ဆက်သွယ်ရန် ပျက်ကွက်နေသော လွှတ်တော်

လွှတ်တော်ကိုယ်စားလှယ်များက သူတို့အား မတရားဝေဖန်ခံနေကြရသည်ဟု ခံစားကောင်း ခံစားနေကြရပေမည်။ သို့သော် သူတို့ကိုယ်၌ကလည်း လူထုနှင့် ရှင်းရှင်းလင်းလင်း ဆက်သွယ်ရေးအတွက် တာဝန်ယူရန် လိုအပ်ပေသည်။

ထင်ကျော်အေး ရေးသားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလနှောင်းပိုင်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်းနှစ်ခုနှင့် ပတ်သက်၍ အမျိုးသားဥပဒေပြု ပြည်သူ့လွှတ်တော်ကို အွန်လိုင်းပေါ်၌ ဝေဖန်မှုများဖြစ်ပေါ်ခဲ့သည်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီထံမှောက် ၂ဝ၁၇ ခုနှစ်၊ ဇူလိုင် ကတည်းကရောက်နေသော ကလေးသူငယ်ဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က နိုဝင်ဘာ ၂၈ ရက်နေ့တွင် အတည်ပြုခဲ့သည်။ ထိုဥပဒေ မူကြမ်းကို အမျိုးသားလွှတ်တော်ထံ ဆက်လက်တင်ပြ အတည်ပြုချက်ရယူပြီးနောက် သမ္မတက လက်မှတ်ရေးထိုးပြီးလျင် ဥပဒေတစ်ရပ်ဖြစ်လာမည်ဖြစ်သည်။ မကြာမီနှစ်များအတွင်း စိုးရိမ်ဖွယ်ဖြစ်လာသည့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား အဓမ္မပြုကျင့်မှုပြဿနာကို ကိုင်တွယ်ရန် ရည်ရွယ်သော ရာဇဝတ်ပြစ်မှု ကိုဓဥပဒေ ဒုတိယပြင်ဆင်ချက်ကို နောက်နှစ်ရက်အကြာတွင် အမျိုးသားလွှတ်တော်က မဲခွဲအတည်ပြုခဲ့သည်။ အသက် ၁၈ နှစ် မပြည့်သေးသူ မည်သူမျှ တရားရုံးတွင် လက်မှတ်ထိုး လက်ထပ်စာချုပ်ခွင့် မရှိဟူသော အပိုဒ်ကို ကလေးအခွင့်အရေး ဥပဒေကြမ်းမှ ဖြုတ်ချန်ထားသည့်အတွက် မကျေနပ်မှုများကို မီဒီယာအချို့တွင် ဖော်ပြခဲ့ကြသည်။ ဥပဒေကြမ်းကို တင်သွင်းသော လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် လွှတ်တော်ဥပဒေကြမ်း ကော်မတီတို့က ဤတားမြစ်ချက်မှာ ၁၈၇၂ စာချုပ်စာတမ်းဥပဒေတွင် ပါရှိပြီးဖြစ်သောကြောင့် မလိုအပ်တော့၍ ဖြုတ်ချန်ထားသည်ဟု ဖြေရှင်းခဲ့သည်။

၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့သော ကုလသမဂ္ဂ ကလေးသူငယ်ဆိုင်ရာ သဘောတူညီချက်နှင့် လိုက်လျောညီထွေရှိသွားစေရန် ဥပဒေတွင် ထိုအပိုဒ် ပါဝင်သင့်ပါသည်ဟု ကျောက်တန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ် ဒေါ်အေးမြမြမျိုးက ပြောကြားသည်။ သူမ၏ အဆိုကို လွှတ်တော်တွင် မဲခွဲရာ စုစုပေါင်း ၃၈၄ မဲအနက် ထောက်ခံမဲ ၃၃ မဲသာ ရရှိပြီး သူမ၏ အဆိုရှုံးနိမ့်သွားသည်။

