A woman casts her vote in a by-election in a polling station in eastern Yangon's Dagon Seikkan Township on April 1, 2017. (AFP)
၂၀၁၇ ဧပြီ ၁ ရက်က ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ်၌ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်တစ်ဦး မဲထည့်စဉ်။ ဓာတ်ပုံ - ရဲအောင်သူ/ အေအက်ဖ်ပီ

၂၀၂၀ ရွေးကောက်ပွဲတည်ငြိမ်ရေး ဖျက်ဆီးခံရမယ့်အန္တရာယ် ရှိနေပြီလား

အခုဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ လာမယ့် နိုဝင်ဘာလ ၈ ရက်မှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပမယ်လို့ ကြေညာလိုက်သလို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကိုလည်း နေ့စဉ် ကြေညာချက်ထုတ်ပြန် အကောင်အထည်ဖော်လာနေတာ တွေ့မြင်ရပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

အခုဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ လာမယ့် နိုဝင်ဘာလ ၈ ရက်မှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပမယ်လို့ ကြေညာလိုက်သလို ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကိုလည်း နေ့စဉ် ကြေညာချက်ထုတ်ပြန် အကောင်အထည်ဖော်လာနေတာ တွေ့မြင်ရပါတယ်။

အကြမ်းဖျင်းအားဖြင့် လက်ရှိရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ဦးစီးကျင်းပပေးခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဦးတင်အေး ဦးဆောင်တဲ့ကော်မရှင်လက်ထက်က လုပ်ငန်းစဉ်တွေကို အခြေခံပြီး ဆောင်ရွက်နေတယ်ဆိုရင်လည်း မမှားပါဘူး။ ဦးတင်အေးဟာ ၂၀၁၅ ရွေးကောက်ပွဲကို တည်တည်ငြိမ်ငြိမ်၊ လွတ်လပ်မှုရှိရှိနဲ့ အောင်မြင်အောင် ကျင်းပပေးခဲ့တယ်လို့ ပြည်တွင်းပြည်ပက အသိအမှတ်ပြုတာ ခံခဲ့ရပါတယ်။

ပြောရရင် ၂၀၁၅ ရွေးကောက်ပွဲဆိုတာဟာ မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး လူတွေသေကြေ ဒဏ်ရာရ၊ အိုးအိမ်တွေမီးလောင်၊ နေရပ်စွန့်ခွာကြရ စတဲ့အမုန်းမီးပွားတွေကို မငြှိမ်းသတ်နိုင်သေးတဲ့ အခြေအနေအောက်မှာ ကျင်းပခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၅ ရွေးကောက်ပွဲကို တည်တည်ငြိမ်ငြိမ် ကျင်းပခဲ့ပြီး အဲဒီထဲမှာ နိုင်ငံရေးပါတီ အချင်းချင်းကြား Code of Conduct လို့ခေါ်တဲ့ “နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်” ဆိုတာကို လက်မှတ်ထိုးထားကြပြီး ရွေးကောက်ပွဲ ဝင်ပြိုင်ရာမှာ တကယ်လည်း လိုက်နာခဲ့ကြလို့ပါ။

အခု မကြာမီ ကျင်းပတော့မယ့် ၂၀၂၀ နိုဝင်ဘာ အထွေထွေ ရွေးကောက်ပွဲကြီးကိုရော ၂၀၁၅ တုန်းကလိုပဲ တည်တည်ငြိမ်ငြိမ် လွတ်လွပ်လပ်လပ် ကျင်းပနိုင်ပါ့မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ ကိစ္စပါ။ အဲဒီအကြောင်း လေ့လာတင်ပြသွားပါ့မယ်။

