၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကျော်ကြားခဲ့သူများ အပိုင်း ၂

ချစ်စဖွယ် ခွေးငယ်ကလေးမှအစပြု၍ နိုင်ငံရေးခေါင်းဆောင်များနှင့် အကျဉ်းခံဂျာနယ်လစ်များအပါအဝင် ၂၀၁၇ ခုနှစ်အတွင်း အကောင်း၊ သို့မဟုတ် အဆိုး အကြောင်းတမျိုးမျိုးဖြင့် ကျော်ကြားခဲ့သူများကို စုစည်းဖော်ပြထားပါသည်။

စာသား Frontier သတင်းအဖွဲ့၊ သရုပ်ဖော် – ဂျာရတ်ဒေါင်းနင်း

typeof=

ကာဒီနယ် ချားလ်စ် မောင်ဘို

နိုဝင်ဘာနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး သမိုင်းဝင် အလည်အပတ် မလာရောက်မီ မြန်မာနိုင်ငံ ကက်သလစ်ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ် မောင်ဘိုသည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် ဗာတီကန်၌ တွေ့ဆုံ၍ နိုင်ငံရေးတွင် လက်တွေ့ဖြစ်ပေါ်နေသော ဘာသာရေးဆိုင်ရာ အကြံပြုချက်များ Trinity of Realpolitik Suggestions ကို ပေးခဲ့သည်။ အသက် ၆၉ နှစ်ရှိ ချားလ်စ် မောင်ဘိုသည် ၂၀၁၅ ခုတွင် မြန်မာနိုင်ငံ၌ ပထမဆုံး ကာဒီနယ် ဖြစ်ခဲ့ပြီးနောက် မကြာခဏ ထုတ်ဖော်ပြသလေ့ရှိသည့်အတိုင်း ယခုတစ်ကြိမ်တွင်လည်း ၎င်း၏ သံတမန်စွမ်းရည်ကို ပြသနိုင်ခဲ့သည်။

ခရီးစဉ်အတွင်း “ရိုဟင်ဂျာ” ဟူသော စကားလုံးကို မသုံးရန် သူ ပေးသောအကြံပြုချက်မှာ သတင်းခေါင်းစဉ်များတွင် ပါဝင်လာခဲ့သော်လည်း ဗုဒ္ဓဘာသာဝင်တို့၏ အမျိုးသားရေး ရေချိန်မြင့်တက်နေချိန်၌ မြန်မာနိုင်ငံရှိ သေးငယ်သော ရိုမန်ကက်သလစ် အသိုက်အဝန်းသည် တစ်စုံတစ်ရာ ပြဿနာမရှိဘဲ နေနိုင်အောင် ၎င်း၏အကြံပြုချက်များက စွမ်းဆောင်ပေးနိုင်ခဲ့သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန်လည်း ပုပ်ရဟန်းမင်းကြီးအား ကာဒီနယ်က အကြံပြုခဲ့ရာ ခရီးစဉ်စတင်ပြီး မကြာမီ တွေ့ဆုံနိုင်ခဲ့ကြသည်။ ခရစ်ယာန်ဘုရားကျောင်းနှင့် တပ်မတော်တို့သည် တွေ့ဆုံဆွေးနွေးမှု မရှိခဲ့သည်မှာ နှစ်ပေါင်း ၆၀ ရှိခဲ့ပြီဖြစ်သည်။

“အခုတော့ ဆက်ဆံရေး စတင်နေပါပြီ၊ ဆွေးနွေးတာတွေ တိုးတက်မှု ရှိလိမ့်မယ်လို့ ကျွန်တော်တို့  မျှော်လင့်ပါတယ်” ဟု ကာဒီနယ်က ဆိုသည်။

