မိုက်ကာကို ဖြည်ထုတ်ကြည့်ခြင်း

အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ အစိုးရပိုင် မြေဧကများစွာကို စီမံခန့်ခွဲခွင့် ရထားတဲ့ အေဂျင်စီတစ်ခုကို ဖျက်သိမ်းဖို့ အစိုးရနဲ့ အမျိုးသားလွှတ်တော်က ဆောင်ရွက်နေပေမယ့် ဒီအေဂျင်စီရဲ့ဥပဒေကြောင်းအရ ရပ်တည်နေမှုနဲ့ လုပ်ငန်းစဉ်တွေကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။

ဉာဏ်လှိုင်လင်း နှင့် သောမတ်စ် ကင်း(န်) ရေးသားသည်။

မိုက်ကာလို့ခေါ်တဲ့ မြန်မာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (MICA) နဲ့ ပတ်သက်ပြီး ဝေဖန်စွပ်စွဲပြောဆိုမှုတွေဟာ ရမ်းသမ်းပြောဆိုမှုတွေသာ ဖြစ်တယ်လို့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိမ်းက တုံ့ပြန်ခဲ့ပါတယ်။

အစိုးရပိုင် မြေဧကများစွာကို ပုဂ္ဂလိထံ ငှားရမ်းစီမံခန့်ခွဲခွင့် ရထားတဲ့ မိုက်ကာ (Myanmar International Cooperation Agency) ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ အမျိုးသားလွှတ်တော်က ယခုလ ၇ ရက်နေ့က ဆုံးဖြတ်ခဲ့သလို ပြည်ထောင်စု အစိုးရအဖွဲ့ကလည်း လုပ်ထုံးလုပ်နည်းများနဲ့အညီ ဖျက်သိမ်းနိုင်ဖို့ စတင်ပြင်ဆင်နေချိန်မှာ သူက ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်က ဖွဲ့စည်းထားခဲ့တဲ့ မိုက်ကာအဖွဲ့ရဲ့ ငွေကြေးစီမံခန့်ခွဲမှုနဲ့ လုပ်ငန်းတွေကို ပွင့်လင်း မြင်သာစွာ ရှင်းလင်းဖော်ထုတ်ပေးဖို့ဆိုတဲ့ အဆိုတစ်ရပ်ကို အမျိုးသားလွှတ်တော်က ရာနှုန်းပြည့်နီးပါး ထောက်ခံမဲနဲ့ အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။ 

ကရင်ပြည်နယ်၊ အမှတ် ၇ မဲဆန္ဒနယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် နော်ခရစ္စထွန်း (ခေါ်) ဒေါက်တာအာကာမိုးက တင်သွင်းခဲ့တဲ့ အဲဒီအဆိုနဲ့ ပတ်သက်ပြီး ယခုလ ၆ ရက်နဲ့ ၇ ရက်နေ့က အမျိုးသားလွှတ်တော်မှာ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ကိုယ်စားလှယ် ၁၄ ဦးက ထောက်ခံ ဆွေးနွေးကြပါတယ်။

အမေရိကန် ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ အစိုးရပိုင်မြေနဲ့ အဆောက်အဦးတွေကို မိုက်ကာက အလွဲသုံးစားပြုလုပ်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မိုက်ကာရဲ့ ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ ဦးစိုးသိမ်းအနေနဲ့ လွှတ်တော်တွင်းမှာ ပြန်လည်ရှင်းလင်း ပြောဆိုမှုတွေ ရှိလိမ့်မလားဆိုတဲ့ ထင်ကြေးတွေလဲ ရှိခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်တဲ့ ဦးစိုးသိမ်းကတော့ အဲဒီနေ့တွေမှာ လွှတ်တော်အစည်းအဝေးကို တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

“ကျွန်တော်က ဆေးခန်းပြပြီး အိမ်မှာ အနားယူနေရတော့ သူတို့ ဘာတွေ လုပ်နေကြတာလဲဆိုတာ ကျွန်တော် မသိပါဘူး”လို့ ဦးစိုးသိန်းက ယခုလ ၉ ရက်နေ့မှာ Frontier ကို ပြောပါတယ်။

