Business owners wait inside the UMFCCI office in Yangon to apply for a low-interest loan from the government on August 7. (Thuya Zaw | Frontier)
ရန်ကုန်မြို့၊ ကုန်သည်စက်မှုအသင်းချုပ်တွင် ကိုဗစ်ချေးငွေလာရောက်လျှောက်ထားသည့် စီးပွားရေးလုပ်ငန်းရှင်များကို ဩဂုတ်လအတွင်းက တွေ့ရစဉ်။ (သူရဇော် | ဖရွန်းတီးယားမြန်မာ)

ကိုဗစ်ဒဏ်ခံလုပ်ငန်းများ ကူကယ်ရာရှာဖွေကြသည်

စီးပွားရေးလုပ်ငန်းများအတွက် အထောက်အပံ့များ ပိုမိုလိုအပ်ပြီး ချေးငွေများကို လုပ်ငန်းအတော်များများ ခံစားရရှိရန် ပိုမိုကျယ်ပြန့်စွာဆောင်ရွက်သင့်သည်ဟု သတိပေးမှုများရှိသော်လည်း အစိုးရ၏ ဒုတိယအသုတ် အတိုးနှုန်းနိမ့်ချေးငွေ ကျပ်ဘီလျံ၁၀၀ကို လျှောက်ထားသည့် လုပ်ငန်းပေါင်း ၁၀,၀၀၀ ကျော်ရှိခဲ့သည်။

ထင်လင်းအောင် ရေးသားသည်။

“တိုကင်နံပတ်၅၃ ချေးငွေလျှောက်လွှာတင်ပြဖို့ အခန်းထဲဝင်နိုင်ပါပြီ”ဟု ပလတ်စတစ်အိတ်နှင့် ထုပ်ပိုးထားသော လျှောက်လွှာတစ်စောင်ကိုဖတ်၍ အမျိုးသမီးတစ်ဦးက လှမ်းခေါ်လိုက်သည်။ ထိုင်နေသူများသည် အသံလာရာသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ကိုယ့်ဖုန်းကိုကိုယ် ပြန်ပြီး အာရုံစိုက်နေလိုက်ကြသည်။

အဆိုပါမြင်ကွင်းကား သြဂုတ်၇ရက်ကဖြစ်ပြီး ထိုနေ့တွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး (UMFCCI) အတွင်း လှုပ်လှုပ်ရှားရှားဖြစ်နေသည်။ မျှော်လင့်တကြီးစောင့်ဆိုင်း၍ စိတ်လှုပ်ရှားနေသော ရာချီသည့်စီးပွားရေးလုပ်ငန်းရှင်များသည် အစိုးရထံက အတိုးနှုန်းသက်သာသော ချေးငွေရရှိရေး လျှောက်လွှာတင်ရန် စောင့်ဆိုင်းနေကြသည်။

အများစုက စားပွဲပေါ်တွင် လျှောက်လွှာများကို ဖြည့်သွင်းနေကြပြီးသည်။ အချို့က ချေးငွေလျှောက်ထားရန် လိုအပ်သည့် သတ်မှတ်ချက်များနှင့် လျှောက်ထားရမည့်နည်းလမ်းများကို ဖော်ပြထားသည့် နံရံပေါ်က ပိုစတာကို ဖတ်ရှုနေသည်။ အချို့မှာမူ ခပ်ခွာခွာခြားထားသော ထိုင်ခုံများတွင် တိတ်တဆိတ် ထိုင်နေကြသည်။ ထိုနေ့မှ ရေတွက်လျှင် လျှောက်လွှာပိတ်ရန်မှာ သုံးရက်သာလိုတော့သည်။

အောင်ဇေယျာမင်းပင်လယ်ငါးဖမ်းလုပ်ငန်းပိုင်ရှင် ဦးဇေယျာမျိုးသည် ကျပ်သိန်း၂,၅၀၀ ချေးယူရန် လိုအပ်သည့်စာရွက်စာတမ်းများနှင့်အတူ လျှောက်လွှာဖြည့်နေသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာနမှထောက်ခံစာပါသည့်အတွက် လျှောက်လွှာတင်သွင်းရာတွင် ၎င်းအတွက် အခက်အခဲမရှိခဲ့ပေ။

“သတ်မှတ်ချက်နဲ့ကိုက်ညီရင် လျှောက်ဖို့လွယ်ပါတယ်၊ UMFCCIက ဝန်ထမ်းတွေကလည်း ဘာလုပ်ရမယ်ဆိုတာ ကူညီရှင်းပြပေးတယ်”ဟု ၎င်းကဆိုသည်။

