ထားဝယ် အထူးစီးပွားရေးဇုန် ဖျက်သိမ်းရန် အချိန်တန်ပြီ

ဒေသတွင်း၌ အကြီးမားဆုံး စက်မှုဇုန်မဟာစီမံကိန်းကို ထားဝယ်ဆိပ်ကမ်းတွင် တည်ဆောက်ရေးကို ထောက်ခံပြောကြားချက်များမှာ အားနည်းချွတ်ယွင်းချက်များ နက်နက်ရှိုင်းရှိုင်းရှိနေပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် လူ့အဖွဲ့အစည်းကို ထိခိုက်စေမည့် အလားအလာများ ကြီးမားစွာ ဖိစီးလျက်ရှိသည်။

ဒန်နီ မာ့ခ် နှင့် တမ်မီ ချောင် ရေးသားသည်။

ထားဝယ် အထူးစီးပွားရေးဇုန် Dawei Special Economic Zone ကို မြန်မာနှင့်ထိုင်းအစိုးရတို့က ၂၀၀၈ ခုနှစ်တွင် တခမ်းတနား ပူးတွဲကြေညာခဲ့သည်။ အကျယ်အဝန်းအားဖြင့် စတုရန်းကီလိုမီတာ ၂၅၀ ခန့် ရှိသဖြင့် အပြီးသတ် အကောင်အထည်ဖော်ပြီးပါက အရှေ့တောင်အာရှတွင် အကြီးမားဆုံး စက်မှုနယ်မြေကြီး တစ်ခုဖြစ်လာပေလိမ့်မည်။

သို့သော်လည်း စီမံကိန်းမှာ တိုးတက်မှု အနည်းငယ်ကိုသာ ပြသနိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန် စီမံကိန်းသုံးခုအနက်  ယခုစီမံကိန်းမှာ ပထမဆုံး ဆောင်ရွက်သည့်စီမံကိန်း ဖြစ်သော်လည်း ဖွံ့ဖြိုးမှုအနည်းဆုံး ဖြစ်သည်။ လုံလောက်သော ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်စွမ်းမရှိခြင်းနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများက အပြင်းအထန် ကန့်ကွက်မှုများကြောင့် စီမံကိန်းကို အနှောက်အယှက်ဖြစ်စေခဲ့သည်။ လွန်ခဲ့သော လေးနှစ်အတွင်း အခြေခံအားဖြင့် တိုးတက်မှု ရှိခဲ့သည်ဟုဆိုသည့်တိုင် ပြောပလောက်အောင် မရှိခဲ့ပေ။

အခြေအနေ ပြောင်းလဲသွားနိုင်ကြောင်း မကြာသေးမီက ဖြစ်ပေါ်ခဲ့သော လက္ခဏာများက ညွှန်ပြလျက်ရှိသည်။ ဇွန်လအတွင်းက ထားဝယ်မြို့ကို ထိုင်းနိုင်ငံ ကန်ချနာဘူရီပြည်နယ်ရှိ နယ်စပ်မြို့ဖြစ်သော ဖူနမ်ရွန်ကို ဆက်သွယ်မည့် ၁၃၂ ကီလိုမီတာအရှည် နှစ်လမ်းသွားလမ်း ဖောက်လုပ်ရန် အမေရိကန်ဒေါ်လာ ၁၃၃ သန်းချေးငွေစာချုပ်ကို ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံတို့ ဇွန်လက ချုပ်ဆိုခဲ့ကြသည်။ အခြားမျှော်လင့်ချက် လက္ခဏာတစ်ခုမှာ အထူးစီးပွားရေးဇုန် တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ယခင်လက ကြေညာခဲ့ခြင်းဖြစ်သည်။

စီမံကိန်းနှင့်ပတ်သက်၍ မရေရာမှုများ မြင့်မားစွာ ရှိနေဆဲဖြစ်သည်။ သို့သော် ရှေ့ဆက်ဆောင်ရွက်မည်ဆိုပါက သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ စွန့်စားမှုအန္တရာယ်များက အမျာအပြား ပေါ်ပေါက်လာနိုင်ဖွယ် ရှိပေသည်။ ယင်းအန္တရာယ်များတွင် လယ်ယာမြေ ထပ်မံသိမ်းဆည်းမှု၊ ငါးဖမ်းဧရိယာ ပျောက်ကွယ်မှု၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ဇီဝမျိုးကွဲများ ဆုံးရှုံးမှု၊ လက်ရှိရေပေးဝေမှု အကျပ်အတည်းနှင့် လူသားတို့၏ ကျန်းမာရေးအပေါ် ဆိုးရွားစွာ ထိခိုက်မှုတို့ပါဝင်သည်။ စီမံကိန်းပထမဆင့်၌ ဖြစ်ပေါ်ခဲ့သော ဖွံ့ဖြိုးမှု အကန့်အသတ်များအတွင်း အရပ်ဘက် လူ့အဖွဲ့အစည်းများက လယ်ယာမြေသိမ်းဆည်းမှုများနှင့် လျော်ကြေး အလုံအလောက် မပေးသည့်ကိစ္စများကို အစီရင်ခံတင်ပြခဲ့ကြသည်။

