အပြည့်အဝ‌ထုတ်ခွင့်မရလိုက်သော ပင်စင်လစာများ

စစ်တပ်ပိုင်မြဝတီဘဏ်မှ ငွေထုတ်ယူခြင်းကို ရပ်ဆိုင်းထားသဖြင့် အငြိမ်းစားဝန်ထမ်းများသည် အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်မှ ၎င်းတို့၏ပင်စင်လစာများ နောက်ထပ်ထုတ်ယူခွင့်မရမည်ကို စိုးရိမ်နေကြသည်။

ဖရွန်းတီးယားမြန်မာ

အငြိမ်းစားဝန်ထမ်း ဒေါ်မြင့်အေးသည် ဇန်နဝါရီ၂၂ရက်၊ နံနက်၇နာရီခွဲခန့်တွင် မော်လမြိုင်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့သို့ ရောက်နှင့်နေပြီဖြစ်သည်။ နိုင်ငံပိုင်ရုပ်မြင်သံကြားက ဖေဖော်ဝါရီလ ၂၁ရက် ညပိုင်းတွင် ပင်စင်လစာများကို ၂၂ရက်မှ စတင်ထုတ်နိုင်ပြီဆိုသည့် ကြေငြာချက်ကြောင့် မနက်စောစော ဘဏ်သို့ရောက်နေခြင်းဖြစ်သည်။

အသက်၇၂နှစ်အရွယ်ရှိပြီဖြစ်သည့် ဒေါ်မြင့်အေးသည် ၂၀၀၈ကတည်းက အထက်တန်းပြဆရာမ ရာထူးဖြင့် အငြိမ်းစားယူခဲ့သူ ဖြစ်သည်။ ပင်စင်လစာနည်းပါးသဖြင့် ခြောက်လတစ်ကြိမ် ထုတ်လေ့ရှိသူဖြစ်သည်။ လက်ရှိတွင် ပင်စင်လစာ စုဆောင်းထားသည်မှာ လေးလမျှသာ ရှိသေးသော်လည်း ခေတ်ကာလအခြေအနေအရ ကြိုထုတ်ရန် ဆုံးဖြတ်လိုက်သည်။

မြန်မာစီးပွားရေးဘဏ်ရှေ့သို့ရောက်သောအခါ တစ်ခါမှမတွေ့ဖူးသော များပြားလှသည့် လူအုပ်ကြီးကို တွေ့ရသဖြင့် သူနည်းနည်းအံ့သြသွားသည်။ စောင့်နေသူများကို မေးကြည့်သောအခါ အများစုက ကြေညာထားသည့်သတင်းကြောင့် လစာထုတ်ရန် သူ့ထက်ဝီရိယကောင်းစွာပင် ကြိုရောက်နေကြသူများသာ။

စစ်ကောင်စီသည်  ဖေဖော်ဝါရီ၁ရက်က နိုင်ငံတော်အာဏာကို သိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးလုပ်ငန်းများကို လက်လွှဲယူလိုက်သည်။ တပ်မတော်၏ လုပ်ရပ်ကို မကျေနပ်သောအစိုးရဝန်ထမ်းများက လုပ်ငန်းခွင်သွားရောက်ခြင်းကို ရပ်ဆိုင်းလိုက်ခြင်းဖြင့် ငြိမ်းချမ်းစွာအာဏာဖီဆန်လှုပ်ရှားမှု (CDM)ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်နေကြသည်။

ထိုလှုပ်ရှားမှုတွင် အစိုးရဘဏ်ဝန်ထမ်းအချို့နှင့် ပုဂ္ဂလိကဘဏ်ဝန်ထမ်း မြောက်များစွာလည်း ပူးပေါင်းပါဝင်လျက်ရှိသည်။ အကျိုးဆက်အနေဖြင့် ပုံမှန်လည်ပတ်နေသော ဘဏ်ဝန်ဆောင်မှုများ ယာယီရပ်ဆိုင်းကာ၊ အစိုးရနှင့်ဆက်စပ်သည့် ဘဏ်လုပ်ငန်းများလည်း နှောင့်နှေးခဲ့ရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပုဂ္ဂလိကဘဏ်များ ဝန်ဆောင်မှုရပ်ဆိုင်းထားသဖြင့် မြန်မာ့စီးပွားရေးဘဏ်နှင့် မြဝတီဘဏ်များတွင်လည်း ငွေကြေးလည်ပတ်မှု ထိခိုက်ခဲ့သည်။