တတိယအကြံပြုချက်မှာ ဘာသာရေးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုကို အထောက်အကူပြု မြှင့်တင်ပေးသည့် ကာဒီနယ်၏ ကြိုးပမ်းမှုဖြစ်ပြီး ၎င်း၏ကြိုးပမ်းမှုအရ ပုပ်ရဟန်းမင်းသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်စလင်နှင့် ဟိန္ဒူဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့သည်။ ရခိုင်ပြည်နယ်အကျပ်အတည်းကို တုံ့ပြန်မှုနှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်မှုများကို စက်တင်ဘာအတွင်းက ကာကွယ်ပြောကြားမှုမျိုးကဲ့သို့ ၎င်းသည် လွတ်လွတ်လပ်လပ် ပြောတတ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုချည်း အပြစ်အားလုံး ပုံချနေပါက တရားမျှတမှု မရှိနိုင်ဘဲ တန်ပြန်အကျိုးသက်ရောက်မှုများကိုသာ ဖြစ်ပေါ်နိုင်ကြောင်း ပြောကြားပြီး ရခိုင်ဒေသအတွက် ရေရှည်တည်တန့်မည့် ဖြေရှင်းမှုများကို အဆိုပြုရန် အာနန်ကော်မရှင်အား ခန့်အပ်တာဝန်ပေးသည့် အစိုးရ၏ ဆုံးဖြတ်လုပ်ဆောင်မှုကိုလည်း ချီးကျူးပြောကြားခဲ့သည်။

ရခိုင်ပြည်နယ် အခြေအနေသည် ဘယ်တော့မှ ထပ်မံ မဖြစ်သင့်သော ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံသည် “ဒဏ်ရာအနာတရနှင့် အတိတ်မှသည် ဒဏ်ရာပျောက်ကင်းသော အနာဂတ်ဆီသို့” ချီတက်ရန်လိုကြောင်း ၎င်း၏ကြေညာချက်တွင် ဖော်ပြသည်။  “ အတိတ်က သင်ခန်းစာများဖြင့် အနာဂတ်ကို အလင်းရောင်ပေးကြပါစို့။ တရားမျှတမှုကို အခြေခံပြီး ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပေသည်။ ငြိမ်းချမ်းရေးသည်သာ တစ်ခုတည်းသောလမ်း ဖြစ်ပေသည်” ဟု ဖော်ပြထားသည်။

ဂျာနယ်လစ် ကိုလဝီဝမ်

“ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီဆိုတာ ဒါပါပဲ” ဟု ဧရာဝတီ ဂျာနယ်လစ် ကိုလဝီဝမ်က သူ့ကိုခတ်ထားသည့် လက်ထိပ်များကို မြှောက်ပြရင်း အထေ့အငေါ့ ဒေါသတို့ဖြင့် ဇူလိုင်လအတွင်းက သတင်းထောက်များကို ပြောသည်။ မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအများအပြားတွင် သတင်းရယူရာ၌ ပြိုင်ဖက်ကင်း သတင်းထောက် တစ်ဦးဖြစ်ပြီး ထင်ရှားသောဂျာနယ်လစ်တစ်ဦးဖြစ်သောသူ့အား ရှမ်းပြည်နယ်၊ တအောဝ်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်က ဦးစီးကျင်းပသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အခမ်းအနားတစ်ခုမှအပြန်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။သူနှင့်အတူ ဒီဗီဘီမှ အခြားသတင်းထောက်နှစ်ဦးကို လားရှိုးရဲအချုပ်ခန်းသို့မပို့မီ စစ်စခန်းတစ်ခုတွင် တရားဥပဒေနှင့်အညီမဟုတ်ဘဲ ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

၎င်းတို့သုံးဦးအား စစ်ဆေးမှုအဆင့်တိုင်းတွင် တရားဥပဒေစနစ်မှာ ရယ်သွမ်းသွေးစရာ ဖြစ်ခဲ့သည်။ အရေးယူခံရသူများမှာ ယခင်လအတွင်းက နေပြည်တော်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သော အဖွဲ့တစ်ခုနှင့် ဆက်သွယ်မိ၍ မတရားသင်း ဥပဒေပုဒ်မဖြင့် စွဲဆိုမှုကို ရင်ဆိုင်နေကြရသည်။

