အရှိန်ရလာသည့် အစိုးရငွေတိုက်စာချုပ်ဈေးကွက်

အစိုးရငွေတိုက်စာချုပ်ဈေးကွက် အားကောင်းလာရာ ယခုအခါ ဘတ်ဂျက်လိုငွေကိုပင် ထေမိနေပြီဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ငွေတိုက်စာချုပ်များ ပိုမိုရောင်းအားကောင်းလာစေရန် လုပ်ဖို့လိုသည်ဟု ကျွမ်းကျင်သူတို့ကဆိုကြသည်။

ကျော်လင်းထွန်း ရေးသားသည်။

မြန်မာအစိုးရ၏ ငွေတိုက်စာချုပ်ဈေးကွက် အရှိန်ကောင်းတိုးတက်လာသည်နှင့်အမျှ အစိုးရ၏ ရန်ပုံငွေ၊ ဘဏ္ဍာရေးကဏ္ဍတို့အတွက်လည်း အားကောင်းလာအောင် အထောက်အပံ့ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အစိုးရငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များ Treasury bonds and bills ထုတ်ဝေရောင်းချရမှုမှာ လွန်ခဲ့သော ဘဏ္ဍာရေးနှစ် အစိုးရဘတ်ဂျက်လိုငွေကို ထေမိခဲ့ပြီး ရည်ရွယ်မျှော်မှန်းထားခဲ့သည့် ၂၀ ရာခိုင်နှုန်းထက် များစွာပိုမိုရောင်းချခဲ့ရပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် မစ္စတာ ရှောင်တာနယ် Mr Sean Turnell က “ဒီအောင်မြင်မှုဟာ အကြီးစား စီးပွားရေးစီမံခန့်ခွဲမှု Macroeconomic Management မှာ အလွန်ကြီးမားတဲ့ အောင်မြင်မှု သတင်းကောင်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှာ အစိုးရ ဘဏ္ဍာရေးလိုငွေတွေကို ငွေစက္ကူ ရိုက်ထုတ်ဖြေရှင်းနေရတဲ့နှစ်တွေ ကုန်ဆုံးပါတော့မယ်” ဟု ပြောဆိုခဲ့သည်။

လာမည့် ဘဏ္ဍာနှစ် ဘတ်ဂျက်လိုငွေကို အစိုးရငွေတိုက်စာချုပ် ရောင်းရငွေနှင့်ပင် ထေမိလိမ့်မည်ဟု အစိုးရက မျှော်လင့်ထားကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးသိမ်းကပြောသည်။ လာမည့် ဘဏ္ဍာနှစ်တွင် စုစုပေါင်း ဘတ်ဂျက်လိုငွေ ကျပ် ၇ ဘီလျံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလျံ) ရှိမည်ဟု ခန့်မှန်းထားပြီး လိုငွေနှင့် ဂျီဒီပီ GDP အချိုးမှာ မနှစ်က ၄ ဒသမ ၆ ရာခိုင်နှုန်းမှ ၅ ဒသမ ၉ ရာခိုင်နှုန်းသို့ တက်သွားမည်ဟု ခန့်မှန်းထားသည်။

ဗဟိုဘဏ်၏ လျာထားချက်မှာ ဖြစ်နိုင်လောက်ပါသည်။ အကြောင်းမူ စီမံဘဏ္ဍာဝန်ကြီးဌာန MoPF မှ လစဉ် လေလံတင်ရောင်းချနေသော အစိုးရငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်  (ရေတိုရေရှည်) များကို အဆက်မပြတ် ဝယ်ယူနေကြသောကြောင့်ဖြစ်သည်။ ဘဏ်တိုးနှုန်းကို ၁၀ ရာခိုင်နှုန်းပတ်လည်တွင် ထိန်းထားပြီး ငွေဖြစ်လွယ်သည့် တဆင့်ခံဈေးကွက် မရှိပါဘဲလျက် ဤသို့ဝယ်ယူနေကြခြင်းဖြစ်သည်။

ခရီးက အခုမှ အစပဲရှိပါသေးသည်။ လူထုစုဆောင်းငွေ မြင့်တက်လာစေရန်နှင့် မြန်မာနိုင်ငံတွင် ပုံသေဝင်ငွေ ဈေးကွက် ဖွံ့ဖြိုးလာစေရန် ဗဟိုဘဏ်နှင့် MoPF ဝန်ကြီးဌာနကလှမ်းနေသော ခြေလှမ်းများနှင့် ယခုအထိ ရရှိနေသော အောင်မြင်မှုများကို ကျွန်ုပ်တို့က စောင့်ကြည့်နေပါသည်။

