အနိမ့်ဆုံး အခကြေးငွေ လွန်ဆွဲပွဲ

အနည်းဆုံးအခကြေးငွေကို ပြင်ဆင်ရန် အစိုးရက သတ်မှတ်လိုက်ပြီဖြစ်သော်လည်း အဆိုပါနှုန်းထားတိုးမြှင့်မှုနှင့် ပတ်သက်ပြီး အမြင်အမျိုးမျိုး ရှိနေကြဆဲဖြစ်သည်။

ကျော်လင်းထွန်း ရေးသားသည်။

အနည်းဆုံးအခကြေးငွေကို ယခင် ၃,၆၀၀ ကျပ်မှ ၄,၈၀၀ ကျပ်အထိ တိုးမြှင့်ပေးရန်အတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက ဒီဇင်ဘာလတွင် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

အဆိုပါအခကြေးငွေသည် အလုပ်ရှင်များ တင်ပြသည့်နှုန်းထားနှင့် အလုပ်သမားများ တောင်းဆိုသည့် နှုန်းထားများကို ညှိနှိုင်းပြီးနောက် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ကိုက်ညီမည့် နှုန်းထားတစ်ခုဖြစ်စေရန် စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

သို့သော်လည်း မြင့်တက်လာနေသည့် ကုန်ဈေးနှုန်းများကြောင့် အဆိုပါ နှုန်းထားသစ်ကလည်း လုံလောက်မှုရှိမှာမဟုတ်ဘူးဆိုပြီး ဝေဖန်မှုတွေ ရှိနေသလို ယခုထက် ပိုမိုတိုးမြှင့်ပေးရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တိုက်တွန်းမည်ဟုလည်း အလုပ်သမားများက ပြောကြားနေကြသည်။

မြန်မာနိုင်ငံ၏ အနိမ့်ဆုံး လုပ်ခလစာကို အနည်းဆုံးအခကြေးငွေဆိုင်ရာ ဥပဒေဖြင့် ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် လွှတ်တော်က အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ထိုဥပဒေအရ နှစ်နှစ်ပြည့်တိုင်း အနိမ့်ဆုံး လုပ်ခလစာကို ပြန်လည်ချိန်ညှိ သတ်မှတ်ပေးရန် ပါရှိသည်။ ထို့ကြောင့် လူနေမှုစရိတ်များ မြင့်မားလာမှုနှင့်အတူ အလုပ်သမားသမဂ္ဂနှင့် အလုပ်သမားများက အဆိုပါနှုန်းထားကို မြှင့်တင်ပေးရန် တောင်းဆိုမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် ယခုလို ပြင်ဆင်သတ်မှတ်လာခြင်းဖြစ်သည်။

အနိမ့်ဆုံး လုပ်ခလစာကို မြှင့်တင်ပေးရန် ရန်ကုန်မြို့ရှိ စက်မှုဇုန်များမှ အလုပ်သမားများ၏ ဆန္ဒပြတောင်းဆိုမှု အများအပြား ပြီးခဲ့သည့်နှစ်က စတင် ပေါ်ပေါက်လာခဲ့သည်။ သို့သော် အလုပ်ရှင်များက တိုးမြှင့်မှုပေးရန် ဆန့်ကျင်ခဲ့ကြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (Federation of Trade Union of Myanmar)က ပြည်နယ်ခြောက်ခုနှင့် တိုင်းဒေသကြီးခုတွင် နှစ်လကြာ ပြုလုပ်ခဲ့သော လူနေမှုစရိတ်စစ်တမ်းအရ အနိမ့်ဆုံး တစ်နေ့လုပ်ခကို ကျပ် ၆,၆၆၀၊ သို့မဟုတ် တစ်လလျှင် ကျပ် ၁၉၈,၀၀၀ ကျပ်အထိ မြှင့်တင်ပေးရန် လိုအပ်ကြောင်း တွေ့ရှိခဲ့ရသည်။