ထို့ပြင် ဝန်ထမ်းမိသားစုများက ၎င်းတို့စုဆောင်းထားသော ငွေကြေးများ၊ လခများကို မြဝတီဘဏ်တွင် အပြိုင်အဆိုင်ထုတ်ကြသဖြင့် တစ်နေ့လျှင် လူအယောက်၅၀သာ ဝန်ဆောင်မှုပေးနိုင်သည်။ ထို့ပြင် တစ်ဦးလျှင် ကျပ်၁၀သိန်းအထိသာ အများဆုံးထုတ်ခွင့်ပြုမည်ဟု ကြေညာရသည်အထိ ပြင်းထန်လာခဲ့သည်။ ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် မြဝတီဘဏ်မှ ဝန်ဆောင်မှုများကို ယာယီရပ်ဆိုင်းထားမည်ဟုကြေညာခဲ့သည်။ ပြန်လည်ဝန်ဆောင်မှုပေးနိုင်မည့်အချိန်ကို အတိအကျ ကြေညာခဲ့ခြင်းမရှိပေ။

သို့သော် ပင်စင်စားများအတွက် လစာများကိုမူ ပုံမှန်အတိုင်း ၂၁ရက်နေ့နောက်ပိုင်းတွင် ထုတ်ပေးမည်ဟု အစိုးရကကြေငြာခဲ့သည်။အစိုးရစီးပွားရေးဘဏ်များတွင်သာမက Mobile Money စနစ်ကိုအသုံးပြု၍ နီးစပ်ရာ ကိုယ်စားလှယ်များထံတွင် ထုတ်ယူနိုင်သည်ဟု ထုတ်ပြန်ထားသည်။ သို့သော် ပင်စင်စားအများစုသည် မိမိတို့ပုံမှန်ထုတ်နေကြဘဏ်များကိုသာ အဓိကအားထားပြီးလာရောက်ထုတ်ယူကြသည်။သို့သော် ဘဏ်တွင်ငွေအလုံအလောက်မရှိမှာကိုတော့ သူတို့စိုးရိမ်နေကြသည်။

“သတင်းမှာကြေညာတော့ ငွေသားနဲ့မထုတ်ချင်ရင် ဘဏ်ကဒ်နဲ့ အေးဆေးထုတ်လို့ရတယ်ပြောတယ်။ ဒီကိုရောက်တော့ မနက် ၇နာရီခွဲ တိုကင်နံပါတ်က ၁၀၂ဖြစ်နေပြီ။ ပိုက်ဆံတောင် ကိုယ့်အတွက် ကျန်ပါ့မလား စိတ်ပူလာတယ်”ဟု ဒေါ်ြမင့်အေးကပြောသည်။ စိတ်ရှည်စွာထိုင်စောင့်ရင်း ညနေ လေးနာရီခန့်တွင် သူ့အလှည့်ရောက်လာသည်။ လျှောက်လွှာဖြည့်ရန်ပြင်နေစဉ် ဘဏ်စာရေးမက နှစ်လစာသာထုတ်ရန်နှင့် ကျန်ရှိသည့်လစာငွေကိုလကုန်မှ လာထုတ်ပါဟုပြောသည်။

“လစာတွေက အချိုးကျထုတ်ပေးတာမို့ နှစ်လစာပဲရမယ်ပြောတယ်။ နည်းနည်းရင်းနှီးတဲ့ စာရေးမကို မေးကြည့်တော့ ပင်စင်စားတွေအကုန်လုံးအတွက်လစာထုတ်ပေးဖို့ ငွေက မသေချာလို့ စုထားတဲ့ လစာတွေလည်း အများကြီးတစ်ခါတည်းမထုတ်ပေးတာလို့သိရတယ်”လို့ သူကပြောသည်။

ဒေါ်အေးမြင့်နည်းတူ ဒေါ်ခင်သီတာတစ်ယောက် ပင်စင်လာစာထုတ်ရန် ရန်ကုန်မြို့ဆူးလေအနီးရှိ မြန်မာ့စီးပွားရေးဘဏ်တွင် တန်းစီစောင့်ဆိုင်းလျက်ရှိသည်။ မိတ်ဆွေများက ယနေ့မထုတ်လျှင် နောက်ရက် ငွေထုတ်ရန် မသေချာဟု သတိပေးသဖြင့် ဘဏ်သို့ရောက်လာခဲ့ခြင်းဖြစ်သည်။ ဘဏ်သို့ရောက်သည့်အချိန်တွင် မနက် ၁၀နာရီခန့်ရှိပြီဖြစ်ပြီး ရရှိသည့် တုံကင်နံပါတ် ၃၀၀ကျော်နေပြီဖြစ်သည်။

“ဒီဘက်မှာတော့ ရှင်းတယ်။ ပင်စင်လစာကို တစ်လစာပဲလောလောဆယ်ထုတ်ပေးမယ်။ ပေါင်းထုတ်လို့မရသေးဘူးလို့ ဝန်ထမ်းက ကြိုပြောထားတယ်”လို့  သူကဆိုသည်။

