ဈေးနှုန်းမတက်ပါက အရေးပေါ်လျှပ်စစ်ဓာတ်အားအစီအစဉ်များ အလုပ်မဖြစ်နိုင်

ကျော်ရဲလင်း

လာမယ့် နွေရာသီအတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် စီမံကိန်းတွေကို အစိုးရက ရှေ့တိုးမဆောင်ရွက်နိုင်မီ လျှပ်စစ်ဓါတ်အားခဈေးနှုန်းတွေ တက်ဖို့ လိုအပ်နေတယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။

နိုင်ငံ နေရာအများအပြားမှာ ဓါတ်အားပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်နေရစဉ် လာမယ့် နှစ်အနည်းငယ်မှာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ဖြစ်နိုင်ဖွယ်ဖြေရှင်းချက်တွေကို ဝန်ကြီးဌာနက ဒီလအစောပိုင်းက ကြေညာခဲ့ပါတယ်။ ဒီလို ဖြေရှင်းချက်တွေထဲမှာ သဘာဝဓါတ်ငွေ့ရည်သုံးပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်တဲ့ရေယာဉ်တွေ၊ တရုတ်နဲ့ လာအိုနိုင်ငံတွေက ဓါတ်အားတင်သွင်းမှုတွေနဲ့ နေရောင်ခြည်စွမ်းအင်သုံးစီမံကိန်းတွေ ပါဝင်ပါတယ်။

ဓါတ်အားပြတ်လပ်မှုတွေအတွက် အဖြေရှာဖို့ အစိုးရရဲ့ဖိအားတွေကို ဌာနက ရင်ဆိုင်နေရတယ်လို့ လျှပ်စစ်စွမ်းအား စီမံရေးဦးစီးဌာနက ဒု-ညွှန်ချုပ် ဦးဟန်ဇော်က ပြောပါတယ်။ ဓါတ်အားရရှိမှု လျော့နည်းမှုကြောင့် ဝန်ကြီးဌာနဟာ ဧပြီလနှောင်းပိုင်းကစတင်ပြီး လျှပ်စစ် အလှည့်ကျဖြတ်တောက်မှုတွေကို ပြုလုပ်ခဲ့ရပြီးနောက် လူထုရဲ့ ဝေဖန်မှုတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

“အနာဂါတ်မှာ ဒီလိုမီးပျက်တာတွေ တားဆီးဖို့ နည်းလမ်းရှာရေးက ကျွန်တော်တို့ရဲ့တာဝန်ပါ” လို့ ဦးဟန်ဇော်က Frontier နဲ့ သီးသန့်အင်တာဗျူးမှာ ပြောကြားပါတယ်။ ပြည်ပကတင်သွင်းလာတဲ့ သဘာဝဓါတ်ငွေ့ရည်တွေနဲ့ လည်ပတ်မယ့် ဓါတ်အားပေးစက်ရုံသုံးရုံ နှောင့်နှေးမှုတွေ ဖြစ်ပေါ်ပြီးတဲ့နောက် လျှပ်စစ်ပြတ်တောက်မှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။

မြန်မာနိုင်ငံဟာ လက်ရှိမှာ ရေအားလျှပ်စစ်နဲ့ သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံတွေရဲ့ ထုတ်လုပ်မှုအပေါ် အားထားနေရပါတယ်။ ဒါပေမယ့် နွေရာသီကာလအတွင်း ဆည်အများအပြားဟာ ရေမရှိလို့ ဓါတ်အားမထုတ်နိုင်ကြပါဘူး။ မြန်မာနိုင်ငံက ထုတ်လုပ်တဲ့ ဓါတ်ငွေ့အများစုကလည်း ပြည်ပကို တင်ပို့နေတာပါ။ ဒါကြောင့် ဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံတွေ ထပ်တိုးအသုံးပြုဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။

နိုင်ငံရဲ့ ရေအားလျှပ်စစ်စက်ရုံတွေအတွက် ရေပေးနေတဲ့ ဆည်တွေကို ရေပြန်ဖြည့်ပေးမယ့် မုတ်သုန်ရာသီ မိုးရွာသွန်းမှုတွေ စတင်ကတည်းက ဓါတ်အားပေးမှု တိုးတက်လာသင့်ပေမယ့် နှစ်စဉ်ဓါတ်အားလိုအပ်ချက်က ၁ဝ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိရှိနေလို့ လာမယ့်နှစ်တွေမှာလည်း ဓါတ်အားပြတ်တောက်မှုတွေက ပိုဆိုးလာအုံးမယ်လို့ မျှော်လင့်ရပါတယ်။