ထိုကိန်းဂဏန်းများမှာ ဖြစ်နိုင်ဖွယ်ရှိသည့် အနိမ့်ဆုံး လူနေမှုစရိတ်တွင် အခြေခံထားခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် ပညာရေး အသုံးစရိတ်များ မပါဝင်ကြောင်း မခိုင်ဇာအောင်က ပြောသည်။ မခိုင်ဇာအောင်သည် CTUM ၏ အမှုဆောင် အဖွဲ့ဝင် တစ်ဦးဖြစ်သလို အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်သမား ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။

အဖွဲ့ဝင် ၂၇ ဦးပါဝင်သော ထိုကော်မတီတွင် အလုပ်ရှင် ကိုယ်စားလှယ် ငါးဦး၊ အလုပ်သမား ကိုယ်စားလှယ် ငါးဦး၊ လွတ်လပ်သော ပညာရှင် ငါးဦးနှင့် အစိုးရအရာရှိ ၁၂ ဦးပါဝင်သည်။ သတ်မှတ်လိုက်သည့် နှုန်းထားသစ်ကို ကန့်ကွက်နိုင်သည့် ကာလကို ရက် ၆၀ သတ်မှတ်ပေးထားသည်။ ကန့်ကွက်မှု တစ်စုံတစ်ရာ မရရှိပါက ထိုနှုန်းထားကို လွှတ်တော်၏ အတည်ပြုချက်ရယူရန် တင်သွင်းသွားမည်ဟု ဆိုသည်။

အဆိုပါနှုန်းထားမှာ တနေ့လျှင် ရှစ်နာရီ အလုပ်ချိန်ဖြစ်ပြီး အချိန်ပိုဆင်းရပါကလည်း ထည့်သွင်းတွက်ချက် သွားမည်ဖြစ်သည်။ ပထမဆုံးနှုန်းထားကို အစိုးရက အတည်ပြုပေးခဲ့ဲခြင်းဖြစ်ပြီး ယခုအခါတွင် လွှတ်တော်၏ အတည်ပြုချက်ကို ရယူရခြင်းမှာ ပိုမို ဒီမိုကရေစီဆန်သည်ဟု အလုပ်သမား အုပ်စုများက ကြိုဆိုခဲ့ကြသည်။

ပြီးခဲ့သည့် အောက်တိုဘာလက လှိုင်သာယာမြို့နယ်တွင် ကျင်းပသည့် ဆွေးနွေးပွဲတစ်ခုတွင် အလုပ်သမားကိုယ်စားလှယ်များနှင့် မခိုင်ဇာအောင် တွေ့ဆုံနေစဉ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ပြီးခဲ့သည့် အောက်တိုဘာလက လှိုင်သာယာမြို့နယ်တွင် ကျင်းပသည့် ဆွေးနွေးပွဲတစ်ခုတွင် အလုပ်သမားကိုယ်စားလှယ်များနှင့် မခိုင်ဇာအောင် တွေ့ဆုံနေစဉ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

၂၀၀၀ ခုနှစ် အစောပိုင်းက မခိုင်ဇာအောင်သည် အထည်ချုပ်စက်ရုံတစ်ခုတွင် စတင် လုပ်ကိုင်ခဲ့သည်။ ငါးနှစ်အတွင်း အလုပ်ကြပ်ဖြစ်လာခဲ့သော်လည်း တစ်လလျှင် ကျပ် ၁၅,၀၀၀ အောက်သာ လစာရရှိနေဆဲဖြစ်သည်။

ထို့နောက် သူမထက် ဝါရင့်သူများနည်းတူ ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်ရှာဖွေခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် နယ်စပ်မြို့ဖြစ်သည့် မဲဆောက်သို့ သွားရောက်ခဲ့သည်။ ထို့နောက်တွင် စက်ရုံတစ်ခုတွင် အလုပ်ရရှိခဲ့ကာ ကျပ် ၂၀၀,၀၀၀ နှင့် ညီမျှသော အခြေခံလစာ ရရှိခဲ့သည်။