တကယ်တော့ ရွေးကောက်ပွဲ ဆိုတာ နိုင်ငံရေးပါတီ အချင်းချင်းအကြား ပြိုင်ဆိုင်ကြရတဲ့ ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေတွေအောက်မှာ ယှဉ်ပြိုင်ရတာ ဖြစ်ပေမဲ့ ဥပဒေ တစ်ခုခုအောက်မှာ အကျုံးမဝင်တဲ့ တခြားအငြင်းပွားဖွယ်ရာ၊ ပဋိပက္ခဖြစ်နိုင်စရာ၊ ပြဿနာပေါ်နိုင်စရာ အကြောင်းခြင်းရာအမျိုးမျိုး အများကြီး ရှိနိုင်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတချို့မှာ ရွေးကောက်ပွဲအကြိုကာလ အငြင်းပွားမှုတွေ၊ ပြဿနာ အသေးစားတွေကအစ ကြီးမားတဲ့ ပဋိပက္ခမျိုးအထိ ကြုံတွေ့ကြရတာ ဖြစ်ပါတယ်။

အဲလိုပြဿနာတွေ ရှောင်ရှားပြီး ရွေးကောက်ပွဲကို တည်တည်ငြိမ်ငြိမ် ကျင်းပနိုင်ရေးမှာ နိုင်ငံရေးပါတီ အချင်းချင်းကြား ဆွေးနွေး ညှိနှိုင်း သဘောတူညီချက်ရယူပြီး Code of Conduct လို့ခေါ်တဲ့ ကျင့်ဝတ်ကို လေးစား လိုက်နာပြီး ယှဉ်ပြိုင်မှု လုပ်ကြဖို့လိုပါတယ်။ အရင် စစ်အာဏာရှင်တွေလက်ထက် ကျင်းပခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲကတော့ လိုချင်တဲ့ရလဒ် ထွက်ပေါ်လာအောင်လုပ်တဲ့ နာမည်ခံလောက်ပဲရှိတဲ့ ရွေးကောက်ပွဲမျိုးပဲမို့ သူ့ကို ကိုးကားပြောဆိုစရာ အကြောင်းမရှိပါဘူး။

၂၀၁၅ ရွေးကောက်ပွဲလုပ်တဲ့အခါမှသာ နိုင်ငံရေးပါတီ အချင်းချင်းကြား Code of Conduct လို့ခေါ်တဲ့ “နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်”ဆိုတာကို အချိန် ရှစ်လလောက်ယူပြီး ဆွေးနွေး၊ ညှိနှိုင်း၊ သဘောတူ အားလုံးလက်မှတ်ရေးထိုးပြီးမှ ရွေးကောက်ပွဲကို ဝင်ပြိုင်ခဲ့ကြတာပါ။

အခု ၂၀၂၀ ရွေးကောက်ပွဲအတွက်ကိုလည်း အရင် ၂၀၁၅ CoC ကို အခြေခံပြီး “ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်လောင်းများ အတွက် ကျင့်ဝတ်” ဆိုတာကို ဆွစ်ဇာလန်သံရုံးက ကမကထ လုပ်၊ အချိန် ခုနစ်လယူ ရေးဆွဲ အတည်ပြုနိုင်ခဲ့ကြပါတယ်။ ကနဦး မူကြမ်းရေးဆွဲတဲ့ အလုပ်အဖွဲ့ထဲမှာ ပြည်ခိုင်ဖြိုး၊ အင်န်အယ်လ်ဒီနဲ့ ပါတီ ၁၉ ခုက ကိုယ်စားလှယ် ၂၁ ဦး ပါဝင်ခဲ့ပြီး ရွေးကောက်ပွဲ ကော်မရှင်ကတော့ ဥပဒေပိုင်းဆိုင်ရာ စိစစ်တာလောက်ကိုပဲ လုပ်ခဲ့တာပါ။ အခု ၂၀၂၀ အတွက် Code of Conduct ဟာ ၂၀၁၅ CoC ကို အခြေခံထားပေမဲ့ အချက်အလက်တွေ ပိုပြီးပြည့်စုံ၊ ပိုပြီး ထောင့်စေ့တာ တွေ့နိုင်ပါတယ်။ ထုံးစံအတိုင်း CoC ထဲမှာ တခြားပါတီကို အသရေဖျက်တာမျိုး၊ ပုတ်ခတ်တာမျိုး မလုပ်ဖို့ အသေးစိတ်ဖော်ပြထားပါတယ်။

