ပိုင်ဆိုင်ကြွယ်ဝမှု စစ်တမ်းကောက်ရန် နည်းဥပဒေ လွှတ်တော်ခွင့်ပြုချက်ကို စောင့်နေရ ဟုဆို

နေပြည်တော်၊ နိုဝင်ဘာ ၂၆

၂၀၁၅ ရွေးကောက်ပွဲအပြီး အပြောင်းအလဲကာလမှာ ကောင်းမွန်သော အုပ်ချုပ်မှု၊ သန့်ရှင်းသော အစိုးရတစ်ရပ် ဖွဲ့စည်းရေးတွင် အရေးပါလှသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ အသက်ဝင်လာစေရေးအတွက် သက်ဆိုင်ရာ နည်းဥပဒေကို အတည်ပြုပေးရန် လိုအပ်လျက်ရှိရာ ထိုနည်းပဒေ ပေါ်ပေါက်မှသာ လုပ်ပိုင်ခွင့် အာဏာရှိသူတို့၏ ကြွယ်ဝမှုစစ်တမ်းကို ကောက်ယူနိုင်မည်ဟု အစိုးရအဖွဲ့က လွှတ်တော်သို့ ဖြေကြားသည်။

“အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေမှာ လုပ်ပိုင်ခွင့် အာဏာရှိသူများ၏ မိသားစုပိုင် ငွေကြေး၊ ပစ္စည်း၊ ပေးရန် တာဝန်နှင့် ရရန်ပိုင်ခွင့်များ၊ ပိုင်ဆိုင်မှုများနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာဌာန အဖွဲ့အစည်းများထံမှ တောင်းခံ စိစစ်ပြီး အမိန့်ကြေညာစာ ထုတ်ပြန်နိုင်သည်ဟု ပြဋ္ဌာန်းထားပါတယ်၊ ပြဋ္ဌာန်းချက်ပါ လုပ်ငန်းများမှာ ကြီးမား ကျယ်ပြန့်သဖြင့် လုပ်ထုံးလုပ်နည်းပုံစံများ စနစ်တကျ သတ်မှတ်ထားမှု မရှိပါက ကိုင်တွယ်ဆောင်ရွက်ဖို့ မဖြစ်နိုင်ပါ။ နည်းဥပဒေတွင် ထည့်သွင်းရေးဆွဲပြီးမှသာ ဆောင်ရွက်နိုင်ပါမယ်” ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်းက အစိုးရအဖွဲ့ကိုယ်စားပြည်သူ့လွှတ်တော်၌ ပြန်ဖြေခဲ့သည်။

ပြည်ထောင်စုအဆင့်အဖြစ် သတ်မှတ်ဖွဲ့စည်းပေးထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ လုပ်ဆောင်ချက်များသည် အားရစရာ မရှိကြောင်း ပြည်သူများက ပြောနေကြပါသည်ဟု ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် အစည်းအဝေး ဆဋ္ဌမနေ့ဖြစ်သော နိုဝင်ဘာ ၂၃ ရက် အစည်းအဝေးတွင် ရွှေပြည်သာမြို့နယ်အမတ် ပြည်ခိုင်ဖြိုးပါတီဝင် ဦးတင်မောင်ဦးက အစိုးရအဖွဲ့အပေါ်  ဝေဖန်ထောက်ပြခဲ့ပြီး “လာဘ်ပေးလာဘ်ယူ စနစ်ကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန် ယခင်က ကျင့်သုံးခဲ့ဖူးသော ပိုင်ဆိုင်မှုစစ်တမ်း ကောက်ယူမှုကို ကျင့်သုံးရန် အစီအစဉ် ရှိ မရှိ သိလိုပါတယ်” ဟု မေးမြန်းခဲ့သည်။ ထိုသို့ မေးမြန်းမှုအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးမြဝင်းက ပြန်လည်ရှင်းပြခြင်း ဖြစ်သည်။

ကော်မရှင်သည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားပြီးဖြစ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ အသက်ဝင်လာရေးအတွက် အဓိက လိုအပ်နေသော နည်းဥပဒေများကို ရေးဆွဲခဲ့ပြီး ပြည်ထောင်စုအစိုးရ သဘောတူညီချက်ဖြင့် ၂၀၁၅ ဇူလိုင် ၁၀ ရက်၌ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ လွှတ်တော်၏ အတည်ပြုချက်ရရန် ဇူလိုင်၂၇ ရက်တွင် လွှတ်တော်သို့ တင်ပြထားပြီးဖြစ်ကြောင်းလည်း ကော်မရှင် ဥက္ကဋ္ဌက ပြောသည်။

