Padoh Mahn Nyein Maung attends a demonstration on October 2, 2019 in central Yangon to protest the arrest and jailing of prominent Karen activist Naw Ohn Hla and two Karen youth activists for organising an unauthorised ceremony to mark Karen Martyrs’ Day. (Steve Tickner | Frontier)
၂၀၁၉က ကရင်အာဇာနည်နေ့အခမ်းအနား ခွင့်ပြုချက်မရှိဘဲ ကျင်းပခဲ့ခြင်းကြောင့် ငြိမ်းစုစီဥပဒေဖြင့် ကရင်အမျိုးသမီးတက်ကြွလှုပ်ရှားသူ နော်အုန်းလှတရားစွဲခံရစဉ် ဖဒိုမန်းငြိမ်းမောင်က အမှုကြားနာစစ်ဆေးသည့် ရုံးချိန်းတစ်ခုတွင် လာရောက်ဝန်းရံခဲ့သည်။ (စတိဗ်တစ်ခ်နာ | ဖရွန်းတီးယားမြန်မာ)

လက်နက်ကိုင်လမ်းစဉ်မှ လွှတ်တော်နိုင်ငံရေးဖြင့် တော်လှန်ရေးခရီးနှင်မည့်သူ

“ကျွန်တော်က မနိုင်ဘူးထင်တဲ့ တိုက်ပွဲကို ဝင်နေမှာမဟုတ်ဘူး။ ကျွန်တော်အနိုင်ရမှာသေချာပါတယ်”

ဖဒိုမန်းငြိမ်းမောင်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဗဟိုကော်မတီဝင်အဖြစ်ကနေ ဇူလိုင်လတတိယအပတ်မှာ နုတ်ထွက်ခဲ့ပြီး လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်နိုင်ချေရှိကြောင်း သတင်းထွက်ပေါ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ကရင်ပြည်သူ့ပါတီ (KPP)ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း ပါတီက တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ 

ဖဒိုမန်းငြိမ်းမောင်ဟာ သူ့ရဲ့ မွေးရပ်ဇာတိမြေဖြစ်တဲ့ ပန်းတနော်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ကေအင်န်ယူမှာ နှစ်ပေါင်း၅၀ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ရွေးကောက် ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဘယ်လိုဘယ်ပုံ ဆုံးဖြတ်ခဲ့သလဲ၊ ဘယ်အရာတွေက ရွေးကောက်ပွဲဝင်ဖို့ တွန်းအားပေးခဲ့သလဲဆိုတာ ဖရွန်းတီးယားမြန်မာသတင်းထောက် နော်ဘတ်တီဟန်က ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေး – ဘာကြောင့် ကရင်အမျိုးသားအစည်းအရုံးကနေ နုတ်ထွက်ပြီး ကိုယ်စားလှယ်လောင်းအနေနဲ့ လာမယ့်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာလဲ။ 

ဖြေ – ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မတီအဖွဲ့ဝင်အနေနဲ့ ကရင်အမျိုးသားအကျိုးစီးပွားနဲ့ ကရင့်နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ဆောင်ရွက်ဖို့ အကန့်အသတ်တွေရှိပါတယ်။ ကရင်အမျိုးသားအစည်းအရုံးဆိုတာက ကရင်အမျိုးသားထုကို ကိုယ်စားပြုတဲ့ တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်တယ်။ ကျွန်တော် ကရင်အမျိုးသားအစည်းအရုံး အဖွဲ့ဝင်အနေနဲ့ ကရင်အမျိုးသားသားရေး တာဝန်ကိုနှစ်ပေါင်းတော်တော်ကြာ ထမ်းဆောင်ခဲ့ပြီးဖြစ်တယ်။ ကျွန်တော့် မွေးရပ်မြေဖြစ်တဲ့ ကရင်လူမျိုးတွေအတွက် တစ်ထောင့်တစ်နေရာကနေ တာဝန်ယူချင်လာတာကြောင့် လွှတ်တော်လမ်းစဉ်အရသွားတဲ့ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ရပ်တည်မှာ ဖြစ်တာကြောင့် ကေအင်န်ယူကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

မေး – အရင်က တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ရွေးချယ်ခံဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ရာက ဘယ်လိုအကြောင်းကြောင့်များ ကရင်ပြည်သူ့ပါတီနဲ့ လက်တွဲဖြစ်ခဲ့ပါသလဲ။ 

