"ကလေးတွေ ပညာသင်ခွင့်ရဖို့ ကျွန်မတို့ ကြိုးစားတယ်" မစ္စ ဖရန်ဆက်စ်ကွန်

ရန်ကုန်မြို့၊ ချတ်ထရီယမ် ဟိုတယ်မှာ နိုဝင်ဘာလ ၂၂ ရက်မှာ ကျင်းပတဲ့ Music for Myanmar ရန်ပုံငွေပွဲကို Link for Aid ပရဟိတအဖွဲ့က စီစဉ်ကျင်းပတာဖြစ်ပြီး ယင်းပရဟိတအဖွဲ့ တည်ထောင်သူ ခရီးသွားစာရေးဆရာမ မစ္စ ပါမီလာ မက်ကုတ် ဖရန်ဆက်စ်ကွန် Pamela McCourt Francescone က မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ပရဟိတအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ရန်ပုံငွေဂီတပွဲအကြောင်း Frontier ကို ပြောကြားခဲ့ပါတယ်။

Link for Aid ပရဟိတအဖွဲ့မှာ ခင်ဗျား လုပ်ဆောင်နေတဲ့ အလုပ်နဲ့ မြန်မာနိုင်ငံမှာ ဝင်ရောက်လုပ်ဆောင်နေပုံတွေကို ပြောပြပါလား။

မြန်မာနိုင်ငံကို ခရီးသွား စာရေးဆရာမ တစ်ယောက်အဖြစ် လုပ်ကိုင်ဖို့ ကျွန်မ ပထမဆုံး ရောက်ရှိလာခဲ့ပြီး မြန်မာနိုင်ငံအကြောင်းကို ၂၀၀၈ ခုနှစ်မှာ ရေးခဲ့ပါတယ်။ လာရင်းကတော့ မြန်မာနိုင်ငံအကြောင်း ရေးဖို့ပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံကို ချစ်မိသွားပြီး တကျော့ပြန်လာပြီး ကူညီချင်စိတ်ပေါ်ခဲ့ပါတယ်။ ကျွန်မကို နားမကြားသူတွေအတွက် ဖွင့်လှစ်ထားတဲ့ မေရီချက်ပ်မင်ကျောင်း Mary Chapman School for the Deaf နဲ့ ကြားခံလူတစ်ယောက်က ဆက်သွယ်ပေးခဲ့တယ်။ ရန်ပုံငွေ စရှာပြီး နောက်နှစ်မှာ ပြန်လာခဲ့တယ်။ ဒလမြို့နယ်က ပါရမီ မိဘမဲ့ဂေဟာ Parami Orphanage မှာလည်း ကျွန်မတို့ရဲ့စီမံချက် တစ်ခု လုပ်ဆောင်ဖို့ ရှိပါသေးတယ်။

ကျွန်မတို့ လုပ်ရတဲ့အပိုင်းက ကလေးတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အခြေအနေတွေ တိုးတက်လာအောင် လုပ်ဆောင်ရတာပါပဲ။ ရရှိခဲ့တဲ့ ရန်ပုံငွေနဲ့ မေရီချက်ပ်မင်ကျောင်းကို အမိုးအသစ် လဲပေးနိုင်ခဲ့ပါတယ်။

ဒလမှာလည်း ပြီးခဲ့တဲ့နှစ်က ကျွန်မတို့ရန်ပုံငွေနဲ့ပဲ မော်တော်ဆိုင်ကယ်တစ်စီး ဝယ်ယူခဲ့ပါတယ်။ ဒါက အဲဒီဆိုင်ကယ်ကို ဒေသခံတွေဆီ နေ့စဉ်၊ ဒါမှမဟုတ် အပတ်စဉ် ငှားဖို့စီမံချက်အတွက် ဖြစ်ပါတယ်။ ဆိုင်ကယ်ငှားလို့ ရလာတဲ့ငွေက သူတို့အတွက် လစဉ်ဆန်ဖိုးရဲ့ ၇၀ ရာခိုင်နှုန်း ကာမိစေပါတယ်။

မစ္စ ပါမီလာ မက်ကုတ် ဖရန်ဆက်စ်ကွန်ကို မေရီချက်ပ်မင် နားမကြားသူများကျောင်းမှ ကျောင်းသူ ကျောင်းသားများနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

မစ္စ ပါမီလာ မက်ကုတ် ဖရန်ဆက်စ်ကွန်ကို မေရီချက်ပ်မင် နားမကြားသူများကျောင်းမှ ကျောင်းသူ ကျောင်းသားများနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