“ကျွန်တော်တို့ဟာ ဒီနိုင်ငံက လယ်သမားအများစုလိုပဲ။ အများအားဖြင့် မိုးရေကိုပဲ အားထားနေရတာပါ။ ဒါကို ကျွန်တော်တို့ ပြောင်းလဲဖို့လိုပါတယ်။ အခြားအရင်းအမြစ်တွေကနေ အမျိုးမျိုးပြောင်းလဲထုတ်လုပ်ဖို့ လိုပါတယ်” လို့ ဦးဟန်ဇော်က ပြောပါတယ်။

ဈေးနှုန်းများ တိုးမြင့်ခြင်း

၂ဝ၂ဝ ပြည့်နှစ်မှာတော့ ကာလတိုဖြေရှင်းမှုတွေကနေ မီးပြတ်မှုတွေ ရှောင်ရှားနိုင်ပေမယ့်လည်း အရင်ကထက်စာရင် ကုန်ကျမှုပိုမှာဖြစ်လို့ ဈေးနှုန်းတွေ မြှင့်တင်ဖို့လည်း လိုအပ်လိမ့်မယ်လို့ ဝန်ကြီးဌာနက ယုံကြည်ထားတယ်လို့ ဦးဟန်ဇော်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားဖြန့်ြုဖူးမှုအတွက် အစိုးရက အကြီးအကျယ် ထောက်ပံံ့ထားရပြီး အထူးသဖြင့် အိမ်သုံးတွေအတွက် ဖြစ်ပါတယ်။ အိမ်သုံးတွေအတွက် ဈေးနှုန်းက တစ်ကီလိုဝပ်မီတာ(တစ်ယူနစ်)ကို ၃၅ ကျပ်ကနေ ကျပ် ၅ဝ သာဖြစ်ပြီး ကမ္ဘာပေါ်မှာ ဈေးအနည်းဆုံးလို့ ယူဆရပါတယ်။ ပိုမိုကုန်ကျတဲ့ ပုဂ္ဂလိကပိုင် ဓါတ်အားထုတ်လုပ်မှုလုပ်ငန်းတွေထံက လျှပ်စစ်ဓါတ်အားအပေါ် ပိုပြီးအားထားလာရပေမယ့် ဓါတ်အားခဈေးနှုန်းတွေကို ၂ဝ၁၄ ခုနှစ်ကတည်းက မတက်သေးပါဘူး။

ဒီစီမံကိန်းတွေအားလုံးဟာ ဓါတ်အားခနှုန်းတွေ တက်ပြီးမှသာ ဖြစ်နိုင်မှာပါလို့လည်း ဦးဟန်ဇော်က ပြောပါတယ်။ “တခြားနိုင်ငံတွေက ဓါတ်အားဝယ်မယ်၊ ဒါမှမဟုတ် သဘာဝဓါတ်ငွေ့ရည်စက်ရုံတွေကနေ ဓါတ်အားထုတ်လုပ်မယ်ဆို  တစ်ယူနစ်ကို အနည်းဆုံး ကျပ် ၁ဝဝ ကျမှာပါ။ အဲဒါက လက်ရှိအိမ်သုံးနှုန်းထက် သုံးဆလောက်ရှိပါတယ်။ ဒါ့ကြောင့် ဓါတ်အားခ တိုးမြင့်ခြင်းက မလွှဲမရှောင်သာ ကိစ္စတစ်ခုဖြစ်ပါတယ်” လို့ ဦးဟန်ဇော်ကဆိုပါတယ်။

ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားခတွေ ပြန်လည်သုံးသပ်တဲ့လုပ်ငန်းကို ဆောင်ရွက်နေတာ တစ်နှစ်ကျော်နေပြီဖြစ်ပေမယ့် နှုန်းထားသစ်တွေကို စတင်ဖို့ကိုတော့ အစိုးရဘက်က နှောင့်နှေးနေပါတယ်။ ဒါပေမယ့် နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကတော့ မြှင့်တင်ဖို့အဆိုပြုထားတဲ့ ဈေးနှုန်းသစ်တွေကို သဘောတူထားပြီးဖြစ်ပါတယ်။