ဖြေ –  ကရင်ပြည်သူ့ပါတီ ဥက္ကဌစောထွန်းအောင်မြင့်က မကြာခဏ ကျွန်တော်တို့ကို ဖိတ်ခေါ်ခဲ့ပါတယ်။ ၂၀၁၅ခုနှစ် ကရင်အမျိုးသားအစည်းအရုံးက အန်စီအေ သဘောတူလက်မှတ်ရေးထိုးပြီး ကတည်းက ကေအင်န်ယူဗဟိုကော်မတီတွေကို ကရင်ပြည်သူ့ပါတီနဲ့ လက်တွဲဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ကြားထဲမှာလည်း အဆက်အသွယ်မပြတ်ရှိနေခဲ့ပါတယ်။ အခုလာမယ့်ရွေးကောက်ပွဲဝင်ဖို့ ကျွန်တော်ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာလည်း သူက ကျွန်တော့်ကို ပါတီမှာ ပူးပေါင်းပါဝင်ဖို့ ထပ်မံကမ်းလှမ်းခဲ့တာကြောင့် ကရင်ပြည်သူ့ပါတီနဲ့ လက်တွဲဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

မေး – ကရင်ပြည်သူ့ပါတီမှာရော ဘယ်လိုရာထူး၊​ တာဝန်ယူထားပါသလဲ။

ဖြေ – သူတို့က ကမ်းလှမ်းစဉ်ကတည်းက ကျွန်တော်က ကရင်အမျိုးသားအစည်းရုံးမှာ ဗဟိုကော်မတီ အဖွဲ့ဝင်လည်းလုပ်ခဲ့တော့ ပါတီခေါင်းဆောင်ပိုင်းနေရာကို ပူးပေါင်းဖို့ကမ်းလှမ်းပါတယ်။ ဒါပေမဲ့ ကျွန်တော်က နိုင်ငံရေးလုပ်ချင်တဲ့ ဆန္ဒနဲ့သာပူးပေါင်းခဲ့တာမို့ သာမန်ပါတီဝင်အနေနဲ့ပဲ လုပ်ပါရစေလို့ ပြောခဲ့ပါတယ်။ နောက်ဆုံးမှာ ပါတီဘက်က မေတ္တာရပ်ခံချက်တွေကြောင့် ပါတီအကြံပေးနဲ့ နာယကအဖြစ် ပူးပေါင်းတာဝန်ယူပေးဖို့ သဘောတူခဲ့ပါတယ်။ 

မေး – ကရင်အမျိုးသားအစည်းအရုံးကနေနုတ်ထွက်ခဲ့တော့ တခြားပြဿနာတွေ၊ ဘာတွေများရှိခဲ့သေးသလား။ 

ဖြေ – ကျွန်တော် ကေအင်န်ယူမှာ နှစ်ပေါင်း၅၀ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်တော့် တစ်ဘဝလုံးနီးပါး ပါပဲ။ ကျွန်တော် ဗဟိုကော်မတီဝင်အဖြစ်ကနေ နုတ်မထွက်ခင်မှာ ကျွန်တော့် မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကေအင်န်ယူနဲ့ ဘာပြဿနာ တစ်စုံတစ်ရာမှ မရှိခဲ့ပါဘူး။ ကျွန်တော် မွေးရပ်ဒေသမှာရှိတဲ့ ကရင်လူမျိုးထုအတွက် နို်င်ငံရေးလှုပ်ရှားမှုတွေလုပ်ချင်လို့သာ ကျွန်တော်မဖြစ်မနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော် နှစ်ပေါင်း၅၀လောက် တော်လှန်ရေးလုပ်ခဲ့တဲ့ ကေအင်န်ယူကနေ နုတ်ထွက်ချင်စိတ်မရှိပါဘူး။ 

မေး – လွှတ်တော်နိုင်ငံရေးလမ်းကြောင်းနဲ့ လက်နက်ကိုင်တိုင်ပွဲဝင်တဲ့လမ်းကြောင်းက ဖက်ဒရယ်ပြည်ထောင်စုဆီကိုသွားဖို့ ဘယ်လိုကွာခြားမှုတွေရှိမလဲ။ နိုင်ငံရေးအရ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံလာရမယ်လို့ မျှော်လင့်ထားသလဲ။ 

ဖြေ – ကျွန်တော်က ဘဝတစ်လျှောက်လုံး လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းမှာပဲ ဖြတ်သန်းလာခဲ့ရတော့ လွှတ်တော်နိုင်ငံရေးနဲ့ အတော်လေး စိမ်းနေလောက်မှာပါ။ ဒီလမ်းကြောင်းနှစ်ခုကလည်း အတော်လေးကွာခြားမယ်လို့ သဘောပေါက်နားလည်ထားပါတယ်။ အထူးသဖြင့် လွှတ်တော်ထဲမှာ ပြောဆိုဆွေးနွေးမှုတွေနဲ့ ရင်းနှီးမှုမရှိနေပါဘူး။ အင်န်အယ်လ်ဒီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) ဆိုရင်လည်း ၂၀၁၅ကနေ ၂၀၂၀ သက်တမ်းအတွင်းမှာ စိန်ခေါ်မှုတွေ အခက်အခဲတွေရင်ဆိုင်ခဲ့ရတာပါပဲ။ စိန်ခေါ်မှုတွေ အခက်အခဲတွေကို မဖြတ်ကျော်ပဲနဲ့တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါပုံမှန်ပါပဲ။