မကြာသေးမီက သူ့ရဲ့ ညာဘက်မျက်လုံး ခွဲစိတ်ကုသမှု ခံယူထားတဲ့အတွက် အနားယူနေရတာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့် မိုက်ကာနဲ့ ပတ်သက်ပြီး စွပ်စွဲ ဝေဖန်မှုတွေကို သူက ကောင်းကောင်း သိရှိထားပုံရပြီး ဒါတွေက တက်ကြွ လှုပ်ရှားသူတွေရဲ့ လုပ်ဆောင်ချက်တွေသာ ဖြစ်တယ်လို့ သူက ပယ်ချခဲ့ပါတယ်။ မိုက်ကာရဲ့ လုပ်ငန်းဆောင်ရွက်တွေနဲ့ ပတ်သက်ပြီး ဝေဖန်သူတွေက သေသေချာချာ သိရှိထားပုံမရဘူးလို့လည်း သူကပြောပါတယ်။

“သူတို့ ပြောတာတွေက မမှန်ပေမယ့်လည်း အချို့လူတွေက အကုန်လုံးကို အဆိုးမြင်၊ အကုန်လုံးကို အပြစ်တင်နေကြတာပါပဲ” လို့ ဦးစိုးသိမ်းက ပြောပါတယ်။

“ဒီမြေတွေအကုန်လုံးကို တသီးပုဂ္ဂလိက ကုမ္ပဏီတွေ၊ ဦးအုန်းမြင့် (မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဟောင်း) နဲ့ ပတ်သက်တဲ့သူတွေက ပိုင်ဆိုင်ထားကြတယ်လို့ တချို့လူတွေက ထင်နေကြတာ။ ဒါက မှားပါတယ်။ မြေတွေက အစိုးရပိုင်အနေနဲ့ပဲ ဆက်ရှိနေတာပါ” လို့ သူကပြောပါတယ်။

ဒါ့အပြင် မိုက်ကာရဲ့ ရည်ရွယ်ချက်က ကောင်းမွန်တယ်လို့လည်း သူက ကာကွယ်ပြောဆိုလိုက်ပါသေးတယ်။

မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန (ယခု လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန) ပိုင်မြေတွေပေါ်မှာ ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့အတွက် ရည်ရွယ်ခဲ့တာ ဖြစ်တယ်လို့ ဦးစိုးသိမ်းကပြောပါတယ်။ ဒါပေမယ့် ဝန်ကြီးဌာနက ဝန်ထမ်းတွေက သေသေချာချာ လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ဘူးလို့လည်း သူကဆိုပါတယ်။

“မွေးမြူရေးနဲ့ ရေလုပ်ငန်းဦးစီးဌာနကို မေးလိုက်ရင် ပိုကောင်းမယ်။ ကျွန်တော် မသိပါဘူး။ ကျွန်တော်တို့က အစပျိုးရုံပဲ အစပျိုးပေးခဲ့ကြတာပါ” လို့ ဦးစိုးသိမ်းက ပြောပါတယ်။

မိုက်ကာနဲ့ ပတ်သက်ခဲ့တဲ့ အခြားသူတွေကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဆက်သွယ်ခဲ့ရာမှာတော့ သူတို့က ဒီအကြောင်းကို ဆွေးနွေးပြောကြားလိုခြင်း မရှိကြပါဘူး။

