COVID-19 တိုက်ဖျက်ရေး ရှေ့တန်းက ကျေးလက်ကွာရန်တင်းများ

မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်များနှင့်ကျေးရွာများသည် COVID-19 ရောဂါကူးစက်ပျံ့ပွားမှုတားဆီးရေးအတွက် သီးခြားထားရှိစောင့်ကြည့်ရေးစခန်း( ကွာရန်တင်းစခန်း)များဖွင့်လှစ်ထားသော်လည်း ပြည်တွင်းခရီးသွားများကို သီးခြားထားရှိစောင့်ကြည့်ရေးစခန်းများတွင် ထားရှိရန်မလိုအပ်ကြောင်း အစိုးရက ဆုံးဖြတ်ခဲ့သောကြောင့် သင်္ကြန်ရုံးပိတ်ရက်ကဲ့သို့ ခရီးသွားလာမှုများပြားသည့် အချိန်အခါမျိုးတွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အားနည်းသော မြို့နယ်ကျေးရွာများ COVID-19 ဒဏ်ကို အကြီးအကျယ်ခံရနိုင်ခြေရှိလာခဲ့သည်။ အခြားတစ်ဘက်တွင်လည်း ရွာပြန်လျှင် ကွာရန်တင်း ၁၄ ရက်နေရမည်ကိုစိုးသဖြင့် သင်္ကြန် အိမ်မပြန်တော့သူလည်းများခဲ့သည်။

ကျော်ရဲလင်း၊ရဲမွန်နှင့်နော်ဘတ်တီဟန်

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ ကျေးရွာစာသင်ကျောင်းဝင်ပေါက်တွင် “ကန့်သတ်နေရာ၊ မဝင်ရ” ဆိုသည့် သတိပေးဆိုင်းဘုတ်ကို စိုက်ထူထားသည်။
အဆိုပါအထက်တန်းကျောင်းသည် အလဲစုကျေးရွာတွင်တည်ရှိသည်။ ပြဿတိုက်ကျေးရွာအုပ်စုဝင် ကျေးရွာခုနစ်ခုသည် COVID-19 တိုက်ဖျက်ရေးအတွက် စာသင်ကျောင်းကို သီးခြားစောင့်ကြည့်ရေးစခန်းအဖြစ် စတင်အသုံးပြုခဲ့သည့် မတ်အကုန်ပိုင်းမှစ၍ ကျောင်းတံခါးကို သော့ခတ်ခဲ့သည်။
ကျေးရွာသို့ ပြန်လာသူများ၊ မြန်မာနိုင်ငံတစ်ဝန်းရှိ အခြားနေရာများမှလာရောက်သူများနှင့် ပြည်ပမှပြန်လာသူများကို စာသင်ကျောင်းတွင် သီးခြားထားရှိစောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ ခြွင်းချက်မှာ ရန်ကုန်တိုင်းဒေသကြီးရှိ အခြားနေရာများမှ လာရောက်သူများဖြစ်ကြပြီး ၎င်းတို့မှာ သီးခြားထားရှိစောင့်ကြည့်ရေးစခန်းတွင် မနေထိုင်ရဘဲ မိမိအိမ်မှာပင် ၁၄ ရက် သီးခြားနေထိုင်ရမည်ဖြစ်ပြီး သူတို့၏ကိုယ်အပူချိန်ကို တစ်ရက်လျှင် သုံးကြိမ်တိုင်းတာပေးနေသည်။
မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ စတင်တွေ့ရှိသည့် မတ်လမှစ၍ နိုင်ငံတစ်ဝန်းရှိ သီးခြားစောင့်ကြည့်ရေးစခန်း ထောင်ပေါင်းများစွာတွင် ပြဿတိုက် ရှိ စောင့်ကြည့်ရေးစခန်းလည်းပါဝင်ခဲ့သည်။ ကျေးရွာအများစုတွင် သီးခြားထားရှိစောင့်ကြည့်ရေးစခန်းများသည် ရပ်ရွာ၏ကထမကထပြုမှုဖြင့် ဖွင့်လှစ်ထားသော စခန်းများဖြစ်ကြသည်။ အစိုးရက တင်းမာပြတ်သားသော ရောဂါတားဆီးရေးလုပ်ဆောင်မှုများကို မပြုလုပ်ခဲ့သောကြောင့် ပြည်ပမှပြန်လာသည့် အလုပ်သမားများထံမှ COVID-19 ကူးစက်မည်ကိုစိုးရိမ်ပြီး ရပ်ကွက်ကျေးရွာများသည် ကိုယ်ထူကိုယ်ထဖြင့် သီးခြားထားရှိစောင့်ကြည့်ရေစခန်းများကို ဖွင့်လှစ်ခဲ့ရခြင်းဖြစ်သည်။
