ဦးတီခွန်မြတ် ပြန်လာနိုင်မလား

ဦးတီခွန်မြတ်၏ ပြည်သူ့လွှတ်တော် ဥက္ကဌရာထူး ဆက်လက်တည်မြဲရေးမှာ တစ်ချိန်က အတိုက်အခံဖြစ်ခဲ့သူများ၏ အဆုံးအဖြတ်တွင်မူတည်နေသည်။
နန္ဒ
ပြည်ခိုင်ဖြိုးပါတီကို နှစ်ပေါင်းများစွာသစ္စာခံခဲ့သော ဦးတီခွန်မြတ်သည် ပါတီဟောင်း၏ စွဲချက်များနှင့်ရင်ဆိုင်နေရပြီး သူ၏ဥက္ကဌထိုင်ခုံကို ခြိမ်းခြောက်ခံနေရသည်။
လွှတ်တော်သက်တမ်း ဆယ်နှစ်အတွင်း ပြည်သူ့လွှတ်တော် ဥက္ကဌသုံးဦးအား ရွေးချယ်တင်မြှောက်ရန်မဲပေးခဲ့ကြရသော်လည်း တာဝန်မှရုပ်သိမ်းရန်မဲခွဲဖို့အကြောင်းဖန်လာခြင်းမှာ ပြည်သူ့လွှတ်တော်အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။
မေလ ၂၈ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်အား ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန်ဦးဆောင်ကျင်းပခြင်းမှာ ပုံမှန်ကိစ္စမဟုတ်ခဲ့ဘဲ လွှတ်တော်ဥက္ကဌတစ်ဦးအားတာဝန်မှ ရုပ်သိမ်းရန်လုပ်ငန်းစဉ်၏ ကနဦးခြေလှမ်း ဖြစ်ခဲ့သည်။
ဒီလိုအခြေစိုက် (လွှတ်တော်ဥက္ကဌတစ်ဦးအားတာဝန်မှ ရုပ်သိမ်းရန်အဆိုတင်) ဖို့ လွှတ်တော်ထဲရှိ အမတ် လေးပုံတစ်ပုံ (၁၁၀ ဦး) ထောက်ခံဖို့လိုသည်။
ဦးတီခွန်မြတ် အား ဥက္ကဌ တာဝန်မှ ရုပ်သိမ်းရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအမတ် ဦးစိုင်းထွန်းစိန်က အဆိုတင်ခဲ့သော်လည်း ပါတီသည် အမတ် လေးပုံတစ်ပုံ အင်အားမရှိပေ။ သို့ဖြစ်ရာ တပ်မတော်သားကိုယ်စားလှယ်များ၏ သဘောတူညီချက်မပါဘဲ ဥက္ကဌကိုတာဝန်မှ ရုပ်သိမ်းရန်အဆိုတင်နိုင်မည်မဟုတ်ပေ။
အကြောင်းပြ​ချက်များ
ဦးစိုင်းထွန်းစိန်၏ အဆိုတွင် လွှတ်တော်ဥက္ကဌအား တာဝန်မှရုတ်သိမ်းသင့်သည်ဟူသော အကြောင်းပြချက် ၁၁ ခု ရှိသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် သက်ဆိုင်သည့် စွဲချက် ၃ ခု၊ ပြည်ထောင်စုလွှတ်တော်၌ ကြံ့ခိုင်ရေးအမတ်များတင်သွင်းသော ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် အရေးကြီးအဆို နှစ်ခုအား ဆွေးနွေးခွင့်မပြုမှု၊ ပြည်သူ့လွှတ်တော်တွင် အဆို လေးခု ဆွေးနွေးခွင့်မပြုခြင်း နှင့် ကြယ်ပွင့်ပြမေးခွန်း နှစ်ခု ကိစ္စတို့ဖြစ်သည်။
အထက်ပါအချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းနှင့်
ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း ဖြစ်၍လွှတ်တော်ဥက္ကဌအား တာဝန်မှရုတ်သိမ်းသင့်ကြောင်း အဆိုတင်လာခြင်းဖြစ်သည်။
အခြေခံဥပဒေပြင်ဆင်ရေးကစသည်။