ယခင်က အခြားသူများ၏ ငါးဖမ်းစက်လှေတွင် လှေခေါင်းဆောင်အဖြစ် အလုပ်လုပ်ခဲ့ဖူးသည့် ဦးဇေယျာမျိုးသည် ကိုယ်ပိုင်ငါးဖမ်းလုပ်ငန်းကို တည်ထောင်ထားသည်မှာ ၁၀နှစ်ခန့် ရှိပြီဖြစ်သည်။

ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါက စီးပွားရေးလုပ်ငန်းများအပေါ် စတင်ရိုက်ခတ်လာသောအခါ ၎င်း၏ငါးဖမ်းလုပ်ငန်းလည်း အထိနာခဲ့သည်။ ဖောက်သည်များထံက အော်ဒါမှာယူမှုရုတ်တရက်ကျဆင်းခဲ့ရာ လုပ်ငန်းများကို ရပ်တန့်ထားရပြီး ဝန်ထမ်းတစ်ဝက်ခန့်ကိုလည်း လျှော့ချလိုက်ရသည်။

သူ၏အဓိကမျှော်လင့်ချက်မှာ ချေးငွေရရှိရေးဖြစ်သည်။ ချေးငွေသာရရှိပါက အလုပ်နားထားသည့် ဝန်ထမ်းများကို လုပ်ငန်းခွင်သို့ ပြန်လည်ခေါ်ယူမည်ဖြစ်ပြီး စက်တင်ဘာအကုန်တွင် ငါးဖမ်းရာ သီပြန်လည်စတင်သောအခါ လုပ်ငန်းများယခင်ကလို ပုံမှန်ပြန်ဖြစ်လာမည်ဟု ၎င်းကယူဆနေသည်။

ငါးဖမ်းစက်လှေ၁၀စီးကို ပြန်လည်မွမ်းမံရန် ကုန်ကျစရိတ်နှင့် ငါးဖမ်းလုပ်သား၂၅၀ဦးအတွက် လုပ်ခလစာများကို ရလာသည့်ချေးငွေမှ သုံးစွဲမည်ဟု ၎င်းကဆိုသည်။

“အခုချိန်မှာတော့ ဒါတွေလုပ်ဖို့ ကျွန်တော်တို့မှာ ငွေမရှိသေးဘူး၊ ဝင်ငွေမရှိတာ အတော်ကြာပြီ။ တကယ်တော့တွက်ကြည့်ရင် သိန်း၅,၀၀၀လောက်လိုတယ်။ ဒါပေမဲ့ တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် တွက်ထားတဲ့အတွက် တစ်ဝက်ပဲလျှောက်ဖို့ ဆုံးဖြတ်လိုက်တယ်”ဟု ၎င်းကပြောသည်။

အော်ဒါမည်မျှရရှိမည်ကို ကြိုတင်မသိနိုင်သောကြောင့် လိုအပ်သည့်ငွေကြေးပမာဏ၏ တစ်ဝက်ကိုသာ ၎င်းကလျှောက်ထားခဲ့ခြင်းဖြစ်သည်။ ကိုဗစ်-၁၉ရောဂါကြောင့် အထိနာသည့် စီးပွားရေးလုပ်ငန်းများအနက် ပြည်ပပို့ကုန်များ ရပ်ဆိုင်းသွားမှုကြောင့် ငါးဖမ်းလုပ်ငန်းများသည် ပို၍အထိနာခဲ့သည်။ ကပ်ရောဂါကြောင့်  စားသောက်ဆိုင်လုပ်ငန်းနှင့် ဈေးများလည်း အထိနာခဲ့သဖြင့် ပြည်တွင်းငါးစားသုံးမှုမှာလည်း ကျဆင်းခဲ့သည်။

“ချေးငွေရပြီး ဒီငါးဖမ်းရာသီမှာ ငွေမရှာနိုင်ဘူးဆိုရင် ငွေပြန်ဆပ်နိုင်ဖို့ ငါးဖမ်းစက်လှေတွေကို ရောင်းရမယ်ထင်တယ်”ဟု ဦးဇေယျာမျိုးကပြောသည်။

ယင်းသို့မသေချာသည့် ရှေ့အလားအလာရှိသည့်တိုင် ချေးငွေလျှောက်ထားသည့် စီးပွားရေးလုပ်ငန်းအရေအတွက်က အဆမတန်များပြားလှသည်။ UMFCCIစာရင်းဇယားများအရ ဩဂုတ်၁၀ရက် လျှောက်လွှာပိတ်ရက်အမီ ယခုအကြိမ်အစိုးရချေးငွေကို လျှောက်ထားသည့် စီးပွားရေးလုပ်ငန်းအရေအတွက် ၁၀,၀၀၀ကျော်ရှိခဲ့သည်။

ကိုဗစ်ချေးငွေလျှောက်ထားသည့် အောင်ဇေယျာမျိုးငါးဖမ်းလုပ်ငန်းပိုင်ရှင် ဦးဇေယျာမျိုးကို တွေ့ရစဉ်။ (သူရဇော် | ဖရွန်းတီးယားမြန်မာ)

