အစိုးရသစ်ရဲ့ ပထမဆုံး ရက် ၁၀၀ မှာ ဘာတွေ အားနည်း လွဲချော်ခဲ့သလဲ

ပြည်သူ့အတွက် ရက် ၁၀၀ လို့ ကြွေးကြော်ထားတဲ့ အစိုးရသစ်ရဲ့ လုပ်ငန်းအကောင်အထည်ဖော်မှုအချို့ဟာ ဝိဝါဒကွဲပြားစရာ အခြေအနေ၊ အားနည်းချက်တွေ ရှိနေတာကို Frontier ရဲ့ မှတ်တမ်းတွေက သက်သေပြနေပါတယ်

ဉာဏ်လှိုင်လင်း ရေးသားသည်။

ပြည်သူ့အတွက် ပထမ ရက် ၁၀၀ လို့ ကြွေးကြော်ထားတဲ့ အစိုးရသစ်ရဲ့ လုပ်ငန်းဆောင်တာ ရလဒ်တွေကို လူသိရှင်ကြား တရားဝင် ထုတ်ပြန်နေတာတွေ ပြီးသွားပါပြီ။

မေလကနေ ဇွန်လအတွင်း စီမံချက်ချ လုပ်ဆောင်ခဲ့တဲ့ အဲဒီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနအသီးသီးရဲ့ ထုတ်ပြန်ချက်တွေကိုကြည့်ရင် အားလုံးနီးပါးဟာ ရာနှုန်းပြည့် သို့မဟုတ် ရာနှုန်းပြည့်နီးပါး သို့မဟုတ် ရာနှုန်းကျော်လွန် အောင်မြင်ကြောင်း ဖော်ပြထားတာ တွေ့နိုင်ပါတယ်။

ဒီလုပ်ငန်းစဉ်တွေကို လက်လှမ်းမီသလောက် စောင့်ကြည့်နေတဲ့ Frontier ရဲ့ မှတ်တမ်းတွေအရဆိုရင်လည်း ပြည်သူ့ဆန္ဒမဲနဲ့ တစ်ခဲနက် တက်လာတဲ့ အစိုးရသစ်ရဲ့ ပထမဆုံး လုပ်ဆောင်ချက်တွေမှာ အရင်ကနဲ့မတူတဲ့ ကွဲပြားခြားနားမှုတွေ၊ ပြည်သူကို မျက်နှာမူတဲ့ အပြောင်းအလဲတွေ တွေ့ရတာအမှန်ပါပဲ။

ဒါပေမယ့် ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းအကောင်အထည်ဖော်မှုအချို့ဟာ ဝိဝါဒကွဲပြားစရာ အခြေအနေ၊ အားနည်းချက်တွေ ရှိနေတာကိုလည်း Frontier ရဲ့ မှတ်တမ်းတွေက သက်သေပြနေပြန်ပါတယ်။

ဒီလို အချက်တွေနဲ့ ပတ်သက်ပြီး နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးမှာ သြဂုတ် ၁၂ ရက်ကနေ ၃၀ ရက်နေ့အထိ ပြုလုပ်တဲ့ ဝန်ကြီးဌာနအသီးသီးရဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ Frontier က တရားဝင် မေးမြန်းထားခဲ့ပြီး ဖြစ်ပါတယ်။

