A shop in Yangon's Insein Township adorned with mobile money signs on July 8. (Thuya Zaw | Frontier)
A mobile shop hanging vary mobile money signboard at Insien Township on 8 July 2020

သတိ၊ ယုံလွယ်သူများ အငိုက်မိတတ်သည်

မသမာသူများက ယုံလွယ်လွန်းသောဖေ့စ်ဘွတ်ခ်သုံးစွဲသူများထံမှ အချက်အလက်များရယူကာ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကတစ်ဆင့် လိမ်လည်မှုများ ကျူးလွန်လျက်ရှိသည်။

ရဲမွန်ရေးသားသည်။

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် မေလအတွင်း ပို့စ်တစ်ခုသည် သုံးစွဲသူ ထောင်ပေါင်းများစွာအကြား တစ်ခဏတွင်းချင်း ပျံ့နှံ့သွားသည်။

“ဤပို့စ်ကို မျှဝေပေးသူတိုင်းအား ဝေ့ဖ်မန်းနီးက ငွေကျပ် ၁၄၀,၀၀၀ လွှဲပေးမည်ဖြစ်သည်။ ဤပို့စ်ကို ယခုပင်မျှဝေလိုက်ပါ။ ဤကမ်းလှမ်းချက်မှာ အစစ်အမှန်ဖြစ်သည်” ဟူ၍ဖြစ်၏။

မိုက်ကရိုဆော့ဖ်နည်းပညာကုမ္ပဏီကို ပူးတွဲတည်ထောင်သူ ကမ္ဘာကျော်သူဌေးကြီး ဘီလ်ဂိတ်က ကမ္ဘာတဝှမ်းရှိ မရှိဆင်းရဲသားများအတွက် အမေရိကန်ဒေါ်လာ သန်း၃၀၀ လှူဒါန်းထားကြောင်းနှင့် ပို့စ်တွင်ဖုန်းနံပါတ်ကွန်မန့်လာပေးပြီး ပို့စ်ကို ပြန်လည်မျှဝေသူ မည်သူကိုမဆို အမေရိကန်ဒေါ်လာ ၁၀၀ (မြန်မာငွေကျပ် ၁၃၆,၀၀၀ ဝန်းကျင်) လွှဲပေးမည်ဖြစ်သည်ဟု တစ်ပါးသူဟန်ဆောင်ထားသော အကောင့်တစ်ခုက ရေးတင်ထားသည်။

သို့သော် ရက်အနည်းငယ်အကြာတွင် အဆိုပါရေးသားချက်သာမက ပို့စ်ကို စတင်ခဲ့သော အကောင့်တုလည်း ဖေ့စ်ဘွတ်ခ်မှ ပျောက်ကွယ်သွားသည်။ အဆိုပါအကောင့်တုက ရေးသားသည့်ဟန်နှင့် အလားတူပို့စ်များလည်း ဖေ့စ်ဘွတ်ခ်စာမျက်နှာနှင့် ဖေ့စ်ဘွတ်ခ်ဂရု(ပ်)အနှံ့အပြားတွင် ပျံ့နှံ့ခဲ့သည်။ ၎င်းတို့တွင် တူညီသည့်အချက်က သုံးစွဲသူများထံမှ ၎င်းတို့၏ဖုန်းနံပါတ်များကို ပို့စ်အောက်တွင် မှတ်ချက်ပြုရေးသားခဲ့ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

‌ငွေကြေးလှူတန်းမှုများအကြောင်း ဖော်ပြထားသော ဖေ့စ်ဘွတ်ခ်ဂရု(ပ်)သုံးခုကို ဖရွန်းတီးယားမြန်မာက ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့၏အမည်များမှာ “စာရင်းပေးကြသူများ”၊ “ မြန်မာနိုင်ငံမှအလှူရှင်များစုစည်းရာ”နှင့် “မြန်မာနိုင်ငံဘောလုံးအသင်းများအဖွဲ့ချုပ်”တို့ ဖြစ်ကြသည်။

သုံးစွဲသူများထံမှ ၎င်းတို့၏ဖုန်းနံပါတ်များမှတ်ချက်ရေးသားရန် တောင်းဆိုသည့်ပို့စ်များသည် အသစ်အဆန်းမဟုတ်သော်လည်း ကြိမ်ဖန်များစွာ လူမှုကွန်ရက်စာမျက်နှာတွင် မြင်တွေ့လာရသည်။ ၎င်းတို့အနက် အချို့ပို့စ်များက ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သည့်အကြောင်းအရာများကို အကြောင်းပြု၍ သုံးစွဲသူများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ရယူရန်ကြိုးပမ်းသည်ကို လေ့လာတွေ့ရှိခဲ့ရသည်။

မြန်မာနိုင်ငံမှအလှူရှင်များစုစည်းရာ ဖေ့စ်ဘွတ်ခ်ဂရု(ပ်)ကဆိုလျှင် သရုပ်ဆောင်ဝေဠုကျော်နှင့် “ဝင်းကိုကိုလတ် ဖောင်ဒေးရှင်း”က ငွေကျပ်သိန်း ၅,၀၀၀ လှူဒါန်းထားပြီး ဆင်းရဲနွမ်းပါးသူ ၅,၀၀၀အား တစ်ဦးလျှင်ကျပ်တစ်သိန်းစီ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ပြန်လည်ဖြုတ်ချသွားခဲ့ပြီဖြစ်သော အဆိုပါပို့စ်တွင် မင်းသားဝေဠုကျော်၏ဓာတ်ပုံနှင့် မည်သူမည်ဝါမှန်းမသိရသူများ ငွေစက္ကူများရေတွက်၊ ဖြန့်ဝေနေသည့်ပုံအချို့ကိုလည်း ဖော်ပြထားသည်။

