အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို နိုဝင်ဘာမှ စတင်ပြီး ဒေသသုံးခု၌ ကျင်းပရန် ပြင်ဆင်

ဉာဏ်လှိုင်လင်း ရေးသားသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို နိုဝင်ဘာလမှစ၍ ဒေသသုံးခုတွင် စတင်ကျင်းပနိုင်ရန်နှင့် ပြည်သူတို့၏ သဘောဆန္ဒများ အမှန်တစ်ကယ် ထင်ဟပ်နိုင်ရန် မျှော်မှန်းပြင်ဆင်နေကြောင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ တာဝန်ရှိသူအချို့က ပြောသည်။

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် အောက်တိုဘာ ၂၉ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုငြိမ်ချမ်းရေး ဆွေးနွေးမှှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး၌ ကရင်ပြည်နယ်တွင် လူမျိုးကိုအခြေခံသော၊ တနင်္သာရီတိုင်းတွင် ဒေသကို အခြေခံသော၊ နေပြည်တော်တွင် အကြောင်းအရာကို အခြေခံမည့် အရပ်ဖက် လူမှုအဖွဲ့အစည်းဖိုရမ် အစရှိသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ဖေဖော်ဝါရီလအတွင်း ပြုလုပ်ရန် စီစဉ်ထားသည့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေး မတိုင်မီ ပြုလုပ်နိုင်ရေး နှစ်ဖက်အကြမ်းအားဖြင့်သဘောတူနိုင်ခဲ့ကြသည်။

“အောက်ခြေကပြည်သူတွေ၊ တိုင်းရင်းသားတွေရဲ့ သဘောထားတွေ၊ အသံတွေ၊ လိုလားချက်တွေကို ဘယ်လို စုပေါင်းပြီးတော့ ညီလာခံကြီးဆီ သယ်ဆောင်မလဲဆိုတဲ့ အခင်းအကျင်းကို ဆောင်ရွက်နိုင်ဖို့ဆိုတာကို သဘောတူအတည်ပြုနိုင်ခဲ့တယ်”ဟု UPDJC ၏ အစိုးရအဖွဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်သော နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက Frontier ကို ပြောသည်။

သို့သော် ထိုသို့ဆောင်ရွက်နိုင်ရန် အုပ်ချုပ်ထောက်ပံ့မှုများကို စီမံပေးမည့် UPDJC ရုံးကို နေပြည်တော်တွင် မည်သို့ ဖွဲ့စည်းမည်ဆိုသည်ကို နှစ်ဖက် ဆက်လက်ဆွေးနွေးရန် ရှိနေသေးသည်။

အဆိုပါလုပ်ငန်းစဉ်များကို စတင်နိုင်ရန် ကနဦးအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းရမည်ဖြစ်သည်။ အဆိုပါ ကော်မတီ၌ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်အစုအဖွဲ့တို့မှ သုံးဦး၊ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့မှ သုံးဦး၊ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ သုံးဦး စုစုပေါင်း ကိုးဦး ပါဝင်ရန် သဘောတူညီထားကြသည်။

“အဆင်သင့်ဖြစ်တဲ့နေရာအားလုံးမှာ အထူးသဖြင့် NCA (တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်) လက်မှတ်ထိုးပြီးသား အဖွဲ့အစည်းတွေရှိတဲ့ နေရာအားလုံးမှာ စပြီး ဆွေးနွေးနိုင်ဖို့ဆိုပြီး စဉ်းစားထားပါတယ်” ဟု UPDJC ၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်၊ ချင်းအမျိုးသားတပ်ဦးခေါင်းဆောင် ဒေါက်တာ ဆလိုင်းလျန်မုန်းက ပြောသည်။

ထို့အတူ ယင်းနေ့အစည်းအဝေး၌ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် မည်သည့် ကဏ္ဍရပ်ဆိုင်ရခေါင်းစဉ်များကို ဆွေးနွေးကြမည်ဆိုသည်နှင့် မည်သို့ ကြီးကြပ်ကျင်းပမည်ဆိုသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း နှစ်ဖက် တာဝန်ရှိသူများက ပြောသည်။

ဆွေးနွေးပွဲများတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ၊ လုံခြုံရေးကဏ္ဍကြီးငါးရပ်နှင့် သက်ဆိုင်သော အကြောင်းအရာများဆွေးနွေးရန် မူဝါဒ ချမှတ်ပြီးဖြစ်သော်လည်း မကြာမီကျင်းပမည့် အစည်းအဝေးများတွင်မူ လုံခြုံရေးဆိုင်ရာကိစ္စများကို ခွင့်ပြုဦးမည်မဟုတ်ဟု UPDJC မှ နှစ်ဖက်တာဝန်ရှိသူတို့က ဆိုသည်။

“လုံခြုံရေးကိုတော့ ဒီတစ်ခေါက်မှာ ဆွေးနွေးစေမှာ မဟုတ်ပါဘူး။ အရမ်းကို ထိလွယ်ရှလွယ်ကိစ္စဖြစ်တဲ့အတွက် UPDJC မှာ ဆွေးနွေးပြီးမှ သင့်တော်ရာ ခေါင်းစဉ်ခွဲတွေ ချပေးဖို့ သဘောတူထားပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ထို့အတူ နိုဝင်ဘာဆွေးနွေးပွဲများ စတင်နိုင်သည်နှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုများ ချက်ခြင်းပြုလုပ်နိုင်မည် မဟုတ်ပဲ သက်ဆိုင်ရာ ဒေသအသီးသီးတွင် လူမျိုး၊ အကြောင်းအရာ၊ ဒေသကို အခြေခံသည့် ဆွေးနွေးမှုများကို ကနဦးလုပ်ဆောင်ရန် ကျန်ရှိနေသေးသည်။

ဥပမာ ကရင်တိုင်းရင်းသားတို့အတွက် လူမျိုးကို အခြေခံသော ဘုံသဘောတူညီချက် ရရှိနိုင်ရန် ရန်ကုန်၊ ဧရာဝတီ၊ မွန် စသည့် ဒေသများတွင် ပြန့်နှံ့နေထိုင်လျှက်ရှိသူတို့၏ သဘောဆန္ဒကို စုစည်းနိုင်ရေးအတွက် ယင်းဒေသတို့သို့သွားရောက်၍ အကြိုဆွေးနွေးပွဲများ ဦးစွာပြုလုပ်ရမည်ဖြစ်သည်။ အဆိုပါအကြိုဆွေးနွေးပွဲများမှ ရရှိလာသည့် ရလဒ်များကို စုစည်းပြီးမှသာ ကရင်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နိုင်မည်ဖြစ်သည်။

ထို့နောက် ထွက်ပေါ်လာသောရလဒ်များကို လုပ်ငန်းကော်မတီကစုစည်းပြီး UPDJC ၌ ပြန်လည် ဆွေးနွေးရဦးမည်ဖြစ်သည်။ UPDJC က သဘောတူညီပါမှ ၂၁ ရာစု ပင်လုံ ညီလာခံသို့ တင်သွင်း၊ ညီလာခံက သဘောမတူသည့် အကြောင်းအရာများရှိလျှင် အောက်အဆင့်များတွင် ပြန် လည်ဆွေးရန် စီစဉ်မည်ဖြစ်သည်။

ညီလာခံက သဘောတူသည့် အချက်များကိုမူ ပြည်ထောင်စုသဘောတူစာချုပ်အဖြစ် ချုပ်ဆိုပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရမည်ဖြစ်သည်။

“အတည်ပြုပြီးတဲ့နောက် အကောင်အထည်ဖော်မှုအပိုင်းမှာ အခြေခံဥပဒေပြင်ဆင်ရေး ပါသွားမှာဖြစ်ပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်မုန်းက ပြောသည်။ အဆိုပါ အစည်းအဝေးများ မည်သည့်အချိန်ပြီးစီးမည်နှင့် ဘတ်ဂျက်မည်မျှ ကုန်မည်ဆိုသည်မှာမူ အတိအကျ တွက်ချက်ပြောဆိုရန် ခက်ခဲကြောင်း တာဝန်ရှိသူတို့က ပြောကြားသည်။

“ဘယ်နေရာမှာ အစည်းအဝေး ဘယ်နှစ်ခုလောက် ကျင်းပလဲဆိုတာပေါ် မူတည်ပြီးတော့မှ ဘယ်လောက်ကုန်မလဲဆိုတာ မှန်းလို့ရမှာပါ” ဟု ဦးဇော်ဌေးက ပြောသည်။

