ကြေကွဲဖွယ် မတော်တဆမှုအပြီး နှစ်နှစ်အကြာ၊ ရခိုင်ပြည်နယ်၌ ရေကြောင်းခရီးက အန္တရာယ်များနေဆဲ

ပြီးခဲ့တဲ့ နှစ်နှစ်လောက်က လူရာနဲ့ချီသေဆုံးခဲ့ရတဲ့ ကြေကွဲဖွယ်ရာ ရေယာဉ်မတော်တဆမှုကြီး ဖြစ်ပေါ်ခဲ့ပြီးနောက် ရေကြောင်းပို့ဆောင်ရေးမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့ပေမယ့် ရခိုင်ဒေသခံတွေအတွက်တော့ သွားလာရေးမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ကြုံတွေ့နေရဆဲဖြစ်ပါတယ်

ထွန်းခိုင် ရေးသားသည်။

ရာနဲ့ချီတဲ့လူတွေကို တင်ဆောင်လာတဲ့ အောင်တံခွန်(၃)သင်္ဘောဟာ ၂၀၁၅ ခုနှစ်၊ မတ် ၁၃ ရက်နေ့၊ ညနေ ၄ နာရီ ခွဲလောက်မှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူကနေ မိုင် ၇၀ လောက်ဝေးတဲ့ စစ်တွေမြို့ဆီ ဦးတည်ပြီးထွက်ခွာလာခဲ့ပါတယ်။

သက်တမ်းနှစ်ပေါင်း ၂၀ ကျော်ရှိနေပြီဖြစ်တဲ့ သင်္ဘောအိုကြီးဟာ မိုင်ပေါင်း ၂၀၀ ကျော်ရှည်လျှားတဲ့ တောင်ကုတ်-ကျောက်ဖြူ-မြေပုံ-စစ်တွေ ခရီးစဉ်အတိုင်း တောင်ကုတ်မြို့ကနေ မတ် ၁၂ ရက်နေ့ကတည်းက စတင်ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။

ကျောက်ဖြူမြို့ကနေ သင်္ဘော စတင်ထွက်ခွာလာကတည်းက သင်္ဘောဦးပိုင်းထဲကို ရေတွေဝင်နေခဲ့တာကို သတိပြုမိကြပါတယ်။ ဒါပေမဲ့ သင်္ဘောဝန်ထမ်းတွေက သင်္ဘောကိုဆက်ပြီး ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

သင်္ဘောပေါ်လိုက်ပါလာတဲ့သူတွေအဆိုအရ ကျောက်ဖြူမြို့ကနေ ထွက်ခွာခဲ့အပြီး နာရီပိုင်းအတွင်း သင်္ဘောဦးပိုင်းထဲ ရေတွေ ပိုပြီးဝင်လာတာကြောင့် ရေတွေကို အပြင်ကို ခပ်ထုတ်ဖို့ သင်္ဘောပေါ်ပါလာတဲ့ ယောင်္ကျားလေးတွေအားလုံး တာဝန်ယူခဲ့ရတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူကနေ ၄ နာရီခွဲလောက်ကြာ ခုတ်မောင်းအပြီး လှိုင်းအနည်းငယ်ထန်တဲ့ ပင်လယ်ပြင်ကို ဖြတ်သန်းချိန် ည ၈ နာရီခွဲခန့်မှာတော့ သင်္ဘောထဲ ဝင်နေတဲ့ရေတွေကို ခပ်မထုတ်နိုင်တော့ပါဘူး။

ဒေသခံတွေအဆိုအရ အနည်းဆုံးလူ ၄၀၀ လောက်လိုက်ပါလာတယ်ဆိုပြီး အစိုးရထုတ်ပြန်ချက်မှာတော့ ၂၂၅ ယောက် လိုက်ပါသွားတယ်ဆိုတဲ့ ဒီသင်္ဘောဟာ မိနစ်ပိုင်းအတွင်း ရေအောက်ကို ရောက်သွားခဲ့ပါတော့တယ်။

သင်္ဘောပေါ်မှာ လူဘယ်နှစ်ဦး လိုက်ပါသွားပြီး ဘယ်နှစ်ဦး ရေနစ်သေဆုံးတယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိခဲ့ကြပါဘူး။

