အပြောင်းအလဲတစ်ခုဆီကို ဦးတည်နေတဲ့ စက်သုံးဆီဈေးကွက်

ထွန်းခိုင် ရေးသားသည်။

တစ်နေ့တစ်ခြား ကြီးထွားလာနေတဲ့ ပြည်တွင်းလောင်စာဆီဈေးကွက် မြင်ကွင်းဟာ ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေ ဝင်လာမှုနဲ့အတူ မကြာမီမှာ အပြောင်းအလဲတွေ ဖြစ်လာတော့မယ့် အလားအလာတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံက စက်သုံးဆီ အရောင်းဆိုင်တစ်ချို့ဟာ အခြင်အတွယ်မပြည့်ဘူးလို့စိတ်ထဲခံစားရပါသလား။

ဒါအထူးအဆန်းတစ်ခုတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက စက်သုံးဆီဆိုင်တွေမှာ အခြင်အတွယ်မပြည့်တာဟာ ဆယ်စုနှစ်နဲ့ချီပြီး ကြာနေပြီဖြစ်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။

ဆီဆိုင်တွေကို အစိုးရကသာ ထိန်းချုပ်ထားခဲ့တဲ့ ဆိုရှယ်လစ်ခေတ်နဲ့ စစ်အစိုးရခေတ်တွေတုန်းကဆိုရင် ဆီဆိုင်တွေမှာ အလုပ်လုပ်ခွင့်ရတဲ့သူတွေဟာ အချမ်းသာဆုံးသော အစိုးရဝန်ထမ်းတွေ ဖြစ်ခဲ့ဖူးပါတယ်။

သူတို့ဟာ မော်တော်ယာဉ်တစ်စီးစီက ဆီအနည်းငယ် ခိုးယူထားရုံနဲ့ တစ်လတစ်လဆိုရင် ကျပ်ငွေသန်းနဲ့ချီပြီး ဝင်ငွေကောင်းတဲ့အတွက်ကြောင့် အဲဒီအချိန်တုန်းက အစိုးရစက်သုံးဆီဆိုင်တွေမှာ အလုပ်လုပ်ကိုင်ချင်သူတွေ တန်းစီနေခဲ့ပါတယ်။

ဆိုရှယ်လစ်ခေတ်နဲ့ စစ်အစိုးရခေတ်တွေတုန်းက မြန်မာနိုင်ငံမှာ မော်တော်ယာဉ်ပိုင်ဆိုင်သူတွေဟာ စက်သုံးဆီရဖို့အတွက် အစိုးရထိန်းချုပ်ထားတဲ့ဆီဆိုင်တွေမှာ နေ့စဉ်ခွဲတမ်းနဲ့သာ ဝယ်ယူရပါတယ်။

အစိုးရဆီဆိုင်တွေက ရောင်းချပေးတဲ့ ဈေးက သက်သာပေမယ့် ခွဲတမ်းက အနည်းငယ်သာ ရရှိတာကြောင့် ထပ်မံလိုအပ်တဲ့ဆီတွေကို ပြင်ပ မှောင်ခိုဈေးကွက်မှာ ဈေးကြီးပေးပြီး ဝယ်ယူကြရလေ့ရှိပါတယ်။

ဒီလိုနဲ့ ၂၀၁၀ ပြည့်နှစ်အရောက်မှာတော့ အစိုးရစက်သုံးဆီဝန်ထမ်းတွေ ဝင်ငွေဖြောင့်တဲ့ဇာတ်လမ်း အဆုံးသတ်သွားခဲ့ပါတော့တယ်။

စစ်အစိုးရနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေခေါင်းဆောင်တဲ့အစိုးရကနေ ရွေးကောက်ခံအစိုးရဆီကို အပြောင်းအလဲကာလဖြစ်တဲ့ ၂၀၁၀ ပြည့်နှစ်မှာတော့ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ခေါင်းစဉ်အောက်မှာ နိုင်ငံပိုင်စက်သုံးဆီဆိုင် ၂၆၁ ဆိုင်ကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေထံ အလွန်သက်သာတဲ့ဈေးနှုန်းနဲ့ အစိုးရက လွဲပြောင်းပေးလိုက်ပါတယ်။