Frontier မှ သတင်းသမားများသည် ဧပြီ ၄ ရက်တွင် ပြဿတိုက် ရှိ သီးခြားထားရှိစောင့်ကြည့်ရေးစခန်းသို့သွားရောက်ခဲ့သည်။ ယင်းစခန်းတွင် နေထိုင်ရသူ ၂၀ ဦးတွင် မန္တလေးမှ မိသားစုတစ်စုလည်းပါဝင်ခဲ့သည်။ သူတို့မှာ ကိုမြင့်နိုင်၊ ဇနီးဖြစ်သူ မပိုပို နှင့် သူတို့၏အသက်လေးနှစ်နှင့် ရှစ်နှစ်အရွယ်ကလေးနှစ်ဦးတို့ဖြစ်ကြသည်။ ကိုမြင့်နိုင်တို့ မိသားစုသည် တွံတေးသို့ 125 မော်တော်ဆိုင်ကယ်ဖြင့် ကီလိုမီတာ ၇၀၀ ကျော်ခရီးကို ၂၄ နာရီခန့် ခရီးနှင်ခဲ့ရခြင်းဖြစ်သည်။ မပိုပို၏မွေးရပ်ကျေးရွာ ပြဿတိုက် တွင် ပြုလုပ်မည့် လက်ထပ်မင်္ဂလာပွဲအတွက် သူတို့မိသားစုသည် မတ် ၂၉ ရက် တွင် မန္တလေးမှ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။
ငွေကုန်ကြေးကျနည်းစေရန် မော်တော်ဆိုင်ကယ်ဖြင့် ခရီးထွက်လာခဲ့ခြင်းဖြစ်ကြောင်း မန္တလေးရှိ ကားပြင်ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်သည့် ကိုမြင့်နိုင်ကပြောသည်။
“ကျွန်တော်တို့အားလုံး ဘတ်စ်ကားနဲ့သွားတဲ့ ကုန်ကျစရိတ်ရဲ့ လေးပုံတစ်ပုံတောင် မကျဘူး” ဟု သူ ကပြောသည်။
လက်ထပ်မင်္ဂလာပွဲကို မတ် ၃၀ ရက်တွင် ပြုလုပ်ရန် ယခင်က ရည်ရွယ်ထားခဲ့သည်။ သို့သော် နောက်တစ်နေ့ ညနေ လေးနာရီတွင် သူတို့မိသားစု ကျေးရွာသို့ ရောက်ရှိသည့်အခါ အံ့သြစရာနှင့်ကြုံခဲ့ရသည်။
“ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျွန်တော့်ဇနီးရဲ့ ညီမ မင်္ဂလာပွဲကို ရက်ရွှေ့ဆိုင်းလိုက်တယ်ဆိုတာကို မသိလိုက်ဘူး” ဟု ကိုမြင့်နိုင်က တံခါးပိတ်ထားသည့် ကျောင်းခြံဝင်းအခြားတစ်ဖက်မှ ပြောသည်။ ကိုမြင့်နိုင်နံဘေးတွင် ဇနီးနှင့် ကလေးနှစ်ဦးလည်း ရပ်နေခဲ့သည်။
ပြဿတိုက် ကျေးရွာသို့ ကိုမြင့်နိုင်တို့ မိသားစုရောက်ရှိပြီး နာရီဝက်အကြာတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက သူတို့ကို စာသင်ကျောင်းတွင် ၁၄ ရက် သီးခြားထားရှိစောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဧပြီလသည် ပုံမှန်အားဖြင့် ကျောင်းပိတ်သည့် လဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံတစ်ဝန်းရှိ အခြားကျောင်းများကိုလည်း ရက်အကန့်အသတ်မရှိပိတ်ထားလိုက်ပြီဖြစ်ရာ စာသင်ကျောင်းသည် ကျယ်ဝန်းသော မြေကွက်လပ်နှင့် အဆောက်အအုံကြီးများကြောင့် သီးခြားစောင့်ကြည့်ထားရှိရေးစခန်းအဖြစ် အသုံးပြုရန် သင့်လျော်လွန်းနေသည်။
