အရပ်ဖက်အဖွဲ့အစည်းများနှင့် ၂၀၂၀ ရွေးကောက်ပွဲ

လာမည့်နှစ်နှောင်းပိုင်းတွင် ကျင်းပတော့မည့် အထွေထွေရွေးကောက်ပွဲတွင် အရပ်ဖက်အဖွဲ့အစည်းများသည် အရေးကြီးသော အခန်းကဏ္ဍမှပင် ပါဝင်လာကြပါလိမ့်မည်။သို့သော် နိုင်ငံရေးမြေပြင်ရှုခင်းနှင့် အခြေအနေတွေကတော့ ၂၀၁၅ က အခြေအနေနှင့် သိသိသာသာပင် ကွာခြားချက်ရှိပြီဖြစ်သည်။

Mael Raynaud/Frontier

၂၀၂၀ နိုဝင်ဘာခန့်တွင် မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ ကျင်းပကောင်းကျင်းပနိုင်မည်ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအောက်တွင် ပြုလုပ်သော တတိယမြောက် အထွေထွေရွေးကောက်ပွဲဖြစ်ပြီး အနိုင်ရပါတီသည် တတိယမြောက် အစိုးရကို ဖွဲ့စည်းရမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရ သက်တမ်းကုန်ဆုံးချိန်နီးလာချိန်တွင် နိုင်ငံရေးအကဲခတ်များက နောက်နှစ်ရွေးကောက်ပွဲအပေါ် အာရုံစိုက်လာကြသည်။ 

ပြည်တွင်းရောပြည်ပတွင်ပါ အစိုးရ၏ လုပ်ဆောင်ချက်များအပေါ် စိတ်ပျက်မှုများရှိနေလင့်ကစားစောင့်ကြည့်ဝေဖန်သူများက လာမည့်အထွေထွေရွေးကောက်ပွဲတွင်လည်းတွင်လည်း NLD ပင် အနိုင်ရမည်ဟု မျှော်လင့်ထားကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် NLD ပထမဆုံးဝင်ပြိုင်သည့် ကြားဖြတ်နှင့်အထွေထွေရွေးကောက်ပွဲများတွင်လည်း NLD ကပင် အများစုအနိုင်ရခဲ့သည်။ မည်သို့ဆိုစေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) သည် ၂၀၁၅ တုန်းကထက်တော့ အမတ်နေရာတွေ ပိုရလာလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့်ယူဆနေသူတွေရှိသည်။

ဒါ့ထက်ပိုအရေးကြီးတာက တိုင်းရင်းသားနိုင်ငံရေးပါတီများ အားကောင်းလာကြခြင်းဖြစ်သည်။ အချို့ပြည်နယ် လွှတ်တော်များတွင် တိုင်းရင်းသာပါတီများ အနိုင်ရတာမျိုးပင် ဖြစ်ကောင်းဖြစ်သွားနိုင်ပါသည်။ (၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ်တွင်အမတ်နေရာအများစုအနိုင်ရခဲ့သည်။)

သို့သော် လာမည့်ရွေးကောက်ပွဲတွင် အရပ်ဖက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ မည်သို့ရှိမည်ဆိုသည်ကို သတိပြုမိသူ အလွန်နည်းသည်။ နိုင်ငံရေးအပြောင်းအလဲကာလတွင် ၂၀၀၀ ခုနှစ် လွန်နှစ်များမှစ၍ အရပ်ဖက်အဖွဲ့အစည်းများသည် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့ကြပြီး လွန်ခဲ့သော ငါးနှစ်ကပင် NLD နိုင်မည်ဟု မျှော်လင့်ခဲ့ကြသဖြင့် အရပ်ဖက်အဖွဲ့အစည်း CSO အတော်များများသည် အချင်းချင်းပေါင်းစည်းခဲ့ကြသည်။

CSO အဖွဲ့များနှင့် ၎င်းတို့၏ ခေါင်းဆောင်များသည် ကဏ္ဍများစွာတွင် NLD က လိုအပ်နေသော ကျွမ်းကျင်မှုများကို ဖြည့်ဆည်းကူညီကြခြင်းဖြင့် NLD ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း အောင်မြင်အောင်အထောက်အကူပြုနိုင်ခဲ့ပေလိမ့်မည်။ သို့သော် ထိုသို့ရယူရမည့်အစား NLD ပါတီက CSO များနှင့် အပြန်အလှန်ဆက်သွယ်မှုကို အမှန်ပင် ရပ်ဆိုင်းပစ်ခဲ့သည်။