ရန်ကုန်မြို့ သိမ်ဖြူလမ်းပေါ်ရှိ Max Energy လောင်စာဆီအရောင်းဆိုင်တွင် တန်းစီနေကြသည့် မော်တော်ယာဉ်များ။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ရန်ကုန်မြို့ သိမ်ဖြူလမ်းပေါ်ရှိ Max Energy လောင်စာဆီအရောင်းဆိုင်တွင် တန်းစီနေကြသည့် မော်တော်ယာဉ်များ။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

စစ်ဗိုလ်ချုပ်ကြီးတွေခေါင်းဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (နောင်တွင် ပါတီ)၊ တပ်မတော်က ထိန်းချုပ်ထားတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ ဦးတေဇရဲ့ ထူး၊ ဦးကျော်ဝင်းရဲ့ ရွှေသံလွင်၊ ဦးဌေးမြင့်ရဲ့ ယုဇန၊ ဦးချစ်ခိုင်ရဲ့ ဧဒင်စတဲ့ စစ်အစိုးရနဲ့နီးစပ်တဲ့လုပ်ငန်းကြီးတွေဟာ ဒီအခွင့်အရေးကို ရရှိခဲ့ပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ အစိုးရထိန်းချုပ်ခဲ့တဲ့ စက်သုံးဆီဈေးကွက်ကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အစားထိုးဝင်ရောက် လာခဲ့ပေမယ့် သုံးစွဲသူတွေအတွက်ကတော့ အရင်အတိုင်း ပြဿနာတွေ ကြုံနေရဆဲပါ။ ပုဂ္ဂလိက လက်ထဲရောက်သွားတဲ့ စက်သုံးဆီအရောင်းဆိုင်တွေဟာ အရင်တုန်းက နိုင်ငံပိုင်စက်သုံးဆီဆိုင်တွေလိုဘဲ သုံးစွဲသူတွေဆီက ခိုးယူဖို့ ကြိုးစားနေကြဆဲဖြစ်လို့ပါ။

၂၀၁၃ ခုနှစ်၊ မေလတုန်းက အစိုးရထုတ်ပြန်ချက်အရ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာနောက်ဆုံး သီတင်းပတ်နဲ့ ၂၀၁၃ ခုနှစ်၊ ဧပြီလ ပထမသီတင်းပတ်တွေတုန်းက ရန်ကုန်နဲ့ ပဲခူးက စက်သုံးဆီဆိုင် ၁၃၁ ဆိုင်ကို ဝင်ရောက်စစ်ဆေးရာမှာ  ၄၄ ရာခိုင်နှုန်းလောက်ဖြစ်တဲ့ ၅၈ ဆိုင်က အခြင်အတွယ်မပြည့်ဘူးလို့ ဆိုပါတယ်။

အဲဒီဆိုင်တွေကို နောက်တစ်ကြိမ် စစ်ဆေးရေးဝင်ချိန်မှာတော့ လေးဆိုင်က ဆီတွေ အခြင်အတွယ် မပြည့်ဘဲ ဆက်ရောင်းနေတုန်းလို့ အစိုးရကထုတ်ပြန်ပါတယ်။

စစ်ဆေးမှုမှာ ကျရှုံးတဲ့ဆီဆိုင်တွေကို တစ်လရောင်းချခွင့်ပိတ်ပြီး နှစ်ကြိမ်လုံးကျရှုံးတဲ့ ဆီဆိုင်တွေကိုတော့  ရောင်းချခွင့် သုံးလပိတ်ပင်တယ်လို့အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဆီအခြင်အတွယ်မပြည့်ဘဲ ရောင်းတဲ့ဆိုင်နာမည်တွေကိုတော့ ထုတ်မပြောခဲ့ပါဘူး။