ငွေလိုချင်ဇောဖြင့် ပို့စ်ကိုမျှဝေပြီး မိမိဖုန်းနံပါတ် ရေးပေးလိုက်သူ အရေအတွက်အတိအကျကို မသိရသော်လည်း အချို့ပို့စ်များသည် ပြန်လည်မျှဝေမှုအကြိမ် ၁၀,၀၀၀ မက ရှိခဲ့သည်။

သို့တိုင် အတိအကျပြောနိုင်သည်က ပို့စ်အများစုသည် လိမ်ဆင်များဖြစ်သည်ကို မျှဝေသူများက မသိကြခြင်းဖြစ်သည်။ အဆိုပါပို့စ်များ၏ ရည်ရွယ်ချက်က ပထမဦးစွာ လူမှုကွန်ရက်သုံးစွဲသူများကို နည်းလမ်းမျိုးစုံသုံး၍စွဲဆောင်ပြီး ဖုန်းနံပါတ်တောင်းယူမည်ဖြစ်သည်။ ယင်နောက် ဖုန်းနံပါတ်ပိုင်ရှင်ကို အယုံသွင်းပြီး ငွေလွှဲစေကာ လိမ်လည်ခြင်းပင် ဖြစ်တော့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်က ဒေါ်သိင်္ဂီစိုး၊ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်က မဟေမန်ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်က ကိုရဲမင်းထက်တို့သည်လည်း အလားတူလှည့်ကွက်နှင့် ကြုံတွေ့ခဲ့ရသူများဖြစ်သည်။

ဖုန်းနံပါတ်တောင်းခံပြီး ငွေအလကားပေးမည်ဆိုသည့် ပို့စ်တစ်ခုကို ဖေ့စ်ဘွတ်ခ်အသုံးပြုသူများက ပြန်လည်မျှဝေနေကြသည်ကို တွေ့ရှိခဲ့ရသည်ဟု ဒေါ်သိင်္ဂီစိုးက ဖရွန်းတီးယားမြန်မာကို ပြောသည်။ ပို့စ်ကို ပြန်လည်မျှဝေသူအားလုံး ပိုက်ဆံရကြလိမ့်မည်ဟု သူကထင်မှတ်ခဲ့သည်။

“ဝေ့ဖ်မန်းနီးကနေ အန်တီရဲ့နံပါတ်ထဲကို ငွေတစ်ပြားတစ်ချက်မှလည်း မရောက်သေးပါဘူး။ ဒီပို့စ်က ငွေလိမ်ဖို့ ရည်ရွယ်ချက်ရှိနေတဲ့ ပို့စ်လို့လည်း မသိခဲ့ဘူး။ ဘာဖြစ်လို့များ ကိုယ့်ဖုန်းနံပါတ်ကို အလွယ်တကူ ပေးလိုက်မိမှန်းကို ကိုယ့်ကိုယ်ကို နားမလည်တော့ဘူး” ဟု သူကပြောသည်။

တူတော်စပ်သူက ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုအောက်က သူဖုန်းနံပါတ်ရေးသားထားသည်ကို တွေ့သွားသောအခါ အလိမ်ခံရနိုင်ကြောင်း လှမ်းသတိပေးခဲ့သည်ဟု ဒေါ်သိင်္ဂီစိုးကပြောသည်။

“ဒီလိုပို့စ်မျိုးတွေကိုမျှဝေတာ၊ ဒါမှမဟုတ် ကွန်မန့်ရေးတာ မလုပ်တော့ဘူး။ အဲဒီပို့စ်တွေက အန်တီရဲ့ဖုန်းနံပါတ်တွေကို ရှာတွေ့သလောက် ဖျက်လိုက်ပါပြီ” ဟု သူကပြောသည်။

ဖေ့စ်ဘွတ်ခ်ပို့စ်များကတစ်ဆင့် မသမာသူများ၏ သားကောင်အဖြစ် ချဉ်းကပ်ခံရသူများအနက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် နေထိုင်သူ မဟေမန်ဦးလည်း ပါဝင်သည်။

ဖုန်းနံပါတ်ပေးထားခဲ့၍ ဝေ့ဖ်မန်းနီးကတစ်ဆင့် ၎င်းထံသို့ ငွေလွှဲပေးပြီးပြီဟု ဖော်ပြထားသည့် ဖုန်းမျက်နှာပြင်မှတ်တမ်းတင်အထောက်အထားဓာတ်ပုံတစ်ခုကို လက်ခံရရှိခဲ့သော်လည်း လက်တွေ့တွင် မည်သူ့ထံကမှ​ ငွေကြေးမရရှိခဲ့သောကြောင့် အဆိုပါပေ့ချ်များကို အယုံအကြည်မရှိတော့ဟု မဟေမန်ဦးကပြောသည်။

“ဒီအကြောင်း ရှင်မေးမှပဲ ကျွန်မကြောက်လာပြီ။ မသမာသူတွေက ဖုန်းနံပါတ်တွေဘာကြောင့် တောင်းတောင်းနေတာလဲဆိုတာကို သိချင်လာတယ်” ဟု သူက ပြောသည်။