အကျိုးရလဒ်အနေနှင့် CSO များ၊ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ အလှူရှင်များအကြား စိတ်ဝမ်းကွဲပြားသွားကြပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် သူတို့ဘယ်ကဏ္ဍက ပါဝင်ကြရမည်ဆိုသည်ကို စဉ်းစားမရနိုင်အောင်ဖြစ်နေကြသည်။

မြန်မာပြည်တွင် အရပ်ဖက်အဖွဲ့အစည်းအသစ်တဖန်မွေးဖွားခြင်း

အရပ်ဖက်အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် ကာလကြာရှည်စွာကပင် အရေးပါသော နိုင်ငံရေးကဏ္ဍမှ ပါဝင်ခဲ့ကြပါသည်။ ယခုအရပ်ဖက်အဖွဲ့အစည်း CSO ဟု ခေါ်နေကြသော အဖွဲ့အစည်းမျိုး မြန်မာပြည်တွင် ကိုလိုနီလက်အောက်မကျရောက်မီ ရှေးကတည်းက ရှိခဲ့ပါသည်။ အများစုမှာ ဗုဒ္ဓဘာသာအသင်းအဖွဲ့များဖြစ်ကြပြီး ရပ်ရွာလူထုအကြားတွင် ပညာရေး၊ သာရေးနာရေးကိစ္စများ ဆောင်ရွက်ပေးခဲ့ကြပါသည်။

အမျိုးသားရေးစိတ်ဓာတ်မြင့်မားလာပြီး လွတ်လပ်ရေးကြိုးပမ်းမှုများကြောင့် အရပ်ဖက်အဖွဲ့အစည်း ရှင်သန် အားကောင်းလာသည်။ တိုင်းရင်းမြန်မာစာပေအလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာပြီး ယဉ်ကျေးမှုဆိုင်ရာအသင်းများ၊ ဗုဒ္ဓဘာသာ ကလျာဏယု၀ (YMBA) အသင်းများ နိုင်ငံအနှံ့ပေါ်ပေါက်ခဲ့သည်။

ကျောင်းသားသမဂ္ဂများပေါ်ထွန်းလာပြီး ၁၉၂၀ တွင် ကျောင်းသားသပိတ်ပေါ်ပေါက်ခဲ့သည်။ အလုပ်သမားသမဂ္ဂများနှင့် (၁၉၃၀-၃၂) ဆရာစံအရေးတော်ပုံတို့ ပေါ်ပေါက်လာသောအခါ မြန်မာ့အရပ်ဖက်အဖွဲ့အစည်းများသည် နိုင်ငံရေးအသွင်သို့ တိုက်ရိုက်ပြောင်းသွားတော့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးနုအပါအဝင် မြန်မာ့လွတ်လပ်ရေးအကြိုကာလ နိုင်ငံရေးပါတီများကို တည်ထောင်ခဲ့သူများသည် ဤသို့သော ကွန်ရက်အဖွဲ့အစည်းများကို ကိုယ်စားပြုသူ ခေါင်းဆောင်များပင်ဖြစ်သည်။ 

၁၉၆၂ စစ်တပ်အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နှစ်ပေါင်း ၄၀ ကျော်ကြာအောင် အရပ်ဖက်အဖွဲ့အစည်းများ နှိပ်ကွပ်ခံခဲ့ရပြီး ဘာသာရေးအသင်းအဖွဲ့ကလွဲ၍ မည်သည့် အရပ်ဖက်အဖွဲ့အစည်းကိုမျှ ခွင့်မပြုခဲ့ချေ။

၁၉၈၈ တွင် ဒီမိုကရေလှုပ်ရှားမှု အရေးတော်ပုံကြီး ပေါ်ပေါက်လာပြီး ၂၀ ရာစု ပထမအစောပိုင်းက မြန်မာ့လှုပ်ရှားမှုနှင့် လွတ်လပ်သော အတွေးအခေါ်များပြန်လည် ရှင်သန်ထမြောက်လာခဲ့သည်။ ၁၉၈၈ လူထုချီတက်ပွဲကြီးများတွင် ပါဝင်ခဲ့သော သိန်းပေါင်းများစွာသော လူထုကြီးများက ဒီမိုကရေစီအပြောင်းအလဲလိုလားသော လူထုဆန္ဒကို အထင်အရှားပြသလိုက်ခြင်းပင်ဖြစ်သည်။

