A pro-military disinformation campaign is seeking to sow divisions between ethnic armed groups and People's Defence Forces, and deter young people from seeking military training. (Frontier)
စစ်တပ်ထောက်ခံသူ ဖေ့စ်ဘွတ်ခ်အကောင့်များက သတင်းတု၊ သတင်းမှားများ အသုံးပြု၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်သားတော်လှန်ရေးသမားများအကြား သွေးခွဲရန် ကြိုးပမ်းနေသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

လုပ်ကြံအွန်လိုင်းသတင်းများဖြင့် သွေးခွဲရန် စစ်တပ်ထောက်ခံသူများကြိုးပမ်းနေ

စစ်တပ်အားပေးဖေ့စ်ဘွတ်ခ်အကောင့်များသည် သတင်းတု၊ သတင်းမှားများ ထုတ်လွှင့်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်သားလက်နက်ကိုင်အဖွဲ့များအကြား သပ်လျှိုသွေးခွဲရန် ကြိုးပမ်းနေသည်။ သို့တိုင် ၎င်းတို့သည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအုပ်စုများ၏ ညီညွတ်မှုကို ဖြိုခွင်းရန် ရုန်းကန်ကြရသည်။

ဖရွန်းတီးယားမြန်မာ

ဒီမိုကရေစီအရေးတက်ကြွလှုပ်​​ရှားသူများသည် တပ်မတော်ကို အာဏာမှဖယ်ရှားရန် လက်နက် ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်လိုက်သည်နှင့်အမျှ ရေရှည်တွင် အောင်မြင်မှုရရှိစေရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မဟာမိတ်ဖွဲ့ခြင်းက အဓိကကျလာသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (Kachin Independence Army – KIA)၊ ကရင်နီတပ်မတော် ( Karenni Army – KA) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (Karen National Liberation Army-KNLA) ကဲ့သို့ အဖွဲ့အစည်းများသည် စစ်တပ်၏ ဖမ်းဆီးမှုမှ ထွက်ပြေးလွတ်မြောက်လာသည့် အတိုက်အခံများကို ၎င်းတို့နယ်မြေတွင် ခိုလှုံခွင့်ပေးရုံမက တော်လှန်ရေးသမားများဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ အချို့တိုက်ပွဲများတွင် ၎င်းတို့ နှင့်အတူပင် ပူးပေါင်း၍ စစ်ကောင်စီတပ်များကို တိုက်ခိုက်စေခဲ့သည်။

ဤကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်းရေးသမားများအကြား မဟာမိတ်ပြုမှုသည် အရေးပါသဖြင့် ၎င်းတို့အကြား စည်းလုံးမှုထင်းစည်းပြေရန် စစ်တပ်ထောက်ခံသူ လူမှုကွန်ရက်အသုံးပြုသူများသည် သတင်းတု၊ သတင်းမှားများ စတင်ဖြန့်ချိလာကြပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်နယ်မြေသို့ စစ်ကောင်စီကို တိုက်ခိုက်မည့် သင်တန်းများ ထပ်မဝင်လာစေရန် ကြိုးပမ်းနေသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အရပ်သားသင်တန်းသားများကို တစ်နည်းနည်းဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းများ ကျူးလွန်နေကြောင်း စစ်တပ်ထောက်ခံသူများက ဖေ့စ်ဘွတ်ခ်ပို့စ် အများအပြားတွင်ရေးသား၍ စွပ်စွဲထားသည်ကို ဖရွန်းတီးယားမြန်မာက လေ့လာတွေ့ရှိခဲ့ရသည်။ စစ်တပ်ထောက်ခံသူအကောင့်များက ယင်းစွပ်စွဲရေးသားချက်များအတွက် ခိုင်လုံသည့်သေသက် အထောက်အထားမပြသနိုင်ကြသလို ယင်းအဖြစ်အပျက်များ အမှန်တကယ်ဖြစ်ပွားခဲ့ခြင်းမရှိကြောင်းလည်း တိုင်းရင်းသားအဖွဲ့များထံတွင် သင်တန်းတက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ငြင်းဆိုထားသည်။