ဖုန်းနံပါတ်များတောင်းနေရသည့်အကြောင်းအရင်းသည် နောက်ပိုင်းတွင် အဆိုပါဖုန်းနံပါတ်များကတစ်ဆင့် ငွေကြေးလိမ်လည်ရန်ဖြစ်နိုင်သည်ဟု ရန်ကုန်အခြေစိုက် နည်းပညာဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သော ဖန်တီးရာ၏ တွဲဘက်ဒစ်ဂျစ်တယ်လုံခြုံရေးအရာရှိ ကိုဟန်မင်းဦးကဆိုသည်။

မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်လုံခြုံမှုအသိပညာနိမ့်ပါးခြင်းက မသမာသူများ၏အမြတ်ထုတ်မှုကိုခံရစေသည့် အကြောင်းရင်းဖြစ်နိုင်သည်ဟု သူက ထင်မြင်သည်။

“ဒစ်ဂျစ်တယ်နည်းပညာတတ်မြောက်မှုအကြောင်း လူတွေကိုအစိုးရက ပညာပေးဖို့လိုပါတယ်”ဟု ကိုဟန်မင်းဦးက ပြောသည်။

သူဌေးကြီးဘီလ်ဂိတ်က ငွေပေးမည်ဆိုသော ပို့စ်အောက်တွင် ကိုရဲမင်းထက်က သူ့ဖုန်းနံပါတ်ကို ပေးခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌဟု မိမိကိုယ်ကို မိတ်ဆက်သူတစ်ဦးက သူ့ကို ဇူလိုင်၃ရက်တွင် တယ်လီဖုန်းနှင့် ဆက်သွယ်လာသည်။ အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ သူ့ထံသို့ ငွေကျပ်၁၇ဒသမ၅သန်း လွှဲပေးမည်ဖြစ်ကြောင်း သူ့ကိုပြောသည်။

“အဲဒီလူလိမ်က ပေးငွေကို သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမိန့်အရ ပေးတာလို့ပြောပါတယ်။ နိုင်ငံတော်အကြီးအကဲတွေရဲ့ နာမည်ကို သူတို့ကသုံးလိုက်တော့ လူတွေကသူတို့ကို အယုံလွယ်သွားတာပေါ့”

ကိုရဲမင်းထက် (ငွေကြေးလိမ်လည်ရန် မသမာသူတို့ ကြိုးပမ်းသည်ကို ကြုံတွေ့ခဲ့ရသူ)

သူက စရံငွေအဖြစ် ကျပ်၃၅၀,၀၀၀ကို ဝေ့ဖ်မန်းနီးအကောင့်တစ်ခုထဲသို့ ပေးသွင်းရမည်ဖြစ်ပြီး ထိုသို့ပေးသွင်းပြီးပါက သူ့ကိုဂဏန်းခုနစ်လုံးပါ လျှို့ဝှက်နံပါတ် တစ်ခုပေးမည်ဟု တစ်ဘက်က လူကဆိုသည်။ ထိုနံပါတ်နှင့် မြန်မာ့စီးပွားရေးဘဏ်တွင် ငွေကျပ်၁၇ဒသမ၅ သန်း ထုတ်ယူနိုင်မည်ဟု ထိုသူက ဆိုသည်။

“အဲဒီလူလိမ်က ပေးငွေကို သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အမိန့်အရ ပေးတာလို့ပြောပါတယ်။ နိုင်ငံတော်အကြီးအကဲတွေရဲ့ နာမည်ကို သူတို့ကသုံးလိုက်တော့ လူတွေကသူတို့ကို အယုံလွယ်သွားတာပေါ့”ဟု ကိုရဲမင်းထက်က ဖရွန်းတီးယားမြန်မာကို ပြောသည်။

ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌအယောင်ဆောင်ပြီး လူတစ်ဦးက ဖုန်းဆက်လိမ်နေသည်ဟူသော သတိပေးချက်များ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် သတိပေးရေးသားပြောဆိုနေသည်ကို တွေ့ထားပြီးဖြစ်ရာ ယင်းပုဂ္ဂိုလ်တောင်းဆိုသော ငွေပမာဏကို မလွှဲပေးခဲ့ကြောင်း ၎င်းကဆိုသည်။

“အဲဒီလူလိမ်က ကျွန်တော့်ဆီက ငွေမရသွားဘူး။ ဒါပေမဲ့ သူကနောက်တစ်ယောက်ကို ထပ်ပြီးပစ်မှတ်ထားလိုက်လိမ်နေအုံးမှာပဲ” ဟု ကိုရဲမင်းထက်က ပြောသည်။

ဟန်ဆောင်အကောင့်များကတစ်ဆင့် ငွေကြေးလိမ်လည်မှုများသည် ကြီးမားသည့် ပြဿနာတစ်ရပ် ဖြစ်လာနေသည်။ မသမာသူတို့က များသောအားဖြင့် မိုဘိုင်းနည်းပညာသုံးငွေလွှဲဝန်ဆောင်မှုလုပ်ငန်းအသုံးပြုသူများကို ငွေကြေးလိမ်လည်၍ ပြစ်မှုကျူးလွန်လေ့ရှိသည်။ ယင်းဝန်ဆောင်မှုများအနက် ကိုယ်စားလှယ်ပေါင်း ၅၈,၀၀၀ခန့်နှင့် ပြည်တွင်းတွင် လူအသုံးများသည့် ဝေ့ဖ်မန်နီးနှင့် မြန်မာနိုင်ငံအတွင်းဘဏ်ခွဲအများဆုံးဖွင့်လှစ်ထားသည့် ကမ္ဘောဇဘဏ်နှင့်ချိတ်ဆက်ထားသော KBZ Payတို့လည်း ပါဝင်သည်။