ဝန်ကြီးဟောင်း ဦးအုန်းမြင့်ကို ဖုန်းနဲ့ ဆက်သွယ်ရာမှာတော့ သူက ဖုန်းကိုင်ခဲ့ပြီး သူဘယ်သူဆိုတာကို ပြောခဲ့ပါတယ်။ ဒါပေမယ့် တွေ့ဆုံမေးမြန်းဖို့ Frontier က တောင်းဆိုလိုက်တဲ့အချိန်မှာတော့ ဦးအုန်းမြင့်ခရီးသွားနေတယ်လို့ သူက ပြန်ပြောပြီး ဖုန်းချသွားခဲ့ပါတယ်။ နောက်တစ်ကြိမ် ထပ်မံဖုန်းခေါ်ချိန်မှာလည်း သူက ဦးအုန်းမြင့်ဖြစ်ကြောင်း ထပ်မံပြောကြားပေမယ့် မိုက်ကာနဲ့ ပတ်သက်ပြီး တစ်ခုခု သုံးသပ်ပြောကြားပေးဖို့ မေးမြန်းချိန်မှာ ဖုန်းချသွားခဲ့ပါတယ်။

ဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးဟောင်းဖြစ်ပြီး မိုက်ကာကို ထူထောင်ဖို့ ဝန်ကြီးဌာနကို ကူညီပေးခဲ့သူ၊ မိုက်ကာရဲ့ အမှုဆောင်မဟုတ်တဲ့ ဒါရိုက်တာအဖွဲ့ဝင်သုံးဦးထဲက တစ်ဦးဖြစ်တဲ့ ဒေါက်တာအောင်ထွန်းသက်ကတော့ သုံးသပ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။

“ဒါက လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ပဲလေ။ သူတို့အားလုံးကို စဉ်းစားသုံးသပ်ပြီး ဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ သူက ပြောပါတယ်။

မိုက်ကာဟာ ၂၀၁၂ ခုနှစ်ကတည်းက လုပ်ငန်းတွေစတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်၊ သြဂုတ်လမှာ အစိုးရအဖွဲ့အစည်းအဝေးကနေ တရားဝင် တည်ထောင်လိုက်တာ ဖြစ်ပါတယ်။ မိုက်ကာကို ဒါရိုက်တာဘုတ်အဖွဲ့က လွတ်လပ်စွာ အုပ်ချုပ်လုပ်ကိုင်သော တစ်ဝက်တစ်ပျက် နိုင်ငံပိုင်အေဂျင်စီတစ်ခုအဖြစ် ကြေညာထားပါတယ်။ အရင် ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ သမ္မတရုံးဝန်ကြီး တစ်ဦးဖြစ်တဲ့ ဦးစိုးသိမ်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် ယခုအချိန်မှာတော့ ဦးဆောင်သူမရှိ ဖြစ်နေတာပါ။

မိုက်ကာရဲ့ ဒါရိုက်တာအဖွဲ့ဝင် အများစုဟာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးရုံးက ဝန်ထမ်းတွေဖြစ်ကြပြီး အမြဲတမ်း အတွင်းဝန် ဦးခင်ဇော်က မိုက်ကာဘုတ်အဖွဲ့ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေပါတယ်။

မိုက်ကာအဖွဲ့ကို ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ရဲ့ အကြံပြုချက်နဲ့ ဖွဲ့စည်းခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောကြားလေ့ရှိပေမယ့် အဆိုပါအဖွဲ့နှစ်ခုကတော့ အဲဒါကို ငြင်းဆိုထားပါတယ်။

မိုက်ကာရဲ့ လုပ်ငန်းတွေအကြောင်းကို “ဝန်ကြီးဟောင်းနှစ်ပါး၊ လျှို့ဝှက်အေဂျင်စီနှင့် ဒေါ်လာသန်းချီတန် မြှုပ်ကွက်များ”ဆိုတဲ့ ခေါင်းစဉ်နဲ့ Frontier ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ဆောင်းပါးတစ်ပုဒ် ရေးသားဖော်ပြခဲ့ဖူးပါတယ်။

အဲဒီဆောင်းပါးထဲမှာ ဝန်ကြီးဌာနက အမည်မဖော်လိုသူတစ်ဦး ထုတ်ဖော်ပြောကြားထားတာကတော့ ဦးအုန်းမြင့်ဟာ ၎င်းရဲ့ ရာထူးသက်တမ်း အစောပိုင်း ကာလကပင် ထိုလုပ်ငန်းကို ပုဂ္ဂလိကအေဂျင်စီတစ်ခုထံကို လွှဲပြောင်းပေးခဲ့ပြီး လွတ်လပ်စွာ လုပ်ကိုင်နိုင်ဖို့ စီစဉ်ခဲ့တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