ထိုင်းနှင့် မြန်မာနိုင်ငံကို ခွဲခြားထားသည်မှာ ချောင်းလေးတစ်ခုသာ ဖြစ်သည်။ သို့သော် လစာက အလွန်ကွာဟနေသည်။ ထို့ပြင် ထိုင်းနိုင်ငံ၏ လူနေမှုစရိတ်သည် မြန်မာနိုင်ငံလောက် မမြင့်မားပေ။

ထိုနှစ်တွင်ပင် သူမသည် Federation of Trade Unions – Burma သို့ ဝင်ရောက်ခဲ့သည်။ ၎င်းအဖွဲ့အစည်းကို ၁၉၉၁ ခုနှစ်တွင် တက်ကြွလှုပ်ရှားသူများက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ စစ်အစိုးရလက်အောက်တွင် အလုပ်သမားသမဂ္ဂများကို ဖွဲ့စည်းခွင့် မပြုပေ။ ထိုအဖွဲ့ကမူ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများကို ထောက်ပံ့ပေးရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။

မခိုင်ဇာအောင်သည် ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ဦးသိန်းစိန်အစိုးရက အလုပ်သမား အဖွဲ့အစည်းများကို ဖွဲ့စည်းခွင့်ပြုပြီး FTU- B ကဲ့သို့သော ပြည်ပရောက် နိုင်ငံရေးအဖွဲ့အစည်းများကို ကြိုဆိုနေသော အချိန်တွင် ဖြစ်သည်။ ထိုအဖွဲ့အစည်းသည် နောက်ပိုင်းတွင် Confederation of Trade Union of Myanmar ဟု အမည် ပြောင်းလဲခဲ့သည်။

၂၀၁၅ ခုနှစ်တွင် အနိမ့်ဆုံး လုပ်ခလစာကို စတင်သတ်မှတ်ခဲ့ချိန်တွင် အလုပ်ရှင်အချို့က အလုပ်သမားများအား ယခင်ပေးထားသည့် အသုံးစရိတ်များ၊ လစဉ်နှစ်စဉ် ဆုကြေးများနှင့် အခမဲ့သယ်ယူပို့ဆောင်ရေး စသည့်အခွင့်အရေးများကို ဖြတ်တောက်ခဲ့ကြကြောင်း သူမကဆိုသည်။

ယခုအကြိမ်တွင် အနိမ့်ဆုံးလုပ်ခလစာသစ်ကို ပြဋ္ဌာန်းလိုက်သောအခါတွင် အလုပ်ရှင်များက မည်သို့တုန့်ပြန်ကြမည်ကို သူမက စိုးရိမ်လျှက်ရှိသည်။ သို့သော် သူမက သင့်တင့်မျှတစွာ နေထိုင်နိုင်ရန်အတွက် အလုပ်သမား တစ်ယောက်သည် အနိမ့်ဆုံးတစ်နေ့ လုပ်ခလစာ ၆,၆၀၀ ကျပ် လိုအပ်သည်ဟု မခိုင်ဇာအောင်က ဆိုသည်။

ထိုပမာဏကို မရရှိပါက အလုပ်သမားများ၏ ဘဝသည် ယခင်ဒုံရင်းအတိုင်းသာ ရှိနေမည်ဖြစ်ပြီး မြင့်မားနေသော ကုန်ဈေးနှုန်းများနှင့် လူနေမှုစရိတ်များအောက်တွင် အသက်ရှင်သန်နိုင်ရုံမျှသာ ရှိနေဦးမည်ဖြစ်သည်။

အသက် ၁၉ နှစ်အရွယ် ရှိပြီဖြစ်သော မပြည့်ပြည့်သည် ၂၀၁၄ ခုနှစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှ ရန်ကုန်သို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် လှိုင်သာယာမြို့နယ်အတွင်းရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။