ဇွန်လတွင် မိမိကိုယ်ကို KBZ Pay ကုမ္ပဏီဝန်ထမ်းတစ်ဦးဟု မိတ်ဆက်လာ၍ နည်းပညာပြုပြင်ထိန်းသိမ်းရန်လိုအပ်သဖြင့် လျှို့ဝှက်နံပါတ်ပေးရန် တောင်းလာသူကို ယုံကြည်ပြီးပေးခဲ့မိသဖြင့် မိတ္ထီလာကွန်ပျူတာတက္ကသိုလ်ပါမောက္ခတစ်ဦးသည် ကျပ်၁၀သိန်းခန့် ဆုံးရှုံးခဲ့သည်။

လိမ်လည်မှုများတွင် အရပ်သားများသာမက ရဲတပ်ဖွဲ့ဝင်များပါ ပစ်မှတ်ထားခံရလေ့ရှိသည်။ ဇူလိုင်၈ရက်က ဒုတိယရဲမှူးအောင်ဖုန်းမြင့်ကို KBZ Pay ဝန်ထမ်းယောင်ဆောင်ကာ မသမာတစ်ဦးက ကံစမ်းမဲပထမဆုပေါက်သည်ဟု ဖုန်းဆက်လာသည်။

၎င်း၏ ဖုန်းသို့ရောက်ရှိလာသည့် ဂဏန်းခြောက်လုံးပါ လျှို့ဝှက်နံပါတ်ကို ပြန်လည်ပေးပို့ရန် ဝန်ထမ်းဟန်ဆောင်သူက တောင်းဆိုခဲ့သည်။ ငွေကို ကိုယ်တိုင် ထုတ်ယူနိုင်ကြောင်းနှင့် KBZ Payမှလွှဲပေးမည်ဖြစ်ကြောင်းလည်း ဟန်ဆောင်သူက ဆိုသည်။

OTP ဟုခေါ်သည့် တစ်ကြိမ်သုံးလျှို့ဝှက်နံပါတ်ကိုရယူပြီး ယင်းဖြင့် KBZ Pay အကောင့်သို့ ဝင်ရောက်ရာတွင် အသုံးပြုသည့် အကောင့်လျှို့ဝှက်စကားလုံးကို ဖယ်ရှား၍ အသစ်ပြန်အစားထိုးသတ်မှတ်ရန်ကြိုးပမ်းခြင်းပင်ဖြစ်သည်။ ဤသို့ဖြင့် လျှို့ဝှက်စကားလုံးအသစ် အစားထိုးပြီးပါက အခြားစက်ကတစ်ဆင့် အကောင့်အတွင်းသို့ ဝင်ရောက်ကာ ငွေများထုတ်ယူရန်ဖြစ်သည်။ ဟန်ဆောင်သူ၏ လိမ်လည်မည့်အကြံကိုသိနေသည့် ဦးအောင်ဖုန်းမြင့်က အမှန်မဟုတ်သော ဂဏန်းခြောက်လုံးကို ပေးလိုက်သည်။ ကြိုးပမ်းမှုမအောင်မြင်၍ ဟန်ဆောင်ဝန်ထမ်းလည်း လက်လျှော့သွားလေသည်။

အွန်လိုင်းကတစ်ဆင့်လိမ်လည်ပို့စ်များနှင့် မသမာသည့်အကြံနှင့်ဖုန်းခေါ်ဆိုမှုများ များပြားလာသည်ဖြစ်ရာ ယင်းအမှုများကိုသာ အာရုံစိုက်စုံစမ်းစစ်ဆေးသည့် အထူးတပ်ဖွဲ့တစ်ခု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖွဲ့စည်းသင့်ကြောင်း ၎င်းက ပြောသည်။

“လောလောဆယ်မှာ အလိမ်ခံရတဲ့သူက ရဲစခန်းမှာအမှုဖွင့်ရင် ဖုန်းနံပါတ်ကိုခြေရာခံဖို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကို ကျွန်တော်တို့က စာပို့ပြီး ခွင့်ပြုချက်တောင်းပါတယ်။ ဒါကလည်း အနည်းဆုံးတစ်ပတ်လောက်ကြာပါတယ်”ဟု သူကပြောသည်။

အလိမ်ခံရသူများအနက် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင်နေထိုင်သည့် မယုနန္ဒာမှိုင်းလည်းပါသည်။ တစ်ရက်လျှင် အများဆုံး ကျပ်၅၀,၀၀၀သာ အခြားသို့ လွှဲပြောင်းနိုင်သည့် သူ့အကောင့်ကို အဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်သည့် မှတ်ချက်တစ်ခု ဝေ့ဖ်မန်းနီး၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မတ်၂၀ရက်က ရေးသားခဲ့ပြီးနောက်တွင် လိမ်လည်ခံခဲ့ရသည်။