“ဌာနဖွဲ့စည်းပုံ ဇယားထဲမှာတော့ သူ့နာမည်ကို တွေ့ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူက နောက်ကွယ်က အားလုံးကို ကြိုးကိုင်နေတာ။ ဦးစိုးသိမ်းကို ရုပ်ပြသက်သက် ထည့်ထားတာပါ” လို့ ထိုပုဂ္ဂိုလ်က Frontier ကို ပြောကြားခဲ့ပါတယ်။

ဦးစိုးသိမ်းကတော့ “ကျွန်တော်တို့က အနာဂတ်အတွက် နိုင်ငံပိုင်နဲ့ ပုဂ္ဂလိက ပူးတွဲလုပ်ကိုင်ရေး ပေါ်လစီထူထောင်ဖို့ အစည်းအဝေးတွေမှာသာ ပါဝင်ခဲ့တာပါ။ လက်တွေ့ အကောင်အထည် ဖော်ရာမှာတော့ အတွင်းဝန် ဒေါက်တာခင်ဇော်နဲ့ ဝန်ကြီးဌာန တခြားဝန်ထမ်းတွေမှာသာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့က အနာဂတ်အတွက် မိုက်ကာကို စလုပ်ပေးခဲ့ကြတာပါ” လို့ Frontier ကို အဲဒီအချိန်က ဖြေကြားခဲ့ပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာ မိုက်ကာရဲ့ဥက္ကဋ္ဌအဖြစ် ဦးစိုးသိမ်းက ဆောင်ရွက်ခဲ့ပါတယ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ဦးသိန်းစိန်အစိုးရလက်ထက်မှာ မိုက်ကာရဲ့ဥက္ကဋ္ဌအဖြစ် ဦးစိုးသိမ်းက ဆောင်ရွက်ခဲ့ပါတယ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ဦးအုန်းမြင့်ကလည်း သူဟာ ဝန်ကြီးတစ်ယောက်အဖြစ် မိုက်ကာမှာ တိုက်ရိုက် ပါဝင်ပတ်သက်မှု မရှိခဲ့ဘဲ ဦးစိုးသိမ်းကသာလျှင် အမှန်တကယ် ဦးစီးဦးဆောင် ပြုခဲ့တာဖြစ်တယ်လို့ ထိုအချိန်က ပြောကြားခဲ့ပါတယ်။ ဒါအပြင် မိုက်ကာရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ပြောဆိုနေတဲ့အချက်ကိုလည်း သူက ငြင်းဆိုခဲ့ပါသေးတယ်။

“ကျွန်တော်တို့ လုပ်ဆောင်မှုတွေကို နှစ်ပတ်တစ်ခါ သတင်းထုတ်ပြန်နေတယ်။ ပူးပေါင်း လုပ်ဆောာင်တဲ့ ကုမ္ပဏီတွေကိုလည်း တင်ဒါခေါ်ပြီး ရွေးခဲ့တာပဲ” လို့ ဦးအုန်းမြင့်က ပြောပါတယ်။

Frontier ကရရှိထားတဲ့ စာရင်းတွေအရ မိုက်ကာဟာ ယခုအစိုးရသစ်လက်ထက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအဖြစ် အမည်ပြောင်းလိုက်တဲ့ အရင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနပိုင် လယ်မြေများ၊ ငါးကန်များ၊ စက်ရုံများအပါအဝင် နိုင်ငံပိုင်ခြံမြေနှင့် စက်ရုံဝင်း ၆၆ ခုထက်မနည်းကို ပုဂ္ဂလိကထံ ငှားရမ်းထားပါတယ်။ ထိုအထဲက ၂၀ ခန့်က ရန်ကုန်မှာတည်ရှိပြီး ကြီးမားကျယ်ဝန်းတဲ့ ခြံမြေကြီးတွေ ဖြစ်ကြပါတယ်။

