အမုန်းစကားများအား AI ဖြင့် ထိန်းချုပ်ရာတွင် အားနည်းမှုရှိကြောင်း Facebook ဝန်ခံ

လူ့အဖွဲ့အစည်း စံနှုန်း ထိမ်းသိမ်းရေးနဲ့ ပတ်သက်တဲ့ Facebook ရဲ့ နောက်ဆုံးအစီရင်ခံစာ ထွက်မလာခင် Frontier က ကုမ္ပဏီရဲ့ ဒု-ဥက္ကဋ္ဌနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ပျံ့နှံ့နေတဲ့ အမုန်းစကားတွေနဲ့ ပတ်သက်လို့ ဘာတွေ လုပ်ဆောင်နေလဲဆိုတာ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဗစ်တိုးရီးယား မီလ်ကိုနှင့် ကလဲရ် ဟမ်မွန် ရေးသားသည်။

ရန်ကုန်မြို့လယ်ကောင် ယာဉ်ကြောပိတ်ဆို့မှုတွေထဲမှာ ပိတ်မိနေတုန်း မိုဘိုင်းဖုန်း ပွတ်နေလိုက်ရုံနဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို နှိုးဆွနေတဲ့စကားတွေကို Facebook က လုံလုံလောက်လောက် တုံ့ပြန် အရေးယူတာတွေ လုပ်ဆောင်နေမှု မရှိဘူးဆိုတာ သိသာသွားပါတယ်။

လူ ၁,၀၀၀ လောက် Like လုပ်ထားတဲ့ post တစ်ခုမှာ နိုင်ငံရေးကာတွန်းတစ်ခုကို ဖော်ပြထားပါတယ်။ အဲဒါကတော့ ‘ရိုဟင်ဂျာ မူဆလင်တွေဟာ ကပ်ပါးပိုးကောင်တွေပဲ၊ ဒီနိုင်ငံမှာ နေခွင့်မရှိဘူး’ လို့ ရေးသားထားတာပါ။ နောက် post တစ်ခုကိုတော့ လူ ၅၀၀ လောက်က Share လုပ်ထားကြပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်လုပ်နေတဲ့ သတင်းထောက်တစ်ယောက်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ရေးသားထားပြီး သူ့ကိုဖမ်းပါ၊ သူ့ကို ဝိုင်းရိုက်ပါလို့ တိုက်တွန်းထားတယ်။ Facebook ပေါ်က သတင်းစကားတစ်ခုဟာ အသံချဲ့စက် အော်လံကြီးတစ်ခုထက်ပိုပြီး လျင်လျင်မြန်မြန် ပျံ့နှံ့စေနိုင်တဲ့ ယနေ့ခေတ်ကြီးမှာ လူမှုမီဒီယာတစ်ခုဟာ လူတစ်ဦးချင်း အတွက်ရော၊ အုပ်စုတွေအတွက်ပါ ဒစ်ဂျစ်တယ်စင်မြင့်တစ်ခု ဖြစ်လာနေပါတယ်။ တစ်ယောက်က မျှဝေ (Share) လိုက်တာနဲ့ နောက်ထပ် ပျံ့နှံ့သွားမှာမို့ အန္တရာယ်ရှိတဲ့ အရာတွေ ပျံ့နှံ့မသွားခင် တစ်ခုခုလုပ်ဆောင်ဖို့ Facebook ကို ပြောဆိုနေကြတာပါ။

