ရခိုင်ပြည်နယ်အကြောင်း မေးခွန်းထုတ်ရန်ရှိ

မောင်တောဒေသတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အစိုးရက ငြင်းဆိုနေခြင်းနှင့် ယင်းကို စုံစမ်းစစ်ဆေးရန် ငြင်းဆန်နေခြင်းကို မြန်မာပြည်သူများက နှစ်သက်ကြသော်လည်း ထိုသို့လုပ်ဆောင်ခြင်းသည် ဖြစ်လာနိုင်သော ဆူပူသောင်းကျန်းမှုများကို ကိုင်တွယ်ရာ၌ ပိုမိုအခက်တွေ့စေနိုင်သည်။

အိုလီဗာ ဆလိုး ရေးသားသည်။

ဇန်နဝါရီလ ၉ ရက်သည် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ရဲစခန်းများ တိုက်ခိုက်ခံရသော ၃ လမြောက်နေ့ ဖြစ်သည်။ ထိုအဖြစ်အပျက် ပြီးကတည်းက လုံခြုံရေးအရ နှိမ်နှင်းမှုများ၊ လူသားချင်းစာနာမှု အထောက်အပံ့ ပိတ်ဆို့မှုများ ဖြစ်ပေါ်လာခဲ့ပြီး ပိုမိုရှုပ်ထွေးလာခဲ့သည်။

ရဲစခန်းများ တိုက်ခိုက်ခံရမှုအပြီး စစ်တပ်က နယ်မြေရှင်းလင်းရာတွင် သံသယရှိသူ ၁၀၀ ခန့်ကို သုတ်သင်ရှင်းလင်းခဲ့ပြီး ၆၀၀ ခန့်ကို ဖမ်းဆီးထားခဲ့သည်ဟု နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။ အချို့ကို ပြန်လွှတ်ခဲ့ပြီး အချို့ကို ထောင်ချခဲ့သော်လည်း စွဲချက်များ၊ ပြစ်ဒဏ်များနှင့် တရားစီရင်မှုများကို အများပြည်သူ သိရှိအောင် မကြေညာပေ။

တချိန်တည်းမှာပင် ဟာရာကာ အယ်လ် ယာကင် Harakah al Yaqin (Faith Movement) ဟု ခေါ်ဆိုသော စစ်သွေးကြွ အုပ်စုသည် လုံခြုံရေးတပ်သား ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ ထိုအချိန်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ဖြတ်တောက်ပစ်ခဲ့သည်။ ထိုဒေသရှိ လူဦးရေ ၁၅၀,၀၀၀ ခန့်သည် ကမ္ဘာ့ကုလသမဂ္ဂ၏ အကူအညီကို ပုံမှန်ရယူနေခဲ့သည်။ နေအိမ် ရာပေါင်းများစွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရိုဟင်ဂျာဟု မိမိကိုယ်ကို သတ်မှတ်ထားသော မူဆလင်လူမျိုး ၃၄,၀၀၀ ခန့်သည် နယ်စပ်ကို ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်သွားသော မူဆလင်များက စစ်သားများသည် စစ်ဆင်ရေးအတွင်း အင်အားမမျှအောင် အများအပြား သုံးခဲ့သည်ဟု စွပ်စွဲကြသည်။ အဓမ္မပြုကျင့်မှုများ၊ မစစ်ဆေး မမေးမြန်းဘဲ ဖမ်းဆီးမှုများ၊ နေအိမ်မီးရှို့ဖျက်ဆီးမှုများ၊ တရားစီရင်မှု မပါဝင်ဘဲ သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။ အစိုးရနှင့် စစ်တပ်သည် ထိုစွပ်စွဲချက်များကို အမြဲတစေ ငြင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးအဖြစ် တာဝန်ယူထားသည့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးအေးစိုးက IRIN ကို ဒီဇင်ဘာလက ပြောကြားရာတွင် လုံခြုံမှုယူသည့် စစ်ဆင်ရေးများကို ထိန်းညှိလုပ်ဆောင်နေကြောင်း၊ အဓမ္မပြုကျင့်မှုများနှင့် လူမျိုးတုံး သတ်ဖြတ်မှုများဆိုသည့် စွပ်စွဲချက်မှာ လုံးဝမမှန်ကန်ကြောင်း ပါရှိသည်။ ထို့ပြင် ၎င်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သည့်  လူပေါင်း နှစ်သောင်း သုံးသောင်းရှိကြောင်း ရေးသားနေကြသည်မှာ မေးခွန်းထုတ်ဖွယ်ရှိပြီး ချဲ့ကားဖော်ပြခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