ဝါဒဖြန့်လှိုင်းဂယက်

သတင်းမှားများဖြင့် လှုံ့ဆော်သည့်ရေးသားချက်များသည် ဇွန်လ‌‌နှောင်းပိုင်းတွင် စစ်တပ်ထောက်ခံသူ များက လူမှုကွန်ရက်တွင် စတင်ဖြန့်ဝေလာကြရာ ယင်းတို့သည် အချိန်းအချက်ဖြင့် သတင်းတု၊ သတင်းမှားများကို ချိန်သားကိုက် ဖြန့်ဝေကြဟန်ရှိသည်။

ဇွန်၂၈ရက်တွင် မိမိကိုယ်ကို ဆရာဝန်ဟုဆိုသူ မန္တလေးမြို့ခံတစ်ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က “Gen Z” များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလက်မှ ကယ်တင်ပေးရန် စစ်တပ်ကို တောင်းဆိုခဲ့ကြောင်း ရေးသားခဲ့သည်။ ကေအိုင်အေ နယ်မြေအတွင်းက စစ်သင်တန်းတက်ရောက်နေသော လူငယ်များသည် အဆိုပါစခန်းများမှ ထွက်ပြေးရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။ ၎င်းရည်ညွှန်းသည့် Gen Zများဆိုသည်မှာ ဆန္ဒပြသူလူငယ်များဖြစ်ပြီး မကြာသေးမီက စစ်တပ်ကို ပြန်လည်တိုက်ခိုက်ရန် လက်နက်ကိုင်လမ်းစဉ်ကို စွဲကိုင်လာကြသူ မြန်မာလူငယ်များဖြစ်သည်။

အဆိုပါသတင်းတုကို နောက်ပိုင်းတွင် လူသိများသည့် စစ်တပ်ထောက်ခံသူ ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင် Shwe Yupar Oo (ရွှေရူပါဦး)ဆိုသူက ပြန်လည်မျှဝေခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ကချင်လူမျိုး ဒေါက်တာတူးခေါင်က ဆိုသည်။​ ၎င်း၏အဆိုအရ ရွှေရူပါဦးဆိုသူက ပြန်လည်မျှဝေထားသည့် အဆိုပါရေးသားချက်ကို ပြန်လည်ဖတ်ရှု၍ တုံ့ပြန်မှုတစ်ခုခုပေးသူပေါင်း ၅,၂၀၀ကျော် ရှိခဲ့သည်။

ရွှေရူပါဦးဆိုသူ၏ မူရင်းရေးသားချက်များကို ဖရွန်းတီးယားမြန်မာက စိစစ်ရန် ကြိုးပမ်းခဲ့သော်လည်း အဆိုပါလူမှုကွန်ရက်အသုံးပြုသူသည် ၎င်း၏ဖေ့ဘွတ်ခ်အကောင့် ဖျက်သိမ်းလိုက်သဖြင့် အတည်မပြုနိုင်ခဲ့ပေ။ သို့ရာတွင် ယင်းအမည်ဖြင့်ပင် ဇူလိုင်လဆန်းပိုင်းက ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခု ထပ်မံထွက်ပေါ်လာပြီး ၎င်း၏ ပရိသတ်များကို အင်တာနက်စာတိုပို့စနစ် Telegram လိုင်းသို့ ဝင်ရောက်ကြရန် စေ့ဆော်ထားသည်။ ယင်း Telegram လိုင်းကို ဝင်ရောက်ကြည့်သောအခါ အဆိုပါလိုင်းတွင် ကေအိုင်အေက PDF သင်တန်းသားများကို သတ်ဖြတ်သည့်သတင်းတု၊ သတင်းမှားများ ဆက်လက်ဖြန့်ချိနေသည်ကို တွေ့ရှိခဲ့ရသည်။