“လူအများကြီး သေခဲ့တယ်။ လူသေအလောင်း ဘယ်လောက်ဆိုတာလည်း တိတိကျကျ မသိခဲ့ရပါဘူး”လို့ ကျောက်ဖြူမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကပြောပါတယ်။

ဒါပေမဲ့အနည်းဆုံး လူ ၁၆၉ ဦးကို ဒေသခံတွေက ကယ်တင်နိုင်င်ခဲ့တယ်လို့ ဆိုကြသလို လွှတ်တော်အတွင်း ဆွေးနွေးချက်တွေအရ လူ ၁၆၀ လောက် သေဆုံးခဲ့တယ်လို့ဆိုတာကြောင့် သင်္ဘောပေါ်မှာ အနည်းဆုံး လူ ၃၃၀ ဦးလောက် လိုက်ပါသွားခဲ့တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။

မြန်မာနိုင်ငံအနောက်ဘက်ခြမ်း ပင်လယ်ကမ်းရိုးတန်းနဲ့ ရိုးမတောင်တန်းကြားမှာတည်ရှိပြီး ဆင်းရဲလှတဲ့ ရခိုင်ပြည်နယ်ဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် သွားလာရခက်ခဲပြီး ရေလမ်းခရီးကို အဓိကထားသွားလာရတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။

အောင်တံခွန် (၃) နစ်မြုပ်မှုတွင် အသက်ဘေးမှ လွတ်မြောက်လာသူတစ်ဦးအား ကျောက်ဖြူဆိပ်ကမ်းသို့ ခေါ်ဆောင်လာသည်ကို ၂၀၁၅ ခုနှစ်၊ မတ် ၁၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ

အောင်တံခွန် (၃) နစ်မြုပ်မှုတွင် အသက်ဘေးမှ လွတ်မြောက်လာသူတစ်ဦးအား ကျောက်ဖြူဆိပ်ကမ်းသို့ ခေါ်ဆောင်လာသည်ကို ၂၀၁၅ ခုနှစ်၊ မတ် ၁၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ

အောင်တံခွန်သင်္ဘောလို ရေဝင်နေလျှက်နဲ့ ပင်လယ်ပြင်ကို ဖြတ်သန်းမောင်းနှင်ကြတာဟာ ရခိုင်ကမ်းရိုးတန်းဒေသမှာ အထူးအဆန်းတစ်ခုတော့ မဟုတ်ပါဘူး။ ခရီးသည်တွေဟာ ရွေးချယ်စရာလမ်းမရှိတဲ့အတွက် အန္တရာယ်များလှတဲ့ လမ်းကြောင်းကို စွန့်စားသွားလာကြရတာ ဖြစ်ပါတယ်။

“ဘိလပ်မြေအိတ်တွေကို သင်္ဘောပေါ်တင်ပြီး ရေဝင်ရင်ဖာထေးပြီးတော့ ကူးရတယ်”လို့ ကျောက်ဖြူမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဦးဘရှိန်က ပြောပါတယ်။

အများစုဟာ ရေလမ်းခရီးကိုအားထားခဲ့ရတာဖြစ်ပေမဲ့ အန္တရာယ်ကင်းတဲ့ ရေလမ်းခရီးဖြစ်ဖို့အတွက်အစိုးရဘက်က အာရုံစိုက်တာလျှော့နည်းခဲ့ပါတယ်။

အောင်တံခွန်(၃) ဖြစ်ရပ်ကြောင့် ရာနဲ့ ချီတဲ့လူတွေ အသက်ဆုံးရှုံးခဲ့ရပြီးတဲ့နောက် ဝေဖန်မှုတွေ ကြုံတွေ့လာရတဲ့ အစိုးရဟာ ရခိုင်ပြည်နယ်ထဲက ရေကြောင်းသွားလာရေးလုပ်ငန်းကို ပြန်လည်စိစစ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်တစ်ပြည်နယ်လုံးအတွက် သယ်ယူပို့ဆောင်ရေးရေယာဉ် ၁၂ စင်းပဲရှိပြီး အဲဒီရေယာဉ်တွေဟာလည်း သက်တမ်းကြာမြင့်နေပြီလို့ အစိုးရကဝန်ခံခဲ့ပါတယ်။