သို့သော် အစိုးရသည် ထိုဒေသတွင်းသို့ လွတ်လပ်သော လေ့လာသူများကို ခွင့်ပြုရန် တွန်းအားပေး ခံနေရသည်။ ဒီဇင်ဘာလတွင် ပုဂ္ဂလိကနှင့် နိုင်ငံပိုင် မီဒီယာ အဖွဲ့အစည်း ၁၃ ခုမှ သတင်းသမားများကို အစိုးရ၏ အကူအညီဖြင့် ထိုဒေသသို့ သွားရောက်လေ့လာခွင့် ပြုခဲ့သည်။ အကြိမ်ကြိမ် တင်ပြ၍ တောင်းဆိုခဲ့သော်လည်း Frontier မှာမူ သတင်းသမား စေလွှတ်ခွင့် မရခဲ့ပေ။

လေ့လာရေးခရီးတွင် ပါဝင်သူ သတင်းသမားများနှင့် စကားပြောဆိုပြီး ၂ ရက်အကြာ ဒီဇင်ဘာလ ၂၃ ရက်တွင် မူဆလင်အမျိုးသား ဦးရှူနာမြား၏ ခေါင်းပြတ်နေသော အလောင်းကို မောင်တောဒေသရှိ သူ၏ နေအိမ်အနီး၌ တွေ့ရှိခဲ့ရသည်။ အလောင်းကို တွေ့ရှိပြီး နာရီအနည်းငယ်အကြာ သံသယရှိသူ တစ်ဦးတစ်ယောက်ကိုမှ မဖမ်းဆီးရသေးခင် နိုင်ငံတော် အတိုင်ပင်ခံရုံး၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် Truth Teller Beheaded အမှန်ကိုပြောသူ ခေါင်းဖြတ်သတ်ခံရဟူသော အင်္ဂလိပ်ဘာသာဖြင့် ပို့စ်တစ်ခု တက်လာသည်။ ထို ပို့စ်နှင့်အတူ ပါဝင်သော ဆောင်းပါး၌ မြန်မာဘာသာဖြင့် ရေးသားထားသည်မှာ ထိုခေါင်းဖြတ်သတ် ခံရသူသည် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က မတရားသဖြင့် စစ်ဆင်ရေး လုပ်ဆောင်ခြင်း မရှိကြောင်း၊ အဓမ္မ ပြုကျင့်မှု၊ မတရားဖမ်းဆီးမှုများ မရှိကြောင်း သတင်းသမားများကို ပြောကြားခဲ့သောကြောင့် ဖြစ်သည်ဟူ၏။

အာဏာပိုင်များက အမှားလုပ်ဆောင်မှု မရှိကြောင်း အပြတ်ငြင်းဆိုနေခြင်းသည် အစိုးရနှင့် စစ်တပ်တို့ လုံခြုံမှုယူသည့် စစ်ဆင်ရေး စတင်လုပ်ဆောင်ကတည်းက ပြောကြားလာသော ချဉ်းကပ်နည်း ဖြစ်သည်။ ဦးရှူနာမြားကို စစ်သွေးကြွများက သတ်ဖြတ်လိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် မကြာသေးမီ လများက Frontier က ပြောကြားလာသည့်အတိုင်း ထိုသို့ အပြတ်ငြင်းဆိုနေခြင်းသည် မည်သူ့အတွက်မျှ မကောင်းပေ။ ထိုသို့ လုပ်ဆောင်ခြင်းသည် လုံခြုံရေး တုန့်ပြန်မှုများကို ပိုမိုသံသယ ရှိလာစေပြီး ယခင်ကတည်းက ထိခိုက်လွယ်သော ဒေသ၌ ခွဲခြားမှုများကို ပိုမိုဖြစ်လာစေနိုင်သည်။

