အနိုင်က ယုံကြည်မှု၊ အရှုံးက စရိုက်လက္ခဏာ

ဇန်နဝါရီလက ဗစ်တာလီဘစ်ဒက်ရှ်ကို ရှုံးနိမ့်ပြီးတဲ့နောက်မှာတော့ နာမယ်ကျော် ကိုယ်ခံပညာပေါင်းစုံသုံး မြန်မာနိုင်ငံသား ကစားသမား အောင်လအင်န်ဆန်ဟာ ဇွန် ၃၀ မှာတော့ သိက္ခာပြန်ဆယ်ဖို့ အခွင့်အရေးတစ်ခု ရရှိမှာဖြစ်ပါတယ်။ ဒါဟာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံတစ်ယောက် ဖြစ်လာဖို့ သူ့ရဲ့ နောက်ဆုံးအခွင့်အရေးလည်း ဖြစ်နိုင်ပါတယ်။

အာရ်ဂျေ ဗေါ့ဂ် ရေးသားသည်။

အောင်လအန်ဆန်းရဲ့ မျက်နှာပေါ်က အသစ်လွင်ဆုံး အမာရွတ်ဟာ သူ့ရဲ့ဘယ်ဘက်မျက်လုံးနားကနေ တခြားတစ်ဖက်ထိ ရှိပါတယ်။ ဒါဟာ သူ့ရဲ့ ပါးပြင်တလျှောက် တောက်ပြောင်တဲ့ ပန်းရောင်အရိပ် တစ်ခုလိုပါပဲ။ ဒီဒဏ်ရာကို ၁၁ ချက်တောင် ချုပ်ရတယ်လို့ သူက ပြောပါတယ်။

၃၂ နှစ်ရှိ MMA ကစားသမား အောင်လဟာ မှန်ကြည့်တိုင်း သံလှောင်အိမ်ထဲ နောက်ဆုံးဝင်ခဲ့တဲ့အချိန်ကို သတိရစေပါတယ်။ သူဟာ ONE Championship ရဲ့ ရှုံးပွဲမရှိသေးတဲ့ မစ်ဒယ်ဝိတ်ချန်ပီယံ ဗစ်တာလီ ဘစ်ဒက်ရှ်နဲ့ သတ်ပုတ်ယှဉ်ပြိုင်ခဲ့တာပါ။ အဲဒီပွဲမှာ အောင်လ ရှုံးပါတယ်။ ဒီပွဲဟာ သူ့ရဲ့ကစားသမားဘဝ ပထမဆုံး ချန်ပီယံပြိုင်ပွဲပါ။ ဒါပေမဲ့ ဇွန် ၃၀ မှာ အဖတ်ဆယ်ဖို့အတွက် သူ့မှာ လက်ရည်တစ်ခုတော့ ရှိပါတယ်။ နိုင်ငံတစ်ခုရဲ့ အလင်းရောင် Light of a Nation လို့တောင် သတ်မှတ်ကြေညာထားပြီး အာရှရဲ့ အကြီးမားဆုံး MMA လုပ်ငန်းအဖွဲ့ကြီးက အဆင့်မြှင့်တင်ပေးထားတဲ့ ဒီမကျေပွဲကို ရန်ကုန်က သုဝဏ္ဏအားကစားကွင်းမှာ ပြုလုပ်မှာပါ။ အောင်လရဲ့ အိမ်ကွင်းလို့ ပြောရင်ရပါတယ်။

“လက်သီးနဲ့တိုက်ခိုက်တဲ့ပွဲ တစ်ခုပါ။ ဒီပွဲက ကြမ်းတမ်းပါလိမ့်မယ်” လို့ သူက Frontier ကို ပြောပါတယ်။ ပွဲမတိုင်ခင် တစ်ပတ်အလိုက မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းနားက လက်ဖက်ရည်ဆိုင်မှာ အပန်းဖြေရင်း အောင်လက ဒါကို ပြောခဲ့တာပါ။ “ကျနော် အကြိတ်အနယ် ထိုးသတ်မှာပါ” လို့ဆိုပါတယ်။