ဒါကြောင့် ရင်းနှီးမြှုပ်နှံငွေလေး နည်းနည်းနဲ့ သူတို့တွေ ဘာလုပ်နိုင်တယ်ဆိုတဲ့ စိတ်ကူးကို ကလေးတွေ ရသွားအောင် ပေးရတာ သိပ်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ပြီးတော့ အဲဒီငွေရင်းကနေ ငွေကြေးအမြတ် ပြန်ရတာရှိတယ်။ ကလေးတွေက ဒီစီမံကိန်းကို သိပ်ဂုဏ်ယူကြတယ်။ ကျွန်မတို့အနေနဲ့ ကြိုးစားပြီး ကလေးတွေ ပညာသင်ကြားခွင့်ရအောင် လုပ်ဆောင်ပေးတာပါ။ ကလေးတွေကို ဘဝမှာ သူတို့အတွက် အထောက်အကူပြုမယ့် အရာမှန်သမျှနဲ့ ထိတွေ့လုပ်ကိုင်တတ်စေဖို့ ကြိုးစားပေးတာ ဖြစ်ပါတယ်။

မေရီချက်ပ်မင် နားမကြားသူများကျောင်းနဲ့ အလုပ်တွဲလုပ်ဖို့ ခင်ဗျား ဘာကြောင့်ရွေးချယ်ခဲ့တာလဲ။

နားမကြားတဲ့ကလေးတွေက အတော်ထူးခြားပါတယ်။ သူတို့တွေက တခြားကလေးတွေမှာ မရှိတဲ့အခက်အခဲတွေကို ရင်ဆိုင်ရပါတယ်။ ကျောင်းကလည်း အတော်အားကောင်းနေပြီး တချိန်လုံး တိုးချဲ့နေပါတယ်။ နားမကြားတဲ့ ကလေးတွေကို အသက်မွေးမှုအတွက် လိုအပ်တဲ့ လေ့ကျင့်မှုတွေ ပေးပါတယ်။ ကျောင်းကထွက်သွားသူတချို့ကို မော်တော်ဆိုင်ကယ်ပြင် သင်တန်းတက်နိုင်ဖို့ ကျွန်မ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါကလည်း သူတို့ကလေးတွေ အပြင်ထွက်ပြီး အသုံးချနိုင်တဲ့ ကျွမ်းကျင်မှုအတတ်ပညာတွေ ပေးလိုက်ဖို့ပါပဲ။

ပြီးတော့ လာမယ့်နှစ်မှာ ဒေသခံကုမ္ပဏီတွေနဲ့တွဲပြီး နည်းပေးလမ်းပြအစီအစဉ် mentoring program ဖွင့်လှစ်ဖို့ ကျွန်မ စီစဉ်နေပါတယ်။ သူတို့တွေကို ဒီကလေးတွေနဲ့ အလုပ်တွဲလုပ်ခိုင်းပြီး ကလေးတွေကို အလုပ်ထဲကို လမ်းညွန်ခေါ်သွားနိုင်အောင် နည်းလမ်းပြ ကူညီခိုင်းမှာ ဖြစ်ပါတယ်။ အဲဒီနားမကြားတဲ့ ကလေးတွေအများကြီးကို စားဖိုမှူးတွေအဖြစ် လေ့ကျင့်သင်တန်းပေးခဲ့တာပါ။ ပြီးတော့ ရန်ကုန်မြို့မှာ ကြယ်ငါးပွင့် စားဖိုဆောင်တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ နားမကြားတဲ့ကလေးတွေလည်း တစ်ဒါဇင်လောက် ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ ကောင်းတာတစ်ခုက ငွေအများကြီး သိပ်မလိုဘဲ ကောင်းတဲ့အရာတွေ အများကြီး လုပ်ဆောင်နိုင်တာပါ။

Music for Myanmar ပွဲက ခင်ဗျားရဲ့လုပ်ဆောင်မှုတွေနဲ့ ဘယ်နေရာမှာ ကိုက်ညီအံ့ဝင်မှု ရှိသလဲ။

ဂီတက ကျွန်မရဲ့ဘဝမှာ အရေးပါတဲ့ အခန်းကဏ္ဍက အမြဲပါဝင်ပါတယ်။ ဒါကြောင့် ကျွန်မတို့ ဂန္ထဝင်တေးဂီတနဲ့ မြန်မာနိုင်ငံမှာ ဖြေဖျော်ပြီး တချိန်တည်းမှာ ကလေးတွေအတွက် ရန်ပုံငွေ ရှာမလားဆိုတာကို ကျွန်မတို့ စဉ်းစားခဲ့တယ်။ ပထဆုံးပွဲကို ၂၀၁၃ ခုနှစ်က အခု ဆူးလေရှန်ဂရီလာဟိုတယ်ဖြစ်တဲ့ ကုန်သည်ကြီးများဟိုတယ် Trader’s Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ချတ်ထရီယမ်ဟိုတယ်မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့တာမှာ ဝက်ဝက်ကွဲအောင် အားပေးခဲ့ကြပါတယ်။

