Pots containing rare earths at a mine site near Pangwa in Kachin State's Chipwi Township.
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသရှိ မြေရှားသတ္တုတူးဖော်မှု လုပ်ငန်းခွင်တစ်ခုကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ပေးပို့)

ကမ္ဘာတစ်ဝန်း ​မြင့်တက်လာသည့်မြေရှားသတ္တုလိုအပ်ချက်ကြောင့် ကချင်တွင် ပတ်ဝန်းကျင်ပျက်စီးလာနေ

ကချင်ပြည်နယ်ရှိ ​ဝေးလံ​သော တောင်တန်းများတွင် ​မြေရှားသတ္တုများကို အန္တရာယ်ရှိ​သော ဓာတုပစ္စည်းများအသုံးပြုပြီး တရားမဝင် တူး​ဖော်လျက်ရှိသည်။ ​မြေရှားသတ္တုများကို ​လေအားသုံး လျှပ်စစ်ထုတ်စက်များမှစပြီး ရုပ်မြင်သံကြားဖန်သားပြင်အထိ အဆင့်မြင့်လူသုံးကုန်ပစ္စည်းအမျိုးမျိုး ပြုလုပ်ရာတွင် အသုံးပြုနိုင်သည်။

ရွန်ဂျာပီလ်ဂါ့ဒ်၊ ဂျောမန်နော်နှင့် အင်မလီဖစ်ရှ်ဘိန်း ရေးသားသည်။

တရုတ်ပြည်နယ်နမိတ်ထိစပ်နေသည့် ​ဝေးလံ​သောတောင်တန်း​ဒေသရှိ ကချင်ပြည်နယ်၏ သစ်​တောသွင်ပြင်ကို တစ်စုံတစ်ခုက ပြောင်းလဲပစ်​နေသည်။ ဖရွန်းတီးယားမြန်မာက​တွေ့ရှိခဲ့​သော ဂြိုလ်တုရုပ်ပုံများတွင် သစ်ပင်များကို ရှင်းလင်းထားပြီး နို့နှစ်​ရောင်အရည်များ ပြည့်​နေ​သော ​ရေကန်များကို ​​မြေ​ပေါ်​မြေ​အောက်တွင် ပိုက်များဖြင့် ကွန်ရက်သဖွယ် ချိတ်ဆက်ထားသည်ကို ​တွေ့ရသည်။

ကချင်ပြည်နယ်အ​ရှေ့ပိုင်း၊ ချီ​ဖွေမြို့နယ်ရှိ ထိုရုပ်ပျက်ဆင်းပျက် ရှုခင်းများသည် တပ်မ​တော်၏ နယ်ခြား​စောင့်တပ်နှင့် တပ်မ​တော်ကို ​ထောက်ခံ​သော ပြည်သူ့စစ်​ခေါင်း​ဆောင် ဇခုန်တိန့်ယိန်းတို့ ထိန်းချုပ်ထား​သောနေရာတွင်ရှိသည်။ ၎င်းသည် ​မြေရှားသတ္တုများ တရားမဝင်တူး​ဖော်​နေသည်ဆိုသည့် သက်​သေလည်းဖြစ်သည်။ သတင်းအရင်းအမြစ်များက ဖရွန်းတီးယားမြန်မာနှင့် ဤ​ဆောင်းပါးအတွက် ပူးတွဲကာ ​ရေးသားခဲ့​သော ဒိန်းမတ်စုံစမ်းထောက်လှမ်းသတင်းဌာန Danwatch ကို ​ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ​မြေရှားသတ္တုကိုတူး​ဖော်​နေ​သည်မှာ ထို​နေရာတစ်ခုတည်းသာရှိသည်ဟု ဆိုသည်။ အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS) ၏ အချက်အလက်များအရ မြန်မာနိုင်ငံသည် တရားဝင် ကိန်းဂဏန်းများအရ ကမ္ဘာ​ပေါ်​တွင်​​မြေရှားသတ္တုကို တတိယအများဆုံး ထုတ်လုပ်​နေသည့် နိုင်ငံတစ်ခုလည်းဖြစ်သည်။

​မြေရှားသတ္တုကို တူး​ဖော်ခြင်းသည် မြေဆီလွှာအတွင်းက သဘာဝဓာတ်​​မြေသြဇာကို ​ခြောက်ခမ်း​စေပြီး ​မြေ​အောက်​ရေကို ညစ်ညမ်း​စေနိုင်သည်ဟု ​ဒေသတွင်းသတင်းရင်းမြစ်များက ဖရွန်းတီးယားမြန်မာနှင့် Danwatch ကို ​ပြောသည်။

ကမ္ဘာ​ပေါ်တွင် ​မြေရှားသတ္တုလိုအပ်ချက်မြင့်မားမှု​ကြောင့် ကချင်ပြည်နယ်တွင် တရားမဝင် တူး​ဖော်ထား​သော ​မြေရှားသတ္တုများသည် ဥပ​ရောနိုင်ငံများ၏ထုတ်ကုန်များတွင် အများဆုံးရောက်ရှိသွားကြောင်း ဤစုံစမ်းထောက်လှမ်းမှုက သိရသည်။