ထားဝယ်စီမံကိန်းကို မိမိတို့၏ နယ်စပ်တလျှောက်ရှိ ညစ်ပတ်စုတ်ပြတ်နေသော စက်မှုလုပ်ငန်းများကို တင်ပို့ရန် ဈေးအသက်သာဆုံးနှင့် အလွယ်ကူဆုံး ဖြေရှင်းမှုအဖြစ် ထိုင်းနိုင်ငံက သဘောထားကြောင်း ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလက ထုတ်ဝေသော နယူးယော့ခ်တိုင်းမ် သတင်းစာတွင် ဖော်ပြသည်။

“တချို့စက်မှုလုပ်ငန်းတွေက ထိုင်းနိုင်ငံမှာ ဆက်ထားဖို့ မသင့်တော်တော့ဘူး။ ဒါကြောင့် သူတို့က အဲဒီ(ထားဝယ်) မှာ ထားဖို့ဆုံးဖြတ်တာ” ဟု ထိုအချိန်က ဝန်ကြီးချုပ်ဖြစ်သူ မစ္စတာ အဘီဆစ် ဗက်ဂျာဇီဝ၏ အပတ်စဉ် ရုပ်သံမိန့်ခွန်းကို ကိုးကား၍ သတင်းတွင်ဖော်ပြသည်။

ထိုင်းနိုင်ငံ အရှေ့ပိုင်း ပင်လယ်ကမ်းခြေဒေသရှိ မက်သာဖွတ် စက်မှုဇုန်ရှိ ရေပြင်နှင့်မြေဆီလွှာ ညစ်ညမ်းပြီး အနီးပတ်ဝန်းကျင်တွင် နေထိုင်သူတို့အား ကင်ဆာရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်များ မြင့်မားလာသည့်အတွက် ထိုင်းနိုင်ငံတွင် မကောင်းသတင်းများ ထွက်ပေါ်ပြီးနောက်ပိုင်း အဘီဆစ်က ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။

ထားဝယ်စီမံကိန်းသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးအရ တာဝန်ယူမှု ရှိမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရနှင့် သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန ECD က ချီးကျူးဖွယ် ကတိပေးခဲ့သည်။ သို့သော်လည်း စီမံကိန်း အကောင်အထည်ဖော်မှုကို ကြီးကြပ်ထိန်းသိမ်းရန် ယင်းတို့တွင် စွမ်းအားမရှိကြောင်း ECD က ဝန်ခံခဲ့သည်။ ထားဝယ်ရှိ ECD ဌာန၏ရုံးတွင် ဝန်ထမ်းကနည်း၊ ပစ္စည်းကိရိယာက မစုံလင်သည့်အပြင် ငွေကြေးကလည်း လုံလောက်မှုမရှိပေ။

စီမံကိန်း ပင်မအကောင်အထည်ဖော်သူ ထိုင်းနိုင်ငံရှိ အကြီးဆုံးကုမ္ပဏီစုကြီးဖြစ်သော အီတာလျံ-ထိုင်းဖွံ့ဖြိုးရေး ကုမ္ပဏီ ITD သည် ဘေးအန္တရာယ် ကင်းရှင်းရေးစံနှုန်းများနှင့်ပတ်သက်၍ မကြာသေးမီက အပြင်းအထန် ဝေဖန်ခံခဲ့ရသည်။ ဘေးအန္တရာယ် ကင်းရှင်းရေးအစီအမံများနှင့်စပ်လျဉ်း၍ ITD ကို နာမည်ပျက်စာရင်းသွင်းရန် စဉ်းစားလျက်ရှိကြောင်း ဂျပန်အစိုးရ၏ ပင်လယ်ရပ်ခြား အကူအညီပေးရေးအဖွဲ့ဖြစ်သော ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ Japan International Cooperation Agency – JICA က မေလအတွင်းက အစီရင်ခံခဲ့သည်။