လုံခြုံရေးတပ်များက အမှားလုပ်ဆောင်ခြင်း မရှိဘူးဆိုလျှင် အစိုးရသည် လွတ်လပ်ပြီး ယုံကြည်ရသော စုံစမ်းရေး ကော်မတီတစ်ခုကို ခွင့်ပြုရမည်။ ဒီဇင်ဘာလက ဖွဲ့စည်းလိုက်သော ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ကော်မတီသည် လက်တွေ့တွင် ဖြစ်ပျက်နေသော အခြေအနေများကို မစုံစမ်းနိုင်ပေ။

ထို့ပြင် ဒီဇင်ဘာလ ၃၁ ရက်က ထွက်ပေါ်လာသော ဗီဒီယိုသည် အစိုးရ၏ အပြတ်ငြင်းဆန်နေမှုကို ပိုမိုအယုံအကြည် ကင်းမဲ့သွားစေသည်။ ထိုဗီဒီယို၌ ရဲများက မူဆလင်ရွာသားများအား နှိပ်စက်နေပုံကို ရိုက်ပြထားသည်။ မောင်တောမြို့နယ် ကိုးတန်ကောက်ရွာတွင် နိုဝင်ဘာလ ၅ ရက်က ရိုက်ကူးခဲ့သော ဗီဒီယိုသည် စွပ်စွဲခံနေရမှုများကို အစိုးရက အရေးတကြီး တုန့်ပြန်ဖြေရှင်းပေးသင့်ပြီဟု သက်သေပြနေသည်။ ဗီဒီယို ရိုက်ကူးသူများ၏ ရည်ရွယ်ချက် သဘောထားကို မေးခွန်းထုတ်နေဖို့ မဟုတ်ပေ။

ပြည်တွင်းမှ တုန့်ပြန်မှု

အောက်တိုဘာလ ၉ ရက် တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အစိုးရ၏ တုန့်ပြန်မှုကို နိုင်ငံတကာတွင် ဝေဖန်မှု အများအပြား ဖြစ်ပွားခဲ့သည်။ သို့သော် ပြည်တွင်းတွင်မူ ထိုတုန့်ပြန်မှုကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြသည်။ မြန်မာပြည်သူ အများစုသည် လုံခြုံရေးတပ်များက ဘာအမှားမျှ မလုပ်ခဲ့ဟု ယုံကြည်ကြသည်။ လူ့အခွင့်အရေး ချိုးဖောက်သည်ဟု စွပ်စွဲခံရမှုကို နိုင်ငံတကာ မီဒီယာများက လိမ်လည်ပြောဆိုသည်၊ သို့မဟုတ် ဘင်္ဂါလီများက ၎င်းတို့ကို နိုင်ငံတကာက ဂရုဏာသက်လာအောင် လုပ်ကြံဖန်တီးသည်ဟု ယူဆကြသည်။

နိုင်ငံတကာ မီဒီယာများသည် မြန်မာပြည်သူများနှင့် အာဏာပိုင်များ၏ မထီမဲ့မြင်ပြုမှုများကို ရရှိခဲ့သည်။ နိုင်ငံပိုင် မီဒီယာတစ်ခုက ဖော်ပြသည့် ဆောင်းပါးတစ်ပုဒ်တွင် နိုင်ငံတကာ မီဒီယာများသည် တိုက်ခိုက်သူများနှင့် ပူးပေါင်းကြံစည်နေသည်ဟုပင် စွပ်စွဲခဲ့သည်။ အခြေအမြစ် မရှိသည့် စွပ်စွဲချက် ဖြစ်သည်။