နောက်တစ်ရက်တွင် ဝေ့ဖ်မန်းနီး၏ တရားဝင်အမှတ်တံဆိပ်လိုဂိုအသုံးပြုထားပြီး “Wave Momey” ဟုအမည်ပေးထားသော ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခုက သူ့ကိုဆက်သွယ်လာသည်။ ထို့နောက် သူ၏ ဖုန်းနံပါတ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနံပါတ်၊ တစ်ကြိမ်သုံးဂဏန်းခြောက်လုံးပါစကားဝှက်နှင့် အကောင့်ဝင်ရောက်ရာတွင် အသုံးပြုသော ဂဏန်းလေးလုံးပါ PIN နံပါတ်ကိုတောင်းခံလာသည်ဟု မယုနန္ဒာမှိုင်းကပြောသည်။

“ကျွန်မ သူတို့ဆီကိုပို့ပြီးနောက် မတ်၂၁ရက်မှာ ကျွန်မငွေစာရင်းထဲက ကျပ်၅၀,၀၀၀ထုတ်ယူသွားတယ်လို့ Wave Money က အကြောင်းကြားစာရပါတယ်” ဟုသူကပြောသည်။  နောက်တစ်ရက်တွင် ၎င်း၏အကောင့်မှ ကျပ်၁၀,၀၀၀ ထပ်မံထုတ်ယူသွားကြောင်း သူက ဆိုသည်။

သူ့အဖြစ်ကို Wave Money ခေါ်ဆိုမှုစင်တာ (Call Center)သို့ တိုင်ကြားသည့်အခါ လိမ်လည်ခဲ့သူကို ရဲစခန်းတွင်အမှုဖွင့်ရန်သာ အကြံပေးခဲ့သည်ဟု မယုနန္ဒာမှိုင်းက ပြောသည်။ သူတွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်ကို ခင်ပွန်းဖြစ်သူက ဖေ့စ်ဘွတ်ခ်တွင်ရေးသားလိုက်သောအခါ ပို့စ်ကိုပြန်ဖျက်ပေးရန် ဝေ့ဖ်မန်းနီးကုမ္ပဏီဝန်ထမ်းတစ်ဦးက အကြောင်းကြားလာပြီး သူဆုံးရှုံးသွားသော ကျပ်၆၀,၀၀၀ကို ပြန်ပေးမည်ဟု ကတိပြုခဲ့ကြောင်း သူကပြောသည်။

စားသုံးသူကာကွယ်ရေးအသင်းကို စာရေးတိုင်ကြားခဲ့သော်လည်း အပြာရောင်အမှန်ခြစ်ပါသော ဝေ့ဖ်မန်းနီး၏ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ဆက်သွယ်ခြင်းမဟုတ်၍ သူ့တိုင်တန်းချက်ကို အရေးယူဆောင်ရွက်ပေး၍မရကြောင်း အဆိုပါအသင်းက တိုင်ကြားမှုကို ပြန်လည်တုံ့ပြန်ခဲ့သည်။

“ကျွန်မက အလိုအလျောက်ပြန်တဲ့မက်ဆေ့ချ်တွေကို တစ်ခါမှမစစ်တော့ အကောင့်တုမှာ အပြာရောင်အမှတ်အသား မပါတာလည်း သတိမထားမိပါဘူး။ အခုတော့အကောင့်တုကလည်း ကျွန်မကိုဘလော့သွားပါပြီ။ ဒီကိစ္စကို ရဲတိုင်ပြီးဥပဒေအရ အရေးယူဖို့မလုပ်တော့ပါဘူး။ ဒါပေမဲ့ ဝေ့ဖ်မန်းနီးကိုတော့ ဘယ်တော့မှမသုံးတော့ပါဘူး” ဟု သူကပြောသည်။

ဝေ့ဖ်မန်းနီကုမ္ပဏီပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ ၎င်းတို့အနေဖြင့် “မိုဘိုင်းငွေကြေးဝန်ဆောင်မှုသုံးစွဲသူများကို မိမိ၏ ကိုယ်ရေးအချက်အလက်များကို တစ်ပါးသူသို့ မျှဝေခြင်းမပြုရန် အဆက်မပြတ်ပညာပေးနေသည်”ဟု ဆိုသည်။

၎င်းအလိမ်လည်ခံရသည့်ကိစ္စတွင် မယုနန္ဒာမှိုင်းသည် “မည်သည့်အခြေအနေမျိုးတွင်မှ အခြား သူကို လွှဲပြောင်းပေးရန်မသင့်လျော်သည့် တစ်ကြိမ်သုံးလျှို့ဝှက်နံပါတ်နှင့် PIN နံပါတ်နှစ်ခုစလုံးကိုပေးခဲ့သည်” ဟု ကုမ္ပဏီပြောခွင့်ရသူက ဆိုသည်။

၎င်း၏ ခင်ပွန်းဖြစ်သူ ဖေ့စ်ဘွတ်ခ်တွင် စွပ်စွဲရေးသားချက်ကြောင့် ဝေ့ဖ်မန်းနီး၏ “ဂုဏ်သိက္ခာနှင့် လုပ်ငန်းပုံရိပ် ထိခိုက်ရကြောင်း”နှင့် သူအလိမ်ခံရသည်ကိုသိရှိပြီး ရဲသို့တိုင်တန်းရန် ကုမ္ပဏီက အကြံပေးခဲ့သည့်တိုင် ဝေ့ဖ်မန်းနီးအပေါ် စွပ်စွဲချက်များကို ၎င်း၏ခင်ပွန်းက လူမှုကွန်ရက် စာမျက်နှာတွင်ရေးသားခဲ့သည်ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