သူတို့ရဲ့ ပထမပြိုင်ပွဲက တစုံတရာ အမှတ်တရ ဖော်ပြမှုရှိရင်တော့ အောင်လမှာ ပြင်းပြင်းထန်ထန် ထိုးသတ်ဖို့ မြင့်မားတဲ့စံ တစ်ခုရှိတယ်ဆိုတာပါပဲ။ ဇန်နဝါရီလ ၁၅ ရက်က ဂျကာတာမှာ သူတို့ တွေ့ခဲ့စဉ်က တိုက်ခိုက်ရေးသမားနှစ်ဦးဟာ ပွဲချီ နှစ်ခုလောက်အထိတော့ လက်ရည်တူသလိုပါပဲ။ ဒါပေမဲ့ သုံးချီမြောက်အစောပိုင်းမှာပဲ အနေအထားက ပြောင်းသွားခဲ့တာပါ။ ဘစ်ဒက်ရှ်ရဲ့ ပြင်းထန်လှတဲ့ ဘယ်ခြေကန်ချက်က အောင်လရဲ့လည်ပင်းနဲ့ မေးရိုးကို ထိမှန်ခဲ့ပါတယ်။

အောင်လနဲ့ ဘစ်ဒက်ရှ်တို့ပွဲကို ပြန်ကြည့်တော့ အောင်လ ယိုင်နဲ့နဲ့သွားတာတွေ၊ မူးဝေသွားတာတွေ၊ ဘစ်ဒက်ရှ်ရဲ့ခုန်အုပ်ကိုင်ချုပ်မှုတွေ၊ လွတ်နေတဲ့ အောင်လမျက်နှာကို လက်သီး ၁၂ လုံး လွှတ်လိုက်တာတွေ၊ အဲဒါတွေမြင်ရတော့ မျက်နှာမရှုံ့ဘဲနေဖို့က ခက်ပါတယ်။ နောက်တော့ ရုရှားချန်ပီယံက အောင်လကို မြေပေါ်လှဲချနိုင်ခဲ့ပြီး အောင်လရဲ့ ဘယ်ဘက်ပါးကို သုံးချက်ပြင်းပြင်း တွက်လိုက်ရာမှာတော့ ၁၁ ချက် ချုပ်ရတဲ့အထိ ပြင်းထန်တဲ့ဒဏ်ရာ ရသွားပါတယ်။

သွေးတွေအရမ်းထွက်လာတော့ ဒိုင်လုပ်တဲ့သူက ပွဲကို ခေတ္တအနားပေးလိုက်ရပါတယ်။ ဒါမှသာ အောင်လဟာ ဒဏ်ရာက သွေးတွေသုတ်ပြီး ပွဲကိုဆက်နိုင်မှာပါ။ သာမန်ပွဲတစ်ခုမှာဆိုရင်တော့ ဘစ်ဒက်ရှ်က ပြတ်ပြတ်သားသား အနိုင်ရသူအဖြစ်နဲ့ သုံးချီပြီးတဲ့နောက် ပွဲကပြီးသွားမှာပါ။ ဒါပေမဲ့ ချန်ပီယံပွဲဆိုတော့ ငါးချီကြာပါတယ်။ အောင်လက ဒဏ်ရာတွေအတွက် ၁၀ မိနစ် အနားတောင်းရတယ်။

နောက်ဆုံးတော့ ဒဏ်ရာတွေနဲ့ ရှေ့မဆက်နိုင်ခဲ့ပါဘူး။ လက်သီးကောင်းကောင်းထိုးချက် အနည်းငယ်ကလွဲရင် ပက်လက်လဲကျနေတဲ့အချိန် အတော်များပါတယ်။ မြန်မာစပါးကြီးမြွေလို့ အသိများတဲ့ အောင်လဟာ ပိုမိုသန်မာတဲ့ ဘစ်ဒက်ရှ်ရဲ့ထပ်တလဲလဲ အပူးအချုပ်တွေကို ယိမ်းကာတိမ်းကာ ရှောင်ထွက်နေရပါတယ်။ ထိမိတဲ့ ထိုးနှက်ချက်တွေဖြစ်တဲ့တိုင် အောင်လကတော့ အညံ့မခံပါဘူး။