စစ်ဘက်မှ တရားလိုပြသက်သေများ တရားရုံးသို့ မလာရောက်သည့်အတွက် တရားရုံးစစ်ဆေးမှုများမှာ ပက်ကျိရွေ့သကဲ့သို့ နှေးကွေးလျက်ရှိသည်။ ဖမ်းဆီးချုပ်နှောင်ပြီး နှစ်လအကြာတွင် ၎င်းတို့ သုံးဦးအား တင်ထားသောစွဲချက်များကို ပယ်ဖျက်ပေးခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တိုက်ခိုက်မှုများ ပြင်းထန်စ ပြုချိန်၌ သတင်းမီဒီယာနှင့် ပြေလည်မှုရယူရန် တပ်မတော်၏ သိသာထင်ရှားသော ကြိုးပမ်းမှုတစ်ရပ်  ဖြစ်သည်။

ယခင်ဦးသိန်းစိန်လက်ထက်က မှေးမှိန်ခဲ့ရသော ဆက်ဆံမှုထက် ပိုမိုနွေးထွေးသော ဆက်ဆံမှုမျိုးကို အင်န်အယ်လ်ဒီအစိုးရ လက်ထက်တွင် ရရှိလိမ့်မည်ဟု ဂျာနယ်လစ်အများစုက မျှော်လင့်ခဲ့သည်။ သို့ရာတွင် သတင်းထောက်နှင့် အယ်ဒီတာ အတော်များများမှာ ယခုနှစ်အတွင်း အချုပ်ခန်းများအတွင်းသို့ ရောက်ရှိခဲ့ကြသည်။ သတင်းစာလွတ်လပ်ခွင့်ကို ထပ်မံနှိမ်နင်းလာမည်ကို ပြည်ပအစိုးရများ၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့များနှင့် ပြည်တွင်းမီဒီယာများအားလုံးက သတိပေးထားသည်။

ဦးဖြိုးကိုကိုတင့်ဆန်း

လက်နက်များ စုဆောင်းတော့မည်ဆိုက ယင်းလက်နက်များနှင့်အတူ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဟန်ရေးမပြလျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။ အသက် ၄၁ နှစ်ရှိ ဦးဖြိုးကိုကိုတင့်ဆန်းအား ဖမ်းဆီးလိုက်သည်ဟူသော သတင်းက အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်း၏သား၊ စီးပွားရေးလုပ်ငန်းတွင် အောင်မြင်နေသူနှင့် အေစီအီး ကုမ္ပဏီများအုပ်စု၏ဥက္ကဋ္ဌအတွက် အခွင့်အလမ်းများ ရုတ်ခြည်းကျဆင်းသွားသည်။

သူသည် မြန်မာ့အားကစားလောက အသိုင်းအဝိုင်းနှင့် အဆက်အသွယ်ကောင်းကောင်းဖြင့် အခြေကျနေသူတစ်ဦးဖြစ်ကာ ပလေးဘွိုင်ပုံစံမျိုးဖြင့် ဆိုရှယ်မီဒီယာပေါ်၌ ကြွားလုံးထုတ်နေတတ်သည်။ နေပြည်တော်လေဆိပ်၌ သူ့အားရှာဖွေစဉ် လက်နက်ငယ်နှစ်လက်နှင့် သူသယ်လာသောအိတ်ထဲမှ  မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိသဖြင့် ဖမ်းဆီးခံခဲ့ရသည်။ ဆက်တိုက်ပင် နေပြည်တော်ရှိ သူ့မိသားစုပိုင် ဟိုတယ်နှင့် ရန်ကုန်ရုံးမှ ပြင်းအားကြီး လက်နက်များ ရှာဖွေတွေ့ရှိခဲ့သည်။