“သူ့ဆုံးရှုံးမှုအတွက် မနစ်နာရအောင်နဲ့ ဒီကိစ္စအကျယ်အကျယ်ဖြစ်မသွားအောင် သဘောရိုးနဲ့ ပြေလည်ရာပြေလည်ကြောင်း ငွေကျပ် ၆၀,၀၀၀ ပေးခဲ့တာပါ”ဟု ၎င်းက ပြောသည်။

ငွေလွှဲပြောင်းမှုစုစုပေါင်းပမာဏနှင့်နှိုင်းယှဉ်ပါက ဝေ့ဖ်မန်းနီးသို့ ရောက်လာသည့် တိုင်ကြားမှုအရေအတွက်မှာ အလွန်နည်းပါးကြောင်း၊ ယခုနှစ် ပထမနှစ်ဝက်တွင် လက်ခံရရှိခဲ့သည့် “အငြင်းပွားမှုများ”သည် ငွေလွှဲပြောင်းမှုစုစုပေါင်းအကြိမ်အရေအတွက်နှင့် နှိုင်းယှဉ်ပါက သုညဒသမ၀၀၁ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

အထူးသဖြင့်လိမ်လည်မှုများကိုကြည့်ပါက ဝေ့ဖ်မန်းနီးဝန်ဆောင်မှု၏ အာနည်းချက်ကြောင့်မဟုတ်ဘဲ “ဒစ်ဂျစ်တယ်နည်းပညာ ဗဟုသုတနည်းပါး၍” မကြာခဏ လိမ်လည်မှုများ ဖြစ်ပွားရလေ့ရှိကြောင်း ဝေ့ဖ်မန်းနီးကုမ္ပဏီပြောခွင့်ရသူကဆိုသည်။

မသမာသူများက “ကုမ္ပဏီတာဝန်ရှိသူဟန်ဆောင်၍” ဝန်ဆောင်မှုသုံးစွဲသူများထံမှ အချက်အလက်များကို လိမ်လည်ရယူနေသည်ကို ဝေ့ဖ်မန်းနီးအနေဖြင့် သိရှိကြောင်းနှင့် ဝန်ဆောင်မှုသုံးစွဲသူများ အလိမ်မခံရအောင် အစွမ်းကုန်ကြိုးစားနေသည်ဟု ၎င်းကဆိုသည်။ မယုနန္ဒာမှိုင်း၏ တိုင်ကြားမှုကို လက်ခံရရှိပြီးနောက် ဝေ့ဖ်မန်းနီးက ၎င်း၏နာမည်နှင့် ဆင်တူရိုးမှားဖြစ်အောင် တမင်ပြုလုပ်ထားသည့် “Wave Momey” ဟုအမည်ပေးထားသော အကောင့်ကို ဖယ်ရှားရန် ဖေ့စ်ဘွတ်ခ်ကို ဆက်သွယ်အကြောင်းကြားခဲ့သည်။

“အလိမ်ခံရတဲ့ကိစ္စအတော်များများမှာ တွေ့ရတဲ့အဓိကအကြောင်းရင်းက အသုံးပြုရမယ့်လုံခြုံရေးဆိုင်ရာလမ်းညွှန်ချက်တွေကို အသုံးပြုသူတွေက မလိုက်နာလို့ဖြစ်တာပါ။  အမြဲတမ်းဖြစ်တတ်တာကတော့ အများကိုထုတ်ဖော်မပြောသင့်တဲ့ ကိုယ်ရေးအချက်အလက်တွေပေါက်ကြားလို့ဖြစ်ရတာပါ”ဟု ဝေ့ဖ်မန်းနီး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“(ကုမ္ပဏီပယောဂကြောင့်မဟုတ်တဲ့) ပြင်ပအန္တရာယ်တွေကာကွယ်နိုင်ဖို့ မိုဘိုင်းငွေကြေးလုံခြုံရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုအသုံးပြုသူတွေကို အမြဲပညာပေးနေပါတယ်”ဟု ၎င်းကဆိုသည်။

“ဒစ်ဂျစ်တယ်ဗဟုသုတမရှိတာက တစ်စိတ်တစ်ပိုင်းလောက်ပဲ အပြစ်တင်စရာရှိပါတယ်။ ဝေ့ဖ်မန်းနီးရဲ့ “လုံခြုံရေးစနစ်မှာလည်း အာနည်းချက်တွေအများကြီး” ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အေးဂျင့်တွေနဲ့ သုံးစွဲသူတွေက လုပ်သင့်တဲ့လုပ်ထုံးလုပ်နည်းတွေကိုမလိုက်နာလို့ဖြစ်ပါတယ်” ဟု ကိုဟန်မင်းဦးကပြောသည်။