အစနှေးခဲ့

အစိုးရအာမခံငွေချေးစာချုပ်များသည် မြန်မာနိုင်ငံတွင် အသစ်အဆန်းတော့မဟုတ်ချေ။ စစ်အုပ်ချုပ်ရေးကာလဖြစ်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ SLORC  လက်ထက် ဗဟိုဘဏ် စီမံ/ ဘဏ္ဍာဝန်ကြီးဌာန MoPF လက်အောက်မှာရှိစဉ်ကပင် ဗဟိုဘဏ်က ပထမဆုံးထုတ်ဝေရောင်းချခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ဗဟိုဘဏ်သည် ကျပ် ၁၀,၀၀၀ နှင့် ကျပ် ၁၀၀,၀၀၀ တန် သုံးနှစ်နှင့် ငါးနှစ်သက်တမ်း အစိုးရငွေတိုက်စာချုပ် Treasury Bond (T.B) များကို ထုတ်ဝေခဲ့သည်။ ပထမဆုံး ဝယ်ယူသူများဖြစ်သည့် အာမခံကုမ္ပဏီများသည် ယင်းတို့ မတည်ငွေရင်း၏ ၃၀ ရာခိုင်နှုန်းကို အစိုးရငွေတိုက်စာချုပ်များ ဝယ်ထားရမည်ဟု စီမံ/ ဘဏ္ဍာဝန်ကြီးဌာနက ကြေညာပြီးနောက် ဤသို့ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။

ယခင်ကမူ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်များကို ဗဟိုဘဏ်က တိုက်ရိုက်ရောင်းချခဲ့သည်။ ဗဟိုဘဏ်က လွတ်လပ်သော သီးခြားအဖွဲ့ဖြစ်လာခဲ့ပြီး နှစ်နှစ်အကြာ ၂၀၁၅ တွင် ငွေတိုက်စာချုပ်များ ထုတ်ဝေရောင်းချမှုကို ဘဏ္ဍာရေးဌာန Treasury department က တာဝန်ယူလုပ်ကိုင်ခဲ့ပြီး လစဉ် လေလံစနစ်ဖြင့် ရောင်းချသည်။

ထိုနှစ်ထဲမှာပင် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် ဥပဒေနှင့် နည်းဥပဒေပြုပြင်ပြောင်းလဲမှု ပြုလုပ်ခဲ့ပြီးနောက် အစိုးရသည် ငွေတိုက်စာချုပ် များကို ကျပ် ၁၀ သန်းအထိ ထုတ်ဝေလာသည်။ အကြာဆုံးသက်တမ်းကာလကိုမူ ငါးနှစ်သက်တမ်းအထိသာ သတ်မှတ်ထားသည်။

ငွေတိုက်စာချုပ်အရောင်းအဝယ်ကို မူလဈေးကွက်တွင်သာ ပြုလုပ်ရသည်။ ဤဈေးကွက်မှ ဝယ်ယူသူများတွင် အာမခံကုမ္ပဏီများအပြင်၊ ပုဂ္ဂလိကနှင့် အစိုးရဘဏ်များ၊ မြန်မာနိုင်ငံရှိ နိုင်ငံခြားဘဏ်များနှင့် ဘဏ်ခွဲများနှင့် အစုရှယ်ယာရောင်းဝယ်ခွင့် ရရှိထားသည့်ကုမ္ပဏီများ ပါဝင်ကြသည်။

အာမခံကုမ္ပဏီများနှင့် အခြား ငွေတိုက်စာချုပ်ဝယ်ယူသူများအကြား ခြားနားချက်မှာ အခြားဝယ်ယူသူများသည် အာမခံကုမ္ပဏီများကဲ့သို့ မဝယ်မနေရ စည်းကမ်းထုတ်ခံထားရသူများ မဟုတ်ကြပေ။ ထိုသူများထဲတွင် ဘဏ်များပါဝင်ကြပြီး ထိုဘဏ်များသည်ပင် အာမခံကုမ္ပဏီများတွင် အဓိကပါဝင်ရင်းနှီးမြှုပ်နှံထားသူများ ဖြစ်လေသည်။