ဓာတ်အားခတွေတိုးမြှင့်မယ့်အစီအစဉ်ကို ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်း အပြီးသတ်ပြင်ဆင်ပြီးဖြစ်ပေမယ့် နောက်ဆုံးအဆင့်အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ Frontier က သိရှိထားပါတယ်။

လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်မှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခုကို ရန်ကုန်မြို့တွင် ၂၀၁၃ ခုနှစ်အတွင်းက ပြုလုပ်နေကြစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်မှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခုကို ရန်ကုန်မြို့တွင် ၂၀၁၃ ခုနှစ်အတွင်းက ပြုလုပ်နေကြစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

“အားလုံးနီးပါးက အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော်တို့လိုအပ်တာက တစ်စုံတစ်ယောက်စီက မီးစိမ်းပြဖို့ပါ” လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြီး အဆင့်မြင့်အရာရှိတစ်ဦးကပြောပါတယ်။

၂ဝ၁၈ ခုနှစ် အစောပိုင်းလောက်က တစ်ကီလိုဝပ်နာရီ ဖြန့်ဖြူးမှု ပျမ်းပျကုန်ကျစရိတ်ဟာ ၁ဝ၈ ကျပ်အထိ တက်လာပါတယ်။ ဒါဟာ အိမ်သုံးနှုန်းထားထက် သုံးဆကျော်လောက်ရှိပါတယ်လို့ International Growth Centre က စွမ်းအင်ဆိုင်ရာ သုတေသနမန်နေဂျာ မစ္စတာဂီလောမေးဒီ လန်ဂရေးက ပြောကြားတဲ့အကြောင်း ပြီးခဲ့တဲ့နှစ်က မြန်မာတိုင်းမ်မှာ ဖော်ပြခဲ့ပါတယ်။

လျှပ်စစ်ဓါတ်အားအတွက် စိုက်ထည့်ထောက်ပံ့ရမှုကြောင့် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနဟာ ၂ဝ၁၈-၁၉ ဘဏ္ဍာနှစ်မှာ ကျပ် ၆၃ဝ ဘီလျံ အရှုံးပေါ်ခဲ့ပါတယ်။ လိုအပ်ချက်တွေက မြင့်မားပြီး နောက်ထပ်စွမ်းအင်စီမံကိန်းတွေကို ချိတ်ဆက် အသုံးမပြုနိုင်ရင် အရှုံးခံစိုက်ထုတ်မှုတွေဟာ လာမယ့်နှစ်တွေမှာ နှစ်စဉ် ကျပ် ၁ ဒသမ ၅ ဘီလျံကျော် ပိုလာမယ်လို့ ဒီလန်ဂရေးက ဆိုပါတယ်။

စွမ်းအင်စီမံကိန်း

လာမယ့်နွေရာသီနဲ့ လာမယ့်နှစ်တွေမှာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ဝန်ကြီးဌာနဟာ ရွေးချယ်စရာအချို့ကို စဉ်းစားနေပါတယ်။ လျှပ်စစ်ဓါတ်အားဖြည့်ဆည်းနိုင်ဖို့ နောက်ထပ် ၁,၄ဝဝ မီဂါဝပ် ထုတ်လုပ်ရေးအတွက် တင်ဒါတစ်ခုခေါ်ယူဖို့ စီစဉ်နေတယ်လို့ ဒီလအစောပိုင်းမှာ အရာရှိတွေက ပြောပါတယ်။ ဖြစ်နိုင်ဖွယ်နေရာသုံးခုဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးက သီလဝါ၊ ဧရာဝတီတိုင်းဒေသကြီးက ပုသိမ်နဲ့ ရခိုင်ပြည်နယ်က ကျောက်ဖြူတို့ကနေ သဘာဝဓာတ်ငွေ့ရည်သုံးပြီး ဓာတ်အားထုတ်လုပ်ရေး ရေယာဉ်တွေနဲ့ ဓာတ်အားထုတ်လုပ်မှာဖြစ်ပါတယ်။