ထိုလူထုလှုပ်ရှားမှုကြီးကပင် ၈၈ မျိုးဆက်ကဲ့သို့သော အဖွဲ့အစည်းကို ပေါ်ပေါက်စေခဲ့သည်။ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့တွင် လူထုအုံကြွလှုပ်ရှားမှုကို စစ်တပ်က ရက်ရက်စက်စက် နှိမ်နင်းပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်းအုပ်ချုပ်ပြီး တဖန် ၁၉၉၇ တွင် ၎င်းကိုပင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟု နာမည်ပြောင်းလိုက်ပြန်သည်။ NLD ကို ၁၉၈၈ စက်တင်ဘာ ၂၇ တွင် စတင်ဖွဲ့စည်းခဲ့သည်။

ယနေ့နိုင်ငံရေးနှင့် အရပ်ဖက်အဖွဲ့အစည်းများအကြား အခြေအနေကို နားလည်ရန်မှာ ၁၉၈၈ နောက်ပိုင်းအဖြစ်အပျက်တွေကို သိထားဖို့လိုပါသည်။ ၁၉၈၈ နောက်ပိုင်း ငါးနှစ်အတွင်း ဆန္ဒပြလှုပ်ရှားခဲ့ကြသူများ (အများစုမှာ တက္ကသိုလ်ကျောင်းသားများ) ထောင်ပေါင်းများစွာသည် နယ်စပ်ဒေသသို့ ထွက်ပြေးသွားကြရပြီး ဗဟိုအစိုးရကို ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်နေကြသော တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် ပူးပေါင်းခဲ့ကြသည်။

၁၉၈၈ ကျောင်းသားများနှင့် တိုင်းရင်းသားများပါဝင်သော ဒီမိုကရေစီလှုပ်ရှားမှု ပေါ်ပေါက်လာပြီး အနောက်နိုင်ငံများက အားပေးထောက်ခံအကူအညီပေးခဲ့ကြသည်။ ၁၉၉၁ တွင် NLDခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ငြိမ်းချမ်းရေးဆု အပ်နှင်းခဲ့သည်။ ၁၉၉၇ နှင့် ၂၀၁၆ အကြား မြန်မာအပေါ်ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

၁၉၉၀ တွင် ရွေးကောက်ပွဲကျင်းပရာ NLD က ၈၂ ရာခိုင်နှုန်း မဲရရှိပြီး အနိုင်ရခဲ့သော်လည်း ထိုရလဒ်ကို စစ်အစိုးရက အသိအမှတ်မပြုခဲ့ချေ။ ၁၉၉၃ တွင် အမျိုးသားညီလာခံခေါ်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခဲ့ရာ ၂၀၀၈ ခုနှစ်ကျမှ အတည်ပြုနိုင်ခဲ့သည်။
၁၉၉၀ မှ ၂၀၀၀ ခုအလွန်အထိ ကာလများသည် အတိုက်အခံ ဆန့်ကျင်မှုဟူသမျှကို အပြင်းအထန် ရက်ရက်စက်စက် နည်းမျိုးစုံဖြင့် နှိပ်စက်၊ နှိပ်ကွပ်သောကာလပင်ဖြစ်သည်။

စစ်တပ်က ကြီးစိုးထားပြီး ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဆက်ရှိနေသည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ စတင်လုပ်လာရာ ခရိုနီနှင့် အာဏာရှင်နှင့် ဆက်နွယ်သော လူတန်းစား ကြီးပွားချမ်းသာလာသည်။ မြန်မာနိုင်ငံသည်လည်း နိုင်ငံတကာအသိုက်အဝန်းတွင် ဝိုင်းပယ်ခံနိုင်ငံဖြစ်လာသည်။

မီဒီယာလွတ်လပ်ခွင့်မရှိသော၊ အရပ်ဖက်အဖွဲ့အစည်းမရှိသောအခြေအနေမှာ ၁၉၉၀ ခုလွန်နှောင်းပိုင်းတွင် စတင်ပြောင်းလဲလာသည်။ ၂၀၀၀ ခုလွန်နှစ်များတွင် ထိုအပြောင်းအလဲမှာ ပို၍အရှိန်ရလာသည်။ အရပ်ဖက်အဖွဲ့အစည်းများ၏ ဤပထမအဆင့်ပေါ်ပေါက်လာမှုသည် ပြည်ပရောက်လှုပ်ရှားမှုများ၊ အထူးသဖြင့် ထိုင်းနိုင်ငံနယ်စပ်ရှိလှုပ်ရှားမှုများနှင့်အပြိုင်ဖွံ့ဖြိုးလာသည်။ CSO ဖွံ့ဖြိုးမှု ဒုတိယအဆင့်ကို ၂၀၀၈ နှင့် ၂၀၁၁ အကြားတွေ့ရပြီး တတိယအဆင့်ကြီးထွားလာမှုကို ၂၀၁၁ ရွေးကောက်ပွဲနောက်ပိုင်းတွင် မြင်တွေ့ကြရသည်။