ကိုဗစ်-၁၉ရန်ပုံငွေသည် ကမ္ဘာ့ကပ်ရောဂါကြောင့် ထိခိုက်မှုခံစားခဲ့ရသော စီးပွားရေးလုပ်ငန်းများကို ကုစားထောက်ပံ့ရန် ငွေထုတ်ချေးပေးသည့် အစိုးရ၏ အထူးအစီအစဉ်များအနက်က တစ်ခုဖြစ်သည်။ ၂၀၁၉-၂၀ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်း(ဂျီဒီပီ)သည် ၆ဒသမ၄ ရာခိုင်နှုန်းရှိမည်ဟု ကနဦးခန့်မှန်းခဲ့သော်လည်း ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် သုညဒသမ၅ရာခိုင်နှုန်းအထိ တိုးတက်မှုနှုန်း တုံ့ဆိုင်းလျော့ကျသွားမည်ဟု ကမ္ဘာ့ဘဏ်က ပြင်ဆင်ခန့်မှန်းခဲ့သည်။

ကိုဗစ်-၁၉ရန်ပုံငွေကို လူမှုဖူလုံရေးရန်ပုံငွေ ကျပ်ဘီလျံ၅၀နှင့် အစိုးရထည့်ဝင်ငွေ ကျပ်ဘီလျံ ၅၀၊ စုစုပေါင်း ကျပ်ဘီလျံ၁၀၀ဖြင့် မတ်လကုန်တွင် စတင်တည်ထောင်ခဲ့သည်။ ပုဂ္ဂလိကဘဏ်တိုးနှုန်းများထက်များစွာ လျော့နည်းသည့် အတိုးနှုန်းဖြင့် အဆိုပါရန်ပုံငွေမှ စီးပွားရေးလုပ်ငန်းများကို အစိုးရက ငွေထုတ်ချေးပေးခဲ့သည်။ ချေးငွေကို တစ်နှစ်အကြာတွင် အတိုးနှုန်းတစ်ရာခိုင်နှုန်းဖြင့် ပြန်ဆပ်ရမည်ဖြစ်သည်။

တစ်လအကြာတွင် ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ် (CERP)ကို ကြေညာခဲ့ရာ ချေးငွေလျှောက်ထားသည့် စီးပွားရေးလုပ်ငန်း အရေအတွက် တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။ CERPအစီအစဉ်အရ အစိုးရက ထုတ်ချေးပေးမည့် ငွေကြေးပမာဏသည် ငွေကျပ်ဘီလျံ၅၀၀အထိရှိမည်ဟု ခန့်မှန်းရသည်။

ပထမအသုတ်ချေးငွေကို ကဏ္ဍငါးခုရှိ စီးပွားရေးလုပ်ငန်းများကို ထုတ်ချေးပေးခဲ့သည်။​ အဆိုပါလုပ်ငန်းများတွင် မြန်မာနိုင်ငံသားပိုင်လက်ခစားအထည်ချုပ်လုပ်ငန်းနှင့် အခြားကုန်ထုတ်လုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ၊ စားသောက်ဆိုင်နှင့် အစားအသောက်လုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများ၊ အထွေအထွေကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများပါဝင်သည်။ ဧပြီ၂၉ရက်မှ ဇွန်၁ရက်အတွင်း စီးပွားရေးလုပ်ငန်းပေါင်း ၃,၀၀၀ကျော်ကို ငွေကျပ်၁၀၁ဒသမ၁ဘီလျံ အစိုးရက ထုတ်ချေးပေးခဲ့သည်။

စားသောက်ကုန်လုပ်ငန်း၊ လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများ၊ အထွေထွေကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများသို့ ထုတ်ချေးသည့်ပမာဏသည် ချေးငွေစုစုပေါင်း၏ လေးပုံသုံးပုံခန့်ရှိခဲ့သည်။

ဒုတိယအသုတ်အဖြစ် ကဏ္ဍရှစ်ခုမှ စီးပွားရေးလုပ်ငန်းများသို့ ငွေကျပ်၁၀၀ဘီလျံ ထပ်မံထုတ်ချေးခဲ့ပြီး လျှောက်လွှာများကို ဇူလိုင်၂၉ရက်မှ စတင်လက်ခံခဲ့သည်။ ယင်းလုပ်ငန်းများတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ရေလုပ်ငန်းများ၊ ပို့ကုန်ဦးစားပေးလုပ်ငန်းများ၊ သွင်းကုန်အစားထိုးလုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့မှုအထိ ထုတ်လုပ်တင်ပို့မှုကွင်းဆက်တစ်လျှောက်တွင် ပါဝင်သည့် လုပ်ငန်းများ၊ အစားအသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင် ရှာဖွေရေးဝန်ဆောင်မှုများနှင့် သက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများ ပါဝင်သည်။