“အစပိုင်းတော့ ကျွန်မတို့ စိတ်ရှုပ်သွားတယ်၊ လိုလည်းမလိုဘူးလို့ ထင်လိုက်မိတယ်၊ ဒါပေမဲ့ ကျေးရွာအတွက် ကောင်းဖို့ပဲရှိတာမို့ သီးခြားထားရှိစောင့်ကြည့်တာကို လက်ခံလိုက်တယ်” ဟု မပိုပိုက Frontier သို့ပြောဆိုခဲ့သည်။
“ကျွန်မတို့ အထုပ်အပိုးတောင် မဖွင့်ရသေးဘူး၊ ကျောင်းထဲကို ချက်ချင်းပြောင်းနေလိုက်တယ်” ဟု သူကပြောသည်။
မြန်မာနိုင်ငံ၌ COVID-19 ပထမဆုံးကူးစက်ခံထားရသူနှစ်ဦးရှိနေပြီဖြစ်ကြောင်း မတ် ၂၃ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ညွှန်ကြားချက်ဖြင့် သီးခြားစောင့်ကြည့်ထားရှိရေးစခန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများကလည်း အလားတူညွှန်ကြားချက်များကိုထုတ်ပြန်ခဲ့ပြီး မတ် ၂၆ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် သီးခြားထားရှိစောင့်ကြည့်ခံရသူများအကျိုးအတွက် သန့်ရှင်းရေးနှင့် သီးခြားနေထိုင်ရေးနည်းစနစ်များအပါအဝင် သီးခြားထားရှိစောင့်ကြည့်ရေးစခန်းများအတွက် လမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့သည်။
သို့သော် ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ပြည်ပနိုင်ငံများမှ ပြန်လာသူများကိုသာ သီးခြားထားရှိ စောင့်ကြည့်ရေးစခန်းတွင် ထားရှိရန်သာ ညွှန်ကြားခဲ့ပြီး ပြည်တွင်းမှခရီးသွားများအား သီးခြားထားရှိရန်အချက်ကိုမူ ဖော်ပြခြင်းမပြုခဲ့ချေ။ ရန်ကုန်တိုင်းဒေသကြီးမှ လွဲ၍ ကျန်ဒေသများမှ ခရီးသွားအားလုံးကို သီးခြားထားရှိစောင့်ကြည့်ရေးစခန်းတွင်ထားရှိရန် ရပ်မိရပ်ဖများက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြဿတိုက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ကပြောဆိုခဲ့သည်။
“ဘယ်သူ့မှာ ရောဂါရှိတယ် မရှိဘူးဆိုတာ သိတာမဟုတ်ဘူး၊ ဒါကြောင့် သူတို့ကို သီးခြားထားရှိစောင့်ကြည့်တာပိုကောင်းမယ်လို့ ဆုံးဖြတ်လိုက်တာ” ဟု သူက မန္တလေးမှ ကိုမြင့်နိုင်နှင့် မိသားစုကို ရည်ညွှန်းပြောဆိုခဲ့သည်။
ကျေးရွာခုနစ်ရွာပါဝင်သော ကျေးရွာအုပ်စုသည် ရန်ကုန်ရှိ စက်ရုံများတွင် အလုပ်လုပ်ပြီး မွေးရပ်သို့ပြန်လာသူအားလုံးကို သီးခြားထားရှိစောင့်ကြည့်ရန် မဖြစ်နိုင်သောကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ အခြားနေရာများမှလာရောက်သူများကို ခြွင်းချက်ထားရန် ကျေးရွာလူကြီးများက ဆုံးဖြတ်ခဲ့ကြောင်း ဦးမြင့်နိုင်ကပြောဆိုခဲ့သည်။
စာသင်ကျောင်းတွင် သီးခြားထားရှိစောင့်ကြည့်ခံရသူများအတွက် အခြေခံလိုအပ်ချက်များကို ရပ်ကွက်၊ကျေးရွာနှင့် ပုဂ္ဂလိကအလှူရှင်များက ထောက်ပံ့ပေးခဲ့ကြောင်း သူကပြောသည်။ “စခန်းမှာနေရတဲ့သူ ဘယ်သူမှ အခုထိ ကျန်းမာရေးပြဿနာမရှိခဲ့တာမို့ ကျွန်တော်တို့ အစိုးရိမ်လွန်တာလည်းဖြစ်နိုင်ပါတယ်”ဟု သူကဆက်လက်ပြောဆိုခဲ့သည်။