နောက်နှစ်ရက်အကြာတွင် အမျိုးသားလွှတ်တော်က အတည်ပြုပေးခဲ့သော ရာဇဝတ်ပြစ်မှုဆိုင်ရာ ဥပဒေကမူ အရွယ်မရောက်သေးသူများအား အဓမ္မမှု ကျူးလွန်သူများကို ပြစ်ဒဏ်ပေးမှု ပျော့ပြောင်းလွန်းနေသည်ဟု လူထု၏ စိုးရိမ်မှုကို ပြေလျော့စေရန်အတွက်ဖြစ်သည်။ ထိုပြစ်မှုဆိုင်ရာ ဥပဒေသည် ကိုလိုနီခေတ်ဥပဒေဖြစ်ပြီး ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလထဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိးရေးပါတီကြီးစိုးသော အစိုးရက ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ သဘောတူခွင့်ပြုသော အသက်ကို ၁၄ နှစ်မှ ၁၆ နှစ် (လက်ထပ်ပြီးဖြစ်လျှင် ၁၃ နှစ်မှ ၁၅ နှစ်)သို့ တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့သည်။

လိင်ပိုင်းဆိုင်ရာ ပြစ်မှုများအတွက် ပြစ်ဒဏ်များအား တိုးမြှင့်သတ်မှတ်မှုကို အမျိုးသားလွှတ်တော်က ဒုတိယ ပြင်ဆင်ချက်ဖြင့် အတည်ပြုခဲ့သည်။ သို့သော် ပြင်းထန်သော ပြစ်ဒဏ်ချမှတ်မည့် အသက်ကို မတိုးမြှင့်သည့်အတွက် ဝေဖန်ကြသည်။ ဥပဒေပြင်ဆင်ချက်တွင် ကိုယ်ခန္ဒာမသန်စွမ်းသော အမျိုးသမီးတစ်ဦး (သို့မဟုတ်) ၁၂ နှစ်အောက် အမျိုးသမီးငယ်တစ်ဦးကို မုဒိန်းကျင့်ခဲ့လျှင် ထောင်အနှစ် ၂ဝ (သို့) တစ်သက်တစ်ကျွန်း ကျနိုင်သည်ဟု ဖော်ပြထားသည်။

နော်လှလှစိုး (NLD၊ ရန်ကုန် – 10) က ၁၂ နှစ်မှ ၁၆ နှစ်သို့ တိုးမြှင့်ရန် အဆိုပြုခဲ့သည်။ ထိုအဆိုကို လွှတ်တော်တွင် မဲခွဲရာ ၁၉၄ မဲ ရှိသည့်အနက် ထောက်ခံမဲ ကိုးမဲသာရပြီး အဆိုရှုံးနိမ့်သွားသည်။ လွှတ်တော်ဥပဒေ မူကြမ်းကော်မတီကလည်း ခွင့်ပြုသည့် အသက်ကို ပြင်ဆင်ချက်တွင် ၁၆ နှစ် အထိ တိုးမြှင့်ပြီးဖြစ်သည့်အတွက် ထိုအဆိုကို ကန့်ကွက်ခဲ့သည်။

ဤဖြစ်ရပ်နှစ်ခုတွင် တူသည့်အချက်တစ်ခု ရှိနေသည်။ ၎င်းမှာ လွှတ်တော်ထဲ ဘာတွေဖြစ်နေသည်ဆိုသည်ကို လူထုအား ရှင်းရှင်းလင်းလင်း ပြောမပြခဲ့ခြင်းပင် ဖြစ်သည်။ ထိုအဆို နှစ်ခုစလုံးတွင် အမတ်များ၏ ရပ်တည်ချက်ကို လူထုက အံ့သြလျက်ရှိကြပြီး ဒေါသလည်း ဖြစ်ခဲ့ကြသည်။ ကလေးသူငယ်များ၏ အခွင့်အရေးကို ပြည်ထောင်စုလွှတ်တော်က အကာအကွယ်မပေးဟု လူမှုကွန်ယက် Facebook စာမျက်နှာတွင် ဝေဖန်ခဲ့ကြသည်။ သို့သော် ဥပဒေကို အသေးစိတ် လေ့လာကြည့်ပါက ဤဝေဖန်ချက်မှာ တရားမျှတမှုမရှိကြောင်း တွေ့ရသည်။