လူထု၏ အထွေထွေမကျေနပ်မှုကို ၂၀၀၇ ခုနှစ်တွင် ရွှေဝါရောင်တော်လှန်ရေးအဖြစ် ထွက်ပေါ်လာခဲ့သည်။ ၁၉၈၈ တုန်းကလိုပင် စီးပွားရေးမကျေနပ်မှုများနှင့် နိုင်ငံရေးတောင်းဆိုမှုများရောနှော၍ ပေါက်ထွက်လာခဲ့ခြင်းဖြစ်သည်။ ၁၉၈၈ ခေါင်းဆောင်များက ရှေ့ပိုင်းတွင် စတင်ဆန္ဒပြခဲ့ကြပြီး နောက်တဆင့်တွင် ရဟန်းများ လမ်းပေါ်ထွက်လာခဲ့ကြသည်။

အကွဲအပြဲ

၂၀၀၈ မေလ ၂ ရက် နေ့တွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ဆိုင်ကလုံးမုန်တိုင်း ‘နာဂစ်’ ဝင်ရောက်ဖျက်ဆီးသွားရာ လူ ၁၃၇,၀၀၀ ထက်မနည်း သေဆုံးခဲ့သည်။ သဘာဝဘေးဆိုးကြီးကို အစိုးရတုန့်ပြန်ဆောင်ရွက်ပုံညံ့ဖျင်းခဲ့ခြင်းကြောင့် မြန်မာလူ့အဖွဲ့အစည်းမှာ စိတ်မချမ်းမသာဖြစ်ကြရပြီး မနေသာတော့ဘဲ ကိုယ်ထူကိုယ်ထ ကိုယ့်ခွန်ကိုယ့်အားဖြင့် ကူညီဖို့ စတင်လုပ်ကိုင်ကြသည်။

အရပ်ဖက်အဖွဲ့အစည်းပေါက်ကွဲမှုကြီးဟု ဆိုရလောက်အောင်ပင် နာဂစ်က CSO တွေ မွေးထုတ်ပေးလိုက်သည်။ မုန်တိုင်းဘေးမှ မသေဘဲ ကျန်ရစ်သူများကို အကူအညီပေးရန် လူတန်းစားပေါင်းစုံမှ လူထုတွေ ထွက်လာကြသည်။ သီတင်းပတ်အနည်းငယ်အတွင်းမှာပင် CSO တွေ CSO လှုပ်ရှားတက်ကြွသူတွေ နှစ်ဆ သုံးဆတိုး ထွက်ပေါ်လာသည်။

သူတို့အတွက်တော့ အလွန်တရာခွန်အားတိုးစေသော အတွေ့အကြုံကြီးပင်ဖြစ်ခဲ့သည်။ ကယ်ဆယ်ရေးကြိုးပမ်းမှုတစ်ခုအဖြစ် အစပြုခဲ့ကြရာမှာပင် ၂၀၁၀ အထွေထွေရွေးကောက်ပွဲက နီးကပ်လာရာ အရပ်ဖက်အဖွဲ့အစည်းတွေ နိုင်ငံရေးဘက်တစ်ခါလှည့်သွားခဲ့ကြပြန်သည်။ ဒီတစ်ကြိမ်မှာတော့ နှစ်ခြမ်းကွဲသွားသည်။ ဒီအကွဲကတော့ ဒီနေ့အထိ ဆက်လက်ရှိနေလေတော့သည်။