တစ်ယောက်လျှင် နာရီဝက်နီးပါးကြာမြင့်နေသဖြင့် ဘာကြောင့် ယခင်ထက်ကြာနေသလဲဟု အစောင့်ဝန်ထမ်းကို မေးကြည့်မိသည်။ CDMလုပ်ထားသည့်ဘဏ်ဝန်ထမ်းများနေသဖြင့် ရလူအနည်းငယ်ဖြင့်သာလုပ်ရခြင်းဖြစ်သည်ဟု သူကတုံ့ပြန်သည်။ ဝန်ထမ်းများတွင် CDM လုပ်နေသည့် ဝန်ထမ်းအနည်းငယ်ပါဝင်နေပြီး အထက်လူကြီးများ၏တောင်းဆိုမှုဖြင့် ရက်အနည်းငယ်အလုပ်ဆင်းပေးခြင်းဖြစ်သည်ကြောင့် ဝန်ထမ်းမှတစ်ဆင့် ဒေါ်ခင်သီတာသိခဲ့ရသည်။

မြန်မာ့စီးပွားရေးဘဏ်ခွဲ(မော်လမြိုင်)မှ စာရေးမခိုင် (အမည်လွှဲ)က CDMလှုပ်ရှားမှုပြုရန် တောင်းဆိုဆန္ဒထုတ်ဖော်နေသူများ၏ အပြောဆိုခံရမည်ကိုကြောက်သည့်အပြင်၊ စားဝတ်နေရေးအတွက် မဖြစ်မနေလုပ်ရန်လိုအပ်သည့်အတွက် ရုံးယူနီဖောင်းမဝတ်ဘဲ သာမန်အရပ်ဝတ်ဖြင့်သာ ရုံးတက်နေရသည်ဟုပြောသည်။

“ကျွန်မလည်း သူများတွေဝိုင်းပြောတာနဲ့ CDM လုပ်ချင်ခဲ့တယ်။ ဒါပေမဲ့ အလုပ်ပြုတ်မှာကြောက်တယ်။ပြီးတော့ အခု အထက်လူကြီးအချို့က CDMဝန်ထမ်းတွေကို သတိပေးတာတွေ၊ ရုံးတက်ဖို့ ဖိအားပေးတာတွေလုပ်တယ်လေ။ အချို့ အခြားဝန်ထမ်းတွေဆို အဖမ်းခံရတယ်လို့တောင် အွန်လိုင်းမှာတွေ့နေတော့ မလုပ်ရဲဘူး။ မလုပ်ပေမယ့် ကျွန်မတို့လည်း စစ်အစိုးရကို ကြိုက်နေ၊ ထောက်ခံနေတာမဟုတ်ဘူးဆိုတာကို နားလည်ပေးကြရင်ကောင်းမှာပဲ”လို့ သူက ပြောသည်။

ပင်စင်လစာစထုတ်ပေးသည့် ပထမနေ့တွင် အယောက်ပေါင်းရာချီ ဝန်ဆောင်မှုပေးနိုင်ခဲ့သည့်အတွက် ပင်စင်စားဝန်ထမ်းတို့ စားဝတ်နေရေးကိုကူညီနိုင်ခဲ့သည်ဟု ခံစားရကြောင်း သူကပြောသည်။

“လျှောက်လွှာတင်ပြီး Wave Money ကပဲဖြစ်ဖြစ် ၊ ဘဏ်ကဒ်ထဲကဖြစ်ဖြစ်  ထုတ်လို့ရအောင်လည်း ဝန်ဆောင်မှုတွေလုပ်ပေးနေတယ်။ အကုန်လုံးအလွယ်တကူပါပဲ”ဟု သူကပြောသည်။

သို့သော်အွန်လိုင်းဝန်ဆောင်မှုများမှာ လက်တွေ့တွင်အလုပ်မဖြစ်ကြောင်း ရန်ကုန်တိုင်း ပန်းပဲတန်းမြို့နယ်တွင် နေထိုင်သည့် အငြိမ်းစားမူလတန်းကျောင်းအုပ်ဆရာကြီး ဦးခင်မောင်စိုးကပြောသည်။

“အဆင်မပြေပါဘူး။ ကျနော့်ကိုယ်တွေ့ပဲ။ အကြာကြီးစောင့်ရပြီး ဘဏ်ကဒ်နဲ့ထုတ်ဖို့ ဖောင်ဖြည့်တယ်။ တင်တယ်။ တစ်ကယ်သွားထုတ်တော့ အေတီအမ်က လိုင်းကျနေတာ၊ ငွေမရှိတာနဲ့ ကြုံရတယ်။ သူတို့ အေတီအမ်စက်တွေကလည်း ပုဂ္ဂလိကဘဏ်တွေလို ဖောဖောသီသီရှိတာမဟုတ်ဘူး” ဟု ဦးခင်မောင်စိုးကရှင်းပြသည်။