စိန်ခေါ်မှုများကို ဖြေရှင်းလုပ်ဆောင်ရေး

ဒီကိစ္စမှာ မြန်မာ့အရပ်ဖက်အဖွဲ့အစည်းတွေဟာ ရေငုံနှုတ်ပိတ် မနေကြပါဘူး။ Facebook မူဝါဒအဖွဲ့နဲ့ နှစ်ပေါင်းများစွာ ပြဿနာတွေ ကြုံလာပြီးနောက် ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ရန်ကုန်က အရပ်ဖက်အဖွဲ့အစည်းတွေက အမှုဆောင်အရာရှိချုပ် မာခ်ဇူကာဘတ်ထံကို အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့ပါတယ်။ ဒီစာထဲမှာ နိုင်ငံထဲက အဓိက ပါဝင်ပတ်သက်နေသူတွေကို ပြောဖို့ဆိုဖို့ တွန့်ဆုတ်နေခြင်း၊ ပွင့်ပွင့်လင်းလင်း မရှိခြင်း၊ အမုန်းစကားတွေကို တိုက်ဖျက်ဖို့ စနစ်မရှိခြင်း စတာတွေအတွက် Facebook ကို ဝေဖန်ထားပါတယ်။ ဒီစာကို ဇူကာဘတ်က အီးမေးလ် ပြန်ကြားရာမှာ မြန်မာဘာသာစကား တတ်ကျွမ်းသူတွေကို နောက်ထပ် ငှားရမ်းထားပါကြောင်း၊ အမုန်းစကားတွေကို တိုက်ဖျက်ဖို့ ကိရိယာတွေကို တီထွင်ဖန်တီးဖို့ အဖွဲ့တစ်ဖွဲ့ကို တာဝန်ပေးထားပါကြောင်း ဖော်ပြထားပါတယ်။

ယခုရက်သတ္တပတ်အတွင်း ထွက်ရှိလာတဲ့ Facebook ရဲ့ အစီရင်ခံစာ ‘Understanding the Facebook Community Standards Enforcement Report’ မှာ လူ့အဖွဲ့အစည်းအဆင့်အတန်း စံနှုန်းများ သက်ရောက်မှုရှိစေရေး၊ အဆင့်အတန်း စံနှုန်းများ ချိုးဖောက်မှုကြောင့် လူမှုအဖွဲ့အစည်းအပေါ် သက်ရောက်မှု အနည်းဆုံးဖြစ်စေရေး စတာတွေအတွက် Facebook ၏ နောက်ဆုံးကြိုးပမ်းမှုတွေကို ၈၃ မျက်နှာ ဖော်ပြထားတယ်။

ဒီအစီရင်ခံစာ ထွက်မလာခင် Facebook ရဲ့ လူ့အဖွဲ့အစည်း ဖြောင့်မတ်ရေးနဲ့ ပတ်သက်တဲ့ ဒု-ဥက္ကဋ္ဌ မစ္စတာ ဂိုင်းရိုဆင် (Mr Guy Rosen) အပါအဝင် Facebook အဖွဲ့သားတွေနဲ့ Frontier က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ဒီလိုတွေ့ဆုံစဉ်မှာ ရိုဆင်က Facebook ကုမ္ပဏီအပေါ် စွဲဆိုတင်ပြထားတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဆောင်ရွက်မှုတွေကို Facebook က လုပ်ဆောင်ခဲ့ပါတယ်။ ဒီထဲမှာ ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခြင်း၊ မီဒီယာစာမျက်နှာတွေကို စစ်ဆေး ကြည့်ရှုခြင်း၊ အကောင့်အတုတွေ ပယ်ဖျက်ခြင်းတွေ ပါဝင်ပါတယ်လို့ Frontier ကို ပြောပါတယ်။

ဒီအထဲမှာ မြန်မာတွေအသုံးများတဲ့ ဇော်ဂျီဖောင့် encoding ကို အထောက်အကူဖြစ်စေမယ့် ကိရိယာ (tools) တွေ တီထွင် လုပ်ဆောင်တာတွေလဲ ပါဝင်ပါတယ်။