အဆိုပါအစည်းအဝေး ပထမနေ့ဖြစ်သည့် အောက်တိုဘာ ၂၈ ရက်နေ့ကမူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ပုံငွေများအား အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က တာဝန်ယူ ရှာဖွေမည်ဖြစ်ကြောင်း ကတိပေးထားသည်။

ထို့အတူ အချိန်နှင့်ပတ်သက်၍ သတိပေးမှုပြုလုပ်ခဲ့ပြီး “ ငြိမ်းချမ်းရေး ညီလာခံ ပြင်ပကနေပြီးတော့ အချိန်မဆွဲပါနဲ့။ အားလုံး ပါဝင်ကြပါ။ ဒီလိုပြောခြင်းအားဖြင့် (တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် – NCA) လက်မှတ် မရေးထိုးရသေးတဲ့ အဖွဲ့တွေရဲ့ အနေအထားကို နားလည်မှု မပေးတာ မဟုတ်ပါဘူး။ နားလည်မှု ပေးပါတယ်။ ဒါပေမယ့်လည်း ဟိုဘက်ကလည်း ကျွန်မတို့ကို နားလည်မှု ပေးစေချင်ပါတယ်။ အချိန်ဆိုတာ အကန့်အသတ်နဲ့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် သြဂုတ် ၃၁ ရက်နေ့က နေပြည်တော်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံညီလာခံ ပထမအစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အစီအစဉ်အရ ခြောက်လတစ်ကြိမ် ညီလာခံ ကျင်းပရန်နှင့် ကြားကာလများတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်သည်။

လတ်တလောကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က အစိုးရနှင့် တစ်နိုင်ငံလုံးအဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ် ချုပ်ဆိုထားသည့် အဖွဲ့ရှစ်ဖွဲ့ပါဝင်နိုင်မည်ဖြစ်ပြီး ၎င်းတို့အဆင်သင့် ဖြစ်ပါက သက်ဆိုင်ရာ ဒေသများတွင် အစည်းအဝေးများ စတင်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)၊ ၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC)၊ ရခိုင်အမျိုးသား လွတ်မြောက်ရေး ပါတီ (ALP)နှင့် ချင်း အမျိုးသားတပ်ဦး (CNF) တို့ပါဝင်နိုင်မည်ဖြစ်သည်။

သို့သော် အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးသော အဖွဲ့ ၁၃ ဖွဲ့ဖြစ်သည့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့၊ ရခိုင် အမျိုးသားကောင်စီ (ANC)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TLNA)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO)၊ ဝ ပြည် သွေးစည်း ညီညွှတ်ရေးတပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA)၊ ရက္ခိုင့် တပ်မတော် (AA) နှင့် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K) တို့ ပါဝင်နိုင်ဦးမည်မဟုတ်ပေ။

NRPC ၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသူ ဒေါ်အောင်ဆန်းစုကြည်က “အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ် မရေးထိုးရသေးတဲ့ အစုအဖွဲ့များ ပါဝင်လာနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းတွေကိုလည်း ရှာရပါလိမ့်မယ်။ လက်မှတ်မရေးထိုးရသေးတဲ့ အစုအဖွဲ့တွေကလည်း ပါဝင်လာဖို့  စိတ်အားထက်သန်ဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးလမ်းဆိုတာ တစ်လမ်းပဲ ရှိပါတယ်။ ပဋိပက္ခရပ်စဲရေးလမ်းပဲ။ ပဋိပက္ခမရပ်စဲဘဲနဲ့ ငြိမ်းချမ်းတယ်ဆိုတာ ဘယ်လိုမှ လက်တွေ့ကျတဲ့ကိစ္စ ဖြစ်နိုင်တယ် မဟုတ်ပါဘူး။ အပြောပဲရှိမယ်၊ အဖြစ်မရှိဘူး။ ပဋိပက္ခရပ်စဲရေး လမ်းကြောင်းကို အားလုံးဦးတည်ရမှာ ဖြစ်ပါတယ်။ အားလုံးက ဝိုင်းပြီးတော့ စဉ်းစားစေချင်တယ်” ဟု အောက်တိုဘာ ၂၈ ရက်နေ့က UPDJC အစည်းအဝေးတွင် တိုက်တွန်းခဲ့သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.