ဇွန်၂၇ ရက်တွင် တောတွင်းတစ်နေရာ၌ လက်နက်ကိုင်စစ်သားများက အရပ်သားများအား ရိုက်သတ်နေသည့် ရုပ်သံတစ်ခု အွန်လိုင်းစာမျက်နှာများတွင် စတင်ပျံ့နှံ့လာသည်။ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့အစည်း(KNDO) က PDFသင်တန်းသားများကို သတ်ဖြတ်နေသည့် ရုပ်သံဖြစ်ကြောင်း စစ်တပ်ထောက်ခံသူ ဖေ့စ်ဘွတ်ခ်အကောင့်များက ရေးသားခဲ့ကြသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ) ၏ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော KNDO သည် မေလနှောင်းပိုင်းတွင် ဆောက်လုပ်ရေးလုပ်သားများကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။ KNDO ကမူ အဆိုပါသတ်ဖြတ်မှုကို ငြင်းဆန်ခြင်းမပြုခဲ့ပေ။ သို့သော် အသတ်ဖြတ်ခံရသူများသည် ဆောက်လုပ်ရေးလုပ်သားများအဟုတ်ဘဲ အလုပ်သမားများအဖြစ် ဟန်ဆောင်ထားသော တပ်မတော် စစ်သားများသာဖြစ်ကြောင်း KNDO က ပြန်လည်ထုတ်ပြန်ခဲ့သည်။ ကေအင်န်ယူကမူ အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုဟု ထုတ်ပြန်ခဲ့ပြီး KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောနယ်ဒါးမြကို တာဝန်မှ ယာယီရပ်ဆိုင်းခဲ့သည်။ ဗိုလ်မှူးချုပ်စောနယ်ဒါးမြကမူ ယင်းကိုလက်မခံကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။

ဇွန်၂၇ရက်တွင်လည်း Kwee Kyaw အမည်ရှိ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတစ်ဦးက KNDO သည် အရပ်သား သုံးဦးကို သတ်ဖြတ်ခဲ့ပြီး ကေအိုင်အေကမူ အရပ်သား ၁ ဦး ကိုသတ်ဖြတ်ခဲ့ကြောင်း ရေးသားခဲ့သည်။ အဆိုပါရေးသားချက်ကို ကြိုက်နှစ်သက်သူပေါင်း ၁,၁၀၀ကျော်ရှိခဲ့သည်။ နောက်ပိုင်းတွင် Hnin Maung အမည်ဖြင့် လူမှုကွန်ရက်အသုံးပြုသူအပါအဝင် စစ်တပ်ထောက်ခံသူဖေ့စ်ဘွတ်ခ်အကောင့်များက အဆိုပါရေးသားချက်ကို ထပ်မံကူးယူ၍ ဖြန့်ချိခဲ့ကြသည်။ Follower ပရိသတ် ၅,၀၀၀ကျော်ရှိသော နှင်းမောင် အမည်ရသည့် စစ်တပ်ထောက်ခံသူ ဖေ့စ်ဘွတ်ခ်အကောင့်သည် အစွန်းရောက်အမျိုးသားရေး သတင်းများ တင်ဆက်လေ့ရှိသည့် Myanmar National Post မှ သတင်းများကို မကြာခဏ ပြန်လည်မျှဝေလေ့ ရှိသည်။ 

Follower ပရိသတ် ၁၀,၀၀၀ ကျော်ရှိသော အခြား စစ်တပ်ထောက်ခံသော ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခု ကလည်း Gen Z လူငယ်များကို ကေအင်န်ယူနှင့် ကေအိုင်အေအဖွဲ့တို့က သတ်ဖြတ်နေကြောင်း “ရုပ်သံအထောက်ထားများရှိသည်”ဟု ဇွန်၂၉ရက်တွင် ရေးသားခဲ့သည်။ သို့တိုင် အဆိုပါဖေ့စ်ဘွတ်ခ် အကောင့်က မည်သည့်ရုပ်သံဖိုင်ကိုမျှ သက်သေအဖြစ် ပြသနိုင်ခဲ့ခြင်းမရှိပေ။