​မြေရှားသတ္တုများကို ​နေ့စဉ်သုံးနည်းပညာနှင့် လျှပ်စစ်ပစ္စည်းများဖြစ်သော ကွန်ပျူတာ hard disk များ၊ ဖန်သားပြင်မော်နီတာများ၊ မိုဘိုင်းဖုန်းများ၊ တီဗွီဖန်သားပြင်များ ပြုလုပ်ရာတွင် အသုံးပြုသည်။ ၎င်းတို့ကို စစ်လက်နက်များ ထုတ်လုပ်ခြင်းနှင့် ​လေအားသုံးလျှပ်စစ်ထုတ်စက်များ၊ လျှပ်စစ်နှင့် Hybrid မော်တာတပ် စက်သုံးယာဉ်များ ထုတ်လုပ်ရာတွင်လည်း အသုံးပြုသည်။

ကချင်ပြည်နယ်တွင် တရားမဝင်တူး​ဖော်​မှုများမှာ လက်နက်ကိုင်အဖွဲ့များထိန်းချုပ်​သော​နေရာတွင် တည်ရှိ​နေခြင်း​ကြောင့် ပြင်ပလူအနည်းအကျဉ်းကသာ ​မြေရှားသတ္တုတွင်းများကို သွားရောက်ဖူးကြသည်။ မြေရှားသတ္တုတွင်းလုပ်သားနှစ်ဦး မြစ်ကြီးနားသို့လာ​ရောက်လည်ပတ်စဉ်တွင် ဖရွန်းတီးယားမြန်မာက တွေ့ဆုံမေးမြန်းခွင့် ရခဲ့သည်။

မြစ်ကြီးနားမြို့ခံ လူငယ်တစ်​ယောက်ဖြစ်​သော ဆန်အောင်(အမည်လွှဲ)သည် ၂၀၁၉တွင် ​မြေရှားသတ္တု လုပ်ငန်းခွင်တစ်ခုတွင် စတင်အလုပ်လုပ်ခဲ့သည်။ ၂၀၁၉၊ ဒီဇင်ဘာတွင် ဖရွန်းတီးယားမြန်မာအား​ပြောကြားရာတွင် သူသည် ​မြေရှားသတ္တုတွင်းတစ်ခုတွင် ကျင်းများတူးခြင်း၊ အရည်များထဲသို့အမှုန့်များ ထည့်​ပေးရခြင်း၊ ထည့်ပြီး​သောအရည်များကို ​လုပ်ငန်းခွင်ရှိရာ တောင်တန်းများတစ်​လျှောက် သွယ်တန်းထား​သော ပိုက်များထဲသို့ စုပ်ထုတ်​ပေးရခြင်း စသည်တို့ကိုလုပ်​ဆောင်ရသည်ဟု ​ပြောသည်။

ထိုအရည်များက ​တောင်တန်းများကိုဖြတ်ပြီး ​တောင်​အောက်ရှိ ပိုက်များမှထွက်လာ​သောအခါ ၎င်းတို့ကို အရည်​လှောင်ကန်ထဲသို့ထည့်ကာ အလုပ်သမားများက ​နောက်ထပ်အမှုန့်များထည့်ကာ အရည်​ဖျော်ရသည်။ ထိုအရည်များက​ ရေ​ငွေ့ပျံသွားသောအခါ ဆန်အောင် ကဲ့သို့​သော အလုပ်သမားများက ကျန်ရစ်​သောအရာများကို မီးဖြင့် အပူပေးရသည်။

မည်သည့်ဓာတုပစ္စည်းများကို ၎င်းတို့ကိုင်တွယ်အသုံးပြုရသည်ကို မသိရ​ပေ။ ဆန်အောင်၏ ပြောကြားချက်အရ အလုပ်သမားများကို ၎င်းတို့ ဘာအမှုန့်များကိုင်တွယ် အသုံးပြုရသည်ကို ​ပြောပြမထား​ကြောင်း သိရသည်။ သို့​သော် သူ၏အ​တွေ့အကြုံအရ ၎င်းတို့သည် ကျန်းမာ​ရေးနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်​ကြောင်း ယုံကြည်သည်ဟု ဆိုသည်။

အလုပ်သမားများ ​ရေချိုးရာတွင် အခြား​နေရာမှသယ်​ဆောင်လာ​သော ​ရေကိုသာချိုးရသည်။ လုပ်ငန်းခွင်တစ်ဝိုက်ရှိ ​မြေ​အောက်​ရေသည် ကျန်းမာ​ရေးကိုထိခိုက်​စေနိုင်မည်ကို စိုးရိမ်​သော​ကြောင့် ဖြစ်သည်။ ထို​နေရာတွင် သက်ရှိတိရစ္ဆာန်အနည်းငယ်သာ ရှင်သန်​နေထိုင်နိုင်​ကြောင်းလည်း ၎င်းကဆိုသည်။

“ကျနော်တို့ အလုပ်လုပ်တဲ့ ​တောင်​ပေါ်မှာ ဘာသတ္တဝါမှမကျန်​တော့ဘူး။ ငှက်က​လေး တစ်​ကောင်​တောင် မ​တွေ့ရဘူး။ ကျနော်တို့ ​တောင်​ပေါ်ကထွက်တဲ့ရေကို ​သောက်လိုက်တဲ့သတ္တဝါ​တွေ အားလုံး ​သေကုန်တာပဲ။ ဘာသတ္တဝါမှ မရှင်သန်နိုင်ဘူး”ဟု ဆန်အောင်က ပြောသည်။

မြေရှားသတ္တုထုတ်ယူရန် အသုံးပြု​သောပိုက်များဖြင့် လွှမ်းခြုံထား​သော ချီ​ဖွေမြို့နယ်၊ ပန်ဝါမှ ​တောင်​စောင်းတစ်ခုကို ​တွေ့ရစဉ်။ (ဓာတ်ပုံ | ပေးပို့)