ချေးငွေလိုအပ်မှု အလွန်များပြားလွန်းလှသဖြင့် ရန်ပုံငွေများကို စီမံခန့်ခွဲရခြင်းသည် မလွယ်ကူလှကြောင်း UMFCCI တွဲဖက်အထွေထွေအတွင်းရေးမှူးဦးအေးထွန်းက ဆိုသည်။​ ၎င်းသည် UMFCCI ၏ ကိုဗစ်-၁၉ရန်ပုံငွေလုပ်ငန်းကော်မတီတွင် အတွင်းရေးမှူးအဖြစ်လည်း တာဝန်ယူထားသူဖြစ်သည်။

“လူတိုင်းကို ထောက်ပံ့ပေးနိုင်ဖို့ မလုံလောက်ဘူး။ ဒါပေမဲ့ ဘယ်ကဏ္ဍတွေကို ဦးစားပေးလုပ်ငန်းထဲ ထည့်ရမလဲ ဆုံးဖြတ်ရတာ တကယ့်ကိုခက်ခဲပါတယ်။ ချေးငွေပထမအသုတ်မှာ ဦးစားပေးကဏ္ဍတွေမှာပါဝင်တဲ့ လုပ်ငန်းတချို့ အခုထိချေးငွေလျှောက်ထားတာတွေ ရှိနေတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ပါမှာမဟုတ်ဘူး။ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရတာကြောင့် ဒီချေးငွေလျှောက်လွှာတွေကို စဉ်းစားပေးလို့မရဘူး။ တကယ့်ကိုခက်ခဲတဲ့အခြေအနေပဲ”ဟု ဦးအေးထွန်းကပြောသည်။

ဩဂုတ်လလယ်ခန့်မှစ၍ တဟုန်ထိုးမြင့်တက်လာသည့် အချိန်မတိုင်ခင်အထိ ကိုဗစ်-၁၉ကူးစက်ခံရသူဦးရေ နည်းပါးခဲ့သော်လည်း စီးပွားရေးလုပ်ငန်းများမှာ လပေါင်းများစွာတိုင်အောင် ရပ်တည်ရေးအတွက် ခက်ခဲစွာရုန်းကန်ခဲ့ကြသည်။

“လုပ်ငန်းအများစုအတွက် ရောင်းအားက အရင်လိုအခြေအနေ ပြန်ရောက်မလာသေးဘူး”ဟု ပြည်ပသို့ ဆန်တင်ပို့သည့် Excel International Trading ကုမ္ပဏီတည်ထောင်သူ ဦးနေလင်းဇင်ကပြောသည်။

၎င်းသည်လည်း အစိုးရထံမှ ချေးငွေလျှောက်ထားသူဖြစ်သည်။ ချေးငွေရရှိပါက ဝန်ထမ်းများလစာပေးရန်နှင့် ‘ရေရှည်စီမံကိန်းများ’တွင် သုံးစွဲထားရန် စီစဉ်ထားသည်ဟု ၎င်းကဆိုသည်။

အခြားပြည်ပပို့ကုန်ဦးစားပေးလုပ်ငန်းများနည်းတူ Excel International Trading ကုမ္ပဏီ၏ ဆန်တင်ပို့မှုလုပ်ငန်းများသည်လည်း ကိုဗစ်-၁၉ကြောင့် အတော်လေးထိခိုက်ခဲ့ရသည်။

ဆန်စျေးများကျဆင်းနေသော်လည်း မြန်မာငွေကြေးဈေးနှုန်းက ကျဆင်းခြင်းမရှိဘဲ ဆက်လက်ခိုင်မာနေသည့်အတွက် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာပို့ကုန်များသည် နိုင်ငံတကာဈေးကွက်တွင် မယှဉ်ပြိုင်နိုင်ဖြစ်ရသည်။

ပုံမှန်အချိန်တွင် ဦးနေလင်းဇင်သည် တရုတ်၊ ဥရောပနှင့် အခြားအာရှနိုင်ငံများသို့ တစ်လလျှင် ဆန်တန်ချိန် ၈,၀၀၀တင်ပို့လေ့ရှိသော်လည်း လက်ရှိကိုဗစ်-၁၉ကာလတွင် ယင်းပမာဏ၏ လေးပုံတစ်ပုံခန့်သာ တင်ပို့နိုင်တော့သည်။

ရောင်းအားအလွန်ကျဆင်း၍ ဝင်ငွေထိခိုက်သော်လည်း ၎င်းသည် ဝန်ထမ်း အယောက် ၆၀စလုံးကို ဆက်လက်အလုပ်ခန့်ထားလျက် ရှိသေးကြောင်း ဦးနေလင်းဇင်ကဆိုသည်။