အလားတူ  Wave Money ဖြင့်လစာထုတ်ရန်ကြိုးစားကြသူ ပင်စင်စားများမှာလည်း လက်တွေ့တွင် အဆင်မပြေဟု သူကပြောသည်။ Wave Money ကိုယ်စားလှယ်ဆိုင်များသည် ငွေမရှိဟုသာတုံ့ပြန်လေ့ရှိသည်ဟု ဦးခင်မောင်စိုးကပြောသည်။

သို့ဖြစ်ရာ ပင်စင်စားအများစုသည် အလွယ်ကူဆုံးနှင့် အရှင်းဆုံးဖြစ်သည့် ဘဏ်များတွင်သာ တစ်နေကုန် အချိန်ကုန် ၊ပင်ပန်းခံပြီး သည်းခံစောင့်ထုတ်နေရသည်။

“တစ်ချို့ဆို အကြာကြီးသာစောင့်နေတာ။ ဘဏ်ပိတ်ချိန်ရောက်လို့မထုတ်လိုက်ရဘူး။နောက်ရက်မှ ပြန်လာရတာမျိုးတွေရှိတယ်”ဟု ဦးခင်မောင်စိုးကပြောသည်။

ထိုသို့ မြေပြင်အခြေအနေတွင် ငွေကြေးစီးဆင်းမှုအခက်အခဲများရှိနေသော်လည်း နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် သတင်းစာများတွင် ပင်စင်စားဝန်ထမ်းများအေးချမ်းလွယ်ကူစွာ ပင်စင်လစာထုတ်နေသည်ဟု ဖော်ပြမြဲဖြစ်ပြီးငွေကြေးမလည်ပတ်နိုင်မှု အခြေအနေကိုလည်းတစ်စုံတစ်ရာအသိပေးကြေညာခြင်းမရှိပေ။

ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း မြန်မာ့စီးပွားရေးဘဏ် ခုနစ်ခုရှိပြီး ပုံမှန်အတိုင်းထုတ်ပေးမည်ဟု ဘဏ်မန်နေဂျာများကပြောဆိုထားကြောင်း မြန်မာ့အလင်းသတင်းစာကဖော်ပြသည်။ အင်းစိန်မြန်မာ့စီးပွားရေးဘဏ်တွေင် မြို့ပြပင်စင်စား ၁၂,၀၀၀ကျော် နှင့် အခြားပင်စင်စာ ၁၂,၀၀၀ကျော်ကို ပုံမှန်အတိုင်းထုတ်ပေးမည်ဟု အဆိုပါဘဏ်၏ မန်နေဂျာကပြောဆိုထားသည်။

လူထုသည် CDM တွင် ဘဏ်ဝန်ထမ်းများပိုမိုပါဝင်လာနိုင်ရေးအတွက် ဘဏ်များရှေ့တွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျှက်ရှိသည်။ ထို့ကြောင့် ပင်စင်စားများငွေထုတ်ယူသည့်အချိန်များတွင်  မြန်မာ့စီးပွားရေးဘဏ်များရှေ့တွင် ဆန္ဒပြခြင်းကိုမပြုလုပ်ရန် သတိပေးထားသည်။သို့သော် ဖေဖော်ဝါရီ၂၂ ရက်က စတင်ထုတ်ယူကြသည့် အချိန်မှ ယနေ့အထိ  ရန်ကုန်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲများရှေ့တွင် ဆန္ဒပြမှုမရှိပေ။

ပင်စင်ငွေထုတ်ယူသူတစ်ဦး၏ ပြောဆိုချက်အရ ဘဏ်ဝန်ထမ်းများသည် အရပ်ဝတ်ဖြင့် ဝန်ဆောင်မှုပေးနေကြသည်ဟု သိရသည်။ “ယူနီဖောင်းနဲ့ဆို သူတို့ကို ပြဿနာရှာခံရမှာစိုးလို့နဲ့ တူပါတယ်”ဟု အဆိုပါ အမျိုးသားကပြောသည်။

မြန်မာနိုင်ငံတွင် ပင်စင်စား ၉၀၀,၀၀၀ ကျော်ရှိပြီး လစဉ် ၂၁ ရက်မှ လကုန်အထိ ပင်စင်ငွေထုတ်ယူခွင့်ပြုထားသည်။ပင်စင်စားအများစုမှာ လစဉ်ထုတ်ယူခြင်းထက် နှစ်လတစ်ကြိမ်အနည်းဆုံးစုကာ ထုတ်ယူလေ့ရှိကြသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.