“သူတို့က NUG နှင့် CRPH တို့ကို ဘုရားလို ကိုးကွယ်ခဲ့နေကြတာ။ မီဒီယာတွေက မြှောက်ပေးတိုင်း ကကြတယ်။ အခုသူတို့တွေ တောထဲမှာ ရက်ရက်စက်စက် အသတ်ခံရတဲ့ အချိန်မှာ NUG ဘာပြောတာ တွေ့လဲ”ဟု အဆိုပါအကောင့်က ရေးသားသည်။ ထို့ပြင် သတင်းမီဒီယာများနှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့က ယင်းသတ်ဖြတ်မှုများအပေါ် မည်သည့်အတွက်ကြောင့် နှုတ်ဆိတ်နေကြသနည်းဟုလည်း အဆိုပါဖေ့စ်ဘွတ်ခ်အကောင့်က မေးခွန်းထုတ်ထားသည်။ အဆိုပါ ရေးသားချက်ကို ကြိုက်နှစ်သက်သူ ၁,၄၀၀ကျော်ရှိခဲ့ပြီး ပြန်လည်မျှဝေသူ ၅၀၀ကျော်ခန့်ရှိခဲ့သည်။

ဤကဲ့သို့ အထောက်အထားမရှိသော ရေးသားချက်များကို တပ်မတော်ထောက်ခံသူများစုဝေး​ရာ လျှို့ဝှက်ဖေ့စ်ဘွတ်ခ် group များတွင်လည်း ပြန်လည်မျှဝေကြသည်။ ၎င်းတို့အနက် အဖွဲ့ဝင် ၃၁,၀၀၀ကျော်ရှိသည့် National Force group သည် ယင်းသတင်းတု၊ သတင်းမှားများဖြင့် စည်ကားနေတတ်သော ဖေ့စ်ဘွတ်ခ် group တစ်ခုဖြစ်သည်။ ဇွန်၃၀ရက်တွင် Kal Gyin အမည်ရ ဖေ့စ်ဘွတ်ခ်အကောင့်တစ်ခုကတည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက စစ်သင်တန်း တက်ရောက်နေသူများကို သတ်ဖြတ်နေသည်ဆိုသော ပြောဆိုချက်များကို ပြန်လည်မျှဝေခဲ့သည်။

အလားတူ သတင်းတု၊ သတင်းမှားများကို ထုတ်လွှင့်မျှဝေခြင်း မပြုသေးသော်လည်း စစ်တပ်ထိန်းချုပ်သော နိုင်ငံပိုင်သတင်းဌာနများကမူ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများသို့ ရောက်ရှိနေသော လူငယ်များကို အိမ်ပြန်လာရန် တိုက်တွန်းလေ့ရှိသည်။ အင်န်အယ်လ်ဒီပါတီနှင့် အစွန်းရောက်ပါတီထောက်ခံသူများ၏ “လှုံ့ဆော်မှုနှင့် ခြိမ်းခြောက်မှုများကြောင့်” လူငယ်များသည် တိုင်းရင်းသားလက်နက်ကိုင်များ၏ နယ်မြေသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် နေ့စဉ်ဖော်ပြနေသော ထုတ်ပြန်ချက်များက ဆိုသည်။ လူငယ်များသည် တိုင်းရင်းသားနယ်မြေများတွင် လုံခြုံရေးအာမခံချက်မရှိကြောင်းနှင့် အိမ်သို့ပြန်လာလိုသူ လူငယ်အများအပြားရှိသည်ဟု ကြားသိခဲ့ရကြောင်း နိုင်ငံပိုင်သတင်းစာထုတ်ပြန်ချက်များက ဆိုသည်။