‘၈၈’ အရပ်ဖက်အဖွဲ့အစည်းနှင့် ပြည်ပရောက်အရပ်ဖက်အဖွဲ့အစည်းများသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှ ခွန်အားတွေ တိုးပေးလိုက်သည့် အားလျော်စွာ ၂၀၀၈ ဖွဲ့စည်းပုံကို ဆန့်ကျင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြသည်။ 
‘နာဂစ်’ အရပ်ဖက်အဖွဲ့အစည်းနှင့် လှုပ်ရှားတက်ကြွသူများသည် ချမှတ်ထားတဲ့ နိုင်ငံရေးစည်းကမ်းတွေကို လက်ခံလိုက်နာပြီး “ရှိတဲ့ပွဲပဲ ဝင်ကစားဖို့” အယူအဆကို ထောက်ခံကြသည်။

သို့သော် ဒီဖွဲ့စည်းပုံကို လက်ခံပြီး ဒီ ၂၀၁၀ ရွေးကောက်ပွဲဝင်ရေးကို ထောက်ခံသူတွေက လူနည်းစုလေးသာဖြစ်သည်။ သူတို့ထဲမှာ Myanmar Egress အပါအဝင် အရပ်ဖက်အဖွဲ့ခေါင်းဆောင်တွေပါသည်။ Egress က လူ့စွမ်းရည်ဖွံ့ဖြိုးရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးကို ဦးတည်သည်။

သူတို့သည် သမ္မတဦးသိန်းစိန်၏ အရေးပါသော အကြံပေးများဖြစ်လာပြီး USDP ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။

၂၀၁၀ ရွေးကောက်ပွဲဟာ စစ်တပ်ကျောထောက်နောက်ခံထားတဲ့ USDP ပါတီဘက်က နိုင်အောင် ညစ်ပတ်မှာပဲဟု ယုံကြည်ထားသည့် အားလျော်စွာ CSO များသည် ဘယ်ပါတီနဲ့မှလည်း မပတ်သက်အောင် ရွေးကောက်ပွဲကိုလည်း စောင့်ကြည့်ခြင်းမပြုကြဘဲ ခပ်ကင်းကင်းနေခဲ့ကြသည်။ Myanmar Egress နှင့် ငြိမ်းဖောင်ဒေးရှင်း နှစ်ဖွဲ့သာ ၂၀၁၀ ရွေးကောက်ပွဲကို စောင့်ကြည့်ရာတွင် ပါဝင်ခဲ့သည်။ 
 (စာရေးသူသည် ထိုစဉ်က မြန်မာအီးဂရက်စ်အတွက်အလုပ်လုပ်ခဲ့သည်။)

ယင်းမှာ ၂၀၁၅ကနှင့် သိသာထင်ရှားသည့် ဆန့်ကျင်ဘက်အခြေအနေဖြစ်သည်။ ထိုနှစ်က အရပ်ဖက်လူ့အဖွဲ့အစည်း ဒါဇင်ပေါင်းများစွာသည် လေ့လာသူထောင်ဂဏန်းအချို့၏ ထောက်ကူမှုဖြင့် ရွေးကောက်ပွဲကို စောင့်ကြည့်ခဲ့ကြသည်။ အထင်ရှားဆုံးတစ်ခုမှာ ၂၀၁၃ကဖွဲ့စည်းခဲ့သော လွတ်လပ်သည့် ရန်ကုန်အခြေစိုက်အဖွဲ့တစ်ခုဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့(People’s Alliance for Credible Elections) ဖြစ်သည်။ ၎င်းသည် ရွေးကောက်ပွဲမူဘောင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ERCB)  ၏ အဖွဲ့ဝင် ၁၂ ဦးထဲကတစ်ဦးလည်းဖြစ်သည်။ ERCB ကို ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီတွင် ဖွဲ့စည်းခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲများမတိုင်မီ အရပ်ဖက်လူ့အဖွဲ့အစည်းက အလွန်အားကောင်းစွာစည်းရုံးခဲ့ရခြင်း၏ အဓိက အကြောင်းရင်းမှာ  မဲပေးမှုက လွတ်လပ်၍ မျှတမှုရှိနေသရွေ့ NLD က နိုင်နေမည်ဆိုသည့် မဲပေးသူအများစု၏ မျှော်လင့်ချက်ကို မျှဝေလိုသောကြောင့်ဖြစ်သည်။ အနည်းဆုံးအားဖြင့် အရပ်ဖက်လူ့အဖွဲ့အစည်းတက်ကြွလှုပ်ရှားသူများကြားရှိနေခဲ့သော ယင်းစိတ်အားထက်သန်မှုမှာ ၂၀၁၆ တွင် NLD က အာဏာရယူခဲ့ပြီးကတည်းက ပျောက်ကွယ်ခဲ့သည်။ ၂၀၂၀ပြည့်နှစ်ရွေးကောက်ပွဲအတွက် အကျိုးဆက်များနှင့် ရွေးကောက်ပွဲတွင် အရပ်ဖက်လူ့အဖွဲ့အစည်းပါဝင်မည့် အခန်းကဏ္ဍမှာ ရှင်းလင်းမှုမရှိပေ။