ပုံမှန်အားဖြင့် ဝေ့ဖ်မန်းနီးအကောင့်မရှိသည့်လူနှစ်ဦးအကြား ငွေလွှဲသည့်အခါ “Wave Shop Transfer” ဟု အများသိသည့် ကိုယ်စားလှယ်ယူသည့်ဆိုင်များကတစ်ဆင့် ငွေလွှဲကြရသည်။ ယင်းသို့လွှဲသောအခါ ငွေလွှဲမည့်သူနှင့်လက်ခံမည့်နှစ်ဦးလုံးက ၎င်းတို့၏ဖုန်းနံပါတ်များသာမက မှတ်ပုံတင်၊ ပတ်စ်ပို့၊ ယာဉ်မောင်းလိုင်စင် စသည်တို့အနက် တရားဝင် အထောက်အထားတစ်ခုခုကို ပြသပြီးမှသာ ငွေလွှဲခွင့်ပြုရမည်ဖြစ်သည်။ ထို့နောက် ငွေလွှဲရာတွင် အချိန်းအချက်အဖြစ် အသုံးပြုမည့် ဂဏန်းခြောက်လုံးပါ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ရမည်ဖြစ်ပြီး ထိုဂဏန်းခြောက်လုံးဖြင့်ပင် ငွေလက်ခံမည့်သူက မှတ်ပုံတင်၊ ပတ်စ်ပို့၊ ယာဉ်မောင်းလိုင်စင်စသည့် အထောက်အထားတစ်ခုခုပြသနိုင်မှသာ ဝန်ဆောင်မှုကိုယ်စားလှယ်က ငွေသားထုတ်ပေးရမည်ဖြစ်သည်။

လက်တွေ့တွင် အချို့ကိုယ်စားလှယ်ဆိုင်များကမူ ငွေလွှဲသူကို အသင့်ရေးသားထားသော ဂဏန်းခြောက်လုံးပါ လျှို့ဝှက်နံပါတ်ကိုပင် ရွေးချယ်ခိုင်းလေ့ရှိပြီး အဆိုပါလျှို့ဝှက်နံပါတ်ကို ၎င်းတို့ကိုယ်တိုင် ရိုက်ထည့်လေ့ရှိသည်။ အချို့ကိုယ်စားလှယ်ဆိုင်များက ငွေလာထုတ်သူကို အတည်ပြုစစ်ဆေးရန်လိုအပ်သည့် မှတ်ပုံတင်အထောက်အထားတစ်ခုခုကို တောင်းယူစစ်ဆေးရန် ပျက်ကွက်သည်ကများသည်။

ဝန်ဆောင်မှုသုံးစွဲသူများက ငွေကြေးလွှဲပြောင်းရာတွင် လိုက်နာရမည့် လုံခြုံရေးစည်းမျဉ်းများကို မလိုက်နာခြင်းက ကုမ္ပဏီကကျင့်သုံးနေသည့် ဝန်ဆောင်မှုစနစ်၏ အားနည်းချက်ဟု မခေါ်ဆိုနိုင်ကြောင်း၊ ငွေကြေးဝန်ဆောင်မှုစနစ်လုံခြုံရေးသည် ကုမ္ပဏီအတွင်းသာမက ပြင်ပသို့ဝန်ဆောင်မှုပေးရာတွင်ပါ ထိပ်တန်းဦးစားပေး မူဝါဒဖြစ်သည်ဟု ဝေ့ဖ်မန်းနီးတာဝန်ရှိသူများက ဆိုသည်။

“ကျွန်တော်တို့ကိုယ်စားလှယ်တွေကို မိုဘိုင်းငွေကြေးလုံခြုံရေးအသိရှိပြီး သုံးစွဲသူတွေစိတ်ကျေနပ်အောင် ဝန်ဆောင်မှုပေးနိုင်ဖို့ ဗဟုသုတနဲ့ စွမ်းဆောင်ရည် တိုးတက်အောင် လေ့ကျင့်ပေးထားသလို ဖြစ်လာနိုင်တဲ့အန္တရာယ်နဲ့ ပြဿနာတွေကိုပါ အလျင်အမြန်တုံ့ပြန်နိုင်အောင်လည်း ဆောင်ရွက်နေပါတယ်။ သူတို့ ငွေလာထုတ်တဲ့သူတွေကို မှတ်ပုံတင်တောင်းပြီး စစ်၊​ မစစ်စတဲ့ စည်းမျဉ်းတွေလိုက်နာမှုရှိ၊​ မရှိ ကျွန်တော်တို့က ပုံမှန်စစ်ဆေးပြီး မလိုက်နာရင် လုပ်ငန်းယာယီရပ်ဆိုင်းတာအပါအဝင် ပြစ်ဒဏ်ပေးတာတွေရှိပါတယ်”ဟု ကုမ္ပဏီကတာဝန်ရှိသူက ပြောသည်။

မယုနန္ဒာမှိုင်းကဲ့သို့အလိမ်ခံရပြီး ရဲကိုတိုင်ကြားသူဦးရေသည် အနည်းငယ်သာရှိသည်။ အချို့ကမူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနသို့ ဆုံးရှုံးမှုများအတွက် အရေးယူပေးရန် တိုင်ကြားကြသည်။

ယခုနှစ် ဇွန်လကုန်အထိ ငွေလွှဲခြင်းနှင့်ပတ်သက်ပြီး တိုင်တန်းမှု ၈၃ခု လက်ခံရရှိပြီး အမှု၆၀ကိုဖြေရှင်းပေးနိုင်ခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူကပြောသည်။