စစ်တပ်ထောက်ခံသူ ရွှေရူပါဦးအကောင့်က တင်ထားသည့် သတင်းတု၊ သတင်းမှားတစ်ခုကို ဖန်သားပြင်မှတ်တမ်း (Screenshot) ရယူထားသည့် NUG ဝန်ကြီး ဒေါက်တာတူးခေါင်၏ ရေးသားချက်ကို မြင်တွေ့ရစဉ်။

တစ်ခါမှမရဖူးတဲ့စည်းလုံးမှု

မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ အရပ်သားစစ်သင်တန်းသား တစ်ဦးတစ်ယောက်ကိုမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းမရှိကြောင်း ဆိုသည်။ စစ်တပ်နှင့် ၎င်းကိုထောက်ခံသူများကသာ အရပ်သားတော်လှန်ရေးအုပ်စုများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား သွေးခွဲရန် ကြိုးပမ်းနေသည်ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူက စွပ်စွဲလိုက်သည်။

“လူငယ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စည်းလုံးညီညွတ်မှုဟာ အရင်တစ်ခါမှ မရဖူးတဲ့ ဆက်ဆံရေးမျိုးပါ။ အားလုံးဟာ ညီအစ်ကို၊ မောင်နှမစိတ်၊ ရဲဘော်ရဲဘက်စိတ်နဲ့ ဘာသာလူမျိုး အသက်အရွယ်မခွဲခြားဘဲနဲ့ အခက်ခဲတွေအတူကျော်ဖြတ်ရင်း တစ်ယောက်နဲ့တစ်ယောက် ပိုနားလည်၊ ပိုချစ်လာတာ”ဟု သူက ပြောပြသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ နယ်မြေတွင် စစ်သင်တန်းတက်ရောက်ခဲ့စဉ်က အတွေ့အကြုံကို ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။

မဟုတ်မှန်သော သတင်းတု၊ သတင်းမှားများဖြင့် လှုံ့ဆော်သည့်လှုပ်​​ရှားမှုများသည် အကျိုးသက်ရောက်မှု မရှိနိုင်ဟု ၎င်းကဆိုသည်။ “ကျနော်တို့အပါအဝင် စစ်သင်တန်းတက်လူငယ်တွေ၊ EAOs တွေကတော့ စစ်ကောင်စီရိုက်တဲ့ ပေါကားကြည့်ပြီး ရယ်မောနေရုံပဲရှိပါမယ်”ဟု သူကပြောသည်။ ယင်းသတင်းတု၊ သတင်းမှားများကြောင့် နောင်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိရာ နယ်မြေသို့ စစ်သင်တန်းတက်ရောက်မည့်လူငယ်များ လျော့နည်းသွားရန် အကြောင်းမရှိကြောင်း ၎င်းက အခိုင်အမာဆိုသည်။

PDF အဖွဲ့ဝင်များသည် မဟုတ်မမှန်၊ လုပ်ကြံသတင်းများကို အန္တရာယ်မရှိဟုရှုမြင်သော်လည်း သတင်းတု၊ သတင်းမှားဖြန့်ဝေသူများသည် ၁၉၈၈လူထုအုံကြွမှုအလွန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့၏ နယ်မြေများတွင်ဖြစ်ပွားခဲ့သော သမိုင်းအမည်းစက်များကို အခွင့်ကောင်းယူ၍ ဝါဒဖြန့်လက်နက်သဖွယ် ပြန်လည်အသုံးချလာနိုင်ပေသည်။ ထိုစဉ်က ရာနှင့်ချီသော လူငယ်များသည် စစ်တပ်ကို ပြန်လည်တိုက်ခိုက်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာနယ်မြေများသို့ သွားရောက်၍ တောခိုခဲ့ကြသည်။ ကျောင်းသားလူငယ်များသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးကို တည်ထောင်လိုက်ကြပြီး ကေအင်န်ယူနှင့် ကေအိုင်အေအဖွဲ့များထံတွင် ထိုစဉ်ကလည်း စစ်ပညာသင်ယူခဲ့ကြရုံမက ၎င်းတို့နှင့်အတူ စစ်တပ်ကို တိုက်ခိုက်ခဲ့ကြသည်။