မူလဥပဒေ အတည်ပြုပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းက နည်းဥပဒေ ရေးဆွဲကာ ရက်ပေါင်း ကိုးဆယ်အတွင်း လွှတ်တော်သို့ ပြန်တင်ပြရသည်။ ထို့နည်းတူ လွှတ်တော်သည် တင်ပြလာသော နည်းဥပဒေများကို ပြင်ဆင် ဖြည့်စွက်လိုသော အချက်များ ထည့်သွင်းကာ ရက်ပေါင်း ကိုးဆယ်အတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းထံ ပြန်ပေးလိုက်သည်နှင့် မူလဥပဒေပါ အသက်ဝင်ပြီး ထိုနည်းပဒေအတိုင်း ဆောင်ရွက်နိုင်ပြီ ဖြစ်သည်။

ယခု အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၏ နည်းဥပဒေများ လွှတ်တော်သို့ ရောက်နေသည်မှာ လေးလခန့်ပင် ရှိနေသော်လည်း လွှတ်တော်က ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်များ ရှိ မရှိဆိုသည်ကို လွှတ်တော်ဘက်ကလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ အကြောင်းမပြန်ခဲ့သည့်ပြင် ကော်မရှင်ဘက်ကလည်း သတ်မှတ်ကာလ လွန်သည့်နည်းဥပဒေနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ စုံစမ်းမေးမြန်းခဲ့ခြင်း မရှိချေ။

လွှတ်တော်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို အတည်ပြုပြီးမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဥပဒေအရ ဖွဲ့စည်းရခြင်းဖြစ်ရာ ၂၀၁၄ မတ်လ ၁၄ ရက်၌ ယင်းကော်မရှင်ကို စတင်ဖွဲ့စည်းခဲ့သည်။ ကော်မရှင်က လိုအပ်နေသည့် နည်းဥပဒေကို ရေးဆွဲကာ သုံးလအတွင်း လွှတ်တော်သို့ တင်သွင်းရမည့် တာဝန် ရှိသော်လည်း လပေါင်း နှစ်ဆယ်ကြာမှသာ လွှတ်တော်သို့ တင်ပြနိုင်ခဲ့သည်။

ထိုသို နည်းဥပဒေ အသက်ဝင်လာရေးကိစ္စတွင် လွှတ်တော်နှင့် ကော်မရှင်တို့နှစ်ဘက်စလုံးက တက်ကြွမှု စိတ်ဝင်စားမှု ဘာကြောင့်နည်းပါးနေသနည်း၊ ထိုနည်းဥပဒေ အသက်ဝင်လာပြီး စစ်တမ်းကောက်လာပါက လုပ်ပိုင်ခွင့် အလွဲသုံးမှုများ ပေါ်ပေါက်ကာ ကိုယ်ကျိုးစီးပွားများ ထိခိုက်လာမည်ကို နှစ်ဘက်စလုံးက စိုးရိမ်နေခြင်းကြောင့်လား စသည့် ပြောဆိုဝေဖန်မှုများက လွှတ်တော်တွင်းသာမက လွှတ်တော်ပြင်ပနိုင်ငံရေးလေ့လာသူ ပြည်သူတို့အကြားမှာပါ ပေါ်ပေါက်လာသည်။

၂၀၁၄ နှစ်ဆန်းပိုင်း ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက် အစည်းအဝေး၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို စတင်ဆွေးနွေးခဲ့စဉ်ကလည်း စီးပွားရေးစစ်တမ်း ကောက်ယူမှုဆိုင်ရာ ပုဒ်မများအပေါ် လွှတ်တော်တွင်း အငြင်းပွားခဲ့ပြီး မဲခွဲသည့်အခါ စီးပွားစစ်တမ်းကောက်ယူရေး ပြင်ဆင်ချက်များဘက်က ရှုံးနိမ့်ခဲ့ဖူးသည်။