ကျွန်တော်တို့ တိုင်းပြည်မှာ နှစ်ပေါင်း ၆ဝကြာဖြစ်ခဲ့တဲ့ ပဋိပက္ခစစ်မီးအခြေအနေတွေရှိခဲ့တော့ ကာလတိုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မရောက်နိုင်တာမျိုးတွေရှိပါတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေ၊ ဖြတ်သန်းမှုတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ လွှတ်တော်ကနေတစ်ဆင့် တွန်းတိုက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲဝင်မယ့် လမ်းကြောင်းကို ရွေးခဲ့တာပါ။ 

မေး – ရွေးကောက်ပွဲမှာရော အနိုင်ရလိမ့်မယ်လို့ ယုံကြည်ပါသလား။ 

ဖြေ – ကျွန်တော့်မှာ ယုံကြည်ချက်အပြည့်အဝရှိပါတယ်။ ပန်းတနော်ဆိုတာက ကျွန်တော့်ဇာတိမြို့လည်း ဖြစ်တယ်။ ၂၀၁၂-၂၀၁၃ အင်န်စီအေ (တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲမှုဆိုင်ရာ သဘောတူစာချုပ် – NCA) လက်မှတ်မထိုးရသေးခင် ကာလတွေကတည်းက ကျွန်တော်တို့ ဒေသမှာလိုအပ်တဲ့ ကျောင်းတွေ၊ ဆေးပေးခန်းတွေကို ကျွန်တော် ထူးဖောင်ဒေးရှင်းတို့၊ ဧရာဝတီဖောင်ဒေးရှင်းတို့အကူအညီနဲ့ ဆောက်လုပ်ပေးခဲ့တယ်။ ဒေသခံကလေးတွေကိုလည်း တက္ကသိုလ်တွေ၊ ကောလိပ်တွေတက်နိုင်ဖို့ ထောက်ပံ့ကူညီပေးခဲ့တယ်။ လက်ရှိမှာ ကွန်ပျူတာတက္ကသိုလ်၊ သူနာပြုတက္ကသိုလ် စတဲ့ တက္ကသိုလ်အသီးသီးမှာ ပညာသင်ယူနေတဲ့ ကျောင်းသား ၂၅ဝလောက်ကို ကူညီပေးနိုင်ခဲ့ပါတယ်။ အဲဒီထဲကမှ ဘွဲ့ရလူငယ်လေးတွေ ၅၇ဦးရှိခဲ့ပြီ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ခဲ့ပြီးနောက်မှာ ကျွန်တော့်ဒေသက ကရင်လူမျိုးထုအတွက်လည်း တာဝန်ထမ်းဆောင်လိုစိတ်ရှိပါတယ်။ ကျွန်တော့်ဒေသက လူထုအတွက် ကျွန်တော်လုပ်ပေးခဲ့တာတွေနဲ့ပတ်သတ်ပြီး ကျွန်တော်ယုံကြည်ချက် အပြည့်ရှိတယ်။ ကျွန်တော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့အခါကျတော့ ကျွန်တော် ဒီကိစ္စအပေါ်မှာလည်း လူထုရဲ့ထောက်ခံချက်နဲ့ ကောင်းကောင်းဆက်လုပ်နိုင်မယ်လို့ထင်တယ်။

ဧရာဝတီတိုင်းဒေသကြီးဟာဆိုရင် ကရင်နဲ့ ဗမာအတူယှဉ်တွဲနေထိုင်တဲ့ ဒေသလည်းဖြစ်ပါတယ်။ ကျွန်တော်က အမျိုးသားပေါင်းစည်းရေးကိစ္စတွေ၊ ပြီးတော့ တိုင်းရင်းသားအခွင့်အရေးကိစ္စတွေကိုလည်း ထဲထဲဝင်ဝင် လုပ်ကိုင်လိုတယ်၊ လုပ်ကိုင်နိုင်မယ်လို့လည်း ယုံကြည်တာကြောင့် ဒီလမ်းကိုရွေးတာပါ။ ကျွန်တော်ကို လမ်းကြောင်းပေါ်ပို့ပေးဖို့ကတော့ လူထုရဲ့ ဆုံးဖြတ်ချက်နဲ့ ယုံကြည်မှုအပေါ်မှာ မူတည်ပါတယ်။

မေး – ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေး အရေးကိစ္စတွေကို ဘယ်လောက်အတိုင်းတာအထိလုပ်ဆောင်နိုင်မယ် မျှော်လင့်ထားသလဲ။ 