ဘစ်ဒက်ရှ်အတွက် အငြင်းပွားဖွယ်မရှိတဲ့ အပြီးသတ် ဆုံးဖြတ်ချက် ရောက်လာပါတယ်။ ဒိုင်က အနိုင်ရသူရဲ့အမည်ကို ကြေညာချိန်မှာတော့ အောင်လက ကြိုးဝိုင်းက ထွက်သွားခဲ့ပါပြီ။ ထူးခြားတာကတော့ ပြိုင်ပွဲပြီးဆုံးချိန်ထိ ခုခံသွားနိုင်တဲ့ ပြိုင်ဘက်တစ်ဦးကို ဘစ်ဒက်ရှ်အနေနဲ့ ပထမဆုံး တွေ့လိုက်ရတာပါပဲ။

အဲဒီနောက် သူဟာ ပြိုင်ပွဲအတွက် လုံလုံလောက်လောက် ပြင်ဆင်ချိန်မရပေမဲ့ မစ်ဒယ်ဝိတ် ရွှေဆုအတွက် အခွင့်အရေး တစ်ခုကိုတော့ ခုန်ပျံရရှိခဲ့ပါတယ်လို့ အောင်လက ပြောပါတယ်။ ONE Championship က ပြိုင်ပွဲမစခင် နှစ်ပတ်လောက်အလိုမှသာ အောင်လကို ကမ်းလှမ်းခဲ့တာပါ။ ဘစ်ဒက်ရှ်နဲ့ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတဲ့ မူလပြိုင်ဘက်က ဒဏ်ရာကြောင့် မယှဉ်ပြိုင်ဖြစ်တဲ့နောက်မှသာ အောင်လကို ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ အောင်လက လေ့ကျင့်ဖို့ ၁၀ ရက်သာ အချိန်ရခဲ့တယ်လို့ ဆိုပါတယ်။

ရှုံးနိမ့်ခဲ့ပေမဲ့ ဘစ်ဒက်ရှ်နဲ့ ထိုးသတ်တာမှာ ကနဦးအခွင့်အရေးကို ယူနိုင်ခဲ့တဲ့အတွက် ဝမ်းသာတယ်လို့ အောင်လက ဆိုပါတယ်။ “အဲဒီပွဲမှာ သူ ဘာလုပ်နိုင်သလဲဆိုတာ ပြသခဲ့ပါတယ်။ အောင်မြင်မှုက ခင်ဗျားကို ယုံကြည်မှုပေးတယ်။ ရှုံးနိမ့်မှုကတော့ ခင်ဗျားရဲ့စရိုက်ကို ပြသနေပါတယ်” လို့ အောင်လက ဆိုပါတယ်။

၁၉ ပွဲနိုင် ၁၀ ပွဲရှုံး မှတ်တမ်းရှိတဲ့ အောင်လဟာ အခုဆိုရင် ကြီးမားတဲ့ ဝိတ်တန်းကြီးတစ်ခုကို အောင်မြင်ဖို့ ပထမဆုံးမြန်မာMMA သမားဖြစ်လာဖို့ ဒုတိယမြောက်အခွင့်အရေး ရရှိနေပြီဖြစ်ပါတယ်။ ONE Championship ရဲ့ဆက်ဆံရေး ဒု-ဥက္ကဋ္ဌ မစ္စတာလိုရင်မက်ကလည်း ချန်ပီယံဘွဲ့ရဖို့ အောင်လအတွက် အကောင်းဆုံး အခွင့်အရေးဖြစ်တယ်လို့ ဆိုပါတယ်။