လွှတ်တော်ကိုယ်စားလှယ်များက သတ္တိ သိပ်မရှိကြဟု ပြော၍တော့ ရနိုင်သည်။ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူညီချက်ကို ခိုင်ခိုင်မာမာ ရပ်တည်ပြောဆိုရန် ဆန္ဒမရှိခဲ့ကြချေ။ သို့သော် သည့်အတွက် ကလေးများအတွက် ဥပဒေရေးရာအခြေအနေ ပိုဆိုးသွားသည်တော့ မဟုတ်ပါ။ ပြစ်မှုဆိုင်ရာ ဥပဒေပြင်ဆင်ချက်တွင်လည်း အမျိုးသားလွှတ်တော် ဥပဒေမူကြမ်းကော်မတီက အပြင်းထန်ဆုံးပြစ်ဒဏ်များအတွက် အသက်သတ်မှတ်ချက်အား မည်သည့်အတွက်ကြောင့် မတိုးမြှင့်ရသည်ကို ကျေနပ်လောက်အောင် ရှင်းမပြနိုင်ခဲ့ချေ။

လွှတ်တော်တွင်း ဆောင်ရွက်ပုံများကို သေသေချာချာ မလေ့လာရကောင်းလားဟု ဝေဖန်သူများကို အပြစ်မတင်ထိုက်ချေ။ တစ်ချိန်တည်းမှာပင် လွှတ်တော်အမတ်များမှာလည်း လွှတ်တော်အစည်းအဝေးကျင်းပနေစဉ်တွင် ပြဿနာများကို လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် ရသည်မဟုတ်ချေ။ ဥပဒေမူကြမ်းများ လွှတ်တော်သို့ မတင်မီ လူထုအတွင်း ပုံမှန်ချပြ ဆွေးနွေးမှုလည်း မလုပ်ခဲ့ပေ။ လုပ်ကြပြန်တော့လည်း တကယ်တန်း ပွင့်လင်းမြင်သာမှု မရှိလှပေ။

အမျိုးသားလွှတ်တော် စိုက်ပျိုးရေးကော်မတီက ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာများကို ပထမဆုံးအကြိမ် လူသိရှင်ကြား စုံစမ်းစစ်ဆေးမှု ပြုလုပ်ခြင်းကဲ့သို့သော တိုးတက်မှုအချို့ကိုမူ မကြာမီနှစ်များအတွင်း မြင်တွေ့ခဲ့ရသည်။ ထိုသို့ စစ်ဆေးမှုကြောင့် အဓိကပါဝင်သူများက အကြံဉာဏ်များ တောင်းခံခြင်း၊ ကြိုတင်ရက်သတ်မှတ်ခြင်းတို့ လုပ်ဆောင်လာကြသည်။ သို့သော် လူထုအကြား မပီဝိုးဝါးဖြစ်နေခြင်း၊ ဆွေးနွေးမှုလမ်းလွဲနေခြင်းတို့ ရှိနေသည်ဖြစ်ရာ ပြည်ထောင်စုလွှတ်တော်သည် ပါတီတစ်ရပ်၏ လုပ်ငန်းစဉ်ကို ထောက်ခံအတည်ပြုသော နေရာတစ်ခုအဖြစ်သာမက တကယ်တန်းငြင်းခုံဆွေးနွေးကြသည့်နေရာ ဖြစ်လာအောင်လည်း ကြံဆောင်ကြိုးစားသင့်လှပေသည်။

မဲဆန္ဒရှင်များနှင့် ဆက်သွယ်ရေး တိုးတက်ကောင်းမွန်အောင် ပြည်ထောင်စုလွှတ်တော်က လုပ်ဆောင်နိုင်မှုများ များစွာ ရှိပါသည်။ လွှတ်တော်က လုပ်နိုင်သည့် အကောင်းဆုံး နောက်ထပ်ခြေလှမ်းတစ်ခုမှာ ဆွေးနွေးမည်၊ မဲခွဲဆန္ဒရယူမည် စသည်တို့ အသေးစိတ်ပါဝင်သော စာရင်းဇယား ထုတ်ပြန်ပေးရန်ပင်ဖြစ်သည်။ သို့မှသာ လူထုမှာ အဆိုပြုချက်များ၊ မူကြမ်းများကို ကြိုတင်လေ့လာချိန်ရပြီး ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် အပြုသဘော ထိတွေ့ပြောဆိုခွင့် ရနိုင်ပေမည်။