အောင်ဇေယျာမင်းငါးဖမ်းလုပ်ငန်းပိုင်ရှင် ဦးဇေယျာမျိုးက ဩဂုတ်လအတွင်းက လျှောက်ထားခဲ့သည့် ၎င်း၏ ကိုဗစ်ချေးငွေလျှောက်လွှာကို ပြသစဉ်။ (သူရဇော် | ဖရွန်းတီးယားမြန်မာ)

“လက်ရှိအချိန်မှာ ပေးတဲ့စျေးနဲ့ ငွေလဲနှုန်းပေါက်ဈေးအရဆိုရင် တင်ပို့ဖို့မကြိုးစားတော့ဘူး။ ဒါပေမဲ့ ဝန်ထမ်းတွေကို လျှော့ချလို့လည်းမရဘူး။ ရေရှည်အတွက်စဉ်းစားပြီး ဝန်ထမ်းအင်အားကို ထိန်းသိမ်းထားဖို့လိုတယ်။ နောက်ပြီး စျေးကွက်အခြေအနေ အပြောင်းအလဲကို စောင့်ကြည့်ရမယ်”ဟု ၎င်းကပြောသည်။

တုံ့ဆိုင်းနေသော နိုင်ငံ့စီးပွားရေးအခြေအနေကြောင့် အချို့ကဏ္ဍများရှိ လုပ်ငန်းများသည် ချေးငွေရရှိသည့်တိုင် တစ်နှစ်ပြည့်ပြီး၍ ပြန်ဆပ်ရမည့်ကာလရောက်သောအခါ ငွေပြန်မဆပ်နိုင်မည်ကို စိုးရိမ်ကြသည်။

ကုန်ကြမ်းယူ၊ ကုန်ချောပေးလက်ခစားအထည်ချုပ်ကဏ္ဍတွင် ယခုနှစ်အစောပိုင်း ကိုဗစ်-၁၉စတင်ဖြစ်ပွားချိန်ကတည်း နိုင်ငံခြားမှအမှာစာရရှိသည့် စက်ရုံအနည်းငယ်သာရှိရာ ၎င်းတို့၏ ရှေ့အလားအလာမှာ စိုးရိမ်ဖွယ်အနေအထားဖြစ်သည်။

“စီးပွားရေးက မကောင်းသေးဘူး။ ဒါပေမဲ့ တစ်နှစ်ဆိုတဲ့အချိန်က ခဏလေးနဲ့ကုန်သွားမှာ။ မကြာခင်ဘဲ ကျွန်မတို့ကချေးငွေတွေကိုပြန်ဆပ်ရမှာ”ဟု ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ လှယဉ်မိုးအထည်ချုပ်လုပ်ငန်းပိုင်ရှင် ဒေါ်ရင်ရင်မိုးကပြောသည်။

“ဒီလိုအခြေအနေမှာ ကျွန်မကရတဲ့ချေးငွေပမာဏရဲ့ တစ်ဝက်လောက်ကိုပဲ သုံးချင်တယ်။ တကယ်လို့ ချေးငွေအားလုံးကို လုပ်ငန်းထဲမှာ ရင်းနှီးမြှုပ်နှံလိုက်ပြီး စီးပွားရေးအခြေအနေက မကောင်းသေးရင် ပြန်မဆပ်နိုင်မှာ စိုးရိမ်မိတယ်”ဟု ၎င်းကပြောသည်။

ထောက်ပံ့သည့်ချေးငွေများ စီးပွားရေးလုပ်ငန်းရှင်များလက်သို့ ရောက်သည့်အချိန်ကလည်း ကြာမြင့်လွန်းလှသည်ဟု သူကဝေဖန်သည်။

“သတင်းစာထဲမှာ ချေးငွေရန်ပုံငွေအကြောင်း ကြေညာတဲ့အချိန်နဲ့ ကျွန်မတို့ချေးငွေ တကယ်ရတဲ့အချိန်ကြားမှာ နှစ်လလောက်ကွာဟနေတယ်။ ရတဲ့ပမာဏကလည်း ကျွန်မအဆိုပြုထားတဲ့ပမာဏရဲ့ ငါးပုံတစ်ပုံပဲရှိတယ်။ လုပ်ငန်းစဉ်မှာ ရှင်းလင်းမှုမရှိတာနဲ့ အစိုးရဝန်ထမ်းတွေရဲ့ လုပ်ကိုင်ပုံတွေကြောင့် အချိန်အတော်ကြာခဲ့ရတယ်”ဟု ၎င်းကပြောသည်။

လုပ်ငန်းရှင်များလက်သို့ ချေးငွေချထားပေးသည့် လုပ်ငန်းစဉ်အပေါ် ဝေဖန်သည်မှာ ဒေါ်ရင်ရင်မိုးတစ်ဦးတည်းမဟုတ်ပေ။