“အခုဆိုရင် အောင်လအင်န်ဆန်ဟာ အတိတ်က စိတ်အနှောက်အယှက် ဖြစ်စရာတစ်ခုကို အောင်မြင်စွာ ဖြေရှင်းနိုင်ဖို့ အခွင့်အရေးကြီး တစ်ခုရှိနေပါတယ်။ နှစ်ပတ်လောက်သာ ကြိုသိခဲ့ရပြီး သူ့ရဲ့နောက်ဆုံး ယှဉ်ပြိုင်မှုအတွက် သူ့မှာ ကြိုတင်ပြင်ဆင်ဖို့ လုံလောက်တဲ့အချိန် မရခဲ့ပါဘူး။ ခုတော့ စခန်းသွင်းလေ့ကျင့်မှု အပြည့်အဝ ရှိနေတာမို့ အောင်လက ခါတိုင်းလို အန္တရာယ်ကောင်းကောင်း ပေးနိုင်ပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။

အခုအကြိမ်ယှဉ်ပြိုင်မှုက ပိုပြီးပြင်းထန်မယ်လို့ ထင်မြင်ကြောင်း ဘစ်ဒက်ရှ်ကလည်း Frontier ကို ပြောပါတယ်။

“ခုနေမှာ အောင်လအင်န်ဆန်က ကျွန်တော့်အကြောင်း ပိုသိသွားပါပြီ။ ရာနှုန်းပြည့် အသင့်ဖြစ်နေမှာပါ။ ဒီပွဲက ပိုပြီးတော့ ခက်ခဲတဲ့ ယှဉ်ပြိုင်မှု တစ်ခုဖြစ်မှာ သေချာပါတယ်။ နောက်ပြီးတော့ ပိုကောင်းအောင် ထိုးသတ်နိုင်သူက အောင်ပွဲခံနိုင်မှာပါ” လို့ ဘစ်ဒက်ရှ်က ဆိုပါတယ်။

ရှုံးနိမ့်ခဲ့သူဖြစ်ပေမဲ့ အောင်လအင်န်ဆန်အတွက် အလားအလာများစွာ ရှိပါသေးတယ်။ တကယ်လို့ ဇွန် ၃၀ မှာ ဘစ်ဒက်ရှ်ကို အနိုင်ယူထိုးသတ်နိုင်တဲ့ ပထမဆုံးသူ ဖြစ်မလာနိုင်ရင်တော့ နောက်ထပ်ချန်ပီယံပွဲက နှစ်တွေကြာသွားနိုင်ပါတယ်။ သူ့ကို ပထမဆုံး ချန်ပီယံဆု အခွင့်အလမ်းအတွက် မကမ်းလှမ်းခင်ကတောင် လေးနှစ်ကြာခဲ့ပါတယ်။ အောင်လက ၃၂ နှစ် ရှိပါပြီ။ အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးနေပါတယ်။

“တကယ်လို့ အောင်လ ထပ်ပြီးရှုံးရင် သူဟာ တချို့အရာတွေကို နားလည်သဘောပေါက်ဖို့လိုမှာဖြစ်ပြီး ထိပ်ဆုံးကို ပြန်ရောက်ဖို့ ကိုယ့်လမ်းကြောင်းအတိုင်း လုပ်သွားရမှာပါ” လို့ မက်က ပြောပါတယ်။

လေ့ကျင့်ရေးစခန်းတွင် အောင်လအင်န်ဆန်ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဗစ်တိုရီးယား မီလ်ကို

လေ့ကျင့်ရေးစခန်းတွင် အောင်လအင်န်ဆန်ကို တွေ့ရစဉ်။ ဓာတ်ပုံ – ဗစ်တိုရီးယား မီလ်ကို

မြစ်ကြီးနားကလူ

မြန်မာနိုင်ငံမှာ အားဖြည့်အချိုရည်ပုံးနဲ့ ရုပ်သံကြော်ငြာတွေမှာ သူ့မျက်နှာ ပေါ်မလာခင်က အောင်လအင်န်ဆန်ဟာ အမေရိကန်ဒေသဆိုင်ရာ ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲတချို့မှာ ယှဉ်ပြိုင်နေတဲ့ သာမန် MMA သမားလေးတစ်ယောက်သာ ဖြစ်ပါတယ်။ မြန်မာတွေ တော်တော်များများ သူ့အကြောင်းကြားဖူးတာ ၂၀၁၂ ကျမှပါ။ အဲဒီအချိန်က အသက် ၂၇ နှစ်အရွယ် အောင်လအန်ဆန်းဟာ ပထမဆုံးအကျော့မှာပဲ တစ်ချက်တည်းနဲ့ ပြိုင်ဘက်ကို အလဲထိုးအနိုင်ယူခဲ့ပါတယ်။