မပြည့်ပြည့်သည် တစ်နေ့လျှင် ၃,၆၀၀ ကျပ်နှုန်းဖြင့် စတင်အလုပ်ဝင်ခဲ့သည်။ အစမ်းခန့် သုံးလအပြီးတွင် သူမ၏ တစ်နေ့ လုပ်ခသည် ကျပ် ၃,၈၀၀ အထိ တိုးမြင့်လာသဖြင့် တစ်လလျှင် ကျပ် ၁၀၈,၀၀၀ ကျပ် ရရှိခဲ့သည်။ ထို့ပြင် အချိန်ပို လုပ်ခအဖြစ် တစ်လလျှင် ကျပ် ၂၀,၀၀၀ ရရှိသည်။ သို့သော် ဝင်ငွေထွက်ငွေ ကိုက်ညီအောင် နေထိုင်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်ဟု သူမက ဆိုသည်။

“ကျွန်မက ဝင်ငွေတွေအားလုံးကို အိမ်သုံးစရိတ်ထဲပဲ ထည့်လိုက်ရတယ်။ ကျွန်မက ဘဝတိုးတက်ဖို့ ကျောင်းဆက် တက်ချင်တယ်။ ဒါပေမဲ့ ကျွန်မမှာ ငွေရော အချိန်ရော မရှိဘူး” ဟု သူမက Frontier ကိုပြောသည်။

သို့သော်လည်း လုပ်ခလစာ တိုးမြှင့်ရေးအတွက် နေထိုင်စားရိတ်တစ်ခုတည်းကို ထည့်သွင်းစဉ်းစားနေခြင်းကို သဘောမတူကြသူများလည်း ရှိနေသည်။

“နိုင်ငံခြား ရင်းနှှီးမြှပ်နှံသူတွေက အနိမ့်ဆုံးလုပ်ခလစာကို နိုင်ငံတစ်ခုမှာ လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဖို့ သင့်၊ မသင့် ဆုံးဖြတ်ရာမှာ ထည့်သွင်းစဉ်းစားကြတယ်” ဟု ကော်မတီအဖွဲ့ဝင်လည်းဖြစ်သည့် ရန်ကုန်အခြေစိုက် Centre for Economic and Social Development အဖွဲ့မှ ဒေါက်တာဇော်ဦးကဆိုသည်။

typeof=

အထည်ချုပ်လုပ်ငန်း ကဏ္ဍတွင် မြန်မာနိုင်ငံ၏ ဒေသတွင်း ပြိုင်ဘက်များမှာ ကမ္ဘောဒီးယားနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံတို့ ဖြစ်ပြီး ၎င်းတို့၏ အနိမ့်ဆုံး လုပ်ခလစာမှာ အမေရိကန်ဒေါ်လာ ၁၆၀ နှင့် ၉၀ တို့ အသီးသီး ဖြစ်သည်ဟု သူက ဆိုသည်။ တစ်နေ့ ၈ နာရီနှင့် တစ်ပတ် ၆ ရက် အလုပ်လုပ်ပါက မြန်မာနိုင်ငံ၏ အနိမ့်ဆုံး လုပ်ခလစာမှာ ကျပ် ၈၃၁၆၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၆၁ ဒေါ်လာ ဖြစ်သည်ဟုဆိုသည်။

အစိုးရ၏ ကိန်းဂဏန်းများအရ အထည်ချုပ်လုပ်ငန်းသည် တိုးတက်မှုအမြန်ဆုံး စီးပွားရေးကဏ္ဍ အနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။ ပို့ကုန်အနေဖြင့် တစ်နှစ်လျှင် ဒေါ်လာနှစ်ဘီလျံခန့် တန်ဖိုးရှိနေပြီး ပြီးခဲ့သော နှစ်နှစ်ခန့်က ဒေါ်လာသန်း ၈၀၀ ခန့်ရှိရာမှ တိုးတက်လာခဲ့ခြင်းလည်း ဖြစ်သည်။

“ကျွန်တော်တို့က အနည်းဆုံး လုပ်ခလစာနှုန်းထားကို မြှင့်လိုက်ရင် နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေက တခြားနိုင်ငံကို သွားကြမှာပဲ” ဟု ဒေါက်တာဇော်ဦးကဆိုသည်။