ကချင်ပြည်နယ်တွင် ရောက်ရှိနေသည့် ABSDF(မြောက်ပိုင်း) အဖွဲ့တွင် ဖျက်မရသော သမိုင်းအမည်းစက် တစ်ခု စွန်းထင်းခဲ့သည်။ ၎င်းတို့အဖွဲ့အတွင်းသို့ စစ်တပ်က ထောက်လှမ်းရေးအတွက် သူလျှိုများ စေလွှတ်လိုက်သည်ဟု ယူဆသဖြင့် ABSDF မြောက်ပိုင်းခေါင်းဆောင်များက အဖွဲ့ဝင်၁၀၆ဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့အနက် အများအပြားသည် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး ၃၅ဦးမှာ စစ်တပ်သူလျှိုဟု စွပ်စွဲ၍ သတ်ဖြတ်ခံခဲ့ရသည်။

လက်ရှိ စစ်တပ်ကို ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေသော လူငယ်များကမူ ယင်းသို့သော သမိုင်းအမည်းစက်များက ဆိုးကျော့သံသရာလည်လာမည်မဟုတ်ဟု အခိုင်အမာယုံကြည်နေသည်။

အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့များအတွက် တပ်သားသစ်စုဆောင်းပေးနေသူတစ်ဦးက မည်သည့်သင်တန်းသားမျှ သတ်ဖြတ်ခြင်းမခံရသလို ထွက်ပြေးရန်ကြိုးပမ်းခြင်းလည်း မရှိကြောင်း၊ ယင်းအတွက် သတင်းတု၊ သတင်းမှားများဖြင့် လုပ်ကြံတိုက်ခိုက်ခြင်းက အလုပ်မဖြစ်ကြောင်း ဆိုသည်။

“ဘာအကျိုးဆက်တွေမှ မရှိပါဘူး။ လက်နက်ကိုင်ဒေသတွေကို သွားခဲ့တဲ့လူငယ်တွေဟာ သူတို့ မိဘတွေနဲ့ နားလည်မှုရပြီးပါပြီ”ဟု ၎င်းက ပြောသည်။

၎င်းသည် နောင်တွင် ချင်းပြည်နယ်အတွင်း လှုပ်ရှားသည့် Chinland Defense Force၊ မန္တလေးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အခြေစိုက်သည့် PDF တပ်ဖွဲ့များတွင် အဖွဲ့ဝင်များဖြစ်လာမည့် လူငယ်အများအပြားကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ နယ်မြေများသို့ လူသစ်စုဆောင်း ပို့ဆောင်ရာတွင် ကူညီပေးခဲ့သူဖြစ်သည်။

“ဘယ်သူကမှ ကေအိုင်အေ ဒါမှမဟုတ် ကေအင်န်ယူကနေ ထွက်ပြေးတာမရှိပါဘူး။ ဒါပေမဲ့ ကျန်းမာရေး မကောင်းလို့ ပြန်လာရသူတွေတော့ ရှိတယ်”ဟု ၎င်းက ပြောသည်။

ကေအင်န်ယူအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီကလည်း “အကြမ်းဖက်စစ်ကောင်စီ” သည် “ဘုံရန် သူစစ်အာဏာရှင်စနစ်” ကို တိုက်ခိုက်နေသောသူများအကြား တစ်ဦးနှင့်တစ်ဦး အယုံအကြည်ပျက်စေရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲသည်။