“ဒါက မြန်မာနိုင်ငံက ကချင်စစ်ရှောင်ဒုက္ခသည်တွေအတွက် ရည်မှန်းတဲ့ပွဲပဲလို့ အောင်ဆန် (အောင်လအင်န်ဆန်) က ဆိုပါတယ်။ အဲဒီမှာက အခြေအနေတွေ ဆက်ပြီး ရှုပ်ထွေးနေတယ်တဲ့ဗျာ” လို့ ပွဲကြေညာသူက ဗလုံးဗထွေး ဆိုသွားဖူးပါတယ်။

ယူကျုက ကြည့်ရှုသူ သန်းဝက်လောက်ထိ ရောက်သွားအောင် လျင်လျင်မြန်မြန် ပျံ့နှံ့သွားတဲ့ အဲဒီဗီဒီယိုထဲမှာတော့ အောင်ပွဲခံနေတဲ့ အောင်လအင်န်ဆန်က ကင်မရာတွေဘက်လှည့်ပြီး ကချင်အလံ တစ်ခု ပြသခဲ့ပါတယ်။

နောက်ငါးနှစ်ကြာတဲ့အခါမှာတော့ အထူးသဖြင့် အောင်လအင်န်ဆန်ရဲ့ကချင်ပြည်နယ်မှာ အဖြစ်အပျက်တွေ အများအပြား ရှိနေဆဲပါ။ ၂၀၁၁ ကတည်းက ၁၇ နှစ်ကြာ အပစ်ရပ်သဘောတူညီမှု ပျက်ပြားသွားတဲ့အခါ  ကေအိုင်အေဟာ အစိုးရတပ်တွေနဲ့ ပုံမှန်တိုက်ခိုက်မှုတွေ ရှိနေခဲ့ပြီး အရပ်သား ၈၇,၀၀၀ လောက်ဟာ ဒုက္ခသည်စခန်းတွေဆီ ရောက်ခဲ့ကြရပါတယ်။ သိပ်မကြာသေးခင်လေးကပဲ မြစ်ကြီးနားမြောက်ဘက် တနိုင်းမြို့နယ်ရဲ့ ပယင်းနဲ့ ရွှေတွင်းတွေတစ်ဝိုက်မှာ တိုက်ခိုက်မှုတွေ ဖြစ်လိုက်ပါသေးတယ်။

အောင်လအင်န်ဆန်ဟာ ချာတိတ်အရွယ်မှာပဲ ရန်ကုန်က International School of Yangon မှာတက်ဖို့ မြစ်ကြီးနားက ထွက်ခွာခဲ့ပါတယ်။ အဲဒီမှာ ပညာသင်ယူပြီးတဲ့နောက် တက္ကသိုလ်ပညာသင်ဖို့ အမေရိကန်ကို ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၅ မှာ နိုင်ငံရေး ခိုလှုံခွင့်ရခဲ့ပါတယ်။ သူကို အရင်ကတော့ အမေရိကန်မှာ လူသိပ်မသိပါဘူး။ အဲဒီမှာ သူ့ဇနီးရယ် သူ့ရဲ့လေးနှစ်အရွယ် သားတစ်ဦးတို့နဲ့ အတူနေပါတယ်။ ရံဖန်ရံခါ စွဲစွဲမြဲမြဲရှိလှတဲ့ MMA ပရိသတ်၊ ဒါမှမဟုတ် သာမန်မြန်မာနိုင်ငံသား တစ်ယောက်အဖြစ်ကလွဲလို့ သူ့ကို အသိအမှတ်ပြုတဲ့သူ မရှိခဲ့ပါဘူးလို့ အောင်လအင်န်ဆန်က ဆိုပါတယ်။                                                                                                  

