“မြန်မာက မူးယစ်ဆေးဝါး ကုန်သွယ်မှုဗဟိုဌာန ဖြစ်နေ” ဂျယ်ရမီ ဒေါက်ဂလပ်စ်

ဇွန် ၂၆ ရက်က ရန်ကုန်မြို့၌ မူးယစ်ဆေးဝါး အမေရိကန်ဒေါ်လာသန်း ၂၀၀ ဖိုးကို အခမ်းအနားဖြင့် မီးရှို့ဖျက်ဆီးပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ကို အစိုးရက တခမ်းတနား ကျင်းပခဲ့သည်။ ယင်းသို့ လူသိရှင်ကြား ဆောင်ရွက်မှုများ ရှိသည့်တိုင် မူးယစ်ဆေးဝါးက မြန်မာနိုင်ငံ၌ အဓိကပြဿနာအဖြစ် ရှိနေဆဲဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒုတိယအများဆုံး ထုတ်လုပ်သည့်နိုင်ငံအဖြစ် တည်ရှိနေဆဲဖြစ်သည်။ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး သုံးစွဲမှုပြဿနာ၊ မူးယစ်ဆေးဝါး သုံးစွဲသူများ တိုးတက်ကောင်းမွန်စေရေးအတွက် ဆောင်ရွက်သော အစီအမံများနှင့် နိုင်ငံဖြတ်ကျော် ပြစ်မှုတိုက်ဖျက်ရေး ရည်မှန်းဆောင်ရွက်နေသော အေဂျင်စီ၏ အစီအစဉ်များအကြောင်း Frontier မှ အိုလီဗာ ဆလိုးက ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး UNODC ကိုယ်စားလှယ် မစ္စတာ ဂျယ်ရမီဒေါက်ဂလပ်စ် Mr Jeremy Douglas နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

အရှေ့တောင်အာရှမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှာ ဗဟိုအချက်အချာအဖြစ် မြန်မာနိုင်ငံက ဘယ်အတိုင်းအတာထိ ရောက်ရှိနေပါသလဲ။

အနည်းဆုံး မဲခေါင်ဒေသ မူးယစ်ဆေးဝါး ရောင်းဝယ်မှုရဲ့ အချက်အချာဒေသ တစ်ခုဖြစ်နေပါတယ်။ ဘိန်းဖြူရောင်းဝယ်ရေးကို ကြည့်ရင် ဗဟိုချက်ဒေသ တစ်ခုဖြစ်နေပါတယ်။ မက်သာဖက်တမင်းကို ကြည့်ရင် အဓိက ဆောင်ရွက်သူတွေထဲမှာ ပါနေပါတယ်။

မူးယစ်ဆေးဝါး ထုတ်လုပ်မှုဘက်က စ ကြည့်ရင် ကျွန်တော်တို့က အကြိုထိန်းချုပ်မှုတွေကို ဆောင်ရွက်နေပါတယ်။ အကြိုထိန်းချုပ်မှုတွေက မူးယစ်ဆေးဝါး ထုတ်လုပ်ရာမှာ လိုအပ်တဲ့ ဓာတုပစ္စည်းတွေဖြစ်ပြီး တရုတ်နဲ့ အိန္ဒိယတို့ဘက်က ဝင်လာကြပါတယ်။

ဘိန်းဖြူနဲ့ မက်သာဖက်တမင်း နှစ်မျိုးစလုံးကို ထုတ်လုပ်မယ်ဆိုရင် ဓာတုပစ္စည်း လိုပါတယ်။ ဒီမူးယစ်ဆေးဝါး နှစ်မျိုးစလုံး ထုတ်လုပ်ဖို့အတွက် လိုအပ်တဲ့ ဓာတုဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းတွေက ဒီနိုင်ငံမှာ မရှိပါဘူး။ မူးယစ်ဆေးဝါးတွေကို အလုံးအရင်းနဲ့ ထုတ်နေတာဆိုတော့ ဓာတုပစ္စည်းတွေကလည်း ပမာဏကြီးမားစွာ စီးဝင်နေတဲ့သဘော ရှိပါတယ်။

ထုတ်လုပ်မှု ကျဆင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ ဧရိယာထဲကို ဓာတုပစ္စည်းတွေ တင်သွင်းရောင်းချတာကို ရပ်တန့်ဖို့၊ ဒါမှမဟုတ် ဓာတုပစ္စည်း ရောင်းဝယ်မှုတွေ ကျဆင်းသွားအောင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ တွန်းအားပေး ဆောင်ရွက်နေပါတယ်။ ဒီကိစ္စက အသိအမှတ်ပြုမှုနည်းပြီး ပိုမိုအလေးပေးဆောင်ရွက်ဖို့ လိုတယ်ဆိုတဲ့အချက်ကို အထူးအလေးထားဖို့ လိုပါတယ်။

နိုင်ငံအတွင်းမှာ ထုတ်လုပ်မှုကိုလည်း ကျွန်တော်တို့ လေ့လာနေပါတယ်။ အလားတူပဲ မူးယစ်ဆေးဝါးရဲ့ အရင်းအမြစ်ကိုလည်း ကျွန်တော်တို့ လေ့လာနေပါတယ်။ ဒါကြောင့် ဘိန်းဖြူနဲ့ပတ်သက်ရင် ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းပါပဲ။ ရှမ်းပြည်နယ်တောင်ပိုင်းမှာဆိုရင် ကျွန်တော်တို့က အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ မက်သာဖက်တမင်းကို ကြည့်မယ်ဆိုရင် အပစ်အခတ် ရပ်စဲထားတဲ့ အုပ်စုတွေရဲ့နယ်မြေဝန်းကျင်ဒေသတွေမှာ ဖြစ်နေပါတယ်။ ဒါကြောင့် မှောင်ခိုစီးဝင်မှုတွေကို ကျွန်တော်တို့ ဘယ်လိုလျှော့ချနိုင်မယ်ဆိုတာကို ကျွန်တော်တို့က (အစိုးရကို) ပြောပါတယ်။ ပြီးတော့ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ဆေးဝါးကုသရေးကိစ္စ အစိုးရနဲ့ ဆွေးနွေးနေပါတယ်။ ပြည်သူ့ကျန်းမာရေးစနစ်ကတဆင့် မူးယစ်ဆေးစွဲသူတွေကို တိုးတက်ကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင်မယ့် နည်းလမ်းတွေကိုလည်း ဦးစားပေးဆောင်ရွက်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။

ဒီအကြောင်း အကျယ်တဝင့် ရှင်းပြပေးစေချင်ပါတယ်။

ကျွန်တော်တို့ အမြင်အရ ပိုမိုထိရောက်မယ်လို့ ယူဆရတဲ့ ဆေးစွဲသူကုသရေး ပုံစံသစ်ကို သဘောတူထားတဲ့ ပတ်ဝန်းကျင်နိုင်ငံတွေရယ်၊ ဒီနိုင်ငံက အစိုးရရယ်နဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အစဉ်အလာအရတော့ မဖြစ်မနေ ဆေးဝါးကုသမှု ခံယူရေးပုံစံ ဖြစ်ပါတယ်။ အခြေခံအနေနဲ့ လူတစ်ယောက် ဆေးစွဲတယ်။ သူတို့တရားရေးဌာနနဲ့ ဆက်သွယ်တယ်။ ဒါပေမဲ့ မိမိဆန္ဒအလျောက် ဆောင်ရွက်တာမျိုး မဟုတ်ဘူး။ မလိုအပ်ဘူးဆိုပြီး သိပ္ပံနည်းကျ စစ်ဆေးတွေ့ရှိချက်ကို အခြေခံတာမျိုး မဟုတ်ဘူး။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ဆောင်ရွက်တဲအခါ ကျွန်တော်တို့က လူထုအခြေပြု ကုသရေးလုပ်ငန်းနဲ့ ဆောင်ရွက်ပါတယ်။ ဒီကုသမှုအရ လူတွေကို သင့်တော်တဲ့ ကုသမှုရအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ ဒီစနစ်က မိမိဆန္ဒအလျောက်နဲ့ သက်သေခံ အထောက်အထားကို အခြေခံတဲ့စနစ် ဖြစ်ပါတယ်။ ဒီနိုင်ငံအစိုးရက ဒီကိစ္စကို အိမ်နီးချင်းနိုင်ငံတွေနဲ့ လက်မှတ်ရေးထိုးထားပါတယ်။ အခု ကျွန်တော်တို့က ကျန်းမာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး လုပ်ငန်းအရှိန်မြှင့် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေပါတယ်။

အကောင်အထည်ဖော်ဖို့ အချိန်ဇယား ရေးဆွဲထားပြီးပြီလား။

စ နေပါပြီ။ သင်တန်းတွေ စ နေပြီး လာမယ့်လ အနည်းငယ်အတွင်းမှာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေအတွက် လေ့ကျင့်ရေးသင်တန်းတွေ ပိုမိုဆောင်ရွက်ထားပါတယ်။ အမှန်ကတော့ ငွေကြေးထောက်ပံ့မှု လိုလာပါတော့မယ်။ ဒါကြောင့် အစိုးရကိုယ်တိုင်ကလည်း ငွေကြေးကို ဘယ်လိုထောက်ပံ့ရတော့မယ်ဆိုတာ နည်းလမ်းရှာရပါတော့မယ်။ ကျွန်တော်တို့ကလည်း ငွေတချို့ကို ထောက်ပံ့နိုင်ပါတယ်။ ဒါပေမဲ့ မူးယစ်ဆေးဝါး ပြဿနာအရွယ်အစားက ကြီးမားတဲ့အတွက် အတိုင်းအတာ တစ်ခုအထိ အကန့်အသတ် ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အစိုးရကိုယ်၌က အရင်းအနှီး တစ်ခုလို မြှုပ်နှံပေးဖို့ လိုလားပါတယ်။

ဒီနည်းလမ်းက ဘာ့ကြောင့် တိုးတက်မှုရှိတဲ့ နည်းလမ်းလို့ ဆိုနိုင်တာလဲ။

အခြေခံအဆင့်မှာ မိမိဆန္ဒအလျောက် ဆောင်ရွက်ဖို့ လိုပါတယ်။ ရလဒ်တစ်ခုကို လိုချင်တဲ့အတွက် လူတွေက သူ့ဆန္ဒအလျောက် ဆေးကုသမှု ခံယူဖို့သွားကြတယ်။ သူတို့ ဒီလိုလာတဲ့အခါ သူတို့ဆန္ဒအလျောက် လာတာဖြစ်ပြီး မူးယစ်ဆေး မသုံးဖြစ်တဲ့ အခြေအနေမျိုးနဲ့ ပြန်ထွက်သွားလိုတဲ့ဆန္ဒ ရှိကြပါတယ်။

ဒါပေမဲ့ လူတွေကို အတင်းအဓမ္မ ဆေးကုပေးမယ်၊ ဒါမှမဟုတ် ထောင်ချပစ်မယ်ဆိုရင် အဲဒီနေရာမှာ ပြန်လည်ထူထောင်ရေးအတွက် အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ပါဘူး။ ဒီလိုလုပ်ရင် မူးယစ်ဆေးသုံးစွဲမှုကို အမှန်တကယ် လျှော့ချနိုင်မှာ မဟုတ်ပါဘူး။ ဒါမှမဟုတ်လည်း လှုပ်ရှားမှုပုံစံကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အခု ဆောင်ရွက်မှုက ကုသမှုရလဒ်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

မူးယစ်ဆေးသုံးတဲ့ လက္ခဏာတွေနဲ့ လူတစ်ယောက် သုံးထားတဲ့ မူးယစ်ဆေးဝါး အမျိုးအစားကို ဘယ်လိုဖော်ထုတ်ရမယ်ဆိုတာ လူတွေကို ကျွန်တော်တို့ သင်တန်းပေးပါတယ်။ ပြီးတော့ သူတို့ကို သင့်တော်သလို နေရာချထားပေးပါတယ်။ ဥပမာအားဖြင့် မူးယစ်ဆေးဝါး သုံးစွဲသူတွေအနက် ၁၀ ရာခိုင်နှုန်းလောက်ကသာ လက်ခံထားပေးဖို့ နေရာလိုပါတယ်။ ကျန်ရာခိုင်နှုန်း ၉၀ က သူတို့တွေရဲ့ဆေးဝါးသုံးစွဲမှု လျော့ကျလာအောင် နှစ်သိမ့်ဆွေးနွေးမှုနဲ့ လူနေထိုင်မှုဘဝတွေ ရွေးချယ်တတ်လာအောင် ဆောင်ရွက်ပေးဖို့ဆိုပြီး အမျိုးမျိုး လိုအပ်ပါလိမ့်မယ်။

စောစောပိုင်းက ဘိန်းပင်စိုက်ပျိုးရေးအကြောင်း ခင်ဗျား ပြောလိုက်တယ်။ ဒီနယ်မြေထဲမှာ ဘယ်လို အလားအလာတွေ ရှိလဲ။

တန့်သွားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ တန့်သွားတာက အများကြီးရောက်ခဲ့ပြီးမှ တန့်သွားတာပါ။ ဒါကြောင့် ဆိုပါစို့ ကျွန်တော်တို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက် စိုက်ပျိုးတာ ဟက်တာ ၂၀,၀၀၀ လောက်ရှိခဲ့တယ်။ အခု ကျွန်တော်တို့ ပြန်ကြည့်ရင် ဟက်တာ ၆၀,၀၀၀ လောက်ရှိလိမ့်မယ်။ ဒါပေမဲ့ တန့်တော့သွားပါပြီ။

ဒီလောက် အမြင့်ကြီးထိ ရောက်သွားရတဲ့ အကြောင်းရင်းက ဘာလို့ ထင်ပါသလဲ။

တိုးတက်မှုနှုန်း တန့်သွားရတဲ့ အကြောင်းရင်းတွေကတော့ အမျိုးမျိုး ရှိနိုင်ပါတယ်။ အစိုးရနဲ့ ပူးတွဲပြီး ကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့ ဟန့်တားမှုတချို့က အထိုက်အလျောက် အောင်မြင်ခဲ့ပါတယ်။ တိုးတက်တဲ့နှုန်းက အထိုက်အလျောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ တချို့နယ်မြေတွေမှာ စိုက်ပျိုးမှု လျှော့ချတာ အောင်မြင်ခဲ့ပါတယ်။ တချိန်တည်းမှာ ဈေးကွက်ညွှန်းကိန်းတွေကလည်း အရေးပါတဲ့ အနေအထားမှာ ရှိခဲ့ပါတယ်။ ဘိန်းဝယ်လိုအားကလည်း မျှခြေအဆင့်ကို ရောက်သွားပုံရပါတယ်။ ဒါကလည်း အကြောင်းရင်းတစ်ခု ဖြစ်မှာပါ။

ရှမ်းပြည်နယ်တစ်နေရာမှ ဘိန်းခင်းတစ်ခင်း။ ဓာတ်ပုံ - ပံ့ပိုး

ရှမ်းပြည်နယ်တစ်နေရာမှ ဘိန်းခင်းတစ်ခင်း။ ဓာတ်ပုံ – ပံ့ပိုး

ဘိန်းစိုက်ပျိုးရေးက လုံခြုံရေး ညံ့ဖျင်းတဲ့ နယ်မြေတွေမှာ ပိုပြီးများပြားတယ်လို့ အခုနှစ် နှစ်ဦးပိုင်း ထုတ်ပြန်ခဲ့တဲ့ UNODC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီအကြောင်းလေး နည်းနည်းရှင်းပြပေးနိုင်မလား။

ကမ္ဘာတစ်ဝန်းလုံးမှာ ဒီလိုပဲ တွေ့နေရတာပဲ။ အစိုးရက လုံခြုံရေးနဲ့ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှု ပေးနိုင်ရင် ယေဘုယျအားဖြင့် မူးယစ်ဆေးဝါး စိုက်တာမတွေ့ရပါဘူး။ ဥပမာအားဖြင့် တောင်အမေရိကမှာ၊ ကိုလံဘီယာမှာ ဒီလိုပဲ ဖြစ်ခဲ့တာပဲ။ ရွှေတြိဂံနယ်မြေမှာလည်း ဒီသဘောပါပဲ။

ဒီနေရာမှာ ဖြစ်နေတဲ့ ပဋိပက္ခပုံစံကို ကြည့်မယ်ဆိုရင် အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းလို နေရာမျိုးတွေမှာ ပဋိပက္ခက အုပ်စုအမျိုးမျိုးတွေ အတွင်းမှာ ဖြစ်နေတာ။ တကယ်တော့ ဒီနေရာက နိုင်ငံအတွင်းမှာ ဘိန်းထုတ်လုပ်မှု မြင့်တက်နေတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။

ဒါကလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ လူမှုရေးကိစ္စတွေနဲ့ ပညာရေးကိစ္စတွေမှာ အစိုးရက ထိန်းချုပ်မထားနိုင်ပါဘူး။ ဒီနေရာတွေက တခြားနေရာတွေနဲ့ အဆက်အသွယ်ပြတ်တယ်။ အထီးကျန်တယ်။ မူးယစ်ဆေးဝါး ထုတ်လုပ်မှုက သူတို့ အသက်မွေးဝမ်းကျောင်းအတွက် တစ်ခုတည်းသော နည်းလမ်း ဖြစ်နေပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံမှာ မက်သာဖက်တမင်းပြဿနာ ဘယ်လောက်အထိ ကြီးမားနေပါသလဲ။

အဆမတန် ကြီးမားတဲ့ ပြဿနာကြီးပါ။

ဘိန်းထက်ဆိုးတယ်ပေါ့။

ဟုတ်ပါတယ်။ အဲဒီလိုပဲ ပြောရမယ်လို့ ကျွန်တော် ထင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ခန့်ကတည်းက ရဲအဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ အခုတော့ တကယ်မှန်နေပြီဆိုတာကို တွေ့ရပါတယ်။ နိုင်ငံအနှံ့ နေရာတိုင်းလောက်မှာ အမြောက်အမြား ရနေပါပြီ။

လွန်ခဲ့တဲ့ ငါးနှစ် ခြောက်နှစ်လောက်ကဆိုရင် အခုလိုတွေ မတွေ့ရပါဘူး။ အဲဒီအချိန်က နိုင်ငံခြားကို ပို့ဖို့က အဓိကပဲ။ ဒါပေမဲ့ အခုအချိန်မှာတော့ နိုင်ငံအတွင်းမှာကို သုံးစွဲနေကြပါပြီ။

တချိန်တည်းမှာ ဈေးကွက်တွေ ဖြန့်ကျက်လာတာကို ကျွန်တော်တို့ တွေ့မြင်နေရပါတယ်။ အရင်က မက်သာဖက်တမင်းထက် အဆင့်နိမ့်တဲ့ ရာဘကို သုံးခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့ အရမ်းသန့်စင်ထားတဲ့ မက်သာဖက်တမင်းမှုန့် crystal meth ကို သုံးလာကြပါပြီ။ နိုင်ငံတနေရာရာက ထုတ်မယ်လို့ ယူဆရတဲ့ crystal meth တွေကို အလုံးအရင်းနဲ့ ဖမ်းမိနေတာကို ကျွန်တော်တို့ တွေ့နေရပါတယ်။.

ဒီလို မူးယစ်ဆေးဝါးမျိုးတွေ ဒီလောက်အထိ ပျံ့နှံ့နေရတဲ့ အကြောင်းရင်းကို သိပါသလား။

ဝယ်လိုအားကို နားလည်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီလိုဖြစ်လာတာ လွန်ခဲ့တဲ့နှစ် အနည်းငယ်ကတည်းက ဖြစ်လာတာဆိုတော့ ဝယ်လိုအားက အဲဒီကတည်းက ရှိနေတာပါ။ ဈေးသက်သက်သာနဲ့ ဈေးကွက်ထဲကို စုပြုံဝင်ရောက်လာတယ်။ တချို့နေရာတွေမှာဆိုရင် ဆေးတစ်ပြားကို တစ်ဒေါ်လာနဲ့တောင် ဝယ်လို့ရပါတယ်။ တခြားဈေးကွက်တွေမှာလည်း ဈေးချိုပါတယ်။ ဒီလောက်တော့ မချိုဘူးပေါ့။ ဒါကြောင့် ဒီမှာ ဆေးတွေက ဈေးချိုပြီး အလွယ်တကူ ရနေတာဖြစ်ပါတယ်။

ငရုတ်သီးတောင့်တွေထဲမှာ ဝှက်ပြီး သယ်လာတဲ့ ရာဘဆေးပြားတွေ အကြောင်းကို လူမှုမီဒီယာမှာ အရင် ရက်သတ္တပတ်က တင်တဲ့ ဗီဒီယိုတစ်ခုမှာ တွေ့လိုက်ရပါတယ်။ ဒီကွန်ရက်တွေက ဘယ်လောက်အထိ ရှုပ်ထွေးပြီး ဘယ်လောက်အထိ ခြေရာခံရ ခက်ခဲလာနေပြီလဲ။

မက်သာဖက်တမင်းနဲ့ ဘိန်းဖြူက ခြားနားချက် ရှိပါတယ်။ မက်သာဖက်တမင်းက ပထဝီအနေအထားအရ ကန့်သတ်ချက် မရှိပါဘူး။ အခြေခံအားဖြင့် ဘယ်နေရာမှာထုတ်ထုတ်၊ ထုတ်လို့ရပါတယ်။ ဒါကြောင့် ဘယ်ကလာတယ်ဆိုတာကို ကျွန်တော်တို့ အတိအကျ မသိရတာပါ။ ရင်းမြစ်ကို ခြေရာခံဖို့ မလွယ်ပါဘူး။ မူးယစ်ဆေးဝါး ကွန်ရက်တွေမှာ ထောက်လှမ်းရေးလုပ်ငန်းကို ဖြန့်ကျက်ထားရပါမယ်။ မက်သာဖက်တမင်း ထုတ်လုပ်တဲ့ ကွန်ရက်တွေက ဘိန်းဖြူထုတ်လုပ်တာနဲ့ မတူဘဲ သေးငယ်ပြီး ကျစ်လျစ်သိပ်သည်းမှုရှိတဲ့ သဘောရှိပါတယ်။

ပြီးတော့ သူတို့က နည်းလမ်းအမျိုးမျိုးကို သုံးတတ်တယ်။ ခင်ဗျားပြောသလိုပါပဲ သူတို့က ငရုတ်သီးလိုဟာတွေထဲမှာ ထည့်သယ်တယ်။ တကယ်တော့ သူတို့ ဘယ်ပစ္စည်းထဲဖြစ်ဖြစ် ထည့်သယ်လို့ရတယ်။ ဒါကြောင့် ခြေရာခံလိုက်ဖို့ ခက်ပါတယ်။

UNODC က မူးယစ်ဆေးဝါးကိုချည်း အဓိကထား ဆောင်ရွက်တာ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ပြစ်မှုနဲ့ ဆက်နွယ်နေတဲ့ တခြားဘာလုပ်ငန်းတွေကို ဖြေရှင်းဆောင်ရွက်သေးလဲ။

ကျွန်တော်တို့ ဒီမှာ အခု အဓိက ဆောင်ရွက်နေတဲ့ အကြီးဆုံးကိစ္စက သစ်မှောင်ခိုမှုကိစ္စ ဖြစ်ပါတယ်။ ဒေသတွင်းမှာ မူရင်းသစ်တောဧရိယာ ကျန်ရှိနေသေးတဲ့ နိုင်ငံအနည်းငယ်ထဲမှာ ဒီနိုင်ငံ ပါဝင်တဲ့အတွက် မြန်မာနိုင်ငံက သစ်ရရှိနိုင်တဲ့ ရင်းမြစ်ဒေသ တစ်ခုဖြစ်ပါတယ်။ တန်ဖိုးကြီးတဲ့သစ်တွေအတွက် ဝယ်လိုအားများတဲ့ အနီးအပါးက ဈေးကွက်ကလည်း ရှိနေပါတယ်။

နိုင်ငံဖြတ်ကျော် တခြားပြစ်မှုပုံစံတွေကိုလည်း ကျွန်တော်တို့ ကိုင်တွယ်ပေးနေပါတယ်။ လူမှောင်ခိုနဲ့ ရွှေ့ပြောင်းလုပ်သား မှောင်ခိုမှုတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နယ်စပ်ကွပ်ကဲမှုပုံစံအတွက် အရမ်းဂုဏ်ယူပါတယ်။ နိုင်ငံတွေ ပူးပေါင်းဆောင်ရွက်ရာမှာ အကူအညီပေးဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်တစ်ဖက်တစ်ချက်မှာ နယ်စပ်စခန်းတွေ ဆောက်လုပ်ထားပါတယ်။ ဒီနယ်စပ်စခန်းတွေက နယ်စပ်ဖြတ်ကျော် ပြစ်မှုမျိုးစုံကို ထိန်းချုပ်ဖို့ ဆောင်ရွက်နိုင်ပါတယ်။ တရုတ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေမှာ နယ်စပ်စခန်းတွေ ကျွန်တော်တို့ ထူထောင်ထားပြီးပါပြီ။ (ရခိုင်ပြည်နယ်မြောက်ပိုင်း) မောင်တောဒေသကိုလည်း ကျွန်တော်တို့အဖွဲ့ တစ်ဖွဲ့စေလွှတ်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ စခန်းတစ်ခု ထူထောင်ဖို့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ လူတွေရဲ့အာရုံကို အများဆုံး ဆွဲဆောင်နိုင်တာကတော့ တောရိုင်းတိရစ္ဆာန် မှောင်ခိုကုန်ကူးတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒီလုပ်ငန်း တိုက်ဖျက်ရေးလုပ်ငန်းကိုရော ဆောင်ရွက်သေးသလား။

တောရိုင်းတိရစ္ဆာန် မှောင်ခိုတာနဲ့ သစ်မှောင်ခိုတာက အမြဲလိုလို ဆက်စပ်နေပါတယ်။ ဒါကြောင့် ဒီကိစ္စ နှစ်ခုစလုံးအတွက် အစိုးရနဲ့ လုပ်ထားတဲ့ အစီအစဉ်တစ်ခု ရှိပါတယ်။ တောရိုင်းတိရစ္ဆာန်တွေအတွက် ဒီနိုင်ငံက ရင်းမြစ်နိုင်ငံ တစ်ခုဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေအတွက် ကြီးမားတဲ့ ဈေးကွက်ကြီး ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံလို ကြားခံနိုင်ငံ တစ်ခုဖြစ်လာနိုင်တဲ့ အလားအလာတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ဆွဲဆောင်မှုရှိတဲ့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းရှိတဲ့အတွက် ကြားခံနိုင်ငံ တစ်ခုဖြစ်နိုင်တဲ့ အလားအလာလည်း ရှိနေပါတယ်။

ပြီးတော့ တိရစ္ဆာန်တွေထဲမှာ တခြားတိရစ္ဆာန်ထက်ပိုပြီး အန္တရာယ် ကျရောက်နိုင်တဲ့ တိရစ္ဆာန်ရှိလား။ ဒါမှမဟုတ် မြန်မာနိုင်ငံက တောရိုင်းတိရစ္ဆာန်အားလုံး အန္တရာယ်ရှိတာပဲလား။

အားလုံးပဲလို့ ကျွန်တော်ထင်တယ်။ မကြာသေးခင်ကပဲ ဆင်ရေခွံ ရောင်းဝယ်တာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့တောရိုင်းတိရစ္ဆာန် ကျွမ်းကျင်သူတွေက ပေးတဲ့အစီရင်ခံစာတွေ ကျွန်တော်တို့ ရထားတယ်။ ဆေးဝါးအဖြစ်သုံးဖို့ လုပ်တယ်လို့ ယူဆရပါတယ်။ (ဆင်ရေခွံက) အနာကျက်မြန်တဲ့ စွမ်းအင်ရှိတယ်လို့ လူတွေက ယုံကြည်ထားပါတယ်။ ဆင်ဦးရေက အများကြီး မကျန်တော့တဲ့အတွက် အလွန်မတန် စိုးရိမ်စရာကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်။ တကယ်တော့ မှောင်ခိုကုန်ကူးခံနေရတဲ့ သင်းခွေချပ်နဲ့ ငှက်မျိုးစိပ် အမျိုးမျိုးလည်း ရှိနေသေးတယ်လို့ ကျွန်တော်တို့ သိထားပါတယ်။

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.