မြန်မာနိုင်ငံက စက်သုံးဆီဆိုင်တွေနဲ့ ပတ်သက်ပြီး နောင်ထပ်မေးခွန်းထုတ်ခံရတဲ့ကိစ္စကတော့ အရည်အသွေးပိုင်းပဲ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှ Puma Energy အား ပြည်တွင်း၌ လောင်စာဆီတင်ပို့၊ ဖြန့်ဖြူးရောင်းချခွင့်ကို ပြီးခဲ့သည့်ဧပြီလတွင် အစိုးရက ခွင့်ပြုပေးခဲ့သည်။ ဓာတ်ပုံ-Puma

စင်ကာပူနိုင်ငံမှ Puma Energy အား ပြည်တွင်း၌ လောင်စာဆီတင်ပို့၊ ဖြန့်ဖြူးရောင်းချခွင့်ကို ပြီးခဲ့သည့်ဧပြီလတွင် အစိုးရက ခွင့်ပြုပေးခဲ့သည်။ ဓာတ်ပုံ-Puma

ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အရည်အသွေးမပြည့်တဲ့ စက်သုံးဆီတွေက မော်တော်ယာဉ်တွေကို မကြာခဏ ဒုက္ခပေးတတ်တာကြောင့် မော်တော်ယာဉ်ပိုင်ရှင်တွေဟာ အရည်အသွေးကောင်းတဲ့ စက်သုံးဆီတွေကို အာရုံစိုက်လာကြတယ်လို့ တောင်ဥက္ကလာပမြို့နယ်က KKK မော်တော်ယာဉ်ဝပ်ရှော့ပိုင်ရှင် ကိုကျော်က ပြောပါတယ်။

“ကားစွမ်းဆောင်ရည်တွေ ကျလာတယ်။ ဆီစားမမှန်တာတွေ ဖြစ်လာမယ်။ အပိုပစ္စည်းတွေ ခဏခဏ လဲရတတ် တယ်” လို့ သူက ပြောပါတယ်။

ဒီလိုမေးခွန်းထုတ်စရာတွေရှိနေပေမယ့် ပြည်တွင်းမှာ မော်တော်ယာဉ်အစီးရေ များပြားလာမှုနဲ့အတူ စက်သုံးဆီဆိုင်တွေမှာ ဝယ်လိုအားမြင့်နေဆဲဖြစ်ပြီး ဆိုင်တွေလည်း ပိုမိုများပြားလာပါတယ်။

၂၀၁၀ ပြည့်နှစ်မတိုင်ခင်က တစ်နိုင်ငံလုံးမှာ အစိုးရကထိန်းချုပ်ထားတဲ့ စက်သုံးဆီဆိုင် ၂၀၀ ကျော်လောက်ပဲရှိပေမယ့် ၂၀၁၅ ခုနှစ်မှာတော့ ခြောက်ဆလောက်တိုးလာခဲ့ပြီး စက်သုံးဆီဆိုင် ၁,၆၀၀ ကျော်အထိရှိလာတယ်လို့ အစိုးရက ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရတာဝန်ယူတဲ့ ပထမတစ်နှစ်ထဲကိုပဲ ပုဂ္ဂလိကစက်သုံးဆီဆိုင် ဖွင့်ခွင့်အတွက် လိုင်စင်လာလျှောက်တာ ၂၅၆ ဆိုင်ရှိတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းရဲ့ ပြောကြားချက်ကို ကိုးကားပြီး အစိုးရပိုင်သတင်းစာတွေက မတ် ၂၉ ရက်နေ့မှာ ရေးသားထားပါတယ်။

ဒီအရေအတွက်ဟာ တရားဝင်လိုင်စင်ချထားပေးတဲ့ အရေအတွက်ဖြစ်ပြီး တရားဝင်မဟုတ်ဘဲ ရောင်းချနေတဲ့ ဆိုင်အရေ အတွက် မပါသေးပါဘူး။