ဒါ့အပြင် လူ့အဖွဲ့အစည်း လမ်းညွှန်တွေကို ချိုးဖောက်တာတွေကို တိုက်ဖျက်ရာမှာ ဉာဏ်ရည်တုလို့ခေါ်တဲ့ AI အသုံးပြုဖို့လည်း Facebook ရဲ့ လုပ်ဆောင်ချက်မှာ ပါဝင်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာတော့ ကိုယ်လုံးတီးပုံတွေ၊ အကြမ်းဖက်မှု ဝါဒဖြန့်တာတွေနဲ့ အကြမ်းဖက်မှု ပုံစံတွေ ဖယ်ရှားရာမှာ AI အသုံးပြုမှုက အောင်မြင်မှုရခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြထားပါတယ်။ ဒီအမျိုးအစား သုံးမျိုးကို Facebook က အရေးယူ လုပ်ဆောင်ခဲ့ရာမှာ အခြားအသုံးပြုသူတွေထံ မရောက်မီ ၉၃ ဒသမ ၆ ရာခိုင်နှုန်းအထိ ဖယ်ရှားနိုင်ခဲ့တယ်ဆိုတာ တွေ့ရှိရပါတယ်။

ဒါပေမဲ့ Facebook ရဲ့ စနစ်တွေ အောင်အောင်မြင်မြင် မလုပ်နိုင်တဲ့ ဧရိယာတစ်ခုတော့ ရှိပါတယ်။ ပြီးတော့ စောဒကတက်စရာက ဒါဟာ မြန်မာနိုင်ငံနဲ့ အသက်ဆိုင်ဆုံး အရာတစ်ခုပါ။ အစီရင်ခံစာမှာ ဖော်ပြထားတာက အမုန်းစကားပို့စ်ရဲ့ ၃၈ ရာခိုင်နှုန်းဟာ အခြားအသုံးပြုသူတွေက သူတို့အကြောင်း သတင်းမပို့ခင် အရေးယူခံခဲ့ရပါတယ်။

“အမုန်းစကားမှာ ပါဝင်နေတဲ့အရာတွေကို ကျွန်ုပ်တို့ လေ့ကျင့်ပေးထားတဲ့ သုံးသပ်သူတွေက အသေးစိတ် စိစစ်ဖို့လိုပါတယ်။ ဒါဟာ ဆက်စပ်မှုကို နားလည်ဖို့နဲ့ စံချိန်စံညွှန်းတွေကို ချိုးဖောက်မှုရှိမရှိ ဆုံးဖြတ်ဖို့ ဖြစ်ပါတယ်။ ဒါမှသာ ကျွန်ုပ်တို့ ဒါကို တွေ့ရှိမှတ်သားရမှု နည်းလာပြီး အခြားချိုးဖောက်မှုပုံစံတွေထက် အသုံးပြုသူတွေ အစီရင်ခံမှုတွေအပေါ် ပိုပြီး အားကိုးရနိုင်ပါတယ်” လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

အမုန်းစကားကို ကိုင်တွယ်ဖို့ ဉာဏ်ရည်တုကို အသုံးချဖို့ ကြိုးပမ်းမှုတွေက မအောင်မြင်သေးပါဘူးလို့လည်း ရိုဆင်က ပြောပါတယ်။

“ဉာဏ်ရည်တုက သိပ်တော့ အောင်မြင်မှု မရသေးပါဘူး။ လုပ်ဖို့ လိုအပ်နေတာတွေ အများကြီးပါ။ ဘာဖြစ်လို့လည်းဆိုတော့ သိမ်မွေ့တဲ့ ကွဲပြားခြားနားမှုတွေ အများကြီးရှိတယ်။ လိုအပ်တဲ့ ဆက်စပ်မှုတွေ အများကြီး ရှိတယ်။ အမှန်တကယ် ဆုံးဖြတ်နိုင်ဖို့က တကယ်ပဲ အမုန်းစကားဟုတ်မဟုတ် သိရှိဖို့ပါ” လို့ သူက ပြောပါတယ်။ “ဒါ့ကြောင့် နည်းပညာနဲ့ လူတွေရဲ့ ပေါင်းစည်းမှုတစ်ခု ဆက်ရှိနေတာပါ” လို့သူကပြောပါတယ်။