အာမခံကုမ္ပဏီများသည် အစိုးရအာမခံငွေတိုက်စာချုပ်များဝယ်၍ ရင်းနှီးမြှုပ်နှံမှု မပြုမနေရ ဖြစ်ကြသော်လည်း အခြားရင်းနှီးမြှုပ်နှံသူအဖွဲ့အစည်းဖြစ်ကြသော ဘဏ်များနှင့် အစုရှယ်ယာရောင်းဝယ်ခွင့်ရ ကုမ္ပဏီများမှာမူ အစိုးရငွေတိုက်စာချုပ်များ ဝယ်ယူရင်းနှီးထားခြင်းသည် လုံခြုံစိတ်ချရသော ရင်းနှီးမြှုပ်နှံမှုဟု သူတို့ ယုံကြည်စိတ်ချမှသာလျှင် အစိုးရငွေတိုက်စာချုပ်လေလံပွဲများ၌ ပါဝင်ဝယ်ကြလိမ့်မည်ဖြစ်သည်။

ဈေးကွက် ဈေးနှုန်း

အစိုးရ အစိုးရငွေတိုက်စာချုပ်ဈေးကွက်မှာ လုံးလုံးလျားလျား ယှဉ်ပြိုင်နိုင်ခြင်းမရှိသေးချေ။ ထိုကြောင့် ဘဏ်တိုးနှုန်းကို ၁၀ ရာခိုင်နှုန်းအောက်မှာသာ ထားရပြီး ဈေးကွက်ဝယ်လိုအားကို အပြည့်အဝ ထင်ဟပ်နိုင်မှုမရှိချေ။

မစ္စတာ ရှောင်တာနယ်ကတော့ ဤစနစ်သည် မကြာမီ ပြုလွယ်ပြင်လွယ်ဖြစ်လာပြီး အာမခံစာချုပ်များ ဈေးကွက်အတွင်း ရောက်လာမည်ဟု သူမျှော်လင့်ကြောင်းပြောပါသည်။

“မကြာခင်ပဲ အဲဒီလိုဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်၊ ဒီနည်းနဲ့ပဲ သင့်တင့်မျှတတဲ့ အတိုးနှုန်းနဲ့ ပိုမိုပွင့်လင်းတဲ့ မူဘောင်တစ်ခု ထူထောင်ဖို့ နည်းလမ်းတစ်ခု ဖြစ်လာပါလိမ့်မယ်”

ရင်းနှီးမြှုပ်နှံတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်သော ဧရာမြန်မာ အာမခံလုပ်ငန်း AYA Myanmar Insurance (AMI) မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမင်းသူကမူ ရင်းနှီးမြှုပ်နှံသူဆိုသည်မှာ အမြတ်များများလိုချင်ကြသည်ကို သူနားလည်ကြောင်း၊ သို့ရာတွင် ၎င်းတို့သည် ပိုမိုကျယ်ပြန့်သည့်အမြင်လည်း ရှိဖို့လိုကြောင်းပြောပါသည်။

“ငွေတိုက်စာချုပ်တွေအတွက်က အတိုးတွေ မြှင့်နေပြန်ရင်လည်း အမြဲတမ်းအတွက် မကောင်းဘူးဆိုတာ နားလည်ထားဖို့လိုပါတယ်။ ခဏတာအတွက်တော့ ကောင်းချင်ကောင်းမယ်၊ ရေရှည်အတွက်ဆိုရင်တော့ မကောင်းပါဘူး” ဟု သူကပြောသည်။

“ဘဏ်တိုးနှုန်းတွေ များများပေးလေ အစိုးရက ပိုကုန်ကျလေလေပါပဲ။ အဲဒီတော့ အစိုးရက ရေရှည်မှာ အခွန်တိုးကောက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်” ဟု သူက သတိပေးပါသည်။

မည်သည့်နည်းဖြင့်ဖြစ်စေ အတိုးနှုန်းကို ကန့်သတ်ထားသည့်အတွက် ဈေးကွက်က သိသိသာသာထိုင်းသွားခြင်း မရှိပေ။ အစိုးရငွေတိုက်စာချုပ်များကို လက်ရှိတွင် ၁၀ ရာခိုင်နှုန်းအောက် အနည်းငယ်လျှော့၍ ၉ ဒသမ ၅ ရာခိုင်နှုန်းမှ ၉ ဒသမ ၈ ရာခိူင်နှုန်းအတွင်း သက်တမ်းကာလပေါ်မူတည်ပြီး ရောင်းနေကြပါသည်။