အစိုးရကတော့ ဆီပန့်ကြီးတွေနဲ့ ရောင်းချတဲ့ စက်သုံးဆီဆိုင်တွေကို တရားဝင်အဖြစ် ခွင့်ပြုပေးပြီး ဆီပန့်အသေးတွေနဲ့ တနိုင်တပိုင် ရောင်းချတဲ့သူတွေကို တရားမဝင်ရောင်းချသူတွေအဖြစ် သတ်မှတ်ထားပါတယ်။

ဒါပေမယ့် နိုင်ငံအဝှမ်းမှာ ထောင်နဲ့ချီတဲ့ တရားမဝင်စက်သုံးဆီရောင်းချသူတွေရှိနေပြီး ဈေးကွက်ဟာလည်း ဆက်လက်ကြီး ထွားနေဆဲ ဖြစ်ပါတယ်။

စီးပွားရေးတိုးတက်နေဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ စက်သုံးဆီသုံးစွဲမှုက တစ်နေ့တခြား မြင့်မားလာခဲ့ပါတယ်။ အစိုးရက ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ထုတ်ပြန်ချက်အရ ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်ဟာ ပြီးခဲ့တဲ့ငါးနှစ်အတွင်း သိသိသာသာ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၀-၁၁ မှာ ပြည်တွင်းစက်သုံးဆီသုံးစွဲမှုဟာ ဓာတ်ဆီ ဂါလံ ၁၅၅ ဒသမ ဝ၂၅ သန်းရှိပြီး ဒီဇယ်ဆီ ဂါလံ ၄၆၄ ဒသမ ၈၆၆ သန်းရှိပေမယ့် နောက်ငါးနှစ်အကြာ ၂ဝ၁၅-၁၆ မှာတော့ ဓာတ်ဆီက ၂ ဒသမ ၆ ဆလောက်ဖြစ်တဲ့ ၄ဝ၃ ဒသမ ဝ၉၅ ဂါလန်သန်းနဲ့ဒီဇယ်ဆီက ၁ ဒသမ ၇ ဆလောက်ဖြစ်တဲ့ ၈ဝ၇ ဒသမ ၆၁၉ ဂါလန်သန်းအထိ တိုးမြင့်လာခဲ့တယ်လို့ ဆိုပါတယ်။

ကမောက်ကမဖြစ်ရပ်တွေနဲ့အတူ ဆက်လက်ကြီးထွားနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံကစက်သုံးဆီဈေးကွက်ကို နိုင်ငံတကာက ရင်းနှီးမြုပ်နှံသူတွေက မျက်စပစ်နေကြပါပြီ။

နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူတွေ မြန်မာနိုင်ငံက စက်သုံးဆီလက်လီဈေးကွက်ထဲကို ဝင်ရောက်ဖို့အားစိုက်လာတာကတော့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက နိုင်ငံတကာကရင်းနှီးမြုပ်နှံသူ တွေကို စက်သုံးဆီဈေးကွက်ထဲ လာရောက်ဖို့ မတ် ၁၈ ရက်နေ့က မီးစိမ်းပြလိုက်ရာကနေ စတင်ခဲ့တာပါ။

သတင်းတွေရဲ့အဆိုအရ နယ်သာလန်အခြေစိုက် Shell နဲ့ စင်ကာပူအခြေစိုက် PUMA တို့က  ပြည်တွင်းဈေးကွက်ကို လက်လီရောင်းချသူတွေအနေနဲ့ဝင်ရောက်ဖို့ ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းရဲ့ အကြောင်းပြချက်က မြန်မာနိုင်ငံက စက်သုံးဆီဆိုင်တွေဟာ ပြိုင်ဆိုင်မှု အားနည်းနေတာကြောင့် နိုင်ငံတကာရေနံဈေးနှုန်း တက်ချိန်မှာလိုက်တက်ပြီး ဈေးကျချိန်မှာတော့ ပြန်မကျဘဲဖြစ်နေ တယ်လို့ဆိုပါတယ်။