ဒီလို လူမသိ သူမသိဖြစ်မှုအားလုံး မြန်မာနိုင်ငံမှာ ပျောက်ကွယ်သွားပါပြီ။ မြန်မာနိုင်ငံမှာ သူဟာ ONE Championship ပြိုင်ပွဲနှစ်ခုကို အနိုင်ရခဲ့ပြီး ပြည်တွင်းက ကုမ္ပဏီတချို့နဲ့ အထောက်အကူပြု စာချုပ်ကို လက်မှတ်ရေးထိုးပါတယ်။ ကျော်ကြားမှုက ထူးခြားတဲ့ ဝိရောဓိတစ်ခုကို ဖန်တီးပေးပါတယ်။ ကချင်ပြည်သူတွေအတွက် လွတ်လပ်မှုကို သင်္ကေတပြုတဲ့ တောင်ပံပုံတက်တူးတွေ ကျောပေါ်မှာ ထိုးထားတဲ့ လူတစ်ယောက်နဲ့အတူတွဲပြီး ဆယ်လ်ဖီရိုက်ဖို့ ကေအိုင်အေကို တိုက်နေပြီး အရပ်သားတွေအပေါ် အခွင့်အရေး ချိုးဖောက်နေတယ်လို့ စွပ်စွဲခံနေရတဲ့ ရဲနဲ့ စစ်သားတွေက တောင်းဆိုနေပါတယ်။

၂၀၁၆ အောက်တိုဘာက မိုက်ကယ်ပတ်စတာနက်ကို အနိုင်ရပြီးတဲ့နောက် အောင်လအင်န်ဆန်ဟာ ကချင်ပြည်နယ်ကတိုက်ပွဲကို မီးမောင်းထိုးပြဖို့ သူ့ရဲ့အောင်မြင်မှုစင်မြင့်ကို အသုံးချခဲ့ပါတယ်။

“ကချင်ပြည်နယ်မှာ စစ်ဖြစ်နေတာ ကျွန်တော် သိပ်ဝမ်းနည်းပါတယ်။ ဒီနိုင်ငံအတွက် ပိုကောင်းတဲ့ အနာဂတ်တစ်ခုကို ကျွန်တော်တို့ လိုလားတယ်ဆိုရင် ကျွန်တော်တို့ အဆင်ပြေပြေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်” လို့ သူက မြန်မာဘာသာနဲ့ ပြောကြားခဲ့ပါတယ်။

ဇွန် ၃၀ မှာသာ သူအနိုင်ရမယ်ဆိုရင် သူ့ကို အော်ဟစ်အားပေးနေမယ့် မြန်မာပရိသတ် ထောင်ပေါင်းများစွာရဲ့ ရှေ့မှာ သူ့ရဲ့ကမ္ဘာ့အဆင့် ချန်ပီယံဘွဲ့တစ်ခုကို ပထမဆုံးရမှာပါ။

“ကျွန်တော်လုပ်ခဲ့တဲ့ တိုက်ခိုက်ယှဉ်ပြိုင်မှုတွေဟာ ကျွန်တော့်တို့ ကချင်လူမျိုးတွေကို အားပေးဖို့ပါ။ ကျွန်တော်လုပ်သမျှ အရာရာတိုင်းက ကျွန်တော်ဟာ မြစ်ကြီးနားကလာတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ သူတို့ကို သိစေချင်လို့ပါ” လို့ အောင်လအင်န်ဆန်က ပြောပါတယ်။