ရရှိထားတဲ့ စာရင်းတွေအရဆိုရင် မိုက်ကာရဲ့ စီမံမှုနဲ့ မြေဧရိယာ ၁,၈၉၉ ဒသမ ၉၄ ဧကထက်မနည်းကို ဦးသိန်းစိန်အစိုးရ သက်တမ်းကုန်ခါနီး ကာလအတွင်းမှာပဲ ပုဂ္ဂလိကကုမ္ပဏီတွေထံ အငှားချထားလိုက်တာ တွေ့ရပါတယ်။

အင်းစိန်မြို့နယ်မှာရှိတဲ့ မြေကွက်တွေအတွက် သဘောတူညီချက်နှစ်ခုကို မိုက်ကာနဲ့  First Golden Dragon ဆောက်လုပ်ရေးတို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ပထမစာချုပ်ကတော့ မြေ ၆၄ ဒသမ ၅ ဧကပေါ်မှာ ဒေါ်လာ သန်း ၆၀ အကုန်အကျခံပြီး လက်ကားဈေး၊ အအေးခန်းတွေနဲ့ ဈေးဆိုင်အိမ်ယာတွေ တည်ဆောက်ဖို့ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီမှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းကို အစိုးရနဲ့ ပုဂ္ဂလိကသတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ပါတယ်။

ဒုတိယတစ်ခုကတော့ ဆက်စပ်နေတဲ့ မြေ ၃၂ ဒသမ ၄၅၄ ဧကပေါ်မှာ ဘက်စုံ စီမံကိန်းတစ်ခုအတွက် ၂၀၁၆ ခုနှစ်၊ မတ်လမှာ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ အများပြည်သူထံ အသိပေး ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ဆက်သွယ်မေးမြန်းရာမှာတော့ ကုမ္ပဏီရဲ့အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုင်းမျိုးဝင်း ပြည်ပ ခရီးသွားနေတယ်လို့ ဝန်ထမ်းတစ်ဦးက ဖြေကြားခဲ့ပါတယ်။ ကုမ္ပဏီရဲ့အထွေထွေ မန်နေဂျာဖြစ်သူ ဦးတင့်ဆွေကတော့ စီမံကိန်းနှစ်ခုနဲ့ ပတ်သက်ပြီး မိုက်ကာနဲ့ သဘောတူညီချက်တွေနဲ့ စီမံကိန်းအတွက် ဘာတွေ ဆက်လက် ဆောင်ရွက်နေတယ် စတဲ့မေးခွန်းတွေကို သူ့အနေနဲ့ ဖြေကြားပေးလို့မရဘူးလို့ ပြောပါတယ်။

ဖုန်းမချခင်မှာ “ဝန်ကြီးဌာနကိုပဲ ခင်ဗျား မေးလိုက်တာ ပိုကောင်းပါတယ်” လို့ သူက ပြောပါတယ်။

နောက်ထပ် သဘောတူညီချက်ကြီးတစ်ခုကတော့ Glory Heyday Services လို့ခေါ်တဲ့ လူသိနည်းတဲ့ ကုမ္ပဏီတစ်ခုနဲ့ မိုက်ကာတို့ ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလက ချုပ်ဆိုခဲ့တဲ့ စာချုပ်နှစ်ခုအရ တန်ဖိုးနည်းအိမ်ခန်း ၈၀၀၊ ဆိုင်ခန်းနဲ့ အိမ်ခန်းတွဲလျက် ၆၄ လုံးနဲ့ လက်ကားဈေးတစ်ခုကို ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ရွာသာကြီးမှာရှိတဲ့ မြေ ၁၂၅ ဧကပေါ်မှာ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ဒီစာချုပ်တွေနဲ့ပတ်သက်ပြီးလည်း အဲဒီအချိန်က အများပြည်သူထံကို ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