သို့သော် နိုင်ငံတကာ မီဒီယာအချို့က မှားယွင်းဖော်ပြခဲ့မှုများ ရှိခဲ့သည်။ အသိသာဆုံး တစ်ခုမှာ ဒီဇင်ဘာလတွင် ဗြိတိန်နိုင်ငံ၏ ဒေးလီးမေးလ်သတင်းစာ Daily Mail က ဖော်ပြခဲ့သော သတင်းတစ်ပုဒ်ဖြစ်သည်။ ထိုသတင်းဗီဒီယိုတွင် ဘင်္ဂါလီ ကောင်လေးတစ်ဦးကို တပ်မတော်သားတစ်ဦးက နှိပ်စက်ညှဉ်းပန်းနေပုံဟု ဖော်ပြထားသည်။ ထိုသတင်း မှားယွင်းသည်။ ထိုအဖြစ်အပျက်သည် ကမ္ဘောဒီးယား နိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုသတင်းသည် နိုင်ငံတကာ မီဒီယာများက မြန်မာနိုင်ငံအပေါ် အထင်အမြင် လွဲမှားစေရန် တမင်ကြံရွယ်ကာ အခြေအနေကို ကြိုးကိုင်ချယ်လှယ်နေသည့် သက်သေတစ်ရပ်အဖြစ် အချို့က ယူဆကြသည်။ သို့သော် ဒေးလီးမေးလ်သတင်းစာ၏ သတင်းတည်းဖြတ်မှုတန်ဖိုးကို သိရှိကြသူများကတော့ ယင်းမှာ သတင်းသမားများက အခြေခံ အကျဆုံး သတင်းရယူရေး မူများကို မလိုက်နာနိုင်ခဲ့၍ မတော်တဆ မှားယွင်းမှုသာ ဖြစ်မည်ဟု ယုံကြည်ကြသည်။

တစ်ချိန်တည်းမှာပင် မီဒီယာအချို့က ရိုဟင်ဂျာများအတွက် အထောက်အပံ့ ရရှိစေရန် သတင်းဓာတ်ပုံ အတုများကို ဖန်တီးလာကြသည်။ ဇန်နဝါရီလ ၃ ရက်တွင် ဂလိုဘယ် နယူးလိုက်အော့ဖ်မြန်မာ သတင်းစာ Global New Light of Myanmar မှ မျက်နှာဖုံးဆောင်းပါးကို “ရခိုင်ဒေသနှင့်ပတ်သက်ပြီး မဟုတ်မမှန် လုပ်ကြံထားသော သတင်းဓာတ်ပုံများကြောင့် နိုင်ငံတကာ၏ ဝေဖန်မှုကို ခံနေရ” ဟူသော ခေါင်းစီးတပ်ကာ ဖော်ပြထားသည်။ ယင်းဆောင်းပါးတွင် ဓာတ်ပုံ ၅ ပုံ ဖော်ပြထားပြီး ထိုဓာတ်ပုံများသည် မြန်မာနိုင်ငံကို အထင်အမြင် လွဲမှားစေရန် နိုင်ငံတကာ မီဒီယာများက လူမှုကွန်ရက်ပေါ် ဖြန့်ဝေထားသည့်ပုံများ ဖြစ်သည်ဟု ဆိုသည်။

ထိုသို့သော မမှန်သော သတင်းများဖြင့် ဝါဒဖြန့်ခြင်းသည် အစစ်အမှန် မီဒီယာများက ဖော်ပြသော သတင်းများကို အယုံအကြည် ကင်းမဲ့သွားစေနိုင်သည်။ သံသယရှိသူများအဖို့ ရိုဟင်ဂျာ ဝါဒဖြန့်စစ်ဆင်ရေး တစ်ခုအဖြစ် ရှုမြင်သွားစေနိုင်သည်။