သို့သော် အုပ်ချုပ်ရေးမှူးက အထက်ပါစကားကိုပြောဆိုနေချိန်တွင် ရပ်ကွက်ကျေးရွာများတွင် ကြိုတင်ကာကွယ်ရေးအစီအစဉ်ကို အစိုးရအဖွဲ့က ဖျက်သိမ်းလိုက်ပြီဖြစ်သည်။ ပြည်တွင်းမှ ခရီးသွားများ ရောဂါလက္ခဏာမပြမချင်း နေအိမ်မှာပင် သီးခြားနေထိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရကလည်း ဧပြီ ၂ ရက်တွင် ရှင်းလင်းချက်ထုတ်ပြန်ခဲ့သည်။ ပြဿတိုက် ကျေးရွာကဲ့သို့ ရပ်ကွက်ကျေးရွာက ကမကထပြုသော အစီအစဉ်များအပေါ် ပိုမိုထိန်းချုပ်နိုင်ရန်အတွက် ရပ်ကွက်နှင့် ကျေးရွာများရှိ သီးခြားထားရှိစောင့်ကြည့်ရေးစခန်းများသည် COVID-19 ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေး ဒေသဆိုင်ရာကော်မတီများ၏ခွင့်ပြုချက်ကို ဦးစွာရယူရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ဧပြီ ၂ ရက်နေ့ထုတ် ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
ညွှန်ကြားချက်ထုတ်ပြန်ပြီး နှစ်ရက်အကြာတွင် Frontier က ကျေးရွာသို့ရောက်ရှိခဲ့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးသည် ညွှန်ကြားချက်ကို သိရှိထားပြီးဖြစ်သော်လည်း ကိုမြင့်နိုင်နှင့် မိသားစုကဲ့သို့ ပြည်တွင်းခရီးသွားများကိုလည်း စခန်းတွင် ၁၄ ရက်ပြည့်အောင် နေထိုင်ရန် တောင်းဆိုထားကြောင်း ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံတစ်ဝန်းမှ လာရောက်သော အခြားသူများကိုမူ နေအိမ်များမှာပင် အပြင်မထွက်ဘဲ သီးခြားနေထိုင်ရန် ညွှန်ကြားမည်ဖြစ်သည်။
ပြည်ပမှပြန်လာသူများကို စခန်းများတွင် သီးခြားထားရှိစောင့်ကြည့်ရမည်ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်းမှ ခရီးသွားများကိုမူ အလားတူထားရှိရန်မလိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဒေသဆိုင်ရာအစိုးရ၏ပြောခွင့်ရှိသူ ဒေါ်နော်ပန်းသဉ္ဇာမျိုးက Frontier သို့ ဧပြီ ၆ ရက်တွင် အတည်ပြုပြောဆိုခဲ့သည်။
ရပ်ကွက်ကျေးရွာအခြေစိုက် သီးခြားထားရှိစောင့်ကြည့်ရေးစခန်းများတွင် COVID-19 လူနာများနှင့် အနီးကပ်နေထိုင်ခဲ့သူများနှင့် ပြည်ပမှပြန်လာသူများကိုသာထားရှိရမည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရကလည်း ဧပြီ ၇ ရက်တွင် နိုင်ငံပိုင်သတင်းစာများ၌ ရှင်းလင်းချက်ထုတ်ပြန်ကာ ညွှန်ကြားခဲ့သည်။
ပြည်တွင်းခရီးသွားများကို စခန်းများတွင်မထားရန် အစိုးရ၏ ညွှန်ကြားချက်ကို သဘောမကျသော်လည်း လိုက်နာရမည်ဖြစ်ကြောင်း ပြဿတိုက် အုပ်ချုပ်ရေးမှူးကပြောဆိုခဲ့သည်။ သို့သော် နေအိမ်မှာပင် သီးခြားနေထိုင်ရသူများကို အချိန်ပြည့်စောင့်ကြည့်နေမည်ဖြစ်ကြောင်း သူကပြောဆိုခဲ့သည်။