ဧပြီတွင် Apex International အမည်ရသော ကုမ္ပဏီတစ်ခုသည် အစိုးရထံ ငွေကျပ်သိန်း၃,၀၀၀ ချေးယူရန် လျှောက်ထားခဲ့သော်လည်း အစိုးရက ကျပ်၆၅သိန်းသာ ချေးပေးနိုင်ကြောင်း ပြန်လည်အကြောင်းကြားခဲ့သည်။ ယင်းနောက် အဆိုပါကုမ္ပဏီက အစိုးရထံမှ ချေးငွေမယူတော့ကြောင်း ငြင်းပယ်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ယင်းလတွင်ပင် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဦးအုန်းမောင်နှင့် နီးစပ်သည့် ကုမ္ပဏီတစ်ခုသည် တစ်ဦးတည်း ချေးငွေကျပ်သိန်း ၁,၀၀၀ ရရှိခဲ့ရာ၊ စီးပွားရေးလုပ်ငန်းရှင်များအသိုင်းအဝိုင်းအတွင်း ဝေဖန်သံများ သောသောညံခဲ့သည်။

စီးပွားရေးလုပ်ငန်းများကို ငွေထုတ်ချေးသည့် အစိုးရ၏အစီအစဉ်အပေါ် စိုးရိမ်မှုအချို့ကလည်း ရှိနေသည်။ တစ်နှစ်အလွန်ပြန်ဆပ်ရမည့်ကာလတွင် ချေးငွေပြန်မဆပ်နိုင်သည့် စီးပွားရေးလုပ်ငန်း အများအပြားရှိလာပါက အစိုးရအနေဖြင့် ၎င်းတို့ထံက ရရန်ရှိသည့်ငွေကြေးကို နိုင်ငံတော်ဘဏ္ဍာသို့ ပြန်လည်ဖြည့်တင်းနိုင်ခြင်းရှိ၊ မရှိဟူသည့် မေးခွန်းဖြစ်သည်။

ချေးငွေပြန်မဆပ်နိုင်သော စီးပွားရေးလုပ်ငန်းများသည် ဥပဒေကြောင်းအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ချေးငွေချထားသည့်လုပ်ငန်းစဉ်ကို ကြီးကြပ်သည့်ကော်မတီကဆိုသည်။

ချေးငွေပြန်မဆပ်နိုင်သည့် လုပ်ငန်းရှင်များသည် မကြာမီအစိုးရက တည်ထောင်တော့မည့် ချေးငွေဗြူရိုခေါ် ချေးငွေသတင်းအချက်အလက်ဌာန၏ အမည်ပျက်စာရင်းသွင်းခြင်းခံရမည်ဖြစ်သည်။ ထို့ပြင်ချေးငွေကြီးကြပ်ရေးကော်မတီက အဆိုပါလုပ်ငန်းရှင်များအား နောင်တွင်ငွေမချေးရန် အသေးစားငွေချေးလုပ်ငန်းများနှင့် ဘဏ်မဟုတ်သော ငွေကြေးအဖွဲ့အစည်းများကို သတိပေးတားမြစ်မည်ဖြစ်ရာ ငွေပြန်မဆပ်နိုင်သူများအဖို့ တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်မည့် အခြေအနေမျိုးဖြစ်သည်။

ချေးငွေကို လစာပေးခြင်းနှင့် လုပ်ငန်းလည်ပတ်မှုတို့တွင် သုံးစွဲနိုင်သော်လည်း သတ်မှတ်ထားသည့် ဝန်ထမ်းဦးရေပမာဏကို ထားရှိရမည်ဟူသည့် စည်းမျဉ်းသတ်မှတ်ချက်မျိုးမရှိပေ။ ယင်းမှာ စီးပွားရေးလုပ်ငန်းများကို အရေးပေါ်ချေးငွေထုတ်ချေးသော နိုင်ငံအတော်များများတွင် ကျင့်သုံးသည့် စည်းမျဉ်းတစ်ခုဖြစ်သည်။

ချေးငွေနှစ်သုတ်လုံးကို လိုချင်သူများနေသော်လည်း လုပ်ငန်းအနည်းငယ်သာ အမှန်တကယ် လျှောက်ထားခဲ့ကြောင်း လေ့လာချက်များက ဆိုသည်။ လုပ်ငန်းအမျိုးမျိုး၊ အရွယ်အစားအမျိုးမျိုးပါဝင်သော နိုင်ငံတစ်ဝန်းက ကုမ္ပဏီ၅၀၀ကို မေးမြန်းခဲ့သည့်စစ်တမ်းတစ်ခုအရ ကုမ္ပဏီ၅၀၀အနက် ၉ရာခိုင်နှုန်းကသာ ချေးငွေလျှောက်ထားခဲ့သည်။ ကုမ္ပဏီအားလုံး၏ ၈၃ရာခိုင်နှုန်းက ရောင်းအားကျဆင်းသည့် ပြဿနာနှင့်ကြုံတွေ့နေရသည်ဟု ဖြေဆိုသည့်တိုင်  ၅၁ရာခိုင်နှုန်းက ငွေကြေးမလုံလောက်မှု ကြုံတွေ့နေရကြောင်းဆိုပြီး ၂၉ရာခိုင်နှုန်းကမူ ချေးငွေရရှိရေး အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း ဆိုသည်။