ကျဆုံးခန်းသို့ ရောက်တော့မည့် လက္ခဏာများက ပြသလာဟန်ရှိသည်။ လွန်ခဲ့သောတစ်လက ကစားသမားများအား လစာမပေးသည့်အတွက်  ဦးဖြိုးကိုကိုတင့်ဆန်းပိုင် နေပြည်တော်အက်ဖ်စီ ဘောလုံးကလပ်ကို မြန်မာနေရှင်နယ်လိဂ်မှ ထုတ်ပယ်ခဲ့ပြီးဖြစ်သည်။ သေနတ်များကို သူစုဆောင်းခဲ့ခြင်းမှာ လုံခြုံရေးကုမ္ပဏီတစ်ခု တည်ထောင်ရန် ရည်ရွယ်ချက်ကြောင့်ဖြစ်ကြောင်း ဦးဖြိုးဖြိုးကိုကိုတင့်ဆန်းက ရဲစစ်ချက်တွင် ထွက်ဆိုသည်။ နိုင်ငံတော်၏ အထင်ကရ နေပြည်တော်တွင် လက်နက်များ အစုလိုက်အပြုံလိုက် ရရှိအောင် သူမည်သို့စုဆောင်းခဲ့သည်ဟူသောအချက်ကို ရှင်းလင်းပြတ်သားစွာ မသိရသေးပေ။

typeof=

အလှဘုရင်မ မျိုးကိုကိုစန်း

မြန်မာနိုင်ငံ၌ ကမောက်ကမ အနိုင်ဆုံး နိုင်ငံကျော်ဆယ်လီတို့၏ ရန်ပွဲတစ်ခုတွင် လိင်ပြောင်းအလှဘုရင်မနှင့် အော်ပရာ စူပါစတားတစ်ဦးတို့ ထူးထူးခြားခြား ပါဝင်ပတ်သက်ခဲ့ကြသည်။ ထိုင်းနိုင်ငံ၌ ကျင်းပသော လိင်ပြောင်းသူများ၏ မစ္စအင်တာနေရှင်နယ်ဘုရင်မ(Miss International Queen)ပြိုင်ပွဲတွင် ၂၀၁၄ ခုနှစ်အတွက် ဘုရင်မဆုရ မျိုးကိုကိုစန်းသည် ဇန်နဝါရီလက ဘန်ကောက်မှအပြန် ဖမ်းဆီးခံခဲ့ရသည်။ မင်းသမီးဝတ်မှုန်ရွှေရည်၏ အတင်းအဖျင်းသတင်းများနှင့် ထင်ရှားသော လူဂုဏ်တန်အသိုင်းအဝိုင်းမှ လူအများအပြားနှင့် ရိုမန်းတစ်ဆန်ဆန်ဆက်ဆံမှုများအကြောင်း  ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် တင်သည့်ကိစ္စနှင့်ပတ်သက်၍ ၎င်းအား စွပ်စွဲခဲ့ခြင်းဖြစ်သည်။

ရန်ကင်းမြို့နယ်ရှိ ယောကျ်ားအချုပ်ခန်းတွင် ထိန်းသိမ်းခဲ့သဖြင့် အဆိုပါမော်ဒယ်အတွက် စိုးရိမ်မှုများ ပိုခဲ့ရသည်။ လိင်မှုကိစ္စအကြောင်း ဆိုရှယ်မီဒီယာ၌ ပို့စ်တင်ခြင်းနှင့်ပတ်သက်၍ ၎င်းတွင် တာဝန်ရှိသည်ဟု မဆိုနိုင်ကြောင်း တရားသူကြီးက ဆုံးဖြတ်ပြီးနောက် လေးရက်အကြာ၌ ၎င်းတွင် အပြစ်မရှိကြောင်း အကျောက်အကန် ခုခံသော မျိုးကိုကိုစန်းအား လွှတ်ပေးလိုက်သည်။ ကိစ္စက ဤမျှနှင့်မပြီးသေး၊ မြန်မာနိုင်ငံတွင် လိင်တူလိင်ကွဲဆက်ဆံသူများနှင့် လိင်ပြောင်းထားသူ LGBT များနှင့်ပတ်သက်၍ စိတ်ရှုပ်ဖွယ်ရာ၊ မေးခွန်းထုတ်စရာများ ထပ်မံပေါ်ပေါက်လာပြီး ဆိုရှယ်မီဒီယာပေါ်၌ ဆောင်ရွက်မှုများကို ပြစ်ဒဏ်သတ်မှတ်ရန် ထပ်တလဲလဲ ဆက်သွယ်ရေးဥပဒေ အသုံးချနေမှုကို မီးမောင်းထိုးပြလျက်ရှိသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်