ပထမဆုံးအကြောင်းပြချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ် ဦးအောင်ကြည်ညွှန့်တင်သွင်းသောအဆိုကို ပြည်ထောင်စုလွှတ်တော်နာယကဖြစ်သူ ဦးတီခွန်မြတ်က ခွင့်ပြုပြီး ၄၅ ဦးကော်မတီဖွဲ့ပေးကာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီညွတ်ဘဲပြင်ဆင်ရန်ကြိုးပမ်းခဲ့မှုဖြစ်သည်ဟု ဆိုသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့နှင့်ပြည်ခိုင်ဖြိုးကတင်သွင်းသော ဖွဲ့စည်းပုံအခြေခံဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း(၅)ခုကို အခြေခံဥပဒေပုဒ်မ ၄၃၅၊ပုဒ်မ ၄၃၆ နှင့် အညီ ဆက်လက်ဆောင်ရွက်ရန်ပျက်ကွက်ကြောင်း အဆိုတွင်ဖော်ပြထားသည်။
ထို့အပြင် ၂၀၁၉ သြဂုတ် ၂၁ ရက်တွင် ပြည်ခိုင်ဖြိုးအမတ် ဦးသောင်းအေး တင်သွင်းသော “ဖွဲ့စည်းပုံအခြေခံဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း များအား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ဆုံးဖြတ်ချက်နှင့်အညီ အခြေခံဥပဒေပုဒ်မ ၄၃၅ပါ ပြဌာန်းချက်အတိုင်းလက်ခံဆွေးနွေးရန်ပြည်ထောင်စုလွှတ်တော်သို့ တိုက်တွန်းကြောင်း” အရေးကြီးအဆိုကို ခွင့်မပြုခဲ့၍ ဖြစ်ကြောင်း အဆိုတွင်ဖော်ပြသည်။
ကိုဗစ် အရေးကြီးအဆိုခွင့်မပြုမှု
၂၀၂၀ မတ်လ ၁၇ ရက်တွင် ဦးသောင်းအေးတင်သွင်းသော “ကိုဗစ်-၁၉ ကြောင့် ပြည်သူလူထု၏ စားဝတ်နေရေးနှင့်လူမှုစီးပွားထိခိုက်လာမှုအခြေအနေများအား တာဝန်ရှိသူများပူးပေါင်းပြီး မဟာဗျူဟာချအကောင်အထည်ဖော်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို” ကို ခွင့်မပြုမှုခဲ့မှုကိုအကြောင်းပြသည်။
နောက်ထပ်အကြောင်းပြချက်တစ်ခုမှာ ၂၀၂၀ မတ်လ ၂၁ ရက်တွင် ပြည်ခိုင်ဖြိုးအမတ် ဦးမောင်မြင့်တင်သွင်းသော “ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတွေ့ရှိမှုအတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနှင့်ညှိနှိုင်းဆောင်ရွက်ရန်အရေးကြီးအဆို” ကိုခွင့်မပြုမှုဖြစ်သည်။
ပြည်သူ့လွှတ်တော်သို့ ပြည်ခိုင်ဖြိုးအမတ်များတင်သွင်းသောအရေးကြီးအဆိုများကို ခွင့်မပြုခဲ့မှုမှာလည်း ဦးတီခွန်မြတ်အား ဥက္ကဌတာဝန်မှရုပ်သိမ်းရန်အကြောင်းပြချက်များဖြစ်လာသည်။
နိုင်ငံတကာအရေးကိစ္စများ အမှုလာပတ်
အမေရိကန်အောက်လွှတ်တော်အမတ် ဘရန်ဒလေ ရှားမန်း ပြောခဲ့သော “ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲပြောင်းပေးသင့်ကြောင်း” ယမန်နှစ်က ပြောကြားချက်သည်လည်း စွဲချက်များနှင့်သက်ဆိုင်လာခဲ့သည်။
အဆိုပါပြောကြားချက်သည် “မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာ ပိုင်နက်နယ်မြေကို စွက်ဖက်ခြိမ်းခြောက်ရာရောက်ပြီး နိုင်ငံတော်အစိုးရကို စော်ကားကြောင်းအရေးကြီးအဆို” ကို ဇူလိုင် ၁၈ ရက် တွင် ဒေါက်တာမောင်သင်း တင်သွင်းရာ ဆွေးနွေးရန်ခွင့်ပြုမခံရပေ။