အာဏာသိမ်းမှုအလွန် ​မြေရှားသတ္တုထုတ်ယူမှုများ တိုးပွားလာခြင်း

တရုတ်ပြည်သည် ဆယ်စုနှစ်များစွာကမ္ဘာ​ပေါ်တွင် ​မြေရှားသတ္တုထုတ်လုပ်​မှု အများဆုံးဖြစ်သည်။ သို့​သော် ​မြေရှားသတ္တုထုတ်ယူမှုသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုများပြား​သော​ကြောင့် တရုတ်ပြည်က​မြေရှားသတ္တု ထုတ်ယူမှုကို လုပ်ထုံးလုပ်နည်းစည်းမျဉ်းများ တင်းကျပ်စွာချမှတ်၍ ကန့်သတ်ခဲ့သည်။ ထိုသို့ဖြင့် ​မြေရှားသတ္တု ထုတ်ယူမှုသည် ၂၀၁၅မှ စတင်ကာ တရုတ်ပြည်တွင် တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။ 

ထိုသို့ဖြင့် တရုတ်ပြည်သည် ​မြေရှားသတ္တုတင်သွင်းရန် ပိုမိုလိုအပ်လာပြီး ၎င်း၏ အိမ်နီးချင်းဖြစ်သော မြန်မာက အဆိုပါသတ္တုကိုအဓိက ​ထောက်ပံ့သူဖြစ်လာသည်။

UN Comtrade Database အရ တရုတ်ပြည်သည် မြန်မာနိုင်ငံမှမြေရှားသတ္တုကို ၂၀၁၄တွင် တန် ၃၀၀သာ တရားဝင်တင်သွင်းခဲ့သည်။ သို့​သော် ၂၀၁၈တွင် ၁၉,၉၀၀တန် အထိ တိုးမြှင့်တင်ပို့လာခဲ့ပြီး ၂၀၂၀ပြည့်နှစ်တွင် ၃၅,၅၀၀ တန်အထိ တင်ပို့မှုမြင့်တက်လာသည်။ ထိုသို့ဖြင့် မြန်မာနိုင်ငံသည် တရုတ်နှင့် အ​မေရိကန်ပြီးလျှင် ကမ္ဘာ​ပေါ်တွင် ​မြေရှားသတ္တုတတိယအများဆုံး ထုတ်လုပ်​သောနိုင်ငံဖြစ်လာသည်။

လန်ဒန်အ​ခြေစိုက် သဘာဝပတ်ဝန်းကျင်​စောင့်ကြည့်​လေ့လာ​ရေးအဖွဲ့ဖြစ်​သော Global Witness မှ မြန်မာဆိုင်ရာသု​တေသနပညာရှင် ကလဲဟမ်မွန်ဒ်က ​ပြောကြားရာတွင် တရားဝင်ကိန်းဂဏန်းများသည် မြန်မာနိုင်ငံမှ ထုတ်လုပ်​သော​မြေရှားသတ္တုများ၏အနည်းငယ်​သော အစိတ်အပိုင်းမျှသာ ဖော်ပြနိုင်​ကြောင်း ဆိုသည်။ ထို့ပြင် ​မြေရှားသတ္တုများကို တရားဝင်မတူးဖော်လျက်ရှိပြီး နယ်စပ်​ဒေသတွင် လက်နက်ကိုင်များ အများအပြား ပါဝင်ပတ်သက်​နေသဖြင့် အမှန်တကယ်တူးဖော်သည့် ကိန်းဂဏန်းသည် ထို့ထက်များပြား နိုင်သည်ဟု ဆိုသည်။

ဖေ​ဖော်ဝါရီ၁ရက်​တွင် တပ်မ​တော်က အာဏာသိမ်းပြီး​နောက် ​မြေရှားသတ္တုရောင်းဝယ်မှုသည် ​နှေး​ကွေးသွားသည့် အရိပ်လက္ခဏာမပြခဲ့​ပေ။ သတင်းရင်းမြစ်အ​တော်များများက ဖရွန်းတီးယားမြန်မာကို ​ပြောကြားရာတွင် မြန်မာနိုင်ငံတွင် ​မြေရှားသတ္တုတူး​ဖော်မှုသည် ယခင်ကထက် ပို၍ပင် တိုးပွားလာသည်ဟု ဆိုသည်။

အ​ရေးပါ​သောကုန်ကြမ်းပစ္စည်းများ၏ ထောက်ပံ့​ရေးလမ်း​ကြောင်းကို ​လေ့လာ​သောအကြံ​ပေးအဖွဲ့ဖြစ်သည့် လန်ဒန်အ​ခြေစိုက် Roskill Information Servicesက ​မြေရှားသတ္တုကျွမ်းကျင်သူ မစ္စတာ ဒေးဗစ်မာရီမန်က​ ပြောကြားရာတွင် အာဏာသိမ်းပြီး​နောက်ပိုင်း တရုတ်၏မြေရှားသတ္တု တင်သွင်းမှုသည် ပို၍ပင်များပြားလာသည်ဟုဆိုသည်။

