ဦးထင်ကျော် နိုင်ငံတော်သမ္မတ ဖြစ်ပြီ

ပြည်ထောင်စုလွှတ်တော်မစတင်မီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် စကားပြောနေသည့် ဦးထင်ကျော်။ ဓာတ်ပုံ- အေအက်ဖ်ပီ

ပြည်ထောင်စုလွှတ်တော်မစတင်မီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် စကားပြောနေသည့် ဦးထင်ကျော်။ ဓာတ်ပုံ- အေအက်ဖ်ပီ

ယခုအောင်ပွဲသည် ပြည်သူများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အောင်ပွဲဖြစ်သည်ဟု ဦးထင်ကျော်က ပြောကြားခဲ့သည်

နေပြည်တော်၊ မတ် ၁၅

မြန်မာနိုင်ငံ၏ သမ္မတသစ်အဖြစ် ဦးထင်ကျော်အား ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ မဲပေးရွေးချယ် တင်မြှောက်လိုက်သည်။

ထို့ကြောင့် ၎င်းသည် ရာစုနှစ် ထက်ဝက်ကျော်အတွင်း ပြည်သူလူထု၏ ထောက်ခံမှုဖြင့် တရားဝင် ရွေးချယ်ခံရသော အရပ်သား သမ္မတ ဖြစ်လာသည်။

ဦးထင်ကျော်က ”ဒါဟာ ပြည်သူတွေရဲ့ မေတ္တာ စေတနာကြောင့်ရတဲ့ ပြည်သူတွေရဲ့ အောင်ပွဲပါ။ အမကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်ပွဲလည်း ဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်မှ အထွက်တွင် မီဒီယာများကို ပြောကြားခဲ့သည်။

ဒုတိယ သမ္မတများအဖြစ် အမျိုးသားလွှတ်တော်က ရွေးချယ်တင်မြှောက်ထားသည့် ဦးဟန်နရီ ဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်က တင်မြှောက်ထားသည့် ဦးထင်ကျော်နှင့် တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က တင်မြှောက်ထားသည့် ဦးမြင့်ဆွေတို့ သုံးဦးအား ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆန္ဒမဲပေး ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

သမ္မတရွေးချယ်ရေးအဖွဲ့ဝင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ နံနက် ၁၀ နာရီခန့်တွင် စတင် မဲပေးပြီး လွှတ်တော်အတွင်းရှိ ပါတီစုံမှ ကိုယ်စားလှယ်များရှေ့မှောက်တွင် နံနက် ၁၁ နာရီ၌ စတင်ပြီး မဲလက်မှတ်များ ရေတွက်ခဲ့သည်။

မဲလက်မှတ်များ ရေတွက်ပြီးချိန်တွင် ဦးထင်ကျော်က ဆန္ဒမဲ ၃၆၀ မဲဖြင့် နိုင်ငံတော်သမ္မတသစ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ဦးမြင့်ဆွေက ၂၁၃ မဲဖြင့် ဒုတိယသမ္မတ(၁)နှင့် ဦးဟင်နရီ ဗန်ထီးယူက ၇၉  မဲဖြင့် ဒုတိယသမ္မတ (၂) နေရာများ အသီးသီးရရှိကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက မွန်းလွဲ ၁၂ နာရီ ၄၁ မိနစ်တွင် အတည်ပြု ကြေညာလိုက်သည်။

ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိသည့်အနက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၃၉၀ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၄၁ ဦး၊ တပ်မတော်က ၁၆၆ ဦးနှင့် အခြားပါတီများမှ ကိုယ်စားလှယ် ၆၀ ဦးတို့ ဖြစ်ကြပြီး ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိ ကိုယ်စားလှယ် ၆၅၃ ဦး ရှိသည့်အနက် ၆၅၂ ဦး တက်ရောက်ကြသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရထားသော်လည်း ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန်ယူထားသော လက်ရှိဒုတိယသမ္မတ နှစ်ဦးဖြစ်သည့် ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် ဦးစိုးသိမ်းတို့မှာမူ ဖွဲ့စည်းပုံ အခြေခံဥပဒေပြဌာန်းချက်အရ လွှတ်တော် အစည်းအဝေး တက်ရောက်ခွင့် မရှိသေးသဖြင့် သမ္မတ ရွေးချယ်ပွဲအတွက် မဲပေးခွင့် မရရှိကြခြင်းဖြစ်သည်။