တင်ဒါကို ဇူလိုင်လအစောပိုင်းမှာ ခေါ်ယူမှာဖြစ်ပါတယ်။ ဒါမှသာ တင်ဒါအောင်မြင်သူကို ရွေးချယ်ဖို့နဲ့ လာမယ့် နွေရာသီအတွက် ရေယာဉ်တွေကို စနစ်တကျထားဖို့ အချိန်လုံလောက်မှာဖြစ်တယ်လို့ ဦးဟန်ဇော်က ပြောပါတယ်။ ဒီအစီအစဉ်ကို အစိုးရက နှုတ်အားဖြင့် သဘောတူညီထားပြီး ဝန်ကြီးဌာနက စာရွက်စာတမ်းလုပ်ငန်းစဉ်တွေ အပြီးသတ်ဖို့ စောင့်ဆိုင်းနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။

၂ဝ၁၇ ခုနှစ်ကစပြီး အရေးပေါ် လျှပ်စစ်ဓါတ်အား ၃ဝဝ မီဂါဝပ်ဖြည့်ဆည်းပေးဖို့ ငါးနှစ်ကန်ထရိုက်အတွက် တင်ဒါတစ်ခုကို ၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လမှာ အစိုးရဟာ ခေါ်ယူခဲhပါသေးတယ်။

အဲဒီနောက် မကြာခင်မှာပဲ တင်ဒါအောင်မြင်သူနှစ်ဦးကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီနှစ်ဦးကတော့ အမေရိကန်ပြည်ထောင်စုအခြေစိုက် APR နဲ့ မြန်မာနိုင်ငံက National Infrastructure Holdings တို့ ပူးပေါင်းထားတဲ့လုပ်ငန်းစုနဲ့ တူရကီက Karpowership တို့ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဈေးနှုန်းနဲ့ ပတ်သက်ပြီး သဘောတူညီချက်မရတာကြောင့် အဲဒီစီမံကိန်းတွေဟာ ရှေ့မတိုးနိုင်ခဲ့ပါဘူး။

ဝန်ကြီးဌာနဟာ တင်ဒါလုပ်ငန်းစဉ်ကို အရှိန်အဟုန်နဲ့ ဆောင်ရွက်မှာဖြစ်ပြီး ဖိတ်ခေါ်ထားတဲ့ အထင်ကရကုမ္ပဏီကြီးတွေ၊ ဒါမှမဟုတ် လုပ်ငန်းစုတွေဆီက ကမ်းလှမ်းလာတဲ့ လေလံမျိုးတွေကိုသာ စဉ်းစားမယ်လို့လည်း ဦးဟန်ဇော်က ဆိုပါတယ်။

“၂ဝ၁၆ ကနဲ့မတူတာက အချိန်မကုန်အောင် အထင်ကရကုမ္ပဏီကြီးတွေကိုပဲ စိစစ်ပြီးဖိတ်ကြားမယ်” လို့ သူက ပြောပါတယ်။

ဓါတ်အားပြတ်တောက်မှုတွေ သက်သာလျော့ပါးစေဖို့ တရုတ်နဲ့ လာအိုနိုင်ငံတို့ဆီက ဓါတ်အားဝယ်ယူရေးကိုလည်း ဝန်ကြီးဌာနက စဉ်းစားနေပါတယ်။ China Southern Power Grid ထံက အဆိုပြုချက်တစ်ခုအရ လာယ့် နှစ်နှစ်အတွင်း မီဂါဝပ် ၁ဝဝဝ ဝယ်ယူမယ်လို့ ဒီလအစောပိုင်းက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဒု-အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း နှစ်နိုင်ငံစုံးက ကုမ္ပဏီတွေနဲ့ ဝန်ကြီးဌာနကြား ညိနှိုင်းမှုတွေက ပြုလုပ်နေဆဲအဆင့်သာ ရှိနေပြီး သဘောတူညီချက် မရသေးဘူးလို့ ဦးဟန်ဇော်က ပြောပါတယ်။