ဖြေ – ကျွန်တော်ယုံကြည်ထားတာက လာမယ့်အစိုးရအသစ်ကသာ ကျွန်တော်တို့ရဲ့ စွမ်းရည်တွေ၊ အတွေ့အကြုံတွေ ကောင်းကောင်းအသိမှတ်ပြုပြီး အသုံးချတတ်မယ်ဆိုရင်ပေါ့လေ သေချာပေါက် ကျွန်တော်တို့ အရွေ့တစ်ခုကိုလုပ်နိုင်မှာပါ။ အသိမှတ်ပြုတတ်မယ်လို့လည်း မျှော်လင့်ပါတယ်။ 

မေး – လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သတ်ပြီးတော့ရော ဘယ်လိုအမြင်ရှိသလဲ။ ကျေနပ်ပါသလား။ 

ဖြေ – ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ အပြည့်အဝ ကျေနပ်ပျော်ရွှင်တာမျိုးမရှိပါဘူး။ ဒါက အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အပြင်တင်လိုတာကြောင့် ဒီလိုပြောတောမဟုတ်ပါဘူး။ ကျွန်တော်တို့ တိုင်းပြည်က လက်ရှိ အင်န်အယ်လ်ဒီအစိုးရ ဦးမဆောင်ခင်ကာလကတည်းကကို ပဋိပက္ခတွေ နှစ်ပေါင်း ၆၀၊ ၇၀ လောက်ဖြစ်ခဲ့၊ ရင်ဆိုင်ခဲ့ရတယ်။ အစိုးရအဖွဲ့အနေနဲ့ ဖြေရှင်းရမယ့် အကြောင်းအရာတွေ များတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုတည်းကိုပဲ အာရုံစိုက်နိုင်ဖို့ ခက်ခဲ့လိမ့်မယ်ထင်ပါတယ်။

ပြဿနာက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ ခက်ခဲတာလည်း အဓိကအကြောင်းအရင်းဖြစ်ပါလိမ့်မယ်။ အင်န်အယ်ဒီအစိုးရမှမဟုတ်ပါဘူး။ သူ့နေရာမှာ တခြားဘယ်အစိုးရမဆို ဒီလိုအခက်အခဲနဲ့ ရင်ဆိုင်ရမှာ မလွဲမသွေပါပဲ။ ကျွန်တော့်ရဲ့အမြင်ကိုပြောရရင် အရင်ဦးသိန်းစိန်အစိုးရလက်ထက်က ဖော်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးက ဒီလက်ရှိအစိုးရလက်ထက်မှာ နည်းနည်းလေးလုပ်နိုင်တာကလွဲရင် သိပ်အများကြီးမဖြစ်ထွန်းခဲ့ဘူးလို့ ပြောရမယ် ထင်တယ်။

မေး – ကေအင်န်ယူက အခြားအဖွဲ့ဝင်တွေရော အနာဂါတ်မှာ ရွေးကောက်ပွဲဝင်လာနိုင်ခြေရှိပါသလား။  

ဖြေ – ကျွန်တော်က တိုင်းရင်းသားလက်နက်ကိုင်ကနေ လွှတ်တော်ရွေးကောက်ပွဲကို ကူးပြောင်းလာတဲ့ စွန့်ဦးလို့တောင်ပြောလို့ရတယ်။ ဒီတော့ ကျွန်တော်ထင်တယ်လေ ကျွန်တော့်ရဲ့ အခြေအနေပေါ်မူတည်ပြီး ကေအင်န်ယူမှမဟုတ်ပါဘူး တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေလည်း ရွေးကောက်ပွဲဝင်သင့်၊ မသင့် လေ့လာဆုံးဖြတ်လို့ရလိမ့်မယ်လို့ ထင်တယ်။ 

မေး – ရွေးကောက်ပွဲမှာ အနိုင်မရခဲ့ရင်ရော ကေအင်န်ယူကိုပြန်မှာလား။ 

ဖြေ – ကျွန်တော်က စစ်သားဗျ။ ကျွန်တော်အောင်ပွဲရမယ်လို့ ယုံကြည်ချက်မရှိဘဲ ကျွန်တော် တိုက်ပွဲမဝင်ဘူး။ ကျွန်တော့်ဒေသကလူတွေက ကျွန်တော်ဘာလုပ်နိုင်သလဲကောင်းကောင်းသိတယ်။ သူတို့ ကျွန်တော့်ကို မဲပေးကြလိမ့်မယ်။ ကျွန်တော် သေချာပေါက်နိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်။

မှတ်ချက်။ ။ အင်တာဗျူးကို စကောကရင်ဘာသာစကားဖြင့် မေးမြန်းခဲ့ခြင်းဖြစ်ပြီး မြန်မာဘာသာပြန်ဆိုချက်ကို တိုက်သုံးမူနှင့်အညီ တည်းဖြတ်ထားကြောင်း စာဖတ်သူများကို အသိပေးအပ်ပါသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.