ဤအတိုးနှုန်းသည် ဘဏ်က စုငွေအပေါ်ပေးသည့် အတိုးနှုန်း ၈ ရာခိုင်နှုန်းထက်များသည်ဖြစ်ရာ ပုဂ္ဂလိကဘဏ်များက အစိုးရအာမခံစာချုပ်များကို ဝယ်ယူရင်းနှီးထားခြင်းဖြင့် အကျိုးအမြတ်ရနေနိုင်ပါသည်။

ဤထက်ပို၍ အတိုးများများလိုချင်ပါလျှင်မူ ဘဏ်များသည် ၁၃ ရာခိုင်နှုန်းအတိုးဖြင့် လုပ်ငန်းများထံ ငွေများ ထုတ်ချေးပေးရန်ဖြစ်ပါသည်။ သို့သော် အစိုးရငွေတိုက်စာချုပ်များကတော့ စွန့်စားရမှု၊ ဆုံးရှုံးနိုင်ချေ အလွန်နည်းပေသည်။ သို့ဖြစ်ရာ ဘဏ်များသည် ကြိုက်ရာနည်းကိုသုံး၍ ရင်းနှီးနိုင်ပါသည်။ ပုဂ္ဂလိကဘဏ်များသည် ငွေလိုပါက သူတို့ဝယ်သော အစိုးရငွေတိုက်စာချုပ်များကို ဗဟိုဘဏ် CBM သို့ ပြန်ရောင်းချနိုင်ပါသည်။ ထုတ်ချေးထားသည့် ချေးငွေများမှာမူ ယင်းသို့ချက်ချင်းလက်ငင်း ငွေပြန်မဖြစ်နိုင်ပေ။

အစိုးရအာမခံငွေချေးစာချုပ်များသည် ဘဏ်ချေးငွေထက်ပို၍ ငွေဖြစ်လွယ်သော်လည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများအကြား အလွယ်တကူအရောင်းအဝယ်လုပ်နိုင်သော တဆင့်ခံဈေးကွက် မဖြစ်ထွန်းသေးပေ။

နောက်ဆုံးရွေးစရာ

သို့သော် ရင်းနှီးမြှုပ်နှံသူအများစုက အစိုးရငွေတိုက်စာချုပ်ဈေးကွက်မှာ ယခုမှ အစပျိုးကာစသာရှိသေးသည်။ ရင်းနှီးမြှုပ်နှံမည့်သူတွေ စိတ်ဝင်စားလာအောင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နောက်ထပ်လုပ်စရာတွေ ရှိသေးသည်ဟု ယုံကြည်ယူဆနေကြသည်။

ယုံကြည်စိတ်ချရလောက်သည့် မြီစားမရှိတော့သော အစိုးရငွေတိုက်စာချုပ်များကို နောက်ဆုံးရွေးချယ်စရာအဖြစ် ဘဏ်တွေက ဝယ်ယူရင်းနှီးထားကြသည်ဟု  ယခင်ဗဟိုဘဏ် ဒုဥက္ကဋ္ဌဖြစ်သူ ယခု ကမ္ဘောဇဘဏ်၏ အထက်တန်း အကြံပေးအရာရှိ  ဦးသန်းလွင်က ပြောပါသည်။

“ဘဏ်တွေအဖို့ ရွေးချယ်စရာ အစိုးရငွေတိုက်စာချုပ်တွေ အမျိုးအစားအမျိုးမျိုး ထားရှိဖို့လိုပါတယ်။ အရေးအကြီးဆုံးက အစိုးရငွေတိုက်စာချုပ်ဈေးကွက် ရှင်သန်နေဖို့ပဲ။ အရောင်းအဝယ်လုပ်နိုင်တဲ့ ဈေးကွက်ရှိဖို့လိုတယ်။ ဗဟိုဘဏ်က ဒီလိုဈေးကွက်မျိုးကို ဖန်တီးပေးရပါမယ်”