ကြီးမားသော အခွင့်အလမ်းတစ်ခု လွဲချော်ခဲ့ခြင်းဖြစ်သည်။ ယာဉ်အိုယာဉ်ဟောင်းများကို လမ်းပေါ်မှ မောင်းထုတ်ခြင်းဖြင့် ညာမောင်းယာဉ်များကို ညာဘက်ယာဉ်ကြောမှ မောင်းနှင်နေသည့် ကာလရှည်ကြာ အမြစ်တွယ်နေသော ဘေးအန္တရာယ်ပြဿနာ ကင်းရှင်းစေရန် ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရမည့်အစား ဦးသိန်းစိန်အစိုးရသည် ညာမောင်းယာဉ်ဟောင်းများနေရာတွင် ညာမောင်းယာဉ်သစ်များဖြင့် အစားထိုးခဲ့သည်။

ဘယ်မောင်းယာဉ်များ တင်သွင်းမှုကို ကန့်သတ်ခဲ့၍ ဂျပန်မှ တစ်ပတ်ရစ်ကားများကို တင်သွင်းရန် မဖြစ်နိုင်သည့်အတွက် နှစ်ပေါင်းများစွာ ပြောစရာဖြစ်နေခဲ့သည်။ သို့ရာတွင် မော်တော်ကား ဝယ်ရောင်းသမားတို့က အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးတွင် မော်တော်ယာဉ် တင်သွင်းမှု ကြီးကြပ်ရေးကော်မတီက ယင်းဟာကွက်ကို ပိတ်ပေးခဲ့သည်။ ပြောကြစတမ်းဆိုပါက အတော်နောက်ကျနေပါပြီ။ သို့သော် ယင်းဆောင်ရွက်ချက်မှာ ရဲရင့်သော ဆောင်ရွက်ချက်ဖြစ်သည်။ ယင်းလုပ်ဆောင်ချက်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့်အား ချီးကျူးထိုက်ပေသည်။

အင်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း

ဦးဘုန်းမော်ရွှေသည် မကွေးတိုင်းဒေသကြီးကို သူ့ကိုယ်ပိုင်နယ်မြေသဖွယ် အုပ်ချုပ်ခဲ့သည်မှာ ပထမတွင် တိုင်းမှူး၊ နောက်ဝန်ကြီးချုပ်ဘဝဖြင့်နှစ်ပေါင်းများစွာ ကြာခဲ့သည်။ သူ့နှုတ်ထွက်စကားသည် ဥပဒေဖြစ်သည်။ ဂျာနယ်လစ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် သူ့ကိုဆန့်ကျင်သူမှန်သမျှ မကြာမီ ဒုက္ခတွေ့တတ်သည်။ ၎င်း၏မတရားမှုများကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်နေရာအားလုံး ဆုံးရှုံးပြီး ၂၀၁၅ ခုနှစ်တွင် ဆိုင်းမပါ ဗုံမပါနှင့် ရာထူးနေရာမှ သူစွန့်ခွာရသောအခါ အများစုက ဝမ်းသာကြသည်။