ထိုသို့ တိုးပွားလာမှုသည် ​မြေရှားသတ္တု ပေါက်​စျေးများ မြင့်မားလာခြင်းနှင့် ကချင်ပြည်နယ်တွင် ​မြေရှားသတ္တုတူး​ဖော်ရာတွင် စည်းမျဉ်းစည်းကမ်းများ လိုက်နာရန် မလိုအပ်ခြင်းတို့ကြောင့်ဖြစ်မည်ဟု မာရီမန်က ယုံကြည်သည်။ 

“ဒီလိုအ​ခြေအ​နေ​တွေ​ကြောင့် တရုတ်ကုမ္ပဏီ အများအပြားက တံခါးမရှိ ဓားမရှိ ဝင်လာနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

ဒေသတွင်းအရပ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်​သော Transparency and Accountability Network Kachin State (TANKS) အဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်အရ ကိုဗစ်-၁၉ကပ်​ရောဂါ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိချိန် ၂၀၂၀ပြည့်နှစ်၊ မတ်လအတွင်းမှာပင် ​မြေရှားသတ္တုများ တရုတ်ပြည်သို့ တင်ပို့မှုဆက်ရှိနေခဲ့သည်။ ထိုအချိန်တွင် တရုတ်ပြည်သို့ ကိုဗစ်-၁၉ ပြန့်ပွားမည်ကို စိုးရိမ်သဖြင့် နယ်စပ်ကုန်သွယ်​ရေးစခန်းများ ပိတ်ထား​သော​ကြောင့် တခြားကုန်စည်အားလုံး တရုတ်ပြည်သို့တင်ပို့မှုသိသာစွာ ကျဆင်းခဲ့သည့် ကာလဖြစ်သည်။ 

အမည်မဖော်လိုသည့် TANKS အဖွဲ့ဝင်က အာဏာသိမ်းမှု​ကြောင့် လက်နက်ကိုင်အဖွဲ့များအပါအဝင် ​မြေရှားသတ္တုတူး​ဖော်​ရေးလုပ်ငန်းတွင် ပါဝင်သူများသည် အခွင့်အ​​ရေးများ ပိုမိုရရှိကာလွတ်လပ်စွာ လုပ်ကိုင်​ရောင်းဝယ်လာနိုင်သည်ဟု ဆိုသည်။ထို့​ကြောင့် အာဏာသိမ်းပြီး​နောက်ပိုင်းတွင် ​မြေရှားသတ္တု တူး​ဖော်မှုသည် ပိုမိုတိုးပွားလာနိုင်သည်ဟု ၎င်းကခန့်မှန်းသည်။

တရုတ်ပြည်နှင့် နယ်စပ် ကချင်ပြည်နယ် ချီ​ဖွေမြို့နယ် ပန်ဝါ​ဒေသမှ ​မြေရှားသတ္တုတွင်း တစ်ခုကို ​တွေ့ရစဉ်။ (ဓာတ်ပုံ | ပေးပို့)

တရုတ်များ လာ​ရောက်လုပ်ကိုင်ခြင်း

ဒေသခံတက်ကြွလှုပ်ရှားသူများ အရပ်ဘက်အဖွဲ့အစည်းများက ကချင်ပြည်နယ်တွင် ​မြေရှားသတ္တု လာ​ရောက်တူး​ဖော်​သော ကုမ္ပဏီများနှင့်လူပုဂ္ဂိုလ်များအား မည်သူမည်ဝါဖြစ်သည်ကို အတိအကျ မပြောနိုင်ဟု ဆိုသည်။ သို့​သော် လာ​ရောက်လုပ်ကိုင်သူများသည် တရုတ်ပြည်မှဖြစ်​ကြောင်းနှင့် ဇခုန်တိန့်ယိန်း၏ နယ်ခြား​စောင့်တပ်အဖွဲ့၏ သ​ဘောတူညီမှုဖြင့်လုပ်ကိုင်​နေခြင်းဖြစ်​ကြောင်း ယုံကြည်ကြသည်။ 

“(မြေရှားသတ္တု) တူး​ဖော်​နေတဲ့လုပ်ငန်းအများစုကို တရုတ်လုပ်ငန်းရှင်တွေနဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေက ဖက်စပ်ပိုင်ဆိုင်ထားတာ။ ဇခုန်တိန့်ယိန်းနဲ့ ဇခုန်ယိန်းဆောင်တို့က တူး​​ဖော်​ရေးလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ထား​ကြတယ်”ဟု ကချင်ပြည်နယ် အ​ခြေစိုက်  တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ ဇခုန်ယိမ်းဆောင်သည် သူ့ဖခင်၏လက်နက်ကိုင်အဖွဲ့တွင် အဆင့်မြင့်ဗိုလ်ချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် အသစ်ဖွဲ့စည်း​​သော ဒီမိုက​ရေစီပါတီသစ်(ကချင်) အမည်ဖြင့် ပြည်နယ်လွှတ်​တော်တွင် အမတ်​နေရာ ရွေး​ကောက်တင်​မြှောက်ခံခဲ့ရသည်။

ကချင်ပြည်နယ်မှတက်ကြွလှုပ်ရှားသူ ​နောက်တစ်ဦးက ကုမ္ပဏီများသည် အခြား​သောသတ္တုတူး​ဖော်​​​ရေး လုပ်ငန်းလိုင်စင်များဖြင့် ​မြေရှားသတ္တုကိုတူး​ဖော်​နေကြသည်များ ရှိသလို​ဒေသခံ လက်နက်ကိုင်အဖွဲ့ကို ​အခကြေးငွေပေးပြီး တူး​ဖော်​နေကြသည်ဟု ဆိုသည်။ 