ဒီနှစ်ပြုလုပ်မယ့် တတိယပွဲမှာတော့ အိုင်းရစ်တယောသမား ဟယ်လို့စ်ဝိ ဂေါ်ဂင်  Heloise Geoghegan နဲ့ အီတလီ စန္ဒရားဆရာ ယူဆက်ဖေ အန်ဒလိုရို Giuseppe Andaloro တို့ ပါဝင်ပါတယ်။ ဒါကြောင့် ဒီပွဲဟာ ရုရှားတေးရေးဆရာ ချိုင်ကော့စကီ Tchaikovsky ရဲ့တေးသွားတွေကနေ ဂန္ထဝင်ခေတ်က မိုးဇတ် Mozart ရဲ့ဂီတတွေအထိ ပါဝင်ပြီး ရင်သပ်ရှုမောဖွယ်ရာ စည်းချက်ပြင်းတဲ့ တောင်အမေရိက အကတစ်မျိုးဖြစ်တဲ့ တန်ဂို tango တေးသီချင်းတွေကို ရေးစပ်သူ အက်စ်တာ ပိုင်ဇိုးလာ Astor Piazzolla နဲ့ အဆုံးသတ်မှာ ဖြစ်တာကြောင့် အလွန်စိတ်လှုပ်ရှားဖို့ ကောင်းပါလိမ့်မယ်။

ပြီးတော့ အဲဒီဂီတကို မရင်းနှီးတဲ့ လူတွေအနေနဲ့လည်း နှစ်ခြိုက်သဘောကျလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။ ဂီတပွဲပြီးရင် ညစာစားပွဲနဲ့ ဖက်ရှင်ရှိုးပွဲလည်း ပါဝင်ပါတယ်။ ပြီးတော့ ရရှိတဲ့ ရန်ပုံငွေတွေကို ဒီလိုစီမံကိန်းတွေမှာ အသုံးပြုမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ခင်ဗျား ပထမဆုံး ရောက်လာတာ ၂၀၀၈ ခုနှစ်ကလို့ ပြောခဲ့တယ်။ အဲဒီတုန်းကနဲ့ အခု ဘာတွေပြောင်းလဲသွားပြီလဲ။

ဒါကတော့ ဒီလိုဖြစ်ရပ်လေးတွေကိုပဲ စုပေါင်းသုံးသပ်မှ ကောင်းလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်မတို့ ဒီကို ပထမဆုံး စရောက်တုန်းက ညနေခင်းလေကြောင်းနဲ့ လာပါတယ်။ မိတ်ဆွေတစ်ယောက်လည်းပါတယ်။ ကျွန်မတို့ ဟိုတယ်ကို သွားရာလမ်းမှာ မီးတွေလည်း မရှိဘူး၊ လမ်းပေါ်မှာလည်း လူတွေတစ်ယောက်မှ မရှိဘူး။ ကျွန်မမိတ်ဆွေက ကျွန်မကို ပြောတယ်။ “အဲဒါ ဘာကိုပြောတာလဲသိလား၊ လူတိုင်းက အိမ်မှာ ဘောလုံးပွဲ ကြည့်နေကြတာ”တဲ့။ အမှန်တော့ ဒါက အကြောင်းရင်းမဟုတ်ပေမဲ့ အဲဒီတုန်းက ပကတိအခြေအနေပါပဲ။

အံ့အားသင့်စရာကောင်းတဲ့ တိုးတက်မှုတွေ အများကြီးကို ကျွန်မ တွေ့ခဲ့ရပါတယ်။ ကျွန်မ သိပ်သဘောမကျတဲ့ အရာတချို့လည်း တွေ့ရပါတယ်။ ဒါပေမဲ့ ဒါက မြန်မာနိုင်ငံမှာ အလျင်အမြန် ဖြစ်ပျက်နေတဲ့ အရာတွေရဲ့သဘာဝပါပဲ။ အိမ်နီးချင်းနိုင်ငံတွေရဲ့ အမှားတွေကနေ လေ့လာသင်ယူပြီး ဖွံ့ဖြိုးရေးနဲ့ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်နိုင်တဲ့အထိ ကျွန်မ တကယ့်ကို မျှော်လင့်မိပါတယ်။

ဈာန်တက် ဘာသာပြန်သည်။

အယ်ဒီတာမှတ်ချက်။ Frontier သည် “Music for Myanmar” ပွဲအတွက် မီဒီယာပါတနာ တစ်ဦး ဖြစ်ပါသည်။

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.