စများနှင့်ပတ်သက်၍လည်း ကန့်ကွက်ကြောင်း အဆိုပါကိုယ်စားလှယ်လောင်းများ တင်သွင်းခဲ့သည့် စာတွင်ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ လွှတ်တော်မဲဆန္ဒနယ် (ရွှေပြည်သာ – ၁)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ဦးလင်းလင်းအောင်ကလည်း ပုံစံ-၁၉ကို လက်မှတ်ရေးထိုးရန် ပါတီညွှန်ကြားချက် စောင့်ဆိုင်းနေကြောင်း ပြောသည်။ ထို့ပြင် ၎င်းအနေဖြင့် ရွေးကောက်ပွဲအတွင်းက မဲရုံအချို့တွင် ကြုံတွေ့ရသော တရားမဲ့ပြုကျင့်မှုများအတွက် ကန့်ကွက်လွှာတင်သွင်းသွားမည်ဟုဆိုသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ကော်မရှင်အဖွဲ့ခွဲရုံးတစ်ခုတွင် အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ်များက သက်ဆိုင်ရာပုံစံများဖြည့်သွင်းနေစဉ်။ (စိုးမိုး | ဖရွန်းတီးယားမြန်မာ)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (လားရှိုး-၁)တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့သည့် ဦးစိုင်းကြူကလည်း ပါတီဗဟိုညွှန်ကြားချက်အရ ပုံစံ-၁၉ကို လက်မှတ်ရေးထိုးမည်မဟုတ်ဟုလည်း ဆိုသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ အချို့မြို့နယ်များတွင်လည်း ပြည်ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ်လောင်းများက ပုံစံ-၁၉ကို လက်မှတ်ရေးထိုးခြင်းမရှိကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးစိုးထွဋ်ဦးက ပြောသည်။ ၎င်းတို့ “ကန့်ကွက်စရာများရှိသည်”ဟု အကြောင်းပြကြောင်း ဦးစိုးထွဋ်ဦးကဆိုသည်။

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကိစ္စရပ်များနှင့်စပ်လျဉ်း၍ မနက်ဖြန် ဗုဒ္ဓဟူးနေ့၊ မွန်းလွဲ၂:၀၀နာရီတွင် ပါတီဌာနချုပ်ရုံးခွဲတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမည်ဖြစ်သည်။ မည်သည့်ကိစ္စပြောဆိုသွားမည်ကို မသိရသေးပေ။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများကမူ ပုံစံ-၁၉တွင် လက်မှတ်ရေးထိုးရန် ငြင်းဆန်ခြင်းက ရွေးကောက်ပွဲရလဒ်အပေါ် မည်သို့မျှ အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း ပြောသည်။​ ပုံစံ-၁၉တွင် လက်မှတ်ရေးထိုးရန် ပျက်ကွက်ပါက ပျက်ကွက်သူ၏ တာဝန်သာဖြစ်ကြောင်း ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ ၆၇(ခ)တွင် ဖော်ပြထားသည်။

ထို့ပြင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ တင်သွင်းလာသည့် ရလဒ်များသည် သက်ဆိုင်ရာမဲရုံများတွင် လေ့လာစောင့်ကြည့်သည့်ပါတီများ၏ မဲရုံကိုယ်စားလှယ်များက မှန်ကန်ကြောင်း လက်မှတ်ရေးထိုးပြီးဖြစ်သည့် ရလဒ်များဖြစ်ကြောင်း အရှေ့လှိုင်သာယာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌဦးကျော်သောင်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဒေါက်တာမြတ်သစ်ကမူ ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲရလဒ်အပေါ် တစ်စုံတစ်ရာ ကျေနပ်မှုမရှိ၍ ကန့်ကွက်လိုပါက ၎င်းတို့၏ မဲရုံကိုယ်စားလှယ်များကို ပုံစံ-၁၆တွင် လက်မှတ်မထိုးရန် ပြောဆိုခဲ့သင့်သည်ဟု ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီ၏ မဲရုံကိုယ်စားလှယ်များက ယင်းသို့မလုပ်ဆောင်ခဲ့သဖြင့် ၎င်းတို့အနေဖြင့် အနိုင်၊ အရှုံးရလဒ်ထုတ်ပြန်ခြင်းကို လုပ်ထုံး၊ လုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.