စက်သုံးဆီတွေ လက်လီတင်သွင်းရောင်းချတာကို နိုင်ငံတကာလုပ်ငန်းကြီးတွေ ဝင်ရောက်ဆောင်ရွက်ဖို့ အစိုးရက ခွင့်ပြုမယ့် သတင်းအပေါ် မပျော်မရွင်ဖြစ်နေကြတဲ့သူတွေလည်း ရှိပါတယ်။

သူတို့ကတော့ မြန်မာနိုင်ငံက စက်သုံးဆီ တင်သွင်းရောင်းချနေတဲ့သူတွေပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်။ ဓာတ်ပုံ-တေဇလှိုင်

မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်။ ဓာတ်ပုံ-တေဇလှိုင်

“ပြိုင်ဆိုင်မှုမရှိလို့မတိုးတက်တာမဟုတ်ဘူး။ နည်းပညာတွေလိုနေသေးလို့ မတိုးတက်တာ။ ဒီကိစ္စတွေက ကုစားလို့ရတဲ့ ကိစ္စတွေ” လို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြည်တွင်းစက်သုံးဆီဈေးကွက် အခြေအနေကို ပြောပါတယ်။

ဒေါ်လာဘီလျံနဲ့ချီပြီး လည်ပတ်နေတဲ့ နိုင်ငံတကာကော်ပိုရေးရှင်းကြီးတွေကို ၇ နှစ်သာသာလောက်ပဲ သက်တမ်းရှိသေးပြီး လူဦးရေ ၆၇,၀၀၀ လောက်ကို အလုပ်အကိုင်ပေးထားနိုင်တဲ့ မြန်မာ့စက်သုံးဆီလုပ်ငန်းတွေက မယှဉ်ပြိုင်နိုင်မှာကို သူတို့က စိုးရိမ်နေကြပါတယ်။

ဒါကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေကို အစိုးရက အကာအကွယ်ပေးတဲ့မူဝါဒကို ကျင့်သုံးဖို့အတွက် မြန်မာအစိုးရကို သူတို့က တောင်းဆိုထားပါတယ်။

အိမ်နီးနားခြင်းထိုင်းနိုင်ငံက ကြက်သားတင်သွင်းတာ ပြည်တွင်းမှာမွေးမြူတာထက် သက်သာပေမယ့် မွေးမြူရေးလုပ်ငန်းရှင်တွေ အလုပ်အကိုင်ရရှိအောင် ပြည်ပကနေ ကြက်သားတင်းသွင်းတာကို အစိုးရက ပိတ်ပင်ထားတာနဲ့ နှိုင်းယှဉ်ပြီး စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောပါတယ်

“မွေးမြူရေးလုပ်ငန်းတွေ၊ နိုင်ငံခြားသားတွေ မြန်မာပြည်မှာ လာလုပ်ပါစေဆိုရင် ကျွန်တော်တို့ နိုင်ငံသားတွေ သူတို့ကို ယှဉ်နိုင်မလား။ ဒါမျိုးစဉ်းစားဖို့ လိုတယ်”လို့ သူက ပြောပါတယ်။

ထင်ရှားတဲ့ ဥပမာတစ်ခုအနေနဲ့ မြန်မာနိုင်ငံမှာ ပြည်ပဆက်သွယ်ရေးလုပ်ငန်းကြီးတွေဟာ တစ်နှစ်တစ်နှစ်ကို ဒေါ်လာသန်းရာပေါင်းများစွာ ဝင်ငွေရရှိပြီး အဲဒီငွေတွေဟာ တိုင်းပြည်ပြင်ပကို စီးဆင်းသွားတဲ့အတွက် သူတို့ နေရာမှာ မြန်မာနိုင်ငံသား လုပ်ငန်းရှင်တွေကိုသာ လုပ်ခွင့်ပေးရင် ပြည်ပကို တိုင်းပြည်ထဲက ငွေကြေးတွေ စီးဆင်းသွားမယ့် အခြေအနေကို တားဆီးနိုင်တယ်လို့ သူကသုံးသပ်ပါတယ်။