ပေါ်လစီများ၊ ပလက်ဖောင်းများနှင့် နိုင်ငံရေး

ရွေးကောက်ပွဲစောင့်ကြည့်မှုအလွန်တွင် အရပ်ဖက်လူ့အဖွဲ့အစည်းပါဝင်နိုင်သောနေရာတစ်ခုနှင့် ယင်းနေရာအတွက် အသင့်လျော်ဆုံးမှာ နိုင်ငံရေးပါတီများ၏ မူဝါဒလမ်းစဉ်ရေးဆွဲရေးတွင် ကူညီရန်ဖြစ်သည်။ ၂၀၁၀ပြည့်နှစ်ကတည်းက ရွေးကောက်ပွဲတိုင်းတွင် နိုင်ငံရေးပါတီများ၏ မူဝါဒများမှာ ကျေနပ်ဖွယ်ရာမရှိပေ။

အဘယ့်ကြောင့်ဆိုသော ယင်းပါတီများတွင် ကောင်းစွာဖွင့်ဆိုထားသည့် မူဝါဒများမရှိသည့်အပြင် အနာဂတ်အတွက် ကြည်လင်ပြတ်သားသည့် အမြင်တစ်ခုကို မပေးနိုင်သောကြောင့် ဖြစ်သည်။
ယင်းမှာ CSO များနှင့် နိုင်ငံရေးပါတီများကြား သိသိသာသာခြားနားသည့်အကြောင်းဖြစ်သည်။

နိုင်ငံရေးဖြစ်စဉ်သည် ၂၀၀၈ အခြေခံဥပဒေက ဖန်တီးသော စပ်ကြားစနစ်အောက်တွင် အပြစ်အနာများရှိနေသည်ဟု အရပ်ဖက်အဖွဲ့အစည်းတက်ကြွလှုပ်ရှားသူများက မှတ်ယူသည်။ ထို့အပြင် ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမား၊ မြေယာအခွင့်အရေးနှင့် သယံဇာတစီမံရေးတို့ကဲ့သို့ ရွေးချယ်ခံ လွှတ်တော်အမတ်များ၏ လုပ်ပိုင်ခွင့်တွင်ပါဝင်သောအရာများသည် နိုင်ငံရေးသမားများ၏ ဦးစားပေးဖြစ်သင့်သည်ဟု ၎င်းတို့က ယုံကြည်သည်။

အခြားတစ်ဖက်တွင်လည်း အခြေခံဥပဒေမူဘောင်မပြောင်းလဲသရွေ့ သတ်သတ်မှတ်မှတ်ဖြစ်သော ကိစ္စရပ်များအပေါ် လုပ်ဆောင်ခြင်းက သက်ဆိုင်မှုမရှိဟု နိုင်ငံရေးသမားတို့က ယုံကြည်လေ့ရှိသည်။ ဆိုလိုသည်ကကြိုတင်သိမြင်နိုင်သောအနာဂါတ်တွင် ဖြစ်ပေါ်မလာသည့်တိုင် အခြေခံဥပဒေပြောင်းလဲရေးသည် ၎င်းတို့၏ ဦးစားပေးဖြစ်သည်။

ယင်းအခြေအနေက အရပ်ဖက်တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးသမားတို့ တစ်ဖက်ကိုတစ်ဖက် လစ်လျူရှုလိုက်သည့် အခြေအနေတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး တိုင်းရင်းသားပါတီများကတော့ ခြွင်းချက်ဖြစ်နိုင်သည်။ နိုင်ငံရေးပါတီများကို အများအားဖြင့် ပြုပြင်ပြောင်းလဲရေးအတွက် မူဝါဒ၊ အိုင်ဒီယာနှင့် စီမံချက်များထက် ၎င်းတို့၏ ပုဂ္ဂိလ်ရေးကျော်ကြားမှုက သတ်မှတ်လိုက်ကတည်းက ၎င်းတို့သည် အရပ်ဖက်အဖွဲ့အစည်းက ကမ်းလှမ်းမည့်အရာကို မမြင်နိုင်ပေ။