“အစိုးရအနေဖြင့် ချေးငွေများ ပိုမိုကျယ်ပြန့်စွာရရှိ၍ လုပ်ငန်းအများအပြား ချေးငွေကိုလက်လှမ်းမီအောင် အစီအစဉ်များရေးဆွဲလုပ်ဆောင်သင့်သည်ကို ယင်းစစ်တမ်းရလဒ်များက အကြံပြုလျက်ရှိ”ကြောင်း ဇွန်လထုတ် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးကိုစောင့်ကြည့်ခြင်း (Myanmar Economic Monitor) အစီရင်ခံစာက အကြံပြုခဲ့သည်။

ကုစားရေးအစီအမံများ၏ စီးပွားရေးလုပ်ငန်းများအပေါ် လက်ရှိချဉ်းကပ်ပုံသည် “တရားဝင်နယ်ပယ်ရှိ ကုမ္ပဏီအနည်းငယ်သာ အကျိုးခံစားခွင့်ရသည့်”​ အခြေအနေကို ဦးတည်နိုင်ပြီး “စနစ်တကျဖွဲ့စည်းတည်ထောင်မထားသည့် သမားရိုးကျစီးပွားရေးလုပ်ငန်းများ သို့မဟုတ် အခြားကဏ္ဍများရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ချေးငွေကိုလက်လှမ်းမမီနိုင်သည့် ကြီးစွာသောဆိုးကျိုးတစ်ခုရှိနေကြောင်း” အစီရင်ခံစာက သတိပေးခဲ့သည်။

အကြီးမားဆုံးပြဿနာက ထုတ်ချေးသည့် ပမာဏသည် လုံလောက်မှုမရှိခြင်းဖြစ်သည်ဟု ဦးအေးထွန်းကဆိုသည်။ ကိုဗစ် ချေးငွေရန်ပုံငွေအဖြစ် လုပ်ငန်းများကိုထုတ်ချေးသည့် ငွေကြေးပမာဏ ကျပ်သန်း၂၀၀ဘီလျံသည် နိုင်ငံ့ဂျီဒီပီ၏ သုညဒသမ၂ ရာခိုင်နှုန်းသာရှိသည်။

“အစိုးရထောက်ပံ့ပေးတဲ့ ပမာဏကနည်းပါတယ်။ တစ်ခြားနိုင်ငံတွေမှာ ဂျီဒီပီရဲ့ ပမာဏအများကြီးကို ကယ်ဆယ်ရေးရန်ပုံငွေအတွက် သုံးစွဲကြတယ်။ ဒါ ဘတ်ဂျက်ပြဿနာကြောင့် ဖြစ်ကောင်းဖြစ်မယ်။  ဒါပေမဲ့ ကျပ်ဘီလျံ၂၀၀လောက် သုံးလိုက်ရုံနဲ့ နိုင်ငံ့စီးပွားရေးက နာလန်ထူလာမှာမဟုတ်ဘူး”ဟု ၎င်းပြောသည်။

နိုင်ငံ့စီးပွားရေးပြန်လည်နာလန်ထလာရန်နှင့် ကိုဗစ်-၁၉ရိုက်ခတ်မှုဒဏ်ခံရသည့်စီးပွားရေးလုပ်ငန်းများ ထူထူထောင်ထောင်ပြန်ဖြစ်လာရန် လုပ်ငန်းများကို တိုက်ရိုက်ငွေကြေးထောက်ပံ့သည့် ယခုထက်ပိုသည့် နောက်ထပ်စီးပွားရေးနိုးဆွလှုံ့ဆော်မှုအစီအမံများ လိုအပ်ကြောင်း ၎င်းက ပြောသည်။

“အလုပ်သမားတွေအများကြီး အလုပ်လက်မဲ့ဖြစ်ကုန်တယ်။ (ကိုဗစ်-၁၉ကာလမှာ) နိုင်ငံခြားကနေပြန်လာပြီး ပြည်ပပြန်မထွက်နိုင်ဘဲ​ အလုပ်လက်မဲ့ဖြစ်နေတဲ့သူတွေ အများကြီးပဲ။ သူတို့အတွက် အလုပ်အကိုင်၊​ အခွင့်အလမ်းတွေလိုတယ်” ဟု ဦးအေးထွန်းက ပြောသည်။