ဆန်အောင်သည် သူငယ်ချင်း၏ စီစဉ်ပေးမှုဖြင့် ထိုတူး​ဖော်​ရေးလုပ်ငန်းတွင် အလုပ်ရခဲ့​သော်လည်း ကုမ္ပဏီ၏အမည်ကို မသိကြောင်း၊ မန်​နေဂျာများကမူ တရုတ်လူမျိုးများ ဖြစ်သည်ဟုဆိုသည်။  တူး​ဖော်​ရေးလုပ်ငန်း၏ သူ​ဌေးဖြစ်သူသည် တရုတ်နိုင်ငံမှဖြစ်​ကြောင်း၊ တခြားတရုတ်အလုပ်သမားများလည်း ရှိ​ကြောင်းနှင့် ၎င်းတို့သည် မြန်မာများထက် ရာထူးကြီးရယူထားကြပြီး လခလည်း ပိုမိုရရှိကြ​ကြောင်း သူက​ ဆိုသည်။

အသက် ၆၀အရွယ် ကချင်အမျိုးသား ဆွတ်ထင်း​ (အမည်လွှဲ)သည်လည်း ဤသို့ပင်ဖြစ်သည်။ သူသည် ၂၀၁၇၊ ဒီဇင်ဘာတွင် ​မြေရှားသတ္တုတွင်းတစ်ခုတွင် ပိုက်များပြင်ခြင်းနှင့် ​မြေရှင်းလမ်း​ဖောက်ခြင်း စသည့်အလုပ် ရရှိခဲ့သည်။

“ကျနော် အလုပ်လုပ်တဲ့ ကုမ္ပဏီနာမည်ကိုမသိဘူး။ ဒါ​ပေမဲ့ တရုတ်ကုမ္ပဏီဆိုတာ​တော့ ​သေချာတယ်”ဟု ဆွတ်ထင်းက ဖရွန်းတီးယားမြန်မာကို ၂၀၁၉၊ ဒီဇင်ဘာတွင်​ ပြောကြားခဲ့ဖူးသည်။ “တရုတ်ဘာသာစကားနဲ့ ဆိုင်းဘုတ်​တွေ အများကြီး​တွေ့တယ်။ သူ​ဌေး​ရော အလုပ်ကြီးကြပ်သူ​ရောက တရုတ်လူမျိုး​တွေပဲ။ ကျနော်တို့ကို အလုပ်ခိုင်းဖို့ စကားပြန်တစ်​ယောက်ခန့်ထားတယ်”ဟု ဆွတ်ထင်းက ပြောသည်။

ဓာတုပစ္စည်း​များကို ကိုင်တွယ်ရသည့်အလုပ်ကိုမူ တရုတ်လူမျိုးများ မလုပ်ကြပေ။ ထိုအလုပ်ကို လုပ်ရသည့် မြန်မာလူမျိုးများမှာလည်း ယင်းအလုပ်တွင် ရေရှည်မလုပ်နိုင်ကြပေ။

ဆွတ်ထင်းကလည်း ထိုအလုပ်တွင် ငါးလခန့်သာလုပ်ခဲ့သည်။ “ကျနော် အဲဒီမှာ ပြန်မလုပ်ချင်​တော့ဘူး။ ကျနော်က အသက်လည်းကြီးပြီ။ ဒီမှာပဲ​နေပြီး ကျပန်းအလုပ်​တွေပဲလုပ်​တော့မယ်။ ဒီမှာက ဝင်​ငွေမ​ကောင်း​ပေမဲ့ မိသားစုနဲ့ အတူ​နေရတယ်”ဟု ယခု စစ်​ဘေး​ရှောင်စခန်းတွင် ​နေထိုင်​သော ၎င်းက ​ပြောသည်။ သူနှင့် သူ၏ မိသားစုသည် ၂၀၁၁တွင် ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် တပ်မ​တော်တို့အကြား တိုက်ပွဲကြောင့် ထိုစစ်​ဘေး​ရှောင်စခန်းသို့ ​ရောက်ရှိလာသည့် ထောင်သောင်းများစွာသော စစ်ဘေးရှောင်ဒုက္ခသည်များတွင် အပါအဝင်ဖြစ်သည်။

 မြန်မာနိုင်ငံတွင် ​မြေရှားသတ္တုကုန်ချောထုတ်နိုင်သည့် စက်ရုံမရှိ​သော​ကြောင့် ရရှိလာ​သော ​မြေရှားသတ္တုများကို နယ်စပ်ကိုဖြတ်ကာ တရုတ်ပြည်သို့ ပို့​ဆောင်ရသည်ဟု သတင်းရင်းမြစ်များက ဖရွန်းတီးယားမြန်မာနှင့် Danwatch ကို ​​ပြောသည်။ 

Roskill Information Services က မာရီမန်က ​တရုတ်ပြည်၏အကြီးဆုံး နိုင်ငံပိုင်မြေရှားသတ္တုကုမ္ပဏီကြီး သုံးခုသည် မြန်မာနိုင်ငံမှ ​မြေရှားသတ္တုများကိုဝယ်ယူ​နေ​သည်ဟု ဆိုသည်။ ၎င်းတို့မှာ China Southern Rare Earths Group ၊ Chinalco နှင့် Guangdong Rare Earths တို့ ဖြစ်ကြသည်။ 