ကျွန်ုပ်၏ မြန်မာလူမျိုး မိတ်ဆွေများက ၎င်းတို့သည် နိုင်ငံတကာ၏ ထိုသို့သော သတင်းများကို မြန်မာနိုင်ငံကို တိုက်ခိုက်မှုတစ်ခုအဖြစ်သာ ရှုမြင်ကြောင်း၊ ထိုကိစ္စရပ်မျိုး မရှိနိုင်ကြောင်း၊ နိုင်ငံတကာက ထိုသို့ အထင်အမြင် လွဲမှားနေမှုမှာ တပ်မတော်၏ စကားများကို မယုံကြည်၍သာဖြစ်ကြောင်း၊ တပ်မတော်သည် ဗမာလူမျိုးများ အပါအဝင် တိုင်းရင်းသား လူနည်းစု အားလုံးကို ဖိနှိပ်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခဲ့သော သမိုင်းဖြစ်ရပ်များ ရှိခဲ့၍ဖြစ်ကြောင်း ဆိုသည်။

International Crisis Group အဖွဲ့ကြီးက ဒီဇင်ဘာလတွင် ထုတ်ပြန်သော Myanmar: A New Muslim Insurgency in Rakhine State ဟူသော အစီရင်ခံစာတွင် တပ်မတော်သည် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာ၌ ၁၉၆၀ ပြည့်နှစ်များက သူပုန်များကို နှိမ်နှင်းရန် အသုံးပြုခဲ့သော ဖြတ် ၄ ဖြတ် four cuts နည်းဗျူဟာကို အသုံးပြုနေခြင်း ဖြစ်နိုင်ကြောင်း၊ ယင်းမှာ အစားအစာ၊ ငွေကြေးအထောက်အပံ့၊ သတင်းအချက်အလက်နှင့် တပ်သားစုဆောင်းနိုင်မှုတို့ကို ဖြတ်တောက်ခြင်း ဖြစ်ကြောင်း ဆိုသည်။ အစီရင်ခံစာက ဆိုရာတွင် ထိုနည်းဗျူဟာသည် နယ်မြေများကို အသေးစိတ် ရှာဖွေရှင်းလင်းခြင်း၊ ဒေသခံများကို အဝေးသို့ ထွက်ပြေးစေရန် ကြမ်းတမ်းသော နည်းများသုံးခြင်း၊ ရှာဖွေရ ခက်ခဲသော နေရာများတွင် ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ သောင်းကျန်းသူများကို အထောက်အပံ့ပေးနိုင်သော စားနပ်ရိက္ခာများကို ဖျက်ဆီးပစ်ခြင်းတို့ ဖြစ်သည်။

နိုင်ငံတကာ မီဒီယာများတွင် မြန်မာနိုင်ငံကို အကျည်းတန်စေရန် တမင်ရည်ရွယ်လုပ်ဆောင်သည်ဟူသော ထင်ရှားသည့် သက်သေမရှိပါ။ ထို့ပြင် အစိုးရ၏ ပြောကြားချက်များကို မေးခွန်းထုတ်သော နိုင်ငံတကာ သတင်းသမား အများစုသည်လည်း ကျွန်ုပ်နည်းတူပင် မြန်မာနိုင်ငံကို နှစ်သက်သူများ ဖြစ်ကြသည်။ ထိုသို့ဆိုသဖြင့် အစိုးရနှင့် စစ်တပ်က ပြောသောစကားများကို အပြင်ပန်းကြည့်၍ လက်ခံယုံကြည်ရမည်ဟု မဆိုလိုပါ။

အစိုးရ အဖွဲ့အစည်းများကို မေးခွန်းထုတ်ဖို့

စစ်တပ်က ထုတ်ပြန်သော အဖြစ်အပျက်များကို မြန်မာပြည်သူများက မေးခွန်းမထုတ်ဘဲ ဘာကြောင့် လက်ခံနေကြသနည်း။ အမှန်မှာ စစ်တပ်သည် ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်ခဲ့ပြီး စီးပွားရေး အလွဲသုံးမှုများ ရှိခဲ့သောကြောင့် စစ်တပ်ကို အယုံအကြည် ကင်းမဲ့နေသည် မဟုတ်ပါလော။