ထို့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Abdul Momen ပြောကြားခဲ့မှုမှာ မြန်မာနိုင်ငံ၏အကျိုးစီးပွားကို ထိပါးချက်များပါဝင်ခဲ့ရာ အစိုးရကတုန့်ပြန်ဖြေရှင်းရန်အစီအစဉ်ရှိမရှိ ကြယ်ပွင့်ပြမေးခွန်းအား လွှတ်တော်တွင်မေးမြန်းရန်စီစဉ်ပြီးမှ ကြယ်ပွင့်မပြမေးခွန်းအဖြစ် ပြန်ပြောင်းခဲ့ခြင်းကိုလည်း အကြောင်းပြချက်တစ်ခုအဖြစ်ထည့်ထားသည်။
အပြည်ပြည်ဆိုင်ရာတရားရုံးက မြန်မာနိုင်ငံအပေါ်ချမှတ်ခဲ့သော ကြားဖြတ်စီမံချက် ၄ ခုမှာ နိုင်ငံတော်၏ဂုဏ်သိက္ခာကိုထိပါးသဖြင့် အစိုးရက မည်သို့ဆောင်ရွက်မည်ကို ကြယ်ပွင့်ပြမေးမြန်းခဲ့မှုအား ပယ်ချခံခဲ့ရခြင်းလည်း အကြောင်းပြချက်တစ်ခုဖြစ်လာသည်။
မီတာခဆိုင်းငံ့ရေးနှင့်Sex Education လည်းပါ
၂၀၁၉ ဇူလိုင် ၁၅ ရက်က ပြည်သူ့လွှတ်တော်သို့ ဒေါက်တာမောင်သင်း တင်သွင်းသော “မီတာခတိုးမြှင့်ခြင်းအား ဆိုင်းငံ့ထားရန်အရေးကြီးအဆို” မှာ ဆွေးနွေးရန်ခွင့်ပြုမခံရပေ။
ဦးသောင်းအေးတင်သွင်းသည့် လက်နက်ကိုင်များကြောင့်လုံခြုံမှုမရှိသကဲ့သို့ဖြစ်နေခြင်းကို ကာကွယ်ပေးရန် အစိုးရအားတိုက်တွန်းကြောင်း အရေးကြီးအဆို မှာလည်း ခွင့်ပြုခြင်းမခံရပေ။
မကြာသေးမီက လူမှုကွန်ရက်တွင် ဂယက်ရိုက်ခဲ့သော ဒသမတန်းသင်ရိုးတွင် ပါဝင်သည့် မျိုးဆက်ပွားကျန်းမာရေး ပညာပေးရေးကိစ္စများလည်း ဥက္ကဌတာဝန်မှ ရုပ်သိမ်းရေးအကြောင်းပြချက်တွင်ပါဝင်လာသည်။ အဆိုပါ သင်ခန်းစာကို ပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်ရန် အစိုးရအားတိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဒေါက်တာမောင်သင်း ကတင်သွင်းရာ ဆွေးနွေးခွင့်မပြုခဲ့ပေ။
ဦးတီခွန်မြတ်အတွက်အဆုံးအဖြတ်
ပြည်သူ့လွှတ်တော် ဥက္ကဌကို တာဝန်မှရုတ်သိမ်းရေး အဓိကသော့ချက်မှာ အမတ် သုံးပုံနှစ်ပုံ၏ ထောက်ခံမဲဖြစ်သည်။ အဆိုပါ မဲအရေအတွက်က ဥက္ကဌ ကို ထိုင်ခုံတွင် ဆက်မြဲနေရန်အဆုံးအဖြတ်ပေးနိုင်သကဲ့သို့ ထိုင်ခုံမှဖယ်ရှားနိုင်ရန်လည်း ဆုံးဖြတ်နိုင်သည်။
ပြည်သူ့လွှတ်တော်တွင် အမတ်စုစုပေါင်း ၄၃၀ ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၄၉ ဦးအထိရှိပြီး အများစုနေရာယူထားသည်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ၁၁၀ ဦးရှိပြီး ဒုတိယအများဆုံးဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဦးဆောင်ခဲ့သော ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်ကို ပြန်လည်ကယ်တင်ရမည့်အချိန်လည်းဖြစ်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမဲခွဲပွဲများအလွန် နောက်ထပ်မဲခွဲပွဲတစ်ခု မည်သို့အဖြေထွက်မည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

ခေါင်းစီးဓာတ်ပုံ- ပြည်သူ့လွှတ်တော်ဥက္ကဌဦးတီခွန်မြတ်(ဓာတ်ပုံ- ပြည်သူ့လွှတ်တော်ရုံး)

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.