“COVID-19 ကူးစက်ခံထားရသူရှိနေတဲ့ ဒေသက လာရောက်တဲ့ ဘယ်သူကိုမဆို ရောဂါသယ်ဆောင်လာနိုင်ခြေရှိသူအဖြစ် သတ်မှတ်ထားတယ်၊ ဒါကြောင့် သူတို့ အိမ်မှာပဲ သီးခြားနေထိုင်နေတယ်ဆိုရင်တောင် သူတို့အခြေအနေကို အမြဲမပြတ်စောင့်ကြည့်နေမှာ၊ ရောဂါလက္ခဏာပြပြီဆိုတာနဲ့ ဆေးရုံကို ချက်ချင်းပို့မှာ” ဟု ဦးမြင့်နိုင်ကပြောဆိုခဲ့သည်။
ကျေးရွာအုပ်စုတွင် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းတစ်ဦး၊ သားဖွားဆရာမတစ်ဦးတို့သာရှိနေရာ ရောဂါအကြီးအကျယ်ကူးစက်ဖြစ်ပွားမှုကို ကိုင်တွယ်နိုင်မည်မဟုတ်သဖြင့် သီးခြားထားရှိစောင့်ကြည့်ရေးအစီအစဉ်သည် မရှိမဖြစ်အရေးပါကြောင်း သူက ပြောဆိုခဲ့သည်။

The gate of the high school in Aleh Su village, seen on April 4, has been used as a quarantine centre for Phya Tha Dike village tract since late March. (Thuya Zaw | Frontier)

The gate of the high school in Aleh Su village, seen on April 4, has been used as a quarantine centre for Phya Tha Dike village tract since late March. (Thuya Zaw | Frontier)

သင်္ကြန်ကာလခရီးသွားမှုများ

အစိုးရသည် ပြည်တွင်းခရီးသွားများအား သီးခြားထားရှိစောင့်ကြည့်ရေးစခန်းများတွင် ထားရှိရန်မလိုကြောင်း အစိုးရ၏ ခြွင်းချက်ထားရှိမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အားနည်းလှသည့် ပြဿတိုက် ကဲ့သို့ ကျေးရွာအုပ်စုများသည် COVID-19 ကူးစက်မှုရှိနေသည့် အချိန်အခါမျိုးတွင် ထိခိုက်နစ်နာနိုင်ခြေများနေခဲ့သည်။
ယခုနှစ်တွင် ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ ကျရောက်သည့် မြန်မာရိုးရာနှစ်သစ်ကူးကာလသည် မြန်မာပြက္ခဒိန်တွင် အကြီးအကျယ်ဆုံးအားလပ်ရက်ဖြစ်ပြီး ယင်းအချိန်တွင် မြို့ကြီးပြကြီးများတွင်သွားရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားများသည် မွေးရပ်မြို့နယ်ကျေးရွာများသို့ ပြန်လာတတ်ကြသလို မြို့နေများကလည်း မြန်မာနိုင်ငံတစ်ဝန်းရှိ ဆွေမျိုးများ၊မိသားစုဝင်များထံသို့ အလည်အပတ်သွားရောက်လေ့ရှိကြသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရနှင့် ရှမ်းပြည်နယ်အစိုးရတို့သည် ဧပြီ ၇ ရက်မှ ၂၁ ရက်အထိ ဒေသဆိုင်ရာနယ်စပ်များကိုဖြတ်ကျော်ခရီးသွားလာခြင်းမပြုရန်ဟု ပိတ်ပင်ထားသော်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရမှာမူ အလားတူခရီးသွားလာမှုကန့်သတ်ချက်များကို ထားရှိခြင်းမရှိခဲ့ချေ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ရန်ကုန်မြို့နေများအနေဖြင့် ဧပြီ ၁၀ မှ ၁၉ ရက်အထိ စားနပ်ရိက္ခာဝယ်ယူရန်နှင့် ကျန်းမာရေးကိစ္စများမှလွဲ၍ နေအိမ်အပြင်ဘက်သို့မထွက်ရန် ညွှန်ကြားထားသော်လည်း အားလပ်ရက်မတိုင်မီတွင် မြို့မှထွက်ခွာခြင်းမပြုရန်ကိုမူ ပိတ်ပင်ခြင်းမပြုခဲ့ချေ။