ဦးဘုန်းမော်ရွှေ သည် အေးအေးဆေးဆေး အနားယူတော့မည်ဟု စဉ်းစားမည့်အချိန်မှာ စိတ်ပျက်စရာနှင့်ကြုံတွေ့ခဲ့ရသည်။ ဒေသကြီးအတွင်းရှိ ရေနံလက်ယက်တွင်းလုပ်ငန်းများမှ ကောက်ခံရရှိပြီး သူ ထိန်းသိမ်းထားသော အခွန်ငွေကျပ် ၇ ဒသမ ၅ ဘီလျံံမှာ ပျောက်ဆုံးနေကြောင်း ယခုနှစ်(၂၀၁၇ )နှစ်ဆန်းပိုင်းက ထုတ်ဖော်တွေ့ရှိခဲ့သည်။ ငွေကျပ် ၃ ဘီလျံနှင့် မော်တော်ယာဉ် အများအပြားကို ဒေသကြီးအစိုးရအဖွဲ့ထံ အပ်နှံခဲ့ရသည်။

သူကတော့ မည်သို့မျှ မဖြစ်သလိုပါပဲဟု အများက ပြောသည်။ ၂၀၁၆ ခုနှစ်မှစ၍ ယင်းပြဿနာနှင့်ပတ်သက်ပြီး ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြင်းပြင်းထန်ထန်မလှုပ်ရှားပါက မည်သည့်ပြဿနာမျှ ဖြစ်လာစရာ အကြောင်းမရှိခဲ့ပါ။  သက်ဦးဆံပိုင်ဆန်သည်ဟု မကြာခဏ အထင်ခံရသော အင်န်အယ်လ်ဒီ ထိန်းချုပ်မှုအောက်ရှိ လွှတ်တော်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် အတိတ်ကအမှားများကို အမှန်ရောက်အောင် ဆောင်ရွက်ရာ၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ဦးထွန်းထွန်းက သက်သေပြခဲ့သည်။

ထူးဂရု(ပ်)ပိုင်ရှင် ဦးတေဇ

သူပြန်လာပြီဟု ကျွန်တော်တို့ ပြောခဲ့သည်။ ကုန်အမှတ်တံဆိပ်ကို ပြင်ဆင်မွမ်းမံထားသော ထူးဂရု(ပ်)တွင် ပိုမိုတက်ကြွသော အခန်းကဏ္ဍမှ ပါဝင်လာသည့် မကြာသေးမီက သူ၏လှုပ်ရှားမှုများကို ကျွန်တော်တို့စာစောင် မျက်နှာဖုံးမှာ အောက်တိုဘာက အသေးစိတ်ဖော်ပြခဲ့သည်။ ကျွန်တော်တို့ သတိမထားမိလိုက်သည်မှာ သူ၏အမှားများကြောင့် သူ့အကြောင်းများ သတင်းကြီးလာမည့်အချက်ပင် ဖြစ်သည်။

မကြာမီက Aureum Palace ဟိုတယ်လုပ်ငန်း၏ သရဖူတွင် ရတနာတစ်ပါးဟု တင်စားရမည့် ကန်တော်ကြီး ပဲလေ့စ်ဟိုတယ် မီးလောင်ပြာကျသွားခဲ့ရခြင်း ဖြစ်သည်။ လူနှစ်ဦး သေဆုံးပြီး လူအများအပြား ဒဏ်ရာရခဲ့သည်။ မီးလောင်မှု အချက်ပြစနစ်များနှင့် ရေဖျန်းစနစ်များ အလုပ်မလုပ်သည်ကို သိသိသာသာ တွေ့မြင်ရသည့်အတွက် ဟိုတယ်စီမံခန့်ခွဲရေးအပိုင်း၏ ပေါ့ဆမှုကို ဧည့်သည်များက အပြစ်ဆိုကြသည်။