“တရုတ်ပြည်​တောင်ပိုင်းမှာ ထုတ်လုပ်​နေရတဲ့ ​မြေရှားသတ္တု​တွေကို မြန်မာနိုင်ငံက (heavy rare earth) အလေးစီးမြေရှားသတ္တုနဲ့ အစားထိုးလိုက်တယ်လို့ ​ပြောလို့ရတယ်။ တရုတ်ပြည်က မြန်မာနိုင်ငံက အလေးစီး မြေရှားသတ္တု​တွေကို တင်သွင်းနေပြီး မြန်မာနိုင်ငံကို ​မြေရှားသတ္တုတူး​ဖော်ရာမှာ ဖြစ်​ပေါ်လာမယ့်အန္တရာယ်​တွေ ပြန်လည်တင်ပို့​နေတယ်​ပေါ့”ဟု မာရီမန်က ​ပြောကြားသည်။

​မြေရှားသတ္တု ၁၇မျိုးအနက် ၎င်းတို့၏အက်တမ်အလေးချိန်နှင့် ဂုဏ်သတ္တိများအရ သတ္တုခုနှစ်မျိုးကို အပေါ့စားမြေရှားသတ္တု (light rare earth) ဟု သတ်မှတ်ပြီး ၁၀ခုကို အလေးစီးမြေရှားသတ္တု(heavy rare earth) ဟု သတ်မှတ်သည်။ အလေးစီးမြေရှားသတ္တုများသည် ရှားပါးပြီး ​တန်ဖိုးပိုကြီးမားသည်။ ၎င်းတို့ကို နည်းပညာမြင့် တိုက်ခိုက်ရေးလက်နက်များနှင့် တခြားနည်းပညာပစ္စည်းများတွင်လည်း အသုံးပြုသည်။ မြန်မာနိုင်ငံမှ​ထွက်ရှိ​သော မြေရှားသတ္တုအများစုသည် အလေးစီးမြေရှားသတ္တုများ ဖြစ်ကြသည်။

က​နေဒါနှင့် နယ်သာလန်နိုင်ငံများတွင် အ​ခြေစိုက်​သောမဟာဗျူဟာမြောက် ဓာတ်သတ္တုများဆိုင်ရာ အကြံ​ပေးအဖွဲ့ဖြစ်​သည့် Adamas Intelligence က တရုတ်ပြည်က ​ရောင်းချ​သော အလေးစီးမြေရှား သတ္တုများ၏ ထက်ဝက်ခန့်သည် မြန်မာပြည်မှရရှိခြင်းဖြစ်သော်လည်း စာရွက်စာတမ်းများ​ပေါ်တွင်မူ တရုတ်ပြည်မှထွက်ရှိသည်ဟု ​​ရေးသားထားကြောင်း ဆိုသည်။

ဗြိတိန်နိုင်ငံ၊ Hullဒေသရှိ Kingston မြို့မှ ​​လေအားသုံး တာဘိုင်ဒလက် ထုတ်လုပ်သည့် Siemens Gamesa Renewable Energy ကုမ္ပဏီ၏ ဆိုင်းဘုတ်​ရှေ့တွင် အလုပ်သမားများ ၂၀၁၇၊ နိုဝင်ဘာလအတွင်းက မတ်တပ်​ရပ်နေစဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

နေ့စဉ်သုံးထုတ်ကုန်ပစ္စည်းများ

မြန်မာနိုင်ငံမှ တူးဖော်ရရှိသောမြေရှားသတ္တုများ၏ ထောက်ပံ့ရေးလမ်းကြောင်းကွင်းဆက်ကို ခြေရာခံရသည်မှာ ပွင့်လင်းမြင်သာမှုမရှိသဖြင့် ခက်ခဲရှုပ်ထွေးလှသည်။ သို့သော်ကချင်ပြည်နယ်မှ တူးဖော်ရရှိသောမြေရှား တွင်းထွက်များ ဥရောပဈေးကွက်တွင် ရောက်ရှိလမ်းဆုံးသွားကြဖွယ်ရှိသည်ဟု Danwatchအဖွဲ့က လေ့လာတွေ့ရှိထားသည်။ အထူးသဖြင့် ဥရောပကုမ္ပဏီများသည် မြေရှားသတ္တုပါဝင်သော အမြဲတမ်း သံလိုက်များကို တရုတ်ပြည်မှ ဝယ်ယူပြီး ကမ်းလွန်လေစွမ်းအင်သုံး တာဘိုင်စက်များ၊ ကွန်ပျူတာ ဖန်သားပြင်များ၊ လျှပ်စစ်မော်တော်ယဉ်များ အပါအဝင် နေ့စဉ်သုံး လူသုံးကုန်ပစ္စည်းအမျိုးမျိုးတွင် ထည့်သွင်း အသုံးပြုနေကြသည်။

Roskill Information Services က မာရီမန်က ဤသံလိုက်များမှာ မြန်မာနိုင်ငံမှတူးဖော်ရရှိသော မြေရှားသတ္တုဒြပ်စင်များဖြင့် ပြုလုပ်ထားသည်မှာ သေချာသလောက်ရှိသည်ဟု ယုံကြည်ထားသည်။ အကြောင်းမှာ ကမ္ဘာ့အခြားနေရာများတွင် များများစားစားမတွေ့ရသော အလေးစီးမြေရှားသတ္တုများဖြစ်သည့် terbium နှင့် dysprosium တို့ကို မြန်မာနိုင်ငံတွင်သာ များပြားစွာတွေ့ရှိရသောကြောင့် ဖြစ်သည်။