ကိုဗစ်-၁၉ ရန်ပုံငွေချေးငွေကို ပိုမိုတိုးချဲ့ဖြည့်တင်းရန် ရှိ၊ မရှိ အစိုးရက တိကျသည့် ဆုံးဖြတ်ချက် မချရသေးကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောသည်။

“အစိုးရက ဒီထက်ပိုပြီး ထောက်ပံ့၊ မပံ့ဆိုတာကိုတော့ ကျွန်တော်လည်းမသိသေးဘူး။ အစိုးရအဖွဲ့က ချေးငွေ နောက်ဆုံးသုတ် အခြေအနေကိုစောင့်ကြည့်ပြီး ဆုံးဖြတ်ချက်ချလိမ့်မယ်ထင်တယ်”ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ကိုဗစ်ချေးငွေလျှောက်ထားခွင့် စံနှုန်းသတ်မှတ်ချက်များ

  • ကိုဗစ်-၁၉ကြောင့် အမှန်တကယ်ထိခိုက်မှုရှိနေသော နိုင်ငံသားပိုင်လုပ်ငန်းဖြစ်ရမည်။
  • လက်ရှိလည်ပတ်နေသည့်လုပ်ငန်းဖြစ်ပြီး ယာယီရပ်စဲထားသော်လည်း ချေးငွေရရှိပါက ချက်ချင်းပြန်လည်စတင်နိုင်သည့် လုပ်ငန်းဖြစ်ရမည်။ 
  • ၂၀၁၈၊ မတ်၃၁ရက်မတိုင်မီ လုပ်ငန်းလိုင်စင်ရထားပြီးဖြစ်သည့် လုပ်ငန်းဖြစ်ရမည်။
  • လွန်ခဲ့သော နှစ်နှစ်တာအတွင်း နှစ်စဉ်ဝင်ငွေရရှိထားသောလုပ်ငန်းဖြစ်ရမည်။
  • တစ်နှစ်တာအတွင်း ချေးငွေအားပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသောအခြေအနေရှိသော လုပ်ငန်းဖြစ်ရမည်။
  • ချေးငွေအား ဝန်ထမ်းလစာနှင့် လက်ရှိလုပ်ငန်းလည်ပတ်ရန်အတွက်သာ အသုံးပြုမည့် လုပ်ငန်းဖြစ်ရမည်။
  • ကုမ္ပဏီမှတ်ပုံတင်ရုံးနှင့် သက်ဆိုင်ရာအစိုးရဌာန/အဖွဲ့အစည်းများမှ စာရင်းပယ်ဖျက်ခြင်း ခံထားရသည့် (အမည်ပျက်စာရင်းကြေညာခံထားရသည့်) လုပ်ငန်းမဟုတ်သူများ ဖြစ်ရမည်။
  • ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ အထူးကုန်စည်ခွန် ပေးဆောင်ထားသည့် လုပ်ငန်းဖြစ်ရမည်။
  • ကုမ္ပဏီဒါရိုက်တာအဖွဲ့(သို့မဟုတ်) လုပ်ငန်းပိုင်ရှင်မှ ချေးငွေပြန်လည်ပေးဆပ်ရန် အာမခံချက်ပေးနိုင်သည့် လုပ်ငန်းဖြစ်ရမည်။
  • ဘဏ်ချေးငွေများအတွက် တရားစွဲဆိုခြင်းခံထားရသည့် လုပ်ငန်းမဖြစ်စေရ။
  • ကိုဗစ်-၁၉ချေးငွေရန်ပုံငွေ ရယူထားပြီးသည့် လုပ်ငန်းမဖြစ်စေရ။
  • စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများဖြစ်ပါက (၁) တစ်နိုင်တစ်ပိုင်လုပ်ငန်းမဟုတ်ဘဲ စီးပွားဖြစ်ဆောင်ရွက်နေသည့် လုပ်ငန်းဖြစ်ရမည်။ (၂) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူထားခြင်းမရှိသည့် လုပ်ငန်းဖြစ်ရမည်။ (၃) လုပ်ငန်းအမှန်တကယ်လုပ်ဆောင်နေကြောင်း သက်ဆိုင်ရာဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှုး၏ ထောက်ခံချက်တင်ပြနိုင်သူဖြစ်ရမည်။ 
  • အရေးအကြီးဆုံးစံသတ်မှတ်ချက်အနေဖြင့် – တစ်နှစ်အတွင်း ချေးငွေပြန်လည်ပေးဆပ်မှု ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့်အညီအရေးယူဆောင်ရွက်ခြင်း၊ ချေးငွေသတင်းအချက်အလက်ဌာန (Credit Bureau)တွင် အမည်ပျက်စာရင်းဖော်ပြရခံရမည်ဖြစ်ပြီး ဘဏ်၊ ဘဏ်မဟုတ်သော အဖွဲ့အစည်း၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းတို့မှ ချေးငွေရယူနိုင်းခြင်းမရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.