မြွေပူရာ ကင်းမှောင့်ဖြစ်ခဲ့ရသည်မှာ ထူးကုမ္ပဏီ၏ ကုမ္ပဏီခွဲတစ်ခု ပါဝင်ပတ်သက်နေသော ထားဝယ်ရှိ ရေနံချက်စက်ရုံ စီမံကိန်းတစ်ခုကို မကြာသေးမီက ဖျက်သိမ်းခဲ့ရပြီး ဦတေဇ ကိုယ်စားလှယ်အဖြစ် ပိုင်ဆိုင်သည်ဟုဆိုသော အေးရှန်းဝင်း(Asian Wings) လေယာဉ်များမှာလည်း နိုဝင်ဘာလအတွင်း မပျံသန်းနိုင်ကြောင်း တွေ့ရသည်။ အခြေအနေမှာ ယာယီမျှသာ ဖြစ်မည်ဟု ယူဆရသော်လည်း သတင်းရေးနေချိန်ထိ ပျံသန်းနိုင်မည့် အလားအလာကို မတွေ့ရသေးပေ။ ဘဏ် လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးရေးအတွက်မှာမူ  ၂၀၁၈ ခုနှစ်တွင် ဆက်လက်ဆိုးရွားလိမ့်မည်မဟုတ်ဟု ဦးတေဇက မျှော်လင့်ထားသည်။

typeof=

ဝ ပြည်ထောင်စုတပ်မတော် ခေါင်းဆောင် ဦးပေါက်ယူချန်း

အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့နေရသော မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အစိုးရ၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်မရေးထိုးသောအဖွဲ့ ခုနစ်ဖွဲ့က ပြည်ထောင်စု နိုင်ငံရေး စေ့စပ်ညှိနုှိုင်းရေးနှင့် အတိုင်ပင်ခံကော်မတီ Federal Political Negotiation and Consultative Committee ဟုခေါ်သောအဖွဲ့ကို ဖွဲ့စည်းလိုက်သောအခါ နောက်ထပ်အခက်အခဲတစ်ခုနှင့် ကြုံခဲ့ရသည်။

မြန်မာနိုင်ငံတွင် အကြီးမားဆုံး လူမျိုးစုလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ပြည်ထောင်စု ဝ တပ်မတော်သည် FPNCC ၌ ခေါင်းဆောင်မှုအခန်းကဏ္ဍကို ယူထားပြီး ပန်ဆန်းရှိ ၎င်း၏ဌာနချုပ်တွင် ပထမအကြိမ် အစည်းအဝေးကို ကျင်းပခဲ့သည်။ စက်တင်ဘာတွင် UWSA အကြီးအကဲ ပေါက်ယူချန်းအား အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့သည်။

FPNCC နှင့် စစ်အစိုးရတို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သော ပြဿနာ အတော်များများနှင့်ပတ်သက်၍ အမြင်အမျိုးမျိုး ကွဲပြားလျက်ရှိသည်။ FPNC သည် NCA ကို အတိအလင်း ကန့်ကွက်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းသစ်ကို ဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်။ သို့ရာတွင် အစိုးရက FPNCC ကို အဖွဲ့တစ်ခုအဖြစ်မဟုတ်ဘဲ တစ်ဖွဲ့ချင်းအလိုက် တွေ့ဆုံရန် တိုက်တွန်းလျက်ရှိသည်။

တပ်မတော်သည် လွန်ခဲ့သောအနှစ် ရ၀ ကျော် အလုပ်မဖြစ်ခဲ့သော နည်းဗျူဟာဖြစ်သည့် စစ်စွမ်းအားကိုပြသ၍ ပြည်တွင်းစစ်ကို အဆုံးသတ်ရန် ကြံရွယ်ထားပုံရသည်။ သို့ဖြစ်ရာ ၂၀၁၈ ခု၌ ငြိမ်းချမ်းရေးလုပ်ငန်းကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မည်ဆိုပါက ထူးခြားသော နိုင်ငံရေး မဟာဗျူဟာ အခင်းအကျင်းကို လိုအပ်မည် ဖြစ်ပေသည်။

အပိုင်း (၁)ဖတ်ရန် ဤနေရာတွင် နှိပ်ပါ။

အပိုင်း (၃)ဖတ်ရန် ဤနေရာတွင် နှိပ်ပါ။

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.