နောက်ထပ်စီမံကိန်းတစ်ခုကတော့ ကြို့ကုန်းဆိပ်ကမ်းဖြစ်ပါတယ်။ ဘုရင့်နောင်ဈေးအနီးမှာတည်ရှိတဲ့ ဒီဆိပ်ကမ်းကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလထဲမှာ ဦးစိုးသိမ်းက ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဆိပ်ကမ်းမှာ မိုက်ကာရဲ့ ဆိုင်းဘုတ်လည်း ရှိပါတယ်။

ဆိပ်ကမ်းက သီးခြားစီမံကိန်းတွေအတွက် အောင်ဖြိုးမြတ်ကုမ္ပဏီက ၂၀၁၆ ခုနှစ်၊ မတ် ၂၂ ရက်နေ့မှာ စာချုပ်သုံးခု ချုပ်ဆိုခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံဖို့ အဆိုပြုချက်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဇူလိုင်လမှာ အတည်ပြုပေးခဲ့ပါတယ်။

ဒါပေမယ့် အောင်ဖြိုးမြတ်ရဲ့ ဒါရိုက်တာဖြစ်သူ ဦးမောင်မောင်စိုးကတော့ စီမံကိန်းတွေကို ငါးလုပ်ငန်းဦးစီးဌာနနဲ့ ဆက်သွယ် လုပ်ကိုင်တာဖြစ်ပြီး မိုက်ကာနဲ့ ဆောင်ရွက်တာမဟုတ်ဘူးလို့ Frontier ကို ပြောကြားပါတယ်။

“ငါးလုပ်ငန်းဦးစီးဌာနမှာ ကျွန်တော်တို့ တင်ဒါ လျောက်ထားခဲ့တာ ဖြစ်ပါတယ်။ မိုက်ကာကို ဖျက်သိမ်းလိုက်ပြီဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ စီမံကိန်းတွေကို ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။

တိရိစ္ဆာန်မွေးမြူရေးနှင့် ဆေးကုရေးဦးစီးဌာနက အသုံးပြုခဲ့တဲ့ မြေကွက်တွေအပါအဝင် အင်းစိန်က မြေကွက်တွေကို ကုမ္ပဏီများလက်ဝယ်သို့ ပေးအပ်လိုက်မှုနဲ့ ပတ်သက်ပြီး မြန်မာ့ တိရစ္ဆာန်ဆေးကုပညာရှင်များအသင်းက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့ပါတယ်။ မိုက်ကာကို ဖျက်သိမ်းမယ်လို့ ကြေညာလိုက်တဲ့အတွက် ကျေနပ်မိတယ်လို့ အသင်း ဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်းကပြောတယ်။

ဒေါက်တာ မြင့်သိန်းဟာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှာ လုပ်ကိုင်ခဲ့သူဖြစ်ပြီး မိုက်ကာကို စတင်ဖွဲ့စည်း တည်ထောင်စဉ်က အမှုဆောင်မဟုတ်သော ဒါရိုက်တာ သုံးဦးတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့ပါတယ်။ အစောပိုင်းက ပြုလုပ်တဲ့ မိုက်ကာ အစည်းအဝေးများကိုလည်း တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ်ထဲမှာတော့ ပါဝင်ခွင့် မရရှိခဲ့ပါဘူး။ မိုက်ကာက လက်မှတ်ထိုးခဲ့တဲ့ သဘောတူညီချက်တွေနဲ့ ပတ်သက်ပြီး သူလည်းပဲ အများပြည်သူတွေလိုပဲ အနည်းငယ်သာ သိရှိခွင့်ရရှိခဲ့ပါတယ်။

“မိုက်ကာထဲမှာ ဘာတွေ ဖြစ်နေလဲဆိုတာကို ကျွန်တော်တို့ သေသေချာချာ မသိပါဘူး” လို့ သူက ပြောပါတယ်။ “တကယ်လို့ အချို့သော (အစိုးရ)ကော်မရှင်တွေက စုံစမ်းစစ်ဆေးမယ်ဆိုရင်တော့ ရှင်းရှင်းလင်းလင်း သိရမှာပါ။ အကောင်းဆုံးကို ကျွန်တော်တို့ မေ ျှာ်လင့်ထားပါတယ်။ ကျွန်တော်တို့ဆန္ဒကတော့ အင်းစိန်မြေကွက်ကို ထိန်းသိမ်းထားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒါပါပဲ” လို့ ဒေါက်တာမြင့်သိန်းကပြောပါတယ်။