ဥပမာအားဖြင့် ပြိုင်ဖက်အမတ်လောင်းတွေ၊ သူတို့ကို ထောက်ခံသူတွေနဲ့ပတ်သက်ပြီး ပုဂ္ဂလိက ဘ၀နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုကို ထိခိုက်စေမယ့် မမှန်မကန် ဝေဖန်တိုက်ခိုက်မှုမျိုး မလုပ်ဖို့ ပါပါတယ်။ အတည်ပြုမထားတာမျိုးတွေ၊ သက်သေမရှိတဲ့ စွပ်စွဲပြောဆိုမှုတွေ၊ လိုရာဆွဲပြီး မမှန်မကန် ပြောဆိုခြင်းနဲ့ ဝေဖန်တိုက်ခိုက်မှုတွေ မလုပ်ဖို့ဆိုတာမျိုးလည်း ပါပါတယ်။ ဒါ့အပြင် ဘာသာရေးနဲ့ လူမျိုးရေးဆိုင်ရာ ခွဲခြားမှုဖြစ်စေတဲ့ သုံးနှုန်းပြောဆိုမှုမျိုး မပြုလုပ်ဖို့၊ နိုင်ငံရေးကို ဘာသာရေးအတွက် အလွဲမသုံးဖို့ဆိုတာမျိုး အသေးစိတ် ဖော်ပြထားပါတယ်။

အခု CoC မှာ ၂၀၁၅ တုန်းကနဲ့ မတူတာက ဖေ့စ်ဘွတ်ခ်လို အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေနဲ့ အွန်လိုင်းက မဲဆွယ်မှုတွေကို ဘယ်လိုလုပ်ကြမယ်၊ ဘာတွေကို ရှောင်ရှားကြမယ်ဆိုတာကို အသေးစိတ် ဖော်ပြလာခြင်းပါ။ နမူနာအားဖြင့် အွန်လိုင်းကနေ မဲဆွယ်ရာမှာ အစစ်အမှန်တွေဖြစ်စေရေးအတွက် တာဝန်သိသိ ရေးသား ဆက်သွယ်ကြဖို့၊ စိစစ်ထားခြင်းမရှိတဲ့ အချက်တွေနဲ့ စွပ်စွဲပြောဆိုတာကနေ ရှောင်ကြဉ်ကြဖို့၊ ဒီဂျစ်တယ်ကြော်ငြာ၊ တခြား အခပေး မဲဆွယ်ကြော်ငြာ အပါအဝင် အွန်လိုင်း မဲဆွယ်မှု ကုန်ကျစရိတ် အားလုံးကို ပွင့်လင်း မြင်သာစွာ ထုတ်ဖော်ဖို့၊ အွန်လိုင်း မဲဆွယ်ရာမှာ အတုအပတွေကို ရှောင်ကြဉ်နိုင်အောင် ပါတီအလိုက်၊ အမတ်လောင်း တစ်ဦးချင်းအလိုက် မဲဆွယ်တဲ့ အကောင့်န်၊ ဝက်ဘ်ဆိုက်နဲ့ တခြားနည်းလမ်းတွေကို ရွေးကောက်ပွဲ ကော်မရှင်နဲ့ CoC စောင့်ကြည့် အတွင်းရေးမှူးအဖွဲ့ဆီ ပေးပို့ထားဖို့၊ ရွေးကောက်ပွဲ ဂုဏ်သတင်း ထိခိုက်စေမယ့် သတင်းမှားပေးခြင်း၊ လုပ်ကြံသတင်း ဖန်တီးခြင်း၊ အစစ်အမှန်မဟုတ်တဲ့ ပြုမူတာတွေကို ကာကွယ်ဖို့အတွက် စိစစ်တဲ့လုပ်ငန်းတွေမှာ ပူးပေါင်း ညှိနှိုင်း အကောင်အထည်ဖော်ကြဖို့ စသဖြင့် အသေးစိတ် ဖော်ပြထားပါတယ်။