ပြဿတိုက် ရှိ ရပ်ကွက်ကျေးရွာအခြေစိုက် သီးခြားထားရှိစောင့်ကြည့်ရေးစခန်းများတွင် ပြည်တွင်းခရီးသွားများကို ထားရှိနေသည့်အတွက် ရန်ကုန်ရှိ ရွှေ့ပြောင်းလုပ်သားတချို့သည်လည်း နေရပ်မပြန်ဘဲနေကြကြောင်း ဧပြီအစောပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့သည်။ သို့သော် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ယင်းပြည်တွင်းခရီးသွားများကို စခန်းများတွင် မထားရှိဘဲ သက်ဆိုင်ရာနေအိမ်များမှာပင် သီးခြားနေထိုင်ခွင့်ပေးခဲ့သောကြောင့် နာမည်ကျော် အဝေးပြေးကားကုမ္ပဏီများရှိ ကားလက်မှတ်များသည် သင်္ကြန်မတိုင်မီတွင် ရောင်းကုန်သွားခဲ့ကြောင်း Frontier က လေ့လာတွေ့ရှိခဲ့သည်။ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူအဖြစ် စစ်ဆေးတွေ့ရှိသူများအနက် အများစုသည် ရန်ကုန်မှဖြစ်သော်လည်း သင်္ကြန်ကာလအတွင်း ခရီးသွားမှုများကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အားနည်းသည့် ကျေးလက်ဒေသများအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းသို့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့သွားမည်ကို ပြဿတိုက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်ကဲ့သို့ ပုဂ္ဂိုလ်များက စိုးရိမ်နေကြသည်။
ရွှေ့ပြောင်းလုပ်သားများကြောင့် COVID-19 ကူးစက်မှုရှိလာနိုင်သည်ဆိုသည့် စိုးရိမ်မှုရှိနေသော်လည်း အစိုးရ၏ညွှန်ကြားချက်ကို လိုက်နာနေရသည့် ရန်ကုန်တိုင်းဒေသကြီးအပြင်ဘက်ရှိ ရပ်ကွက်ကျေးရွာများမှ တာဝန်ရှိသူများကိုလည်း Frontier က မေးမြန်းမှုပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံတွင်း မွေးရပ်ပြန်လာသူများနှင့် ဧည့်သည်များကို နေအိမ်များမှာပင် သီးခြားထားရှိစောင့်ကြည့်ရန် ညွှန်ကြားချက်ရရှိထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ရှိ ကန့်ဘလာကျွန်းညိုကျေးရွာအုပ်စု၏အုပ်ချုပ်ရေးမှူး ဦးကျော်အောင်က ပြောဆိုခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရထက်ပင် စော၍ မတ် ၃၁ ရက်တွင် အဆိုပါညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ဒါကြောင့် ကျွန်တော်တို့ ကျေးရွာကို ပြန်လာတဲ့ ဒေသခံတွေအတွက် သီးခြားထားရှိစောင့်ကြည့်ရေးစ?

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.