လူငယ်လေးဘဝ

ခေါင်န်ဒေါဟာ ပဋိပက္ခကြောင့် ထွက်ပြေးလာရတဲ့ ပြည်သူတွေအတွက် ထူထောင်ထားတဲ့ မြစ်ကြီးနားက မိုင်းနားစခန်းမှာ ပညာရေးအရာရှိအဖြစ် ငါးနှစ်ကြာ လုပ်ကိုင်ခဲ့ပါတယ်။ အောင်လအင်န်ဆန်အကြောင်း ထုတ်လွှင့်တဲ့ ပထမဆုံးအကြိမ်ကို သူ သတိရနေပါတယ်။ ၂၀၁၂ က ဗီဒီယို၊ ပထမအကျော့မှာပဲ အလဲထိုးချလိုက်တာ၊ ကချင်အလံ စတာတွေကိုပါ။ အောင်လအင်န်ဆန်က ဆုကြေးရဲ့ ၂၅ ရာခိုင်နှုန်းကို စစ်ရှောင်ဒုက္ခသည်တွေကို ထောက်ပံ့ဖို့ ကတိပေးခဲ့တာကိုလည်း ပြန်ပြောပြပါတယ်။

၂၀၁၇ က မြန်မြန်ဆန်ဆန် ရောက်လာခဲ့ပါပြီ။ အောင်လအင်န်ဆန်ဟာ ဒုက္ခသည်စခန်းတွေအတွက် ငွေရရှိဖို့ မတ်လက အလှူလေလံပွဲတစ်ခု ပြုလုပ်ခဲ့ရာက နောက်ထပ်ကျော်ကြားမှု အသစ်တစ်ခု ထပ်ရခဲ့ပြန်ပါတယ်။ အောင်လအင်န်ဆန်ဟာ သူ့ရဲ့လက်အိတ်ဟောင်းတွေ၊ ဆုတံဆိပ်တွေ၊ သူ့ရဲ့လက်မှတ်ပါတဲ့ တီရှပ်တွေ၊  သူနဲ့အတူ ညစာစားသုံးနိုင်မယ့် လက်မှတ်တွေကို ရောင်းချခဲ့ပြီး ၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြစ်ကြီးနားကို ပြန်လာခဲ့ပါတယ်။ အဲဒီနောက် အမေရိကန်ဒေါ်လာ ၆,၀၀၀ တန်ဖိုးရှိတဲ့ အကူအညီတွေကို မိုင်းနားစခန်းက ဒုက္ခသည်တွေဆီကို ပေးပို့ခဲ့ပါတယ်။

ချစ်ခင်ကြတဲ့ ကချင်ပရိသတ်တွေ ပြုံကျလာမှုက ပထမတော့ သူ့ကို ကြက်သီးဖြန်းဖြန်းထအောင် လွှမ်းမိုးခဲ့တယ်လို့ သူက ဝန်ခံခဲ့ပါတယ်။

“မိသားစုတွေနဲ့ ပြည့်နေတာပဲ။ ချာတိတ်လေးတွေလည်း အများကြီးပါတယ်။ သူတို့မှာ ကျွန်တော်တို့လောက် မပြည့်စုံပါဘူး။ ကျွန်တော် ကူညီနိုင်တဲ့အပိုင်းရှိတာ သိလိုက်ရတော့ ဝမ်းသာမိပါတယ်” လို့ သူက ပြောပါတယ်။ ခရီးစဉ်အတွင်းအောင်လအင်န်ဆန်နဲ့ ပထမဆုံးအကြိမ် တွေ့ခွင့်ရတဲ့ ခေါင်န်ဒေါကတော့ အောင်လအင်န်ဆန်ရဲ့ ဒုက္ခသည်တွေကို ကူညီမှု သူတို့နဲ့စည်းလုံးမှုအတွက် ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

“သူ(အောင်လအင်န်ဆန်)က ဒုက္ခသည်တွေကို ကူညီဖို့ သူ့ဆုတံဆိပ်တွေ ရောင်းခဲ့တယ်။ သူဟာ ကျွန်တော်တို့နဲ့ အပြန်အလှန် စိတ်ချင်းမျှဝေ ခံစားခဲ့တယ်။ ဒါ့ကြောင့် ကွှန်တော်တို့က သူ့အပေါ် သံယောဇဉ် ပိုမိပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ကချင်ပြည်သူတွေအတွက် အောင်လအင်န်ဆန်ရဲ့ ကူညီထောက်ပံ့မှုကို သူတို့က တန်ဖိုးထားပါတယ်။ ဒါ့အပြင် အောင်လအင်န်ဆန်ကိုယ်တိုင်က ကချင်ဖြစ်နေတာ၊ ကမ္ဘာ့မြေပုံမှာ နိုင်ငံခြားသားတွေ သိပ်မသိတဲ့ဒေသက လူတစ်ယောက်က ကမ္ဘာကျော်တဲ့ အများကအားကျခံရသူ ဖြစ်နေတဲ့အတွက်လည်း တန်ဖိုးထားကြပါတယ်။