ရန်ကုန်ကို ဗို့အားမြင့် ပို့လွှတ်နိုင်တဲ့ ဓာတ်အားလိုင်းမရှိလို့ တရုတ်၊ ဒါမှမဟုတ် လာအိုက တင်သွင်းမယ့် ဓါတ်အားဟာ အမျိုးသားဓါတ်အားလိုင်းနဲ့ ချိတ်ဆက်နိုင်ဖို့ထက် ရှမ်းနဲ့ ကချင်ပြည်နယ်တွေလို နယ်စပ်ဒေသတွေလောက်သာ အသုံးပြုနိုင်ဖွယ်ရှိပါတယ်။

“ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ ဓါတ်အားဆုံးရှုံးမှုတွေ လျှော့ချနိုင်ပြီး ဗို့အားမြင့်ဓါတ်အားဖြန့်ဖြူးရေးလိုင်း တည်ဆောက်ရခြင်းကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်” လို့ ဦးဟန်ဇော်က ပြောပါတယ်။

ဒါ့အပြင် ၁ဝဝ မီဂါဝပ်ကနေ ၂ဝဝ မီဂါဝပ်အထိ နေရောင်ခြည်စွမ်းအင်စီမံကိန်းတွေအတွက် စိတ်ဝင်စားကြောင်း ဖော်ပြတဲ့သူတွေကို ခေါ်ယူတဲ့ ဖိတ်ခေါ်မှုတစ်ခုကို ထုတ်ပြန်ဖို့လည်း ဝန်ကြီးဌာနက စီစဉ်နေပါတယ်။

နေရောင်ခြည်စွမ်းအင်စီမံကိန်းတွေရဲ့ အဓိကအားသာချက်တစ်ခုက ဒီစီမံကိန်းတွေကို အရင်ကနဲ့စာရင် မြန်မြန်ဆန်ဆန် တပ်ဆင်နိုင်ပြီး ခြောက်လကနေ တစ်နှစ်အတွင်း တပ်ဆင်နိုင်ပါတယ်။

“တကယ်တော့ ၁ဝဝ မီဂါဝပ်အထိ ထုတ်လုပ်ဖို့ အသေးစား နေရောင်ခြည်စွမ်းအင်စီမံကိန်းတွေကိုဘဲ ကျွန်တော်တို့ လိုချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရင်းနှီးမြုပ်နှံမှုကို ဆွဲဆောင်ဖို့ ပိုပြီး လွယ်လိမ့်မယ်လို့ ကျွန်တော်တို့ထင်တယ်” လို့ သူကပြောပါတယ်။ ဒါပေမယ့်လည်း ဝန်ကြီးဌာနဟာ ၂ဝဝ မီဂါဝပ်အထိထုတ်လုပ်မယ့် စီမံကိန်းအဆိုပြုချက်တွေကိုလည်း စဉ်းစားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နေရောင်ခြည်သိပ်မရတဲ့ မိုးရာသီအတွင်းမှာ ထုတ်လုပ်မှုက လျော့ကျသွားမှာဖြစ်လို့ပါ။

နောက်ပြီး ဓါတ်အားသုံးစွဲမှုလျှော့ချဖို့လည်း ဝန်ကြီးဌာနက စဉ်းစားနေပါတယ်လို့ ဦးဟန်ဇော်က ပြောပါတယ်။ သုတေသနပြုချက်အရ ဓါတ်အားသုံးစွဲမှုဟာ နံနက် ငါးနာရီနဲ့ နံနက် ၁၁ နာရီကြား၊ နောက်ပြီး ညနေ ၅ နာရီနဲ့ ည ၁၁ နာရီကြား အမြင့်ဆုံးဖြစ်ပြီး အဲဒီအချိန်တွေက နေအိမ်တွေမှာ ချက်ပြုတ်ကြတဲ့အချိန်လည်း ဖြစ်ပါတယ်။ ချက်ပြုတ်ရာမှာ လျှပ်စစ်သုံးစွဲမှုအစား ရေနံဓါတ်ငွေ့ရည်သုံးစွဲဖို့ အားပေးဖြင့်လည်း လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကို လျှော့ချနိုင်မယ်လို့ သူက ပြောပါတယ်။

“ဒါကြောင့် ရေနံသဘာဝဓါတ်ငွေ့ရည် ရယူသုံးစွဲနိုင်မယ့် နည်းလမ်းကိုရှာဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒါမှသာ ပြည်သူတွေ ချက်ပြုတ်ဖို့ သုံးစွဲနိုင်မှာပါ” လို့ သူကပြောပါတယ်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.