သို့တိုင် ဖဒိုစောတောနီသည် PDF အဖွဲ့ဝင်များထက်စာလျှင် သတင်းတု၊ သတင်းမှားများနှင့် ၎င်းတို့၏ အန္တရာယ်ကို ပို၍ သတိကြီးကြီး ထားဟန်ရှိသည်။ “သတင်းတု၊ သတင်းမှားတွေကို သတိတော့ ထားရမယ်”ဟု ၎င်းက ထပ်ခါထပ်ခါ ပြောကြားခဲ့သည်။ ယင်းသို့ဖြစ်ရခြင်းမှာ အတိတ်က စစ်အာဏာရှင် ခေတ်အဆက်ဆက်က သွေးခွဲသပ်လျှိုသည့် အတွေ့အကြုံများကြောင့်ဖြစ်သည်။

“သိပ်မကြာသေးခင် ၁၉၉၄ နဲ့ ၁၉၉၅ ခုနှစ်တွေမှာ အင်မတန်ကောက်ကျစ်ခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွန့်ဟာ ကရင်လူမျိုးတွေကြား ဘာသာရေးအရ သွေးထိုးလှုံ့ဆော်ခဲ့တယ်”ဟု ၎င်းက ပြောသည်။ ယခင်စစ်တပ် နံပါတ်သုံးနေရာ ရယူခဲ့သူ စစ်ထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ခင်ညွန့်ကို ရည်ညွှန်းခြင်းဖြစ်သည်။

ထို့ပြင် ကေအင်န်ယူအတွင်းက အကွဲအပြဲဖြစ်ရပ်တစ်ခုကိုလည်း ၎င်းက ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ ၁၉၉၄ နှောင်းပိုင်းတွင် ခရစ်ယာန်ဘာသာဝင်များကြီးစိုးသည့် ကေအင်န်ယူမှ ဗုဒ္ဓဘာသာကိုးကွယ်သူ တပ်သားများသည် ခွဲထွက်၍ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်ကို ထူထောင်ခဲ့ကြသည်။ DKBA အဖွဲ့သည် နောက်ပိုင်းတွင် စစ်တပ်ဘက်မှနေ၍ ကေအင်န်ယူကို ပြန်လည်တိုက်ခိုက်ခဲ့ရာ ကေအင်န်ယူသည် ၎င်း၏ဌာနချုပ်ကို လက်လွှတ်လိုက်ရသည်။

မဟုတ်မမှန်လုပ်ကြံသတင်းများဖြင့် သွေးခွဲရန် လှုံ့ဆော်မှုများပြုလုပ်နေခြင်းက စစ်တပ်သည် PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြားက မဟာမိတ်ပြုမှုအား ထိတ်လန့်နေသည်ကို ပြသခြင်းလည်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “ အိမ်ရှင်ဖြစ်တဲ့ ကျနော်တို့နဲ့ လာရောက်ခိုလှုံတဲ့ ကျနော်တို့ မိတ်ဆွေဧည့်သည်တွေအကြား ပြဿနာအဖုအထစ်တွေ မပေါ်ပေါ်အောင် အချိန်ပြည့် ကြိုးစား အားထုတ်နေတာပါပဲ”ဟု စောတောနီက ဆက်လက်ပြောကြားသည်။

မန္တလေး PDF အဖွဲ့ဝင်က ၎င်းစစ်သင်တန်းတက်ရောက်ခဲ့သည့်နေရာနှင့် ၎င်းတို့ကို လေ့ကျင့်သင်ကြားပေးခဲ့သည့် အဖွဲ့အစည်း၏အမည်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သော်လည်း ပထဝီဝင်အနေအထားအရ မန္တလေး PDF အဖွဲ့ဝင်များကို ကေအိုင်အေက စစ်သင်တန်းပေးခဲ့ပုံရသည်။

တိုင်းရင်းသားလက်နက်ကိုင်နယ်မြေတစ်ခုတွင် နှစ်လခွဲခန့် စစ်သင်တန်းတက်ရောက်ပြီးနောက် မန္တလေးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်ဟု ၎င်းကဆိုသည်။