“ခုချိန်မှာတော့ ကမ္ဘာတလွှားသုံးနေကြတဲ့ အလေးစီးမြေရှားသတ္တုတွေက မြန်မာပြည်ကထွက်တဲ့ သတ္တုတွေ ဖြစ်နေပုံရတယ်။ တရုတ်အစိုးရက အလေးစီးမြေရှားဒြပ်စင်သတ္တုထုတ်လုပ်မှု အားလုံးနီးပါးကို သူ့နိုင်ငံတွင်း ရပ်တန့်ထားတာမျိုး (ဒါမှမဟုတ်) လုံးဝပိတ်သိမ်းတာမျိုးလုပ်ထားပြီး မြန်မာနိုင်ငံကနေတင်သွင်းလာတဲ့  မြေရှားသတ္တုတွေနဲ့ အစားထိုးအသုံးပြုနေတယ်”ဟု မာရီမန်ကပြောသည်။

သို့သော်မြန်မာပြည်မှ နယ်စပ်ကိုဖြတ်ကျော်ပြီး တရုတ်ပြည်ထဲကိုရောက်လာသည်နှင့်တပြိုင်နက် မြေရှားတွင်းထွက်၏ မူလဇစ်မြစ်ကို ခြေရာခံရန်ခက်ခဲသွားကြောင်း၊ အကြောင်းမှာ တရုတ်တို့သည် နေရာအနှံ့မှရောက်လာသော မြေရှားသတ္တုများကို ခြေရာခံလို့မရအောင် ရောမွှေပစ်လိုက်သောကြောင့် ဖြစ်ကြောင်း သူကပြောသည်။

“နောက်ပြီးတော့ မြေရှားသတ္တုတွေကို တရုတ်အစိုးရရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစည်းမျဉ်းများကို လိုက်နာတဲ့ ကုမ္ပဏီတစ်ခုကထုတ်လုပ်ကြောင်း ကုမ္ပဏီတံဆိပ်တုံးနှိပ်လိုက်တော့တာပဲ။ ဒီတော့ ဒီသံလိုက်တွေဟာ ပြည်တွင်းမှာပဲသုံးသုံး၊ နိုင်ငံတကာကိုပဲတင်ပို့ပို့ တင်ပို့ခွင့်ပြုမိန့် လက်မှတ်ရသွားတော့တာပဲ”ဟု မာရီမန်က ပြောသည်။

ဒိန်းမတ်နှင့်ဂရင်းလန် ဘူမိဗေဒလေ့လာရေးဌာန လက်အောက်ရှိ သဘာဝတွင်းထွက်သတ္တုသုသေတနဌာနမှ အကြံပေးခေါင်းဆောင် မစ္စတာပါကဲလ်ဗစ်က ဥရောပထုတ်ကုန်များသည် မြန်မာနိုင်ငံမှ မြေရှားသတ္တုဒြပ်စင်များကို အသုံးပြုနေကြသည်ဟု ယူဆကြောင်း၊ သို့ရာတွင် မာရီမန်ပြောသလိုပင် တရုတ်များက ရောမွှေပစ်လိုက်သဖြင့် မြန်မာပြည်က ထွက်ရှိသည့် တွင်းထွက်ပစ္စည်း ပမာဏမည်မျှရှိမည်ကို မခန့်မှန်းနိုင်ကြောင်း ပြောသည်။

မြေရှားသတ္တု၁၇မျိုးအနက် neodymium၊ praseodymium၊ dysprosium နှင့် terbium လေးမျိုးတို့ကို ဥရောပတွင် ရောင်းချသောပစ္စည်းများ၌အသုံးပြုသည့် သံလိုက်များတွင် စမ်းသပ်တွေ့ရှိရသည်ဟု ၎င်းကဆိုသည်။

ဒိန်းမတ်နိုင်ငံအခြေစိုက် Vestas, Grundfos, Danfoss နှင့် Siemens Gamesa ကုမ္ပဏီများသည် အမြဲတမ်း သံလိုက်များကို အသုံးပြုကြသည်ဖြစ်ရာ မြန်မာနိုင်ငံထွက် မြေရှားသတ္တုအသုံးပြုထုတ်လုပ်ထားသော သံလိုက်များ ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ အဆိုပါကုမ္ပဏီများသည် ဤကိစ္စကို ဆွေးနွေးရန် ဆန္ဒရှိကြပုံမရချေ။ Danwatch က အကြိမ်ကြိမ်တယ်လီဖုန်းဖြင့်တစ်နည်း၊ အင်တာနက်စာပို့စနစ်ကတစ်ဖုံ ကြိုးပမ်း၍ Vestas, Grundfos နှင့် Siemens Gamesa ကုမ္ပဏီများသို့ ဆက်သွယ်ခဲ့သော်လည်း အဆိုပါကုမ္ပဏီသုံးခုလုံးက ပြန်လည်ဖြေကြားခြင်းမပြုကြပေ။

Danfoss ကုမ္ပဏီကမူ ၎င်းတို့ကိုသံလိုက်ရောင်းချသူများထံ ဆက်သွယ်မေးမြန်းရာ ၎င်းတို့၏ သံလိုက်များတွင် မြန်မာနိုင်ငံမှထွက်သော မြေရှားသတ္တုဒြပ်စင်များမပါဝင်ကြောင်း၊ မြန်မာနိုင်ငံထွက် မြေရှားသတ္တုဝယ်ယူသည်ဟု မာရီမန်ကပြောသော တရုတ်ကုမ္ပဏီများဖြစ်ကြသည့် China Southern Rare Earths Group၊ Chinalco နှင့် Guangdong Rare Earths ကုမ္ပဏီများထံမှလည်း ဝယ်ယူခြင်းမရှိကြောင်း ဆိုသည်။