ဦးထင်ကျော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အထူးယုံကြည်အားကိုးသူ တစ်ဦးဖြစ်ကာ လက်ရှိအချိန်တွင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို ဦးဆောင်နေသူလည်း ဖြစ်သည်။ စာရေးဆရာကြီး မင်းသုဝဏ်၏ သားလည်းဖြစ်ပြီး ၎င်း၏ ဇနီးသည်ဖြစ်သူ ဒေါ်စုစုလွင်မှာလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။ ၎င်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်မည့် သမ္မတအဖြစ် အစောပိုင်းကတည်းက ရေပန်းစားနေသူဖြစ်သည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ)အရ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတ မဖြစ်နိုင်တော့သည်အချိန်တွင် ၎င်းအား ဒုတိယသမ္မလောင်းအဖြစ် ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များက အဆိုပြုခဲ့ပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တင်သွင်းသည့် ဒေါက်တာစိုင်းမောက်ခမ်းကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိပြီး ဒုတိယ သမ္မတဖြစ်လာခဲ့သူဖြစ်သည်။

အမျိုးသားလွှတ်တော်တွင် ဒုတိယသမ္မတလောင်းအဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အဆိုပြု တင်သွင်းခဲ့သည့် ဦးဟန်နရီ ဗန်ထီးယူမှာလည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အဆိုပြုတင်သွင်းသော ဦးခင်အောင်မြင့်အား မဲအပြတ်အသတ်ဖြင့် အနိုင်ရကာ ဒုတိယသမ္မတ ဖြစ်လာခဲ့သူဖြစ်သည်။

တပ်မတော်သား ကိုယ်စားလှယ်များက ဒုသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေမှာမူ သဘောထားတင်းမာသူအဖြစ် ထင်ရှားပြီး ယခင်စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ရင်းနှီးသူတစ်ဦး ဖြစ်သည်ဟုလည်း လေ့လာသူများက ပြောကြားကြသည်။ လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်သူ ၎င်းအား ဒုတိယသမ္မတအဖြစ် တပ်မတော်က တင်မြှောက်ခဲ့မှုနှင့် ပတ်သက်ပြီးလည်း ဝေဖန်မှုများ ရှိနေသည်။

၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သော ရွှေဝါရောင်အရေးအခင်းကာလတွင် ရန်ကုန်မြို့ရှိ လူထုဆန္ဒပြပွဲများအား အကြမ်းဖက် နှိမ်နင်းမှုနှင့် ဆက်စပ်နေသည်ဟုဆိုကာ ဦးမြင့်ဆွေကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားဆဲ ဖြစ်သည်။

ဦးမြင့်ဆွေသည် အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီးဌာနက စီးပွားရေး ပြုလုပ်ဆက်ဆံခြင်းမပြုရန် တားမြစ်ထားသည့် လူပုဂ္ဂိုလ်များ စာရင်း (Special Designated Nationals) တွင် ပါဝင်နေဆဲဖြစ်သည်ဟု အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် John Kirby က ပြောကြားထားသည်။

ထို့ပြင် ဦးမြင့်ဆွေ၏ သားမက်တစ်ဦးမှာ သြစတြေးလျနိုင်ငံသားဖြစ်ခဲ့ဖူးသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ)နှင့် ငြိစွန်းဖွယ်ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သလို ရန်ကုန်မြို့တွင် စီမံကိန်းကြီးများ ချထားပေးမှုနှင့် ပတ်သက်ပြီးလည်း ဝေဖန်ခံနေရသူဖြစ်သည်။

သို့ သော် လွှတ်တော်နှစ်ရပ်နှင့် တပ်မတော်က ရွေးချယ်ပေးသည့် ဒုသမ္မတသုံးဦးအား သမ္မတ အရည်အချင်း စိစစ်ရေးအဖွဲ့က စိစစ်ခဲ့ပြီးနောက် သမ္မတလောင်း အရည်အချင်း ပြည့်မီကြောင်း ပြည်ထောင်စုလွှတ်တော်က မတ် ၁၄ ရက်နေ့တွင် အတည်ပြုခဲ့ပြီး ဖြစ်သည်။

တပ်မတော်က တင်မြှောက်ထားသည့် ဒုတိယသမ္မတလောင်းအား မကန့်ကွက်ပဲ ထောက်ခံခဲ့သည်အပေါ်တွင် နားလည်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များကို မတ် ၁၄ ရက်နေ့က ပြောကြားခဲ့သည်ဟု ဒီဗီဘီသတင်းဌာနက ရေးသားထားသည်။

သတင်း- စိုးသန်းလင်းနှင့် ဆန်းဦး

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.