မီဒီယာကဏ္ဍကို လွတ်လပ်မှုရှိဖို့နဲ့ ကျယ်ပြန့်မှုရှိဖို့အတွက်ကိုလည်း CoC ထဲမှာ ထည့်သွင်းထားပါတယ်။ အဲဒါတွေကတော့ မီဒီယာလွတ်လပ်ခွင့်ကို လေးစားဖို့၊ ရွေးကောက်ပွဲ သတင်းယူနေတဲ့ သတင်းထောက်တွေကို နှောင့်ယှက်တာ၊ ပိတ်ပင်တားဆီးတာ၊ ခြိမ်းခြောက်တာ၊ တိုက်ခိုက်တာမျိုးမလုပ်ဖို့၊ ကိုယ်အသာစီးရဖို့အတွက် မီဒီယာတိုက်တွေကို တံစိုးလက်ဆောင်ပေးတာ၊ စည်းရုံးသိမ်းသွင်းတာမျိုး မလုပ်ဖို့၊ မီဒီယာအသုံးပြုခွင့်ကို အသာစီးရဖို့အတွက် ကိုယ့်ရဲ့ သြဇာအာဏာကို အလွဲသုံးစား မပြုဖို့ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ CoC ထဲမှာ အာဏာရာထူး လက်ဝယ်ရရှိသူတွေ၊ သူတို့ရဲ့ အာဏာရာထူးကို အသုံးပြုပြီး မဲမဆွယ်ဖို့ ဖော်ပြထားချက်တွေလည်း အသေးစိတ် ပါပါတယ်။

ဒါဟာ အာဏာရ အင်န်အယ်လ်ဒီပါတီကို တခြားပါတီတွေရဲ့ စိုးရိမ်ချက်ဖြစ်ပြီး အင်န်အယ်လ်ဒီဘက်ကလည်း အသေအချာ လိုက်လျော သဘောတူညီပေးထားတာ တွေ့နိုင်ပါတယ်။

ဒီထဲမှာ ဘယ်လောက်အထိ ဖော်ပြထားသလဲဆိုရင် မဲဆွယ်စည်းရုံးရေးခရီးစဉ်က ဝေးကွာလွန်းနေတယ် ဆိုရင်တောင် ရဟတ်ယာဉ်၊ စင်းလုံးငှား လေယာဉ်တွေကို အသုံးမပြုဘဲ အများပြည်သူ အသုံးပြုတဲ့ စင်းလုံးငှား လေယာဉ်ပျံ Commercial Flight ကိုပဲ အသုံးပြုဖို့အထိ ထည့်သွင်းပေးထားပါတယ်။

၂၀၂၀ CoC ကိုကြည့်ရင် အတော်လေးပြည့်စုံတာ တွေ့ရပြီး ရွေးကောက်ပွဲဝင်မယ့် ပါတီအနေနဲ့ ဒီကျင့်ဝတ်တွေ အတိုင်းသာ လိုက်နာရင် ရွေးကောက်ပွဲကို တည်တည်ငြိမ်ငြိမ် လွတ်လပ်မှုရှိရှိနဲ့ ကျင်းပ ကျော်ဖြတ်နိုင်မှာ မလွဲပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်ကိုယ်တိုင်ရော၊ အင်န်အယ်လ်ဒီပါတီ အပါအဝင် ပါတီအများစုကြီး မျှော်လင့်မထားတဲ့ အဖြစ်အပျက် တစ်ခု ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်က ဖြစ်ပျက်ခဲ့ပါတယ်။

အဲဒါကတော့ အရင် ၂၀၁၅ ခုနှစ်တုန်းကလိုပဲ ကျင်းပတဲ့ နိုင်ငံရေးပါတီများရဲ့ Code of Conduct လို့ခေါ်တဲ့ “နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်” လက်မှတ်ရေးထိုးပွဲမှာ ပြည်ခိုင်ဖြိုးပါတီနဲ့ သူ့ရဲ့မဟာမိတ်ပါတီ တချို့ ပါဝင်လက်မှတ်ရေးထိုးခြင်း မပြုခဲ့ကြတာပါ။ သူတို့ကိုယ်တိုင် ညှိနှိုင်းရေးဆွဲ သဘောတူထားတဲ့ CoC ကို သူတို့ လက်မှတ်မထိုးဘဲ နေကြတာပါ။