မိုက်ကာကို ဖျက်သိမ်းဖို့ သမ္မတရုံးထံက ညွှန်ကြားချက်ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့ကတည်း ရပြီးပြီ ဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်းများနဲ့အညီ ပြင်ဆင်မှုများ ပြုလုပ်နေပြီလို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အမျိုးသားလွှတ်တော်မှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပြောကြားခဲ့ပါတယ်။

ဒီလို ဖျက်သိမ်းနိုင်ဖို့အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးထံကနေ ဥပဒေရေးရာရှုထောင့် လေ့လာမှုဆိုင်ရာ သဘောထားမှတ်ချက်များ တောင်းခံထားပြီးဖြစ်တယ်လို့ သူက ပြောပါတယ်။

သက်ဆိုင်ရာဝန်ကြီးဌာန (စိုက်၊ မွေး၊ ဆည်မြောင်း) က မိုက်ကာကို ဖွဲ့စည်း တည်ထောင်ပြီးတဲ့နောက် စာချုပ်များ ချုပ်ဆိုဆောင်ရွက်ရေး လုပ်ပိုင်ခွင့် အာဏာများ အပ်နှင်းခဲ့တဲ့ ကိစ္စများရှိခဲ့ပါက အဆိုပါကိစ္စတွေကိုလည်း ရှင်းလင်း ဆောင်ရွက်ရန် လိုအပ်တဲ့အကြောင်း အကြံပြုချက်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးထံက ရထားတယ်လို့ ဦးလှကျော်က ပြောပါတယ်။

“အဖွဲ့ ဖျက်သိမ်းခြင်း၊ သက်ဆိုင်ရာ ခြံစက်ရုံ၊ မြေယာများကို သက်ဆိုင်ရာဦးစီးဌာနသို့ ပြန်လည်လွှဲပြောင်းခြင်းတို့ကို လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဖျက်သိမ်းတဲ့ကိစ္စမှာ ငွေကြေးစီမံခန့်ခွဲမှုအပိုင်း ရှင်းလင်းရန်အတွက် လုပ်ထုံးလုပ်နည်းနဲ့အညီ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ အကြံဉာဏ်များရယူ၍ ပူးပေါင်း ဆောင်ရွက်သွားမှာပါ” လို့ သူက ပြောပါတယ်။

ဒါပေမယ့် ဖျက်သိမ်းမှုလုပ်ငန်းတွေ ဘယ်အချိန်မှာ ပြီးဆုံးမယ်ဆိုတာကိုတော့ မပြောနိုင်သေးဘူးလို့ သူက ပြောပါတယ်။

“ဘယ်ကာလမှာ အပြီးလုပ်မလဲဆိုတာတော့ ပြောလို့မရသေးဘူး။ လုပ်ငန်းစဉ်က တစ်ခုတည်းမှ မဟုတ်။ အဖွဲ့အစည်း ဖွဲ့စည်းမှုကို စစ်ဆေးရမယ်။ ဘဏ္ဍာငွေကြေးဆိုင်ရာ၊ စာချုပ်စာတမ်းဆိုင်ရာကိစ္စတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လုပ်သွားရမှာပေါ့” လို့ပဲ သူက Frontier ကို ဖြေကြားပါတယ်။

ကျော်ဖုန်းကျော် ကူညီရေးသားသည်။

ခေါင်းစီးဓာတ်ပုံ- ဘုရင့်နောင်ဈေးအနီးက ကြို့ကုန်းဆိပ်ကမ်းကို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ ဦးစိုးသိမ်းက ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဓာတ်ပုံ-တေဇလှိုင်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.