“အခြေခံစစ်သင်တန်းသင်ရိုး အပြည့်အစုံအပြင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်နည်းနဲ့ မိုင်းပါမကျန် ကျနော်တို့ သင်ကြားခဲ့ရပါတယ်။​ တောတွင်း တိုက်ပွဲ၊ မြို့ပြပျောက်ကျား ဘာသာရပ်တွေပါ သင်ရိုးတွေနဲ့ အတိအကျသင်ယူခဲ့ရတာပါ”ဟု အဆိုပါ PDF အဖွဲ့ဝင်က ပြောသည်။

လေ့ကျင့်ရေးစခန်းများတွင် ခက်ခဲကြမ်းတမ်းခဲ့သော်လည်း သင်တန်းကာလသည် စိတ်ထဲတွင် မှတ်မှတ်ထင်ထင် ထင်ကျန်ရစ်နေကြောင်း ၎င်းကဆိုသည်။

“အဲဒီမှာပင်ပန်းပေမဲ့ ပျော်စရာကောင်းပါတယ်။ ကျနော်တို့ စားရတာတော့ နေ့တိုင်း ဆီတို့ဟူးပဲ။ နှစ်လခွဲမှာ ခရမ်းသီးနှပ်ဟင်း တစ်ခါလားပဲ စားရတယ်။ ခရမ်းသီးစားရတာကို ပျော်နေတာ”ဟု ၎င်းက ပြောသည်။ သင်တန်းဆင်းပွဲတွင် လေ့ကျင့်မှုပြီးမြောက်သည့်အထိမ်းအမှတ်အဖြစ် အိမ်ရှင်လက်နက်ကိုင် အဖွဲ့အစည်းက ဝက်တစ်ကောင်သတ်၍ ဂုဏ်ပြုညစာ တည်ခင်းပေးခဲ့သည်ဟု ၎င်းကဆိုသည်။

“ကျနော်တို့အားလုံးအတွက်တော့ လေ့ကျင့်ရေးကာလက အမှတ်တရတွေ၊ ချစ်စရာတွေ၊ လွမ်းစရာတွေပဲ များနေတယ်။ ဝါးကျည်တောက်နဲ့ ရေသောက်ရတာ။ ကိုယ့်တဲကိုယ်ဆောက်၊ ဗုံးခိုကျင်းတူး၊ ကိုယ့်အိမ်သာကျင်းကိုယ်တူးနဲ့ မလုပ်တတ်တာမရှိအောင်ပဲ စိတ်ဝင်စားစရာ ကောင်းတယ်။ ကျနော်တို့ဆို ဆရာတွေက သေနတ်နဲ့လူအမြဲကပ်အောင် လေ့ကျင့်ပေးတာ။ အိမ်သာတက်တောင် သေနတ်မကျန်ရဘူး။ ပေါ့ပြက်ပြက် ပစ်ထားရင် တွေ့တဲ့ဆရာကယူသွား တာ။ အဲဒါဆို ပြန်ရွေးရင်တော့ ဒိုက်ထိုး၊ ဖားခုန်ပဲ” ဟု သူက အမှတ်တရများကို ပြန်ပြောပြသည်။ 

သင်တန်းဆရာများကို “အရမ်းချစ်ဖို့ကောင်းတယ်” ဟုဖော်ကြူးပြီး သူ့အတွက် “ညီအစ်ကိုလို”ဖြစ်ကြောင်း ၎င်းကဆိုသည်။ သင်တန်းဆရာများ ၎င်းတို့စခန်းမှ အခြားတစ်နေရာသို့ အပြောင်းကျသော် သင်တန်းများမှာ ငိုယိုပြီးနှုတ်ဆက်ရသည်အထိ ၎င်းတို့အကြားက သံယောဇဉ်ခိုင်မာခဲ့ကြောင်း ၎င်းကဆိုသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.