အကြောင်းပြချက်ကတော့ CoC ထဲမှာ သူတို့ တောင်းဆိုထားတဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ သမိုင်းဝင်ပုဂ္ဂိလ်တွေရဲ့ ရုပ်ပုံတွေနဲ့ မဲမဆွယ်ပါဘူးဆိုတဲ့ အချက် ပါမလာလို့လို့ ဆိုကြပါတယ်။ ဆွစ်ဇာလန် သံရုံးက ကမကထလုပ် ကျင်းပပြီး နိုင်ငံတကာ သံတမန်တွေပါ တက်ရောက်တဲ့ အဲဒီပွဲမှာ ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ် ပါတီတချို့က အဲလိုဖောက်ခွဲခဲ့လို့ ပွဲဟာ ကောင်းကောင်းမွန်မွန် အဆုံးသတ်နိုင်ခြင်းမရှိ ဖြစ်ခဲ့ရပါတယ်။

တကယ်တော့ ပြည်ခိုင်ဖြိုးပါတီနဲ့ မဟာမိတ်တချို့ CoC ကို လက်မှတ်မထိုးတာဟာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနဲ့ မဲဆွယ်တဲ့ ပြဿနာဟာ အကြောင်းပြချက် သက်သက်ပဲ ဖြစ်နိုင်ပြီး တကယ့် အနှစ်သာရဟာ CoC ပါ ကျင့်ဝတ်တွေကို မလိုက်နာချင်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခုဆိုရင်ပဲ ပြည်ခိုင်ဖြိုး တာဝန်ရှိသူတချို့ တစ်ဘက်ပါတီအပေါ် စွပ်စွဲပုတ်ခတ် ပြောဆိုတာမျိုး ရှိနေပါပြီ။

ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခုမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဦးဇော်ဌေးက ရွေးကောက်ပွဲအကြိုကာလမှာ နိုင်ငံရေး ရှုပ်ထွေးမှုတွေဖြစ်အောင် အင်တာနက်ကနေ သတင်းမှားတွေ ဖြန့်ဝေနေတဲ့ အဖွဲ့ကြီး တစ်ဖွဲ့ ရှိနေကြောင်း၊ အဲဒီ အဖွဲ့ဟာ ငွေကျပ် သိန်းထောင်ချီသုံးပြီး အကောင့်န်တွေ ဖွင့်တာ၊ Page တွေထောင်တာ လုပ်နေကြောင်း၊ အဲဒီထဲမှာ နေပြည်တော်က သတင်းသမားတချို့လည်း ပါဝင်နေကြောင်း၊ အဲဒီအဖွဲ့ကို ဖော်ထုတ် အရေးယူမယ့် အကြောင်း ပြောဆိုခဲ့ပါသေးတယ်။

ဒီ အဖြစ်အပျက်တွေဟာ လာမယ့််ရွေးကောက်ပွဲ တည်ငြိမ်ရေးကို အနှောင့်အယှက်ပေးနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ခုဆိုရင် အတိုက်အခံလို့ပြောနိုင်တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ သူ့မဟာမိတ် အဖွဲ့တချို့ ရွေးကောက်ပွဲ တည်ငြိမ်ရေးကို ဖြစ်ပေါ်စေမယ့်၊ သူတို့အပါအဝင် နိုင်ငံရေးပါတီတွေ ကိုယ်တိုင် ရေးဆွဲ၊ သဘောတူထားပြီးဖြစ်တဲ့၊ နိုင်ငံရေးပါတီ အချင်းချင်းအကြား လိုက်နာစောင့်ထိန်းသင့်တဲ့ CoC လို့ခေါ်တဲ့ ကျင့်ဝတ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိလို့၊ အဲဒီကျင့်ဝတ်ပါ အချက်တွေကို လိုက်နာမယ် မလိုက်နာဘူး၊ စောင့်ထိန်းမယ်၊ မစောင့်ထိန်းဘူး ယတိပြတ် မပြောနိုင်တော့ပါဘူး။ ဒီအတွက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလို တည်တည်ငြိမ်ငြိမ်နဲ့ ကျင်းပ၊ ဖြတ်သန်းနိုင်မလား၊ ပဋိပက္ခပြဿနာတွေ ပေါ်လာနိုင်မလားဆိုတာကတော့ CoC လက်မှတ် ထိုးမထားတဲ့ ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်ပါတီ တချို့အပေါ်မှာပဲ မူတည်နေမှာဖြစ်ကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.