ဥပဒေကြမ်းတစ်ခု၊ သို့မဟုတ် ဥပဒေပြင်ဆင်ချက်တစ်ခု လွှတ်တော်၌ အတည်မပြုမီ တံခါးဖွင့် လူထုဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် လွှတ်တော်ကို လူထုဝေဖန်ခံရခြင်းမှ သက်သာရာ ရစေနိုင်သည်။ အမတ်မင်းများအနေနှင့်လည်း လူထု၏ စိတ်ဆန္ဒသဘောထားကို စမ်းသပ်တီးခေါက်ကြည့်နိုင်ပြီး ဥပဒေကြမ်းတစ်ခုကို ရေးဆွဲရာတွင်ဖြစ်စေ၊ အတည်ပြုရာတွင်ဖြစ်စေ၊ လူထုသဘောထားကို ထည့်သွင်းစဉ်းစားနိုင်ပေသည်။ မကြာမီက ပြုလုပ်ခဲ့သော လွှတ်တော် မဲခွဲဆုံးဖြတ်မှု နှစ်ခုတွင် လွှတ်တော်သည် ပါတီလိုင်းအတိုင်း မဲထည့်ခဲ့ခြင်းမဟုတ်သည်မှာ သတိချပ်စရာအချက်ပင် ဖြစ်သည်။ အုပ်စုတစ်ခုအနေနှင့် မဲပေးခြင်းသည် သူတို့၏ အသံကို အခြားလွှတ်တော်ကိုယ်စားလှယ်များနှင့် သူတို့၏ မဲဆန္ဒနယ်မှ အရေးတယူ နားထောင်ခြင်းမပြုဟု အချို့လွှတ်တော်ကိုယ်စားလှယ်များက ခံစားသွားရနိုင်ပေသည်။

လူထုစိုးရိမ်နေသော ပြဿနာများကို လွှတ်တော်တွင် ဆွေးနွေးခြင်း၊ မဲခွဲခြင်းများပြုလုပ်ကြရာတွင် လွှတ်တော် ကိုယ်စားလှယ်များသည် သူတို့၏ ရပ်တည်ချက်ကို သူတို့၏ မဲဆန္ဒရှင်များအား ရှင်းရှင်းလင်းလင်း သိစေလိုကြပေမည်။ အထူးသဖြင့် သူတို့ထောက်ခံခြင်းမပြုသော ဆုံးဖြတ်ချက်များနှင့် ခပ်ဝေးဝေးနေလိုကြမည်သာ ဖြစ်ပေသည်။

လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်း၏ အခန်းကဏ္ဍနှင့် မဲဆန္ဒရှင်များအပေါ် ၎င်းတို့၏ တာဝန်ယူမှုကို ပိုမို အားကောင်းစေရန် ပြည်ထောင်စုလွှတ်တော်အနေနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မဲဆန္ဒပေးမှု မှတ်တမ်းကို ထုတ်ဝေသည့် စနစ်တစ်ခု ထားရှိသင့်ပေသည်။ ဤနည်းဖြင့် လူထုအနေနှင့် နိုင်ငံရေး၌ ပါဝင်ဆွေးနွေးကြပုံကို အပြုသဘော အထောက်အကူပြုမည်ဖြစ်သည်။ ၎င်းတို့၏ လွှတ်တော်ကိုယ်စားလှယ်များ မဲဆန္ဒပေးကြပုံကို ကြည့်၍ ဥပဒေပြုလွှတ်တော်၏ အရေးကိစ္စများ လုပ်ဆောင်ကြပုံကို လူထုက လေ့လာကြည့်ရှုနိုင်ကြပေမည်။

ပွင့်လင်းမြင်သာမှုနှင့် ဆက်သွယ်ရေးတိုးတက်အောင် ဤလုပ်ဆောင်မှုများသည် အချိန်တော့ယူရပေမည်။ ဥပဒေပြုရေး လုပ်ငန်းစဉ်လည်း နှောင့်နှေးမှုအချို့ ကြုံတွေ့ရနိုင်ပေသည်။ ပြည်ထောင်စုလွှတ်တော်အနေနှင့် တည်ဆဲဥပဒေနှင့် နည်းဥပဒေများကို ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်းပြုရာတွင် လူထုငွေကို ပိုမိုသုံးစွဲရန် လိုပေလိမ့်မည်။ သို့သော် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သော ဥပဒေများ၏ အရည်အသွေးနှင့် အမှန်တကယ် ကိုယ်စားပြုသော၊ တုန့်ပြန်ဆောင်ရွက်မှု ရှိသော ဒီမိုကရေစီ၏ အရည်သွေးကို တကယ်တန်ဖိုးထားပါသည် ဆိုလျှင် ဤမျှငွေကြေး ကုန်ကျမှုသည် ထိုက်တန်ပေမည်ဖြစ်သည်။

ဦးကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.