ဗဟိုဘဏ်သည် အစိုးရငွေတိုက်စာချုပ်များကို ဘဏ်များထံ ရောင်းချနေခြင်းနှင့်အတူ ဘဏ်များငွေလိုနေပါက အစိုးရငွေတိုက်စာချုပ်သက်တမ်းမပြည့်မီ ပြန်လည်ရောင်းချနိုင်ရန်လည်း လုပ်ဆောင်ပေးသင့်ပြီး ဗဟိုဘဏ်သည် အသိနိုးကြားလာအောင်လည်း လုပ်ဆောင်လျက် ပိုမိုသက်တမ်းရှည်သော အစိုးရငွေတိုက်စာချုပ်များ ထုတ်ဝေရောင်းချခြင်းဖြင့်  အစိုးရငွေတိုက်စာချုပ် အရောင်းအဝယ်ဈေးကွက်ကို မြှင့်တင်နိုင်သည်ဟု ၎င်းက ပြောကြားသည်။

အစိုးရငွေတိုက်စာချုပ်ဈေးကွက် မြှင့်တင်ပေးဖို့ လိုအပ်ကြောင်းကို ဘဏ္ဍာရေးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းစုက သဘောတူသည်။

“ကျွန်မတို့က ကမ္ဘာ့ဘဏ် WB ၊ အာရှဖွံ့ဖြိုးရေးဘဏ် ADB နဲ့ နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း IFC  စတဲ့ နိုင်ငံတကာအဖွဲ့အစည်းအတွေရဲ့ အကူအညီနဲ့ ဒီဈေးကွက်ဖွံ့ဖြိုးလာဖို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ပြောသည်။

စီမံ/ ဘဏ္ဍာဝန်ကြီးဌာနမှာ ကြွေးမြီစီမံခန့်ခွဲမှုဌာနခွဲ Debt Management Division ထူထောင်ထားရှိဖို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ်က အစိုးရကို အကူအညီပေးနေပြီး အစိုးရငွေတိုက်စာချုပ် တစ်ဆင့်ခံဈေးကွက် ဖွံ့ဖြိုးလာစေရန် ဝန်ကြီးဌာနနှင့် အနီးကပ်ပူးပေါင်းလုပ်ဆောင်နေသည်။ နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်းကမူ ကုမ္ပဏီအစုရှယ်ယာစာချုပ်ဈေးကွက် Corporate bond Market ဖွံ့ဖြိုးလာရန် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိပါသည်။ (အစုရှယ်ယာလက်နှင့် ရှယ်ယာဒိုင်ကော်မရှင်၊ မြန်မာနိုင်ငံ) Securities and Exchange Commission of Myanmar, SECM အဖွဲ့ဝင် ဦးဌေးချွန်က ကုမ္ပဏီအစုရှယ်ယာစာချုပ် Corporate bonds များထုတ်ဝေရေးမှာ အစပျိုးအဆင့်သာရှိသေးကြောင်း ကုမ္ပဏီအစုရှယ်ယာစာချုပ်များ ထုတ်ရောင်းခြင်းဖြင့် မည်သို့အထောက်အကူဖြစ်နိုင်သည်ဆိုသည်ကို ကျွမ်းကျင်သူများနှင့် လေ့လာနေဆဲပင်ဖြစ်ကြောင်းပြောပါသည်။

ဧရာမြန်မာ (အာမခံ)မှ ဦးမျိုးမင်းသူက Corporate bond market ပေါ်ပေါက်လာမည့် အလားအလာကို ကြိုဆိုကြောင်းဆိုပါသည်။ “ယုံကြည်လောက်တဲ့ ကုမ္ပဏီတွေက Corporate bonds တွေ ထုတ်လာရင် ဈေးကွက်က ကျွန်တော်တို့လို အာမခံသမားတွေအဖို့ ပိုပြီးနှစ်လိုဖွယ်ဖြစ်လာမယ်။ ဘဏ်တွေအတွက်လည်း ရင်းနှီးမြှုပ်နှံဖို့ ရွေးချယ်စရာတွေ ပိုရလာတာပေါ့” ဟု ပြောပါသည်။

“ဆယ်နှစ် အနှစ်နှစ်ဆယ်လို သက်တမ်းရှည်ငွေတိုက်စာချုပ်တွေ ထုတ်မယ်ဆိုရင် အာမခံကုမ္ပဏီတွေက ကြိုဆိုကြမှာပဲ” ဟု သူကပြောပါသည်။ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုကို ထောက်ပံ့ရန် အခြေခံအဆောက်အအုံစာချုပ် infrastructure bonds များ ရောင်းဖို့ကိုလည်း အစိုးရက စဉ်းစားပေးရန် ဦးမျိုးမင်းသူက အကြံပြုလိုက်ပါသည်။

ဦးကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.