ပြည်တွင်းလုပ်ငန်းရှင်များကလည်း အနိမ့်ဆုံး လုပ်ခလစာ ချက်ချင်း တက်သွားမည်ကို စိုးရိမ်နေကြသည်။ နှုန်းထားကို ကျပ် ၅၀၀ တိုးလိုက်ပါက အလုပ်သမား ၃,၀၀၀ ရှိသည့် လုပ်ငန်းတစ်ခုတွင် တစ်ရက် ကျပ် ၁၅ သိန်း၊ သို့မဟုတ် တစ်လလျှင် ကျပ်သိန်း ၄၅၀ ပိုပေးရမည့် သဘောဖြစ်သည်။

အနိမ့်ဆုံး နှုန်းထားနှင့်ပတ်သက်ပြီး အထည်ချုပ်စက်ရုံပိုင်ရှင်လည်းဖြစ်သလို မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးမြင့်စိုးကို မေးမြန်းသောအခါ သူက “ကျွန်တော်က တစ်ရက် ကျပ် ၁၀,၀၀၀ ပေးနိုင်တယ်” ဟု ဟာသနှောကာ ဖြေကြားခဲ့သည်။။

သို့သော် ထိုဟာသ၏နောက်ကွယ်တွင် အနိမ့်ဆုံးလုပ်ခကို မည်သို့သတ်မှတ်မည်ဆိုသည်ကို စိုးရိမ်နေဆဲဖြစ်သည်။

“ကျွန်တော်တို့က အနိမ့်ဆုံးလုပ်ခလစာကို ကုန်ဈေးနှုန်း ဘယ်လောက် တက်တက်လာသလဲဆိုတာပေါ် မူတည်ပြီး တွက်ချက်လို့ မရဘူး။ အနိမ့်ဆုံးလုပ်ခလစာက ဒီနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ တတ်နိုင်တဲ့ နှုန်းထားပဲ ဖြစ်ရမယ်” ဟု ဦးမြင့်စိုးက ဆိုသည်။

စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်သော ဒေါက်တာခင်မောင်ညိုက အနိမ့်ဆုံးလုပ်ခလစာကို အများကြီး မြင့်တင်ရမည့် အချိန် မဟုတ်သေးကြောင်း ပြောသည်။

“အလုပ်သမားတွေက သူတို့လိုချင်တဲ့နှုန်းထားကို တောင်းမှာပဲ။ ဒါပေမဲ့ အလုပ်ရှင်တွေက ပေးနိုင်တဲ့နှုန်းကိုပဲ သူတို့ရကြမှာပါ” ဟု သူကဆိုသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်ကမူ အနိမ့်ဆုံး လုပ်ခလစာကို အများကြီး မြှင့်လိုက်ပါက အချို့သော လုပ်ငန်းများ ပိတ်သိမ်းသွားနိုင်သည်ဟုဆိုသည်။

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

“ဒါကအလွန် ထိခိုက်လွယ်တဲ့ပြဿနာပါ။ သေချာကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ပါတယ်။ နှုန်းထားကို လုပ်ငန်းရှင်တွေက မတတ်နိုင်ရင် သူတို့က စက်ရုံတွေကို ပိတ်သိမ်းပြီး လုပ်သားလျှော့ချမှုတွေ လုပ်လာမယ်။ ဒီလိုဆိုရင် အလုပ်လက်မဲ့နှုန်းတွေ တိုးပွားလာမယ်” ဟု ဦးမျိုးအောင်က ဆိုသည်။

လုပ်ခလစာဆိုသည်မှာ လုပ်ငန်း၏ ကုန်ကျစရိတ်တွင် ပါဝင်သော အချက်တစ်ချက်မျှသာဖြစ်သည်။ လုပ်ငန်းများ မြန်ဆန်ချောမွေ့စွာဖြင့် ကုန်ထုတ်လုပ်နိုင်ရေးအတွက် အလုပ်သမား၏ ကျွမ်းကျင်မှုမှာလည်း အရေးပါသည်။  