“အလွန် ရှုပ်ထွေးကျယ်ပြန့်ပြီး ပါတီစုံက အဖွဲ့အစည်းမျိုးစုံက ဝေဖန် ငြင်းခုံနေတဲ့ PR( Proportional Ratio Election System)လို ဥပဒေမျိုးတွေ၊ မျိုးစောင် ဥပဒေလို နက်နဲသိမ်မွေ့လှတဲ့ ဥပဒေတွေကို အမြန်တင်သွင်း ဆွေးနွေး အတည်ပြုပေးနိုင်ခဲ့တဲ့ လွှတ်တော်ကလည်း သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှု ဖြစ်ရေးမှာ လွန်စွာ အရေးပါလှတဲ့ ဒီနည်းဥပဒေကျတော့ လေးလအတွင်းမှာ ဘာကြောင့် ပြီးအောင် မလုပ်နိုင်ပါသလဲ။ ရွေးကောက်ပွဲအတွက် မဲဆွယ် နှစ်လကို ဖယ်လိုက်ရင်တောင် အချိန်နှစ်လတော့ ရှိနေပါတယ်။ ဒါကြောင့် အခုလို ကြန့်ကြာမှုတွေဟာ ကိုယ်ကျိုးစီးပွား အပြန်အလှန် ကာကွယ်မှုတွေ ရှိနေကြလို့များလားလို့ စဉ်းစားစရာပါပဲ” ဟု နေပြည်တော်မှ နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

သက်တမ်း တစ်နှစ်ခွဲကျော်ရှိနေသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ လုပ်ဆောင်ချက်များ ထိရောက်အောင်မြင်မှု မရှိရခြင်းမှာ ကော်မရှင်၏ လုပ်ပိုင်ခွင့်တွင် ကန့်သတ်မှုများ ရှိနေ၍ဖြစ်ကြောင်း ရွှေပြည်သာ မြို့နယ်အမတ် ပြည်ခိုင်ဖြိုးပါတီဝင် ဦးတင်မောင်ကြည်က Frontier ကို ပြောသည်။

“ဒီနည်းဥပဒေကို လွှတ်တော်ဘက်က ရက် ကိုးဆယ်ပြည့်လို့ အကြောင်းမပြန်ရင်တောင်၊ ကော်မရှင်က လွှတ်တော်ကို ဆက်သွယ်ပြီး တွန်းအားပေးရမှာပေါ့။ ကျွန်တော်မြင်တာတော့ ကော်မရှင် လုပ်ပိုင်ခွင့်လည်း ရှိဖို့၊ လုပ်လိုစိတ် လည်း ရှိဖို့ လိုပါတယ်။ ကော်မရှင် ဥက္ကဋ္ဌ အခု လာဖြေကြားချက်အရဆိုရင် တိုင်စာတွေ ရောက်လာမှ အလုပ်လုပ်တာ၊ လာခေါ်မှ လိုက်စစ်ဆေးတာတွေပဲ တွေ့ရတယ်။ ကော်မရှင်က ဖွဲ့ထားတဲ့ အဖွဲ့တွေက ရလာတဲ့ သတင်းတွေ အပေါ်မှာ လိုက်ပြီး စုံစမ်းဖော်ထုတ်တာတွေ လုပ်သင့်တယ်။ တရားရေးက လာခေါ်မှ စစ်ရတယ်ဆိုရင် ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ဘောင်ကို ကန့်သတ်ထားတဲ့သဘောပဲ” ဟု ဦးတင်မောင်ဦးက ပြောသည်။

ထိုကော်မရှင်သည် သက်တမ်း လပေါင်း နှစ်ဆယ်အတွင်း တရားစွဲဆို အရေးယူခဲ့သည့် ပုဂ္ဂိုလ် ကိုးဦး၊ ဝန်ထမ်း စည်းကမ်းအရ အရေးယူသည့် ပုဂ္ဂိုလ် ၁၂၅ ဦး၊ စုံစမ်းစစ်ဆေးဆဲ ကိစ္စရပ် သုံးခု၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အစိုးရအဖွဲ့များထံ လွှဲပြောင်းဖြေရှင်း၍ ပြေလည်သွားသည့် ကိစ္စ ၃၁ ခုနှင့် နိုင်ငံတော်သို့ ပြန်လျော်ပေးစေသည့် ငွေပေါင်း ကျပ် ၂၀,၆၈၅,၀၀၀ (နှစ်ရာ့ခြောက်သိန်း ရှစ်သောင်းခွဲ) ကျော်ရှိသည်ဟု ကော်မရှင်ဥက္ကဋ္ဌက လွှတ်တော်သို့ ရှင်းပြသည်။

” နည်းဥပဒေကို လွှတ်တော်သို့ ဖြန့်ဝေ တင်ပြထားပြီးဖြစ်ရာ (လွှတ်တော်က) ပယ်ဖျက်ရန် ပြင်ဆင်ရန် မရှိပါက အဲဒီကိစ္စရပ်များ(ပိုင်ဆိုင်မှုစစ်တမ်းကောက်ယူရေး)ကို နည်းဥပဒေပါ သတ်မှတ်ချက်အတိုင်း အကောင်အထည်ဖော် သွားနိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက လွှတ်တော်သို့ ပြောသည်။

သတင်း – စိုးသန်းလင်း

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.