ဉာဏ်ရည်တု နည်းပညာဆိုတာက သာဓကတွေကနေ သင်ယူရတဲ့ စနစ်တွေအကြောင်းပါ။ မြန်မာနိုင်ငံမှာ Facebook အတွက် ပြဿနာတစ်ခုက သူ့မှာ လုံလောက်တဲ့ အစီရင်ခံကိရိယာတွေ မထွန်းကားသေးပါဘူး။ သာဓကအနေနဲ့ ဒီလအစောပိုင်းအထိ Facebook ရဲ့ မက်ဆင်ဂျာ ပလက်ဖောင်းက သတင်းပို့နိုင်တဲ့ လုပ်ဆောင်ချက်ကို လုပ်မပေးနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ အမုန်းစကားတွေ သုံးစွဲမှုအများအပြားဟာ သတင်းမပို့ရသေး၊ ဒါမှမဟုတ် လွဲမှားသတင်းပို့မှုတွေ ရှိနေတယ်လို့ Facebook က ထုတ်လုပ်ရေးမန်နေဂျာ မစ္စဆာရာဆုက ပြောပါတယ်။ “ဆက်စပ်စဉ်းစားစရာ လုံလုံလောက်လောက် မရှိဘူးဆိုရင် သုံးသပ်သူတွေဟာ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ကို နားလည်နိုင်မှာ မဟုတ်ဘူး” လို့ သူမက ပြောပါတယ်။

“ကျွန်မတို့ဟာ စစ်မှန်တဲ့ အချက်ပြမှုတွေ ရရှိဖို့၊ ဒါမှမဟုတ် ကျွန်မတို့ရဲ့စနစ်တွေ ကောင်းကောင်း အလုပ်ဖြစ်ဖို့ သတင်းပို့မှုတွေကိုချည်း အားကိုးလို့ မရပါဘူး” လို့လည်း သူမက ဆိုပါတယ်။

လူတွေကို အားကိုးခြင်း၊ ဒါပေမဲ့ မြန်မာစကားပြောဝန်ထမ်း မရှိ

ဖေ့စ်ဘွတ်ဟာ သူ့ရဲ့ ဉာဏ်ရည်တုတွေကို လေ့ကျင့်ပေးဖို့ မြန်မာဘာသာစကား ပြောတဲ့သူတွေ လိုအပ်နေသလို လောလောဆယ်မှာ ဘယ်နေရာမှ မလုံလောက်ဘူးဆိုတဲ့ သဘောတူမှုမျိုးတော့ ရှိပါတယ်။

ဒါပေမဲ့ မြန်မာစကား ကျွမ်းကျင်ဝန်ထမ်း ဘယ်လောက်ရှိတယ်ဆိုတာ ကုမ္ပဏီက ဖွင့်ဟပြောဆိုမှာ မဟုတ်ပါဘူး။ ဇူကာဘက်ရဲ့ စကားကိုပဲ သံယောင်လိုက်ပြီး မြန်မာစကားပြောဝန်ထမ်း ဒါဇင်များစွာ ငှားရမ်းထားတယ်လို့ပဲ ဆိုပါတယ်။ နှစ်ကုန်မှာတော့ လက်ရှိထက် နှစ်ဆဖြစ်လာမယ်လို့လည်း ဆိုပါတယ်။

နောက်ပြီးတော့ တိုင်းရင်းသား လူနည်းစုဘာသာစကားပြော ဝန်ထမ်း ဘယ်လောက်ခန့်ထားတယ်ဆိုတာနဲ့ ပတ်သက်လို့ သတင်းအချက်အလက် မရသေးဘူးလို့ Frontier ကို ပြောပါတယ်။ ဒါဟာ အချက်အလက်တွေနဲ့ ဆိုင်တဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ဆိုရင် အတော်လေး ထူးဆန်းပါတယ်။

ဒါပေမဲ့ Facebook က မတိကျတဲ့ မြန်မာဘာသာစကားပြော ဝန်ထမ်းဦးရေ နှစ်ဆတိုးမယ်ဆိုရင် Facebook မှာပါဝင်တဲ့ အကြောင်းအရာတွေကို ကြည့်ပြီး သုံးသပ်သူ ဒါဇင်ပေါင်းများစွာကနေ လျော့ကျမှာ မဟုတ်ပါဘူးလို့ ဖန်တီးရာ (Phandeeyar) ရဲ့ အမှုဆောင်အရာရှိချုပ် ဂျက်စ်ပီတာဆင်က နယူးယော့တိုင်းမ်နဲ့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