အဓိက အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံမှုကြောင့် ဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်တွင်းတွင် လူကြိုက်များပြီး စစ်တပ်၏ ပြောကြားချက်များကို ၎င်းက လက်ခံပေးနေသဖြင့် ထိုအချက်ကို ယုံကြည်နေကြခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်မှ အခြေအနေများ အကြောင်းကို ထုတ်ဖော်ပြောဆိုမှု နည်းပါးပြီး ထိုအကြောင်းကို ရှားရှားပါးပါး ပြောကြားသောအခါတွင်လည်း ၎င်း၏ စကားအသုံးအနှုန်းသည် စစ်တပ်ကို ထောက်ခံပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို နိုင်ငံတကာက ဝင်ရောက်စွက်ဖက်ခြင်းကို ပယ်ချနေသည်။ ၎င်းကို လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူအဖြစ် အထင်ကြီး လေးစားနေသူများအဖို့ ၎င်းမှာ စိတ်ပျက်စရာ အခြေအနေ ဖြစ်သည်။

မောင်တောမြို့နယ်၊ မူဆလင်ကျေးရွာမှ မီးလောင်ကျွမ်းသွားသည့် နေအိမ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - တေဇလှိုင်

မောင်တောမြို့နယ်၊ မူဆလင်ကျေးရွာမှ မီးလောင်ကျွမ်းသွားသည့် နေအိမ်များကို တွေ့ရစဉ်။ ဓာတ်ပုံ – တေဇလှိုင်

သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းကိုယ်၎င်း နိုင်ငံရေးသမားသာ ဖြစ်သည်၊ လူ့အခွင့်အရေး ကာကွယ်သူ မဟုတ်ဟု ပြောဆိုခဲ့ခြင်းသည် ထိုကိစ္စနှင့်ပတ်သက်၍ ၎င်း၏နှုတ်မှ ထုတ်ဖော်ပြောကြားမှု နည်းပါးရခြင်း၏ အကြောင်းရင်း ဖြစ်နိုင်သည်။ ထို့ပြင် စစ်တပ်သည် အာဏာအချို့ကို  ဆက်လက်ကိုင်ဆောင်ထားသည် ဆိုသည့်အချက်လည်း ရှိသဖြင့် စစ်တပ်ကို ဝေဖန်ခြင်းသည် နဂိုကတည်းက ပျက်ယွင်းနေသော ဆက်ဆံရေးကို ပိုဆိုးစေလိမ့်မည်။ ထို့ပြင် ရိုဟင်ဂျာဟု မိမိကိုယ်ကိုမိမိ သတ်မှတ်ထားသူများကို ပြည်သူများက မနှစ်သက်ကြသည်ကိုလည်း သိရှိထားရန် လိုပေသည်။

ရိုဟင်ဂျာဟူသော အခေါ်အဝေါ်ကို မြန်မာပြည်သူများက ကန့်ကွက်ကြပြီး ၎င်းတို့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ကူးပြောင်းလာသည့် ဘင်္ဂါလီများဟုသာ လက်ခံကြသည်။ ရိုဟင်ဂျာကို ကာကွယ်သော စကားများ ထုတ်ပြောပါက ၎င်း၏ ပါတီအတွက် နိုင်ငံရေး ထောက်ခံမှု လျော့ကျသွားနိုင်ကြောင်း သိမြင်နိုင်သည်။ ထိုသို့ဖြင့် ပိုမိုအမျိုးသားရေးဆန်သော ပါတီများဖြစ်သည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရခိုင်အမျိုးသားပါတီတို့က အခွင့်ကောင်း ယူသွားနိုင်သည်။

တတိယ သီအိုရီတစ်ခုမှာ ပြည်သူများနည်းတူ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုစွပ်စွဲချက်ကို မမှန်ကန်ဟု ယုံကြည်နေခြင်းလည်း ဖြစ်နိုင်သည်။