အစိုးရဘက်က စိစစ်တွေ့ရှိမှုတွေအရ ရခိုင်ပြည်နယ်ထဲမှာ ဆယ်စုနှစ်သုံးခုနီးပါး ပြေးဆွဲနေတဲ့သင်္ဘောတွေဟာ မြစ်တွင်းသွားသင်္ဘောတွေသာဖြစ်ပြီး ပင်လယ်ကမ်းရိုးတန်းသွားလာဖို့အတွက် တည်ဆောက်ထားတဲ့ သင်္ဘောတွေ မဟုတ်ဘူးဆိုတာကို တွေ့ရှိခဲ့ပါတယ်။

ဒီသင်္ဘောတွေဟာ ရခိုင်ပြည်နယ်ထဲက မြစ်ကြောင်းတွေထဲ ခုတ်မောင်းနေချိန်မှာ ဘာပြဿနာမှ ကြီးကြီးမားမား မရှိခဲ့ပေမဲ့ ပင်လယ်ပြင်ကို ဖြတ်ရတဲ့နေရာတွေမှာ အခက်အခဲတွေရှိတယ်လို့ ပို့ဆောင်ရေးရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ၂၀၁၆ ခုနှစ်၊ မေ ၂ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

သင်္ဘောတွေအပေါ် လူနဲ့ ကုန်တွေ သတ်မှတ်ထားတာထက် ပိုမိုမတင်ဆောင်ဖို့ ချမှတ်ထားတဲ့စည်းမျဉ်းတွေကို လိုက်နာကြတာလည်း နည်းပါးတယ်လို့ အစိုးရကဝန်ခံခဲ့ပါတယ်။

အနည်းဆုံးလူ ၁၆၀ ဦး သေဆုံးခဲ့တဲ့ အောင်တံခွန် (၃) သင်္ဘောနစ်မြုပ်ပြီးတဲ့နောက်မှာတော့ ဂျပန်အစိုးရ အကူအညီနဲ့ ကမ်းရိုးတန်းသွားသင်္ဘောတွေကို အစားထိုးပြေးဆွဲဖို့ အစိုးရက စီစဉ်ပါတော့တယ်။

အာင်တံခွန်သင်္ဘောပြေးဆွဲတဲ့ လမ်းကြောင်းမှာ ခရီးသည် ၁၄၂ ဦး လိုက်ပါနိုင်တဲ့ ကစ္စပနဒီ (၁) သင်္ဘောကို ဂျပန်အစိုးရ အကူအညီနဲ့ ပြီးခဲ့တဲ့ မတ်လက အစားထိုးပြေးဆွဲခဲ့ပါတယ်။ အဲဒီနောက် ကစ္စပနဒီ (၂) သင်္ဘောကို ဇွန်လမှာ စတင်ပြေးဆွဲခဲ့ပြီး ကစ္စပနဒီ (၃) ကတော့ လာမယ့် ၂၀၁၈ ခုနှစ်မှာ စတင်ပြေးဆွဲမယ်လို့ သိရပါတယ်။

ဒီလိုမျိုး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့ပေမယ့် ရခိုင်ဒေသခံတွေအတွက်တော့ သွားလာရေးမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ကြုံတွေ့နေရဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကြိမ်ချောင်းကျေးရွာက အသက် ၂၇ နှစ်အရွယ် ကိုဝင်းကြွယ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ပင်လယ်ထဲမှာ လှေနစ်မြုပ်ဖူးခဲ့ပေမဲ့ ကံကောင်းထောက်မစွာနဲ့ အသက်ရှင်သန်ခဲ့ရသူဖြစ်ပါတယ်။

မြေပုံမြို့နယ် လေးမြို့မြစ်အတွင်း သွားလာနေသည့် စက်လှေတစ်စီးအား ပြီးခဲ့သည့်လက တွေ့ရစဉ်။ ဓာတ်ပုံ-ထွန်းခိုင်