မြန်မာနိုင်ငံက စက်သုံးဆီလုပ်ငန်းရှင်တွေဟာ ကျင့်ဝတ်မလိုက်နာဘဲ အရည်အသွေးနိမ့်ပစ္စည်းတွေ ရောင်းချတဲ့သူတွေကြောင့် နာမည်ပျက်ခဲ့ရတာတွေရှိနေပြီး အဲဒီလုပ်ရပ်တွေကို စိစစ်အရေးယူဖို့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဒေါက်တာဝင်းမြင့်က ပြောပါတယ်။

ဒါ့အပြင် လူတိုင်းလုပ်ခွင့်ရတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို လူတစ်အုပ်စုက ခြယ်လှယ်နေတယ်ဆိုပြီး သူတို့ကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေလည်း ခံနေရတယ်လို့ သူက ဆိုပါတယ်။

အခြားတစ်ဖက်မှာလည်း ပြည်ပက လာရောက်ရင်းနှီးမြှုပ်နှံကြမယ့်သူတွေကို ကြိုဆိုကြတဲ့သူတွေလည်းရှိပါတယ်။

“ကျွန်တော်တို့ကတော့ စားသုံးသူစံနှုန်းနဲ့ပဲ ကြည့်တယ်။ လက်ရှိအခြေအနေအထိတော့ ပြည်တွင်းက ဆီဆိုင်တွေဟာ မေးခွန်းထုတ်စရာ ရှိတုန်းပဲ”လို့ ရန်ကုန်မြို့မှာ ခရီးသည်တင်ယာဉ်တွေ တည်ထောင်ထားပြီး လူသိများတဲ့ စီးပွားရေးလုပ်ငန်းရှင် ကိုတရုတ်လေးက ပြောပါတယ်။

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း (Consumer Protection Association of Myanmar) ကလည်း ကမ္ဘာ့လောင်စာဆီဈေးနဲ့ ပြည်တွင်းစက်သုံးဆီဈေး ကွာဟနေတာဟာ ပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေ တက်စေပြီး ဒါဟာစားသုံးသူအခွင့်အရေးကို ချိုးဖောက်တာဆိုပြီး မေလလည်က ကန့်ကွက်စာတစ်စောင် ထုတ်ပြန်ခဲ့ပြီး ပြည်ပရင်းနှီးမြုပ်နှံမှုတွေကို ကြိုဆိုထားပါတယ်။

မြန်မာ့စက်သုံးဆီဈေးကွက်ဟာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ဆယ်စုနှစ်တစ်ခုအတွင်း အကြီးမားဆုံး အပြောင်းအလဲ ဖြစ်လာဖို့ ဦးတည်နေပါတယ်။

စနစ်မကျလှပေမယ့် တစ်ဖြည်းဖြည်းကြီးထွားလာနေတဲ့ မြန်မာ့စက်သုံးဆီ လက်လီရောင်းချမှုဈေးကွက်ကို နိုင်ငံတကာကလည်း စိတ်ဝင်စားနေသလို ပြည်တွင်းလုပ်ငန်းရှင်တွေကလည်း သူတို့ဈေးကွက်ဝေစုကို ဆက်ထိန်းဖို့ ကြိုးစားနေပါတယ်။

ဘယ်သူအနိုင်ရမလဲဆိုတာတော့ အချိန်က ဆုံးဖြတ်သွားမှာပဲဖြစ်ပါတယ်။

ခေါင်းစီးဓာတ်ပုံ- သိမ့်မွန်စိုး (J)

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.