တင်းကျပ်တဲ့ အမုန်းစကားဆိုင်ရာ ဥပဒေတွေကို တုံ့ပြန်တဲ့အနေနဲ့ Facebook က သဘောထား အလယ်အလတ်ရှိသူ ၁,၂၀၀ ခန့်ကို ငှားရမ်းထားတဲ့ ဂျာမနီက အခြေအနေကို သူက ကိုးကားပြောဆိုပါတယ်။ မြန်မာနိုင်ငံအတွက် သင့်လျော်တဲ့ ပမာဏကတော့ သဘောထား အလယ်အလတ်ရှိသူ ၈၀၀ လောက် ခန့်ထားဖို့ လိုမယ်လို့လည်း သူကပြောပါတယ်။

မြန်မာအရပ်ဘက် အဖွဲ့အစည်းတွေကတော့ အမုန်းစကား သတင်းပို့မှုတွေ ပြုလုပ်ဖို့၊ အလွဲသုံးစားပြုလုပ်တဲ့ အကောင့် အတုအယောင်အကောင်တွေကို ဖယ်ရှားဖို့၊ ပျမ်းမျှသုံးသပ်ချက်နဲ့ အချိန်ပေးတုံ့ပြန်ဖို့နဲ့ ပစ်မှတ်တွေကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုထားပါတယ်။

ဒါပေမဲ့ နိုင်ငံအလိုက် တိကျတဲ့ အချက်အလက်တွေကိုတော့ မျှဝေမှာ မဟုတ်ဘူးလို့ Facebook က Frontier ကို ပြောပါတယ်။ အချက်အလက်ဖြည့်သွင်းမှုထက် လုပ်ဆောင်ချက် တိုးတက်မှုနဲ့ ကောင်းမွန်တဲ့ ရလဒ်တွေအကြောင်း ပိုပြောဖို့သာ ဒီအရပ်ဘက်အဖွဲ့အစည်းတွေက ဖေ့စ်ဘွတ်ကို တောင်းဆိုခဲ့ပါတယ်။

ဒီလိုမလုပ်မချင်းတော့ Facebook က မြန်မာနိုင်ငံမှာ အမုန်းစကားပျံ့နှံ့မှုတွေ လျော့ပါးအောင်လုပ်နေတယ်ဆိုတာ ပြောဖို့ ခက်ပါလိမ့်မယ်။ ဒီလိုလုပ်ဖို့ ပျက်ကွက်ခြင်းရဲ့ အကျိုးဆက်တွေဟာ တကယ့်ကို စိုးရိမ်စရာကောင်းပြီး ကပ်ဆိုးတစ်ခုလိုတောင် ဖြစ်လာနိုင်ပါတယ်။

ကုမ္ပဏီက တခြား ဘာတွေလုပ်နိုင်တယ်ဆိုတာ နားလည်ဖို့နဲ့ ပိုမိုသိရှိဖို့အတွက် မြန်မာနိုင်ငံက ပါဝင်ပတ်သက်သူ အသီးသီးနဲ့ ဆက်လက်လက်တွဲ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရိုဆင်က Frontier ကို ပြောပါတယ်။ “အဖြေအားလုံးတော့ ကျွန်တော်တို့မှာ မရှိနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့လုပ်ထားတဲ့ အရာများစွာကတော့ အသေအချာရှိနေပါတယ်။ ဆက်ပြီးလုပ်ဆောင်သွားမှာပါ” လို့သူကပြောပါတယ်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ- ရန်ကုန်မြို့၊ ဘတ်စ်ကားတစ်စီးပေါ်တွင် မိုဘိုင်းဖုန်းဖြင့် Facebook ကြည့်ရှုနေသည့် အမျိုးသမီးတစ်ဦး။ ဓာတ်ပုံ-အေအက်ဖ်ပီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.