အပြန်အလှန်အားဖြင့် လာမည့်နှစ်များတွင်လည်း အမတ်အသီးသီးမှာ များစွာအာဏာရလာမည်ဟု အရပ်ဖက်အဖွဲ့အစည်းက မယုံကြည်သောကြောင့် ယင်းအမတ်တို့ကို လစ်လျူရှုကာ ကက်ဘိနက်အဖွဲ့ဝင်များနှင့်သာ ချိတ်ဆက်လုပ်ဆောင်ရန် စူးစိုက်လုပ်ဆောင်မည်ဖြစ်သည်။

ထိုအကြောင်းကြောင့် အရပ်ဖက်အဖွဲ့အစည်းသည် ကိစ္စများစွာတွင် အစိုးရနှင့် ချိတ်ဆက်လုပ်ဆောင်ရန် ကြိုးစားသော ကွန်ရက်များစွာကို တည်ဆောက်ထားသည်။ ၎င်းတို့တွင် ပညာရေးပြုပြင်ပြောင်းလဲရေးအမျိုးသားကွန်ရက်၊ မြေယာအဓိကထားသည် Land Core Group၊ Land in Our Hands အဖွဲ့များ၊ လိင်တန်းတူရေးကွန်ရက်၊ မြန်မာအမျိုးသမီးများအဖွဲ့ချုပ်နှင့် ပွင့်လင်မြင်သာရေးနှင့် တာဝန်ယူမှုမြန်မာမဟာမိတ်အဖွဲ့တို့ပါဝင်သည်။

NLD ကို အနိုင်ရစေချင်သောကြောင့် အရပ်ဖက်အဖွဲ့အစည်းတစ်ခုလုံး၏ လှုပ်ရှားမှုက ၂၀၁၅ ရွေးကောက်ပွဲအတွက် စည်းရုံးခဲ့သည်ဆိုလျှင် ၂၀၂၀တွင် ၎င်း၏တွန်းအားပေးမှုမှာ NLD ကို မရှုံးစေချင်သောကြောင့်ဖြစ်မည်။ သို့သော်လည်း အရပ်ဖက်အဖွဲ့အစည်းလှုပ်ရှားမှုကလည်း ၎င်းကို စိတ်ပျက်စေခဲ့သည့် မည်သည့်ပါတီကိုမျှ ထောက်ခံမှုပြသလိုစိတ်မရှိပေ။

လာမည့်နှစ် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် CSO များ၏ သဘောထားကို အကြောင်းရင်းနှစ်ခုဖြင့် သိရမည်ဖြစ်ပြီး တစ်ခုမှာ နိုင်ငံရေးနှင့် ပတ်သက်ပြီး နောက်တစ်ခုမှာ ကိုယ်ပိုင်အမှတ်လက္ခဏာနှင့် ပတ်သက်သည်။
နိုင်ငံရေးအရရပ်တည်ချက်နှင့်ဆိုလျင် CSO များမှာ ၁၉၈၈ အုပ်စုနှင့် နာဂစ်အုပ်စုများကြား ကွဲပြားမှုရှိနေနိုင်သေးသည်။ ၈၈ အုပ်စုက ၎င်းတို့ ထောက်ခံမည့် အမတ်လောင်းများနှင့် ပါတီများကို ရွေးချယ်ပြီး ၎င်းတို့အနိုင်ရရေး တတ်နိုင်သရွေ့လုပ်ဆောင်မည်ဖြစ်သည်။

နာဂစ်အုပ်စုကမူ ပိုမိုကျယ်ပြန့်သည့် ရည်မှန်းချက်တစ်ခုရှိပြီး ပါတီအားလုံးကို ကြိုဆိုမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ကောင်းသောအလေ့အထများ၊ စွမ်းဆောင်ရည်နှင့် နိုင်ငံရေးသမားအားလုံးတို့ သိမြင်မှု မြင့်တင်ရေး ကြိုးပမ်းနေသော ကြားနေပုဂ္ဂိုလ်များအဖြစ် သူတို့ကိုသူတို့ ရှုမြင်သောကြောင့်ဖြစ်သည်။