Danfoss ကုမ္ပဏီသည် ကျင့်ဝတ်စည်းကမ်းလိုက်နာရေး လက်မှတ်ထိုးထားသော ကုမ္ပဏီများထံမှသာ ပစ္စည်းများကို ဝယ်ယူအသုံးပြုကြောင်း၊ ထိုကျင့်ဝတ်စည်းကမ်းအရ မျက်ခြေမပြတ် စောင့်ကြပ်ကြည့်ရှုနေကြောင်း၊ သို့ရာတွင် မြေရှားသတ္တုပါဝင်သော ပစ္စည်းများထောက်ပံ့ရေး ကွင်းဆက်တခုလုံးကို ထောက်လှမ်းရသည်မှာ အလွန်ပင်ခက်ခဲပါကြောင်း Danfoss ကုမ္ပဏီ၏ ဆက်သွယ်ရေးမန်နေဂျာဖြစ်သူ မစ္စတာ ကက်စပါ အယ်လ်ဂျွန်က ဝန်ခံပြောကြားခဲ့သည်။

ဒေသအမျိုးမျိုးမှလာသော မြေရှားသတ္တုများကို ရောနှောပစ်လိုက်သဖြင့် ဥရောပကုမ္ပဏီများထံရောင်းချသော အမြဲတမ်းသံလိုက်များတွင် တရားမဝင်တူးဖော်ထုတ်လုပ်နေသော မြေရှားသတ္တုများပါဝင်နိုင်သည်ဟူသော အယူအဆ နှင့်ပတ်သက်၍ မေးမြန်းကြည့်ရာ အယ်လ်ဂျွန် က “ ပြီးခဲ့တဲ့ သုံးလေးရက်ကပဲ ကျနော် ကျွမ်းကျင်သူတွေကို ဆက်သွယ်မေးမြန်းကြည့်ခဲ့တယ်။ သူတို့က ဒါဟာသတိထားရမဲ့ကိစ္စဖြစ်ပြီး၊ အခုလက်ရှိမှာလည်း အထူးသတိထား စောင့်ကြည့်တယ်လို့ ပြောပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

အင်းဆက်ပိုးမွှားများပင် မနေနိုင်ကြတော့

မြေရှားသတ္တုဒြပ်စင်တူးဖော်ရာ ကချင်ပြည်နယ်ဒေသခံတို့မှာ ပတ်ဝန်းကျင်ယိုးယွင်း ပျက်စီးမှုနောက်ဆက်တွဲ ဆိုးကျိုးများ၏ဒဏ်ကို ခံစားရလျက်ရှိသည်။

“ကုမ္ပဏီတွေက တစ်နေရာမှာတူးဖော်မှုပြီးတာနဲ့ ဒီအတိုင်းထားပစ်ခဲ့ပြီး နောက်နေရာသစ်ကို ပြောင်းရွေ့သွားတာပဲ။ နေရာဟောင်းကတော့ လွင်တီးခေါင်ကြီးအဖြစ်ကျန်ခဲ့တော့တာပဲ’’ဟု အမည်မဖော်လိုသူ ကချင်အခြေစိုက် ပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

“သတ္တုတူးဖော်ပြီးရင် အဲဒီတောင်ကုန်းဟာ ဘာမှသုံးလို့မရတော့ဘူး။ မြေဆီလွှာလဲမရှိတော့ဘူး။ သစ်ပင်တွေ အားလုံးသေကုန်တယ်။ အင်းဆက်ပိုးမွှားလိုအကောင်တွေတောင် မနေနိုင်ကြတော့ဘူး။ မတွေ့ရတော့ဘူး”ဟု သူက ဆက်ပြောသည်။

“ပတ်ဝန်းကျင်ညစ်ညမ်းပျက်စီးမှု နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် သူတို့နယ်မြေအတွင်းမှာ စည်းမျဉ်းကန့်သတ်ချက်တွေ လုပ်လာတော့ တရုတ်နဲ့အခြားနိုင်ငံတွေဟာ ဒီလုပ်ငန်းနဲ့ ဒီပြဿနာတွေကို သူတို့တိုင်းပြည်ကနေ မြန်မာပြည်ဘက်ကို တွန်းထုတ်လိုက်ကြတာပဲ။ ဒီလိုနောက်ဆက်တွဲ ဆိုးကျိုးတွေရှိတဲ့ သတ္တုတူးဖော်မှုမျိုးကို တခြားနိုင်ငံတွေကတော့ လက်ခံခွင့်ပြုကြမှာမဟုတ်ပါဘူး။ ပတ်ဝန်းကျင် အကြီးအကျယ်ပျက်စီးပြီး မြေအောက်ရေတွေလည်း ညစ်ညမ်းကုန်မယ့် ဒီလိုသတ္တုတူးဖော်မှုလုပ်ငန်းတွေကို တခြားဘယ်နိုင်ငံကမှ သည်းခံခွင့်ပြုထားကြမှာ မဟုတ်ပါဘူး”ဟု ကချင်ဒေသခံတစ်ဦးက စိတ်ပျက်ဝမ်းနည်းစွာပြောလိုက်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.