“နိုင်ငံခြားရင်းနှီးမြှပ်နှံသူများက လုပ်ခလစာထက် လုပ်ငန်းကျွမ်းကျင်မှုကို ပိုအလေးပေးကြပါတယ်” ဟု ဦးမြင့်စိုးက ပြောသည်။ “တကယ်လို့ ခင်ဗျားက သူတို့အတွက် အခမဲ့ အလုပ်လုပ်ပေးတယ်ဆိုရင်တောင် ခင်ဗျားက လုပ်ငန်း ကျွမ်းကျင်မှုမရှိရင် ခင်ဗျားကို အလုပ်ပေးမှာမဟုတ်ဘူး” ဟု သူကပြောသည်။

ထို့ကြောင့် အလုပ်သမားများ၏ ကျွမ်းကျင်မှုကို ပိုမိုအာရုံစိုက်ကြရန် လုပ်ငန်းရှင်များကို ၎င်းက အကြံပြုထားပြီး ကျွမ်းကျင်သော အလုပ်သမားများကို လုပ်ခလစာ ပိုမိုပေးခြင်းဖြင့် အသိအမှတ်ပြုပေးကြရန်လိုသည်ဟုလည်း ဆိုသည်။

အလုပ်သမားများအနေဖြင့် လုပ်ငန်းပိုမိုကျွမ်းကျင်လာစေရန် ကြိုးစားသင်ယူလေ့လာသင့်သလို လုပ်ငန်းရှင်များကလည်း ကောင်းမွန်စွာစီမံခန့်ခွဲပြီး ကျွမ်းကျင်သော အလုပ်သမားများကို လုပ်ခလစာ ပိုမိုပေးရန် မတွန့်ဆုတ်သင့်ဟု ဦးမြင့်စိုးက အကြံပြုခဲ့သည်။

အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များကမူ ၎င်းတို့ရင်ဆိုင်ရသော အဓိကစိန်ခေါ်မှုမှာ အလုပ်ရှင်များ၏ သဘောထား ဖြစ်သည်ဟုဆိုသည်။ အလုပ်ရှင်များက ညှိနှိုင်းဆွေးနွေးရမည့်အစား အလုပ်သမားသမဂ္ဂများကို ရန်သူကဲ့သို့ သဘောထားကြသည်ဟု ဆိုသည်။

“သူတို့က ကျွန်မတို့ကို သွယ်ဝိုက်တဲ့နည်းနဲ့ ဖိအားပေးကြတယ်။ သမဂ္ဂအဖွဲ့ဝင်မဟုတ်တဲ့ အလုပ်သမားတွေကို ပိုဦးစားပေးကြတယ်” ဟု ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံတစ်ခုမှ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် မမိုးမိုးအေးက ဆိုသည်။

လုပ်ငန်းကြီးများမှ အလုပ်သမားများက တရားမမျှတမှုများကို တိုင်တန်းနေကြသော်လည်း လုပ်ငန်းအသေးစားလေးများမှ အလုပ်သမားများသည် သတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်ခလစာထက်ပင် ပိုမိုရရှိနေကြသည်။

ကိုကျော်ကျော်သည် အလူမီနီယံအလှဆင် လုပ်ငန်းတစ်ခုကို အလုပ်သမား ခုနစ်ဦးဖြင့် လုပ်ကိုင်နေသည်။ သူ့လုပ်ငန်းတွင် ယခုမှ ဝင်လာသော အလုပ်သမားအသစ်ကိုပင် တစ်နေ့လုပ်ခ ကျပ် ၅,၀၀၀ ပေးထားသည်။ ခြောက်လပြည့်လျှင် ထိုအလုပ်သမားကို ကျပ် ၆,၀၀၀ မှ ၇,၀၀၀ အထိ တိုးပေးရမည်ဟု ကိုကျော်ကျော်က ပြောသည်။ သူ၏လုပ်ငန်းသည် လုပ်ငန်းလိုင်စင် မှတ်ပုံတင်ထားခြင်း မရှိပေ။  

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.