ကိုယ်ပိုင်အမှတ်လက္ခဏာနှင့် ပတ်သက်၍ တိုင်းရင်းသားကိုယ်ပိုင်လက္ခဏာနှင့်သူများနှင့် တစ်နိုင်ငံလုံးအတွက် အလုပ်လုပ်နေသူများဟု ကိုယ်ကိုယ်ကိုယ်ရှုမြင်သူများကြား CSO များကို ခွဲခြားနိုင်သည်။
ပထမအုပ်စုက ၂၀၂၀တွင် တိုင်းရင်းသားပါတီများ ၂၀၁၅ကထက် ရလဒ်ပိုကောင်းလာမည်ဟု မျှော်လင့်ထားပြီး ဒုတိယအုပ်စုက အကောင်းဆုံးရလဒ်မှာ NLD အောင်ပွဲဖြစ်လိမ့်မည်ဟု ယုံကြည်ကြသည်။

ယင်းသို့ယုံကြည်ကြခြင်းမှာ တစ်စိတ်တစ်ပိုင်အားဖြင့် ၎င်းတို့၏ အဓိက မစိုးရိမ်မှုတစ်ခုက ကြံ့ခိုင်ရေးပါတီကို အတိုက်အခံဘဝတွင်သာ ဆက်ရှိစေရန် သေချာစေရေးဖြစ်သည်။
အမှန်မှာ တက်ကြွလှုပ်ရှားသူအများအပြားနှင့် အခြားသူများသည် ကြံ့ခိုင်ရေးကို ဆန့်ကျင်သည်။ အဘယ့်ကြောင့်ဆိုသော် အစဉ်အလာဟောင်းကြီးနှင့် ဆက်စပ်နေသောကြောင့်ဖြစ်သည်။ ယင်းတက်ကြွလှုပ်ရှားသူများကလည်း NLD ကို စိတ်ပျက်ကြပါသည်။ သို့သော်လည်း နောက်တစ်ကြိမ် ထောက်ခံရုံမှလွဲ၍ တခြားရွေးချယ်စရာမရှိပါ။

အရပ်ဖက်အဖွဲ့အစည်းများသည် ၂၀၂၀တွင်လည်း နောက်တစ်ကြိမ် စည်းရုံးမှုပြုလိမ့်မည်။ သို့သော်လည်း လွန်စွာများပြားသည့် တက်ကြွလှုပ်ရှားသူများနှင့် အဖွဲ့အစည်းများက NLD ကို စိတ်ပျက်နေသည်ဆိုသည့် အချက်က ၂၀၁၅ နှင့် ခြားနားသည့်အခြေအနေတစ်ခုဖြစ်ပြီး ခန့်မှန်းရန် မလွယ်သည့်အနေအထားလည်းဖြစ်နိုင်သည်။

သို့သော်လည်း မျှော်မှန်းနိုင်သည်က နိုင်ငံရေးနှင့် တိုင်းရင်းသားလိုလားသူများကြားပိုမိုပြတ်သားလားသည့်  အရပ်ဖက်အဖွဲ့အစည်း၏ ကွဲပြားမှုဖြစ်သည်။
ယင်းအနေအထားက အကောင်းလားအဆိုးလားဆိုသည်ကို စောင့်ကြည့်ရန်သာရှိသည်။ အကယ်၍ ယင်းအနေအထားကြောင့် တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုလျော့နည်းသည်ဆိုလျင် အဆိုးသာဖြစ်မည်။ ဆန့်ကျင်ဘက်အားဖြင့် အရပ်ဖက်အဖွဲ့အစည်းက ပိုမိုရင့်ကျက်သော နိုင်ငံရေးနယ်ပယ်တစ်ခုကို ပိုမိုကိုယ်စားပြုလာလျင် နိုင်ငံရေးတွင် ပို၍ဗဟုဝါဒဆန်လာဖို့ရှိသည်။

ယင်းသို့ဖြစ်ထွင်းမှုတစ်ခုက နိုင်ငံရေးအခင်းအကျင်းတွင် အဓိကနေရာယူနေသော အဓိကကိစ္စရပ်များတွင် ရလဒ်ထွက်ပေါ်နိုင်ပြီး ပိုမိုကောင်းမွန်သော မူဝါဒများကို တောင်းဆိုကာ အရပ်ဖက်အဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီများကြား ဆက်ဆံရေးကို ခိုင်မာစေမည်ဖြစ်သည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

အရပ်ဘက်အဖွဲ့အစည်း,၂၀၂၀အထွေထွေရွေးကောက်ပွဲ,အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်,သမိုင်းကြောင်း,နာဂစ်,နိုင်ငံရေး,တက်ကြွလှုပ်ရှားမှု
 

 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.