အမှုတော်တော်များများတွင် လိမ်လည်ခံရသူနှင့် မိုဘိုင်းငွေလွှဲလုပ်ငန်းများ နှစ်ဘက်စလုံးက အမှားမကင်းလေ့ရှိသည်ကို မြင်တွေ့ရလေ့ရှိကြောင်း ၎င်းကဆိုသည်။ မိုဘိုင်းငွေလွှဲဝန်ဆောင်မှုကုမ္ပဏီများ၏ လုံခြုံရေးစနစ်များသည် ဝန်ဆောင်မှုသုံးစွဲသူများကို လိမ်လည်မှုများမှ လုံလောက်သော ကာကွယ်မှုမပေးနိုင်ကြောင်း ဦးဆွေတင့်ကြူက ဆိုသည်။

“သူတို့စနစ်တွေကိုအဆင်မြှင့်တင်ဖို့နဲ့ ဝန်ဆောင်မှုသုံးစွဲသူတွေအလိမ်မခံရအောင် အဖြေရှာထားကြဖို့ ဌာနကညွှန်ကြားထားပါတယ်” ဟု သူကပြောသည်။ ဝန်ဆောင်မှုသုံးစွဲသူများကို မည်သို့မည်ပုံ​လိမ်လည်ခံရနိုင်သည်ကို ပြောပြခြင်းအားဖြင့် ပညာပေးခြင်းသည်လည်း ဖြေရှင်းမှုတစ်ရပ်ဖြစ်သည်။

စားသုံးသူကာကွယ်ရေးဥပဒအရ တိုင်တန်းချက်နှင့်ပတ်သက်၍ ဌာန၏ ကိုင်တွယ်ဖြေရှင်းမှုကို မကျေနပ်ပါက ရဲစခန်းတွင် ထပ်မံအမှုဖွင့်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

စားသုံးသူရေးရာဦးစီးဌာနက တိုင်တန်းမှုတစ်ခုကို ဖြေရှင်းရာတွင်အဆင့်သုံးဆင့်ရှိကြောင်း ဦးဆွေတ့င်ကြူကပြောသည်။ ပထမအဆင့်မှာ မြို့နယ်အဆင့်တွင် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းတို့အကြား စေ့စပ်ညှိနှိုင်းခြင်းဖြစ်သည်။ မအောင်မြင်ပါက တစ်ဘက်ဘက်က ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် စားသုံးသူကာကွယ်ရေးကော်မတီသို့ အယူခံဝင်နိုင်သည်။ ကော်မတီ၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက  စားသုံးသူကာကွယ်ရေးကော်မရှင်ထံ အယူခံဝင်ရန်ဖြစ်သည်။

ကော်မရှင်၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သော်လည်း မကျေနပ်သောစားသုံးသူ၊ သို့မဟုတ် စီးပွားရေးလုပ်ငန်းရှင်က ၂၀၁၉စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၇၉ အရ ရဲစခန်းတွင်အမှုဖွင့်နိုင်သေးကြောင်း ၎င်းကဆိုသည်။

ဌာနက အဆင့်ဆင့်ကိုင်တွယ်ဖြေရှင်းမှုများကို တစ်ဆင့်မခံတော့ဘဲ ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ)အရ တိုက်ရိုက်အမှုဖွင့်နိုင်သေးသည်။

ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ငွေကြေးနှင့် ပစ္စည်းတစ်ရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း သို့မဟုတ် အကျိုးပျက်စီးစေခြင်း စသည့် ပြစ်မှုများ ကျူးလွန်ပါက ကျူးလွန်သူကို ထောင်ဒဏ်သုံးနှစ်ချမှတ်နိုင်သည်ဟု ပုဒ်မ ၆၆(ဂ)တွင် ဖော်ပြထားသည်။

ဆက်သွယ်ရေးဥပဒေအရ ရဲစခန်းတွင် တိုက်ရိုက်အမှုဖွင့် အရေးယူနိုင်သော်လည်း တရားစွဲဆိုရာတွင်လိုအပ်သော စာရွက်စာတမ်းအရေအတွက် များပြားလွန်းသဖြင့် အမှုဖွင့်ရန် မလွယ်ကူကြောင်း မြန်မာနိုင်ငံဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ရွှေဝါကပြောသည်။

သို့သော်လည်း ငွေကြေးဝန်ဆောင်မှုသုံးစွဲသူများကို ပို၍ ခိုင်ခိုင်မာမာ အကာအကွယ်ပေးမည့် ဥပဒေလုပ်ထုံးလုပ်နည်းများ မကြာမီ အသက်ဝင်တော့မည်ဖြစ်ကြောင်း သူက ဆိုသည်။

“အမျိုးသားငွေပေးချေမှုစနစ်ဥပဒေပထမမူကြမ်းကို အပြီးသတ်ရေးဆွဲပြီးပါပြီ။ ဒီထဲမှာ ငွေကြေးလိမ်လည်မှုတွေကာကွယ်ရေးနဲ့ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်ပါတယ်။ လုံခြုံရေးစနစ်အားနည်းတာကြောင့် ငွေကြေးအလိမ်ခံရပြီဆိုရင် စားသုံးသူတွေက မိုဘိုင်းငွေကြေးဝန်ဆောင်မှုကုမ္ပဏီတွေကို တရားစွဲနိုင်ပါတော့မယ်” ဟု ဒေါ်ခိုင်ရွှေဝါကပြောသည်။

ဇမ္ဗူစိုးဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.