ကလေးဘဝက နေထိုင်ခဲ့တဲ့အိမ်ကို ပြန်လာပြီးတဲ့နောက်မှာတော့ တစ်သက်တာ ဝေးကွာခဲ့ရသလို ခံစားရတယ်လို့လည်း အောင်လအင်န်ဆန်က ပြောပါတယ်။ ကလေးဘဝကတည်းက နှစ်သက်ပြီး မစားရတာကြာပြီဖြစ်တဲ့ သရေစာတွေ သူစားပါတယ်။ အဖိုးအဖွားတွေဆီ လည်ပတ်ပါတယ်။ ကလေးတုန်းက သူဝယ်စားခဲ့တဲ့ မုန့်စိမ်းပေါင်းရောင်းသူနဲ့လည်း အဆက်အသွယ် ပြန်ရခဲ့ပါသေးတယ်။

“သူ(မုန့်စိမ်းပေါင်းရောင်းသူ)က ကျွန်တော်ဘယ်သူလဲဆိုတာ မှတ်မိတယ်။ ကျွန်တော်က သူ့ဆီက မုန့်ဝယ်စားခဲ့တဲ့ ကလေးတစ်ယောက်ဆိုတာကိုပေါ့” လို့ အောင်လအင်န်ဆန်က ပြောပါတယ်။ အခုတော့ အောင်လအင်န်ဆန်က ကလေးတစ်ယောက် မဟုတ်တော့ပါဘူး။ သူ့မှာတခြားလုပ်စရာတွေ အများကြီးရှိတဲ့ လူကြီးတစ်ယောက်ဖြစ်နေပါပြီ။

ဖခင်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ အောင်လအင်န်ဆန်ဟာ သူ့သားကို ကချင်စကားပြောသူတွေရှိတဲ့၊ တနင်္ဂနွေနေ့မှာ ကလေးတွေကို စာသင်ပေးတဲ့ မေရီလန်းက ကချင်ဘက်ပ်တစ်ဘုရားရှိခိုးကျောင်းကို ပို့နေပါပြီ။ သူ့ကို အသေအကြေ ထိုးသတ်မယ့် လူတစ်ယောက်နဲ့ ကြိုးဝိုင်းထဲမှာ ၂၅ မိနစ်အထိ ရင်ဆိုင်ရတော့မယ့် လှောင်အိမ်သွင်း တိုက်ခိုက်ရေးသမား၊ သူထွက်ခွာခဲ့တဲ့နိုင်ငံမှာ ကျော်ကြားသူစစ်စစ်၊ ရန်ကုန်လေဆိပ်မှာ မျက်နှာထားတင်းတတ်တဲ့ လဝကအရာရှိနဲ့တောင် ဆယ်လ်ဖီဆွဲဖို့ အိုက်တင်လုပ်ပေးနေရသူ ဖြစ်နေပါပြီ။

မြစ်ကြီးနားမှာ မုန့်စိမ်းပေါင်းသည်က မြန်မာစူပါစတား မြန်မာစပါးအုံးမြွေအဖြစ် သူ့ကို အသိအမှတ်ပြုခဲ့သလား။

“ဒါနဲ့ပတ်သက်လို့တော့ ကျွန်တော် သေသေချာချာတော့ မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်ဘယ်သူဆိုတာကိုတော့ သူ ကောင်းကောင်း မှတ်မိပါတယ်” လို့ ခေါင်းကိုစောင်းကာ စောင်းကာ သူက ပြောပါတယ်။

ဆမ် အောင်မွန်း ပူးတွဲရေးသားသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.