မြေပုံမြို့နယ် လေးမြို့မြစ်အတွင်း သွားလာနေသည့် စက်လှေတစ်စီးအား ပြီးခဲ့သည့်လက တွေ့ရစဉ်။ ဓာတ်ပုံ-ထွန်းခိုင်

သူနဲ့ အခြားသူငယ်ချင်းနှစ်ယောက်ဟာ မင်းပြားမြို့ကနေ ကြိမ်ချောင်းကျေးရွာကို လှေနဲ့ ပြန်လာရင်း လှိုင်းကြီးတာကြောင့် စက်လှေနစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။

“ညဘက်ဆိုတော့ လေတိုက်ပြီး လှိုင်းကြီးလာတာကို မမြင်ရဘူး။ လှေမှောက်တာ ကမ်းနဲ့နီးလို့ ကံကောင်းတယ် ပြောရမယ်” လို့ ကိုဝင်းကြွယ်က ပြောပါတယ်။

ပင်လယ်ထဲ လှေမှောက်မှုကနေ အသက်ရှင်ခဲ့ပေမဲ့ သူ့မှာပါသွားတဲ့ ပိုက်ဆံ၊ ဖုန်းနဲ့ စက်လှေတို့ ရေထဲ နစ်မြုပ်သွားခဲ့တာကြောင့် ကျပ်ငါးသိန်းကျော်ဖိုးလောက် ဆုံးရှုံးခဲ့တယ်လို့ ကိုဝင်းကြွယ်က ပြောပါတယ်။

ဒီလိုအန္တရာယ်များတဲ့ဖြစ်ရပ်ကနေ ရုန်းကန်လွတ်မြောက်ခဲ့ပေမယ့် သူ့မှာ တခြားရွေးစရာ မရှိတာကြောင့် ဒီပင်လယ်ပြင်ကိုပဲဖြတ်ပြီး ခရီးဆက်သွားနေရဦးမှာ ဖြစ်ပါတယ်။

“မိုးတွင်းဆို အန္တရာယ်များပေမယ့်လည်း မသွားရင်မဖြစ်တဲ့ ကိစ္စမျိုးတွေကျရင် စွန့်စားသွားရတယ်”လို့ သူကပြောပါတယ်။

သူတို့ နေထိုင်တဲ့ရွာမှာ ကျန်းမာရေးဆေးပေးခန်း မရှိတာကြောင့် ရုတ်တရတ်ဖျားနာခဲ့ရင် မြစ်တစ်ဖက်ကမ်းက အခြားရွာဆီကို သွားရောက် ဆေးဝါးကုသရတယ်လို့ ကိုဝင်းကြွယ်က ပြောပါတယ်။

သူ့လိုပဲ အခြားရွေးစရာ မရှိတဲ့ ဒေသခံတွေဟာ အန္တရာယ်များလှတဲ့ ရေလမ်းခရီးကို ဆက်ပြီး အသုံးပြုနေရဆဲဖြစ်ပါတယ်။

“လူတိုင်းက ရေကူးတတ်ကြတာ မဟုတ်ဘူး။ ရေကူးတတ်ရင်လဲ ပင်လယ်ထဲမှာ လှိုင်းထန်နေတုန်း အသက်ရှင်ဖို့ မလွယ်ဘူး။ အသက်ကယ်အင်္ကျီဆိုတာကလည်း သင်္ဘောကြီးတွေမှာပဲ ရှိကြတာ”လို့ မြေပုံမြို့နယ် လောင်းဒရိတ် ကျေးရွာက ဦးလှရွှေကပြောပါတယ်။

“လှေအသေးလေးတွေ နစ်တာကတော့ ခဏခဏကြားနေရတာပဲ။ အောင်တံခွန်လို ပုဂ္ဂလိက သင်္ဘောကြီးတွေနစ်တာတော့ ငါးနှစ်တခါ၊ ၁၀နှစ်တစ်ခါ ကြားနေရတယ်”လို့ ဦးလှရွှေက ပြောပါတယ်။

ခေါင်းစီးဓာတ်ပုံ- ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မေယုမြစ်အတွင်း ပြေးဆွဲနေသည့် ရေယာဉ်တစ်စီးအား သြဂုတ်လအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ-တေဇလှိုင်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.