လုံခြုံမှုဆိုင်ရာ စစ်ဆင်ရေးများကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံကြခြင်း၏ အကြောင်းရင်းတစ်ချက်မှာ အောက်တိုဘာလ ၉ ရက် တိုက်ခိုက်မှုကို နိုင်ငံရပ်ခြားမှ အင်အားစုများက တိုင်းပြည်၏ အချုပ်အခြာ အာဏာကို ထိပါးမှုအဖြစ် ရှုမြင်ကြသောကြောင့် ဖြစ်သည်။ ကိုးကန့်လက်နက်ကိုင်အုပ်စု Myanmar National Democratic Alliance Army က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ စစ်တပ်စခန်းများကို တိုက်ခိုက်စေဉ်ကလည်း ထိုသို့သော အယူအဆမျိုးကို တွေ့ရနိုင်သည်။ တရားဝင် တိုင်းရင်းသား ကိုးကန့်များသည် တရုတ်ဟန်လူမျိုးတို့နှင့် ဆက်နွယ်နေသောကြောင့် ယင်းကို ပြည်ပမှ အင်အားစုများ၏ အကူအညီဖြင့် နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးသည်ဟု ယူဆကြသည်။ ထိုတိုက်ခိုက်မှုများကို တရုတ်နိုင်ငံ၏ ပိုင်နက်အတွင်းမှ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်ဟူသောအမြင်ကြောင့် တပ်မတော်အပေါ် ထောက်ခံမှု ရရှိခဲ့သည်။

အဓမ္မ ပြုကျင့်သည်ဟု စွပ်စွဲချက်များ

လူ့အခွင့်အရေး အုပ်စုများနှင့် နိုင်ငံတကာ မီဒီယာများက တပ်မတော်သည် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားနေသော ဘင်္ဂါလီ အမျိုးသမီးများကို အဓမ္မ ပြုကျင့်ခဲ့ကြသည်ဟု စွပ်စွဲကြသည်။ အစိုးရက ထိုစွပ်စွဲချက်ကို လုံးဝငြင်းဆန်ခဲ့သည်။

ဘင်္ဂါလီ အမျိုးသမီးများသည် အဓမ္မ ပြုကျင့်ခံရကြောင်း လုပ်ကြံဇာတ်လမ်းများ ဖန်တီးနေသည်ဟူသော fake rape ခေါင်းစဉ်ဖြင့် ပို့စ် တစ်ခုသည် နိုင်ငံတော် အတိုင်ပင်ခံရုံး၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဒီဇင်ဘာလ ၂၃ ရက်က တက်လာခဲ့သည်။ ယင်းမှာ ရခိုင်ပြည်နယ်၌ ခေါင်းဖြတ်သတ်ခံရသည့်အကြောင်း ပို့စ်လွှင့်တင်ပြီး မရှေးမနှောင်းတွင် တက်လာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အဓမ္မ ပြုကျင့်ခံရကြောင်း စွပ်စွဲနေသည့် ဘင်္ဂါလီ အမျိုးသမီး ရာနှင့်ချီ၍ ရှိသည်။ ၎င်းတို့ကို တပ်မတော်၏ အတိတ်ဖြစ်ရပ်များအရ မဖြစ်နိုင်ဟု မဆိုနိုင်ပေ။ ယင်းတို့ကို အစိုးရက သည်အတိုင်း ပစ်မထားသင့်ပေ။

Women’s League of Burma အဖွဲ့ကြီး၏ ၂၀၁၄ ခုနှစ်က ထုတ်ပြန်သော အစီရင်ခံစာတွင် ၂၀၁၀ ရွေးကောက်ပွဲ ပြီးကတည်းက စစ်တပ်၏ အဓမ္မ ပြုကျင့်ခံရသူ အမျိုးသမီး ၁၀၀ ကျော် ရှိသည်ဟု ဆိုသည်။ လူ့အခွင့်အရေး စာရင်းကောက်ယူမှုများတွင် အကန့်အသတ်များ ရှိနေသောကြောင့် အမှန်တကယ် ဖြစ်ပွားသော အမှုမှာ ယင်းထက်ပိုနိုင်သည်ဟု WLB က ယုံကြည်သည်။ အစီရင်ခံစာက ဆိုရာတွင် ထိုအမှုအများစုသည် တိုင်းရင်းသား လူနည်းစု ဒေသများတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ တိုင်းရင်းသား လူနည်းစု ဒေသများ၌ အလုပ်လုပ်နေသော အရပ်ဘက် အဖွဲ့အစည်းများသည် တပ်မတော်က ကျူးလွန်ခဲ့သော အဓမ္မ ပြုကျင့်မှု အစီရင်ခံစာများကို နှစ်များစွာကပင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ပြောကြားခဲ့ဖူးသည်မှာ မြန်မာနိုင်ငံ၌ အဓမ္မ ပြုကျင့်မှု ကို စစ်ရေးလက်နက် တစ်ခုအဖြစ် အသုံးပြုနေသည်ဟူ၏။ Nobel Women’s Initiative အတွက် ဗီဒီယို မှတ်တမ်းတစ်ခုတွင် ၎င်းက “ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းစွာ နေလိုသူ၊ လူ့အခွင့်အရေး ရရှိလိုသူတွေကို တိုက်ခိုက်ဖို့ အဓမ္မ ပြုကျင့်မှုကို လက်နက်သဖွယ် သုံးတယ်။ ဒါက တိုင်းရင်းသားတွေကို ခြိမ်းခြောက်ဖို့၊ နိုင်ငံကို ခွဲခြားဖို့ စစ်တပ်က သုံးတာပဲ။ အဓမ္မ ပြုကျင့်မှုတစ်ခုစီတိုင်းက ကျွန်မတို့ နိုင်ငံကို ပြိုကွဲစေတာပဲ” ဟု ဆိုခဲ့ဖူးသည်။

သို့သော် ယခုအခါ ထိုအဓမ္မ ပြုကျင့်သည်ဟူသော စွပ်စွဲချက်များကို ပယ်ချခဲ့သည်။ နိုဝင်ဘာလတွင် ရခိုင်လွှတ်တော်အမတ် တစ်ဦးက ဘီဘီစီကို မြန်မာစစ်သားများက ဘင်္ဂါလီ အမျိုးသမီးများကို အဓမ္မ ပြုကျင့်သည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ ၎င်းအမျိုးသမီးများသည် လူနေမှုအဆင့်အတန်း နိမ့်ကျပြီး ညစ်ပတ်ကြသောကြောင့် ဆွဲဆောင်မှုမရှိနိုင်ကြောင်း ပြောခဲ့ဖူးသည်။ မြန်မာပြည်သူများကလည်း ထိုသို့ပင် ယူဆကြသည်။ ပုဂ္ဂိုလ်ရေး ပြောစကားတစ်ခုတွင် ကျွန်ုပ် ကြားခဲ့ဖူးသည်မှာ ဘင်္ဂါလီ အမျိုးသမီးများသည် ဆွဲဆောင်မှု မရှိသောကြောင့် အဓမ္မ ပြုကျင့်ရန် မဖြစ်နိုင်ဟု ဆိုကြသည်။ သို့သော် အဓမ္မ ပြုကျင့်မှုဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်း တစ်ခုကို ဩဇာအာဏာ ပြလိုခြင်းကြောင့်လည်း လုပ်ဆောင်နိုင်သည်ကို ၎င်းတို့ ထည့်မပြောကြပေ။

ရခိုင်ဒေသတွင် အခြေအနေများသည် ရှုပ်ထွေးလျက်ရှိသည်။ ဒေသခံ ရခိုင်များသည်လည်း ဆူပူအုံကြွမှုများ ထပ်မံဖြစ်လာမည်ကို စိုးရိမ်နေရသည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် အခြေအနေကို တိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။ အကြောက်အကန် ငြင်းဆန်နေ၍ မပြီးပေ။ ထိုဒေသရှိ လူ့အဖွဲ့အစည်းများကြား ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ရန် အစီအစဉ်များ ဆွဲရပေလိမ့်မည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ဒီဇင်ဘာ ၁၂ ရက်က မောင်တောမြို့နယ်၊ မူဆလင်ကျေးရွာ ဂွဆုံသို့ ရောက်ရှိလာသော ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေနှင့် အဖွဲ့ကို တွေ့ရစဉ်။ ဓာတ်ပုံ – နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး/ အေအက်ဖ်ပီ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.