JICA ၏ ငွေကြေးအထောက်အပံ့ဖြင့် ဆောင်ရွက်နေသော ဘန်ကောက်ရှိ မိုးပျံရထားကွန်ရက် Skytrain Network တိုးချဲ့ရေးစီမံကိန်းတွင် အလုပ်လုပ်နေသော ITD လုပ်သားသုံးဦး ထိခိုက်သေဆုံးမှု ဖြစ်ပွားပြီးနောက် ရက်အနည်းငယ်အကြာ၌ ယင်းသတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထားဝယ်စီမံကိန်းကို မတည်ဆောက်ပါက ပို၍ကောင်းပေမည်။ ယခုအချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ မဆိုသလောက်သာ ဆောင်ရွက်ပြီးသေးသဖြင့် စီမံကိန်းကို ဖျက်သိမ်းမည်ဆိုပါက အခွင့်အလမ်း ကုန်ကျစရိတ် opportunity cost မှာ မမြင့်မားလှသေးပေ။ ဘေးအန္တရာယ်ကင်းရှင်းရေး ကာကွယ်မှုရှိမရှိကို အစိုးရက ထိထိရောက်ရောက် မကြီးကြပ်နိုင်ခြင်းမှာ စီမံကိန်းဖျက်သိမ်းရေးအတွက် အကြောင်းပြချက် တစ်ခုဖြစ်သော်လည်း အခြားအကြောင်းအရာများလည်း ရှိနေသေးသည်။

ထားဝယ် အထူးစီးပွားရေးဇုန်ကို ထောက်ခံသူတို့က စီမံကိန်းကို ထောက်ခံချက်ပေးနိုင်သော အကြောင်းပြချက် သုံးခုကို ကြိမ်ဖန်များစွာ တင်ပြကြသည်။ ယင်းတို့မှာ အလုပ်အကိုင်ဖန်တီးပေးနိုင်မှု၊ အမျိုးသားစီးပွားရေးကို မြှင့်တင်ပေးနိုင်မှုနှင့် ဒေသတွင်း ပေါင်းစည်းမှုတို့ ဖြစ်ကြသည်။

သို့သော်လည်း ပထမအကြောင်းပြချက် နှစ်ချက်ကို အမည်မဖော်လိုသူ အင်န်အယ်လ်ဒီ အကြံပေးတစ်ဦးက ငြင်းပယ်ခဲ့သည်။ တရုတ်နိုင်ငံနှင့်မတူဘဲ မြန်မာနိုင်ငံရှိ ကျေးလက်လုပ်သားအင်အားစု၊ အထူးသဖြင့် ထားဝယ်ဒေသရှိ လုပ်သားအင်အားစုသည် အထူးစီးပွားရေးဇုန်ရှိ အလုပ်အကိုင် အခွင့်အလမ်းများကို အကျိုးခံစားခွင့်ရှိအောင် ကြီးမားခြင်းမရှိပေ။

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများသည် ထားဝယ်သို့ ပြန်လာပြီး အလုပ်ရှာနိုင်မည့် အခွင့်အလမ်းများ ရှိသည်ဟုဆိုနိုင်သော်လည်း သေချာပေါက် ပြောနိုင်ရန် အလှမ်းဝေးနေဆဲဖြစ်သည်။ အထူးသဖြင့် အထူးစီးပွားရေးဇုန်တွင် ရရှိမည့်လုပ်ခသည် တစ်ဖက်နယ်စပ်တွင် ရရှိသည့်လုပ်ခထက် နည်းပါက ပို၍ပင် အလှမ်းဝေးနိုင်သည်။

မြန်မာနိုင်ငံ လူဦးရေ ထူထပ်ရာဒေသများ၊ အထူးသဖြင့် ရန်ကုန်နှင့်ထားဝယ်သည် အလှမ်းဝေးသည့်အတွက် ဒုတိယအကြောင်းပြချက်မှာ ဖြစ်နိုင်ခြေ အားနည်းလျက်ရှိကြောင်း အကြံပေးပုဂ္ဂိုလ်က ပြောသည်။ ထားဝယ်ကို နိုင်ငံအတွင်းရှိ အခြားဒေသများနှင့် ဆက်သွယ်ပေးသော အခြေခံအဆောက်အအုံ ညံံ့ဖျင်းမှုကလည်း အချက်တစ်ချက်အဖြစ် ပါဝင်သည်။

ဆက်သွယ်ရေး ပိုမိုကောင်းမွန်မလာပါက အထူးစီးပွားရေးဇုန်သည် အမျိုးသားစီးပွားရေးနှင့် ကောင်းစွာ ပေါင်းစည်းမှုမရှိသော တသီးတခြား လုပ်ငန်းတစ်ခုသဖွယ် ဖြစ်လာနိုင်သည်။ ထိုအကြောင်းပြချက်များကို အခြေခံပြီး ကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရှုထောင့်မှကြည့်ပါက အထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံကို ကြီးမားစွာ အကျိုးဖြစ်ထွန်းစေမည်မဟုတ်ဘဲ ထိုင်းနိုင်ငံကိုသာ အများကြီး အကျိုးဖြစ်ထွန်းစေနိုင်သည်။

ထားဝယ် အထူးစီးပွားရေးဇုန်အနီးရှိ ရေနက်ဆိပ်ကမ်းနားမှ နေအိမ်တွင် တံငါသည်တစ်ဦး အဝေးသို့ ငေးမောကြည့်ရှုနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

ထားဝယ် အထူးစီးပွားရေးဇုန်အနီးရှိ ရေနက်ဆိပ်ကမ်းနားမှ နေအိမ်တွင် တံငါသည်တစ်ဦး အဝေးသို့ ငေးမောကြည့်ရှုနေစဉ်။ ဓာတ်ပုံ – အေအက်ဖ်ပီ

ထို့ပြင် ထားဝယ်သည် ခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်းသည်။ အထူးစီးပွားရေးဇုန်ကို တည်ဆောက်မည်ဆိုပါက ဤအခွင့်အလမ်းကြီးကို စွန့်လွှတ်ရမည်။ အထူးစီးပွားရေးဇုန် ထူထောင်မှုသည် အခွင့်အလမ်း စွန့်လွှတ်မှုအတွက် ပေးဆပ်ရသော တန်ဖိုးမြင့်မားနိုင်သည်။ ထိုင်းနိုင်ငံတွင် ဖူးခက်သည် စီးပွားရေးဖွံ့ဖြိုးသော ပြည်နယ်တစ်ခုအဖြစ် အောင်မြင်သော စံနမူနာတစ်ခုဖြစ်သည်။

ပြည်နယ်အတွင်း နေထိုင်သူတို့က အကြီးစားစက်မှုလုပ်ငန်းများ ထူထောင်မည်ကို ခုခံဆန့်ကျင်ပြီး ယင်းအစား ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို ထူထောင်ခဲ့ကြသည်။ ထားဝယ်၏ ခရီးသွားလုပ်ငန်း အလားအလာကို ထည့်သွင်းစဉ်းစားမည်ဆိုပါက ဖူးခက်၏နမူနာကို ယူသင့်ပေသည်။

ထားဝယ်မြို့က မြို့တော်အဖြစ် တည်ရှိနေသော တနင်္သာရီတိုင်းဒေသကြီးမှ ဒေသခံတို့က အထူးစီးပွားရေးဇုန်ကို ဆန့်ကျင်လျက်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင် အချမ်းသာဆုံး တိုင်းဒေသကြီးများထဲတွင် ပါဝင်ကာ စီးပွားရေး ခိုင်မာတောင့်တင်းပြီး သဘာဝသယံဇာတ ကြွယ်ဝသည်ဟု သူတို့က ယုံကြည်ထားကြသည်။

“ရင်းနှီးမြှုပ်နှံမှုက ရင်းနှီးမြှုပ်နှံသူတွေကိုသာ အကျိုးဖြစ်ထွန်းစေမှာပါ။ ဒေသခံတွေအတွက် အကျိူးမရှိပါဘူး” ဟု အထူးစီးပွားရေးဇုန်အတွက် အဆိုပြုထားသော ရေအားလျှပ်စစ် တာတမံဆောက်လုပ်ရေးနေရာရှိ ကျေးရွာမှ ရွာဦးကျောင်းဆရာတော် ဦးပညာဝံသက ချန်နယ်နယူးစ်အေးရှ သတင်းဌာနကို မေလအတွင်းက ပြောသည်။

“ထားဝယ်က ဇွန်ဘီတစ္ဆေ တစ်ကောင်လိုပဲ။ ပြန်ပြန်ပေါ်လာတတ်တယ်” ဟု အင်န်အယ်လ်ဒီ အကြံပေးပုဂ္ဂိုလ်က ပြောသည်။

စီမံကိန်းကြောင့် ဒေသခံများ၊ တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် ဖန်တီးပေးမည့် အကျိုးအမြတ် နည်းပါးမှုနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုအန္တရာယ်များ ဖြစ်လာမည့်အလားအလာကို စဉ်းစားမည်ဆိုပါက  နောက်ဆုံးတွင် ယင်းဇွန်ဘီကို ထာဝရ အနားယူခွင့်ပြုရန် အချိန်ကျရောက်ပြီဟု ဆိုနိုင်ဖွယ်ရှိပေသည်။

ဉာဏ်တင် ဘာသာပြန်သည်။

စာရေးသူများမှာ အရှေ့တောင်အာရှ မြို့ပြရာသီဥတုဆိုင်ရာ ပြန်လည်ထူထောင်ရေး Urban Climate Resilience in Southeast Asia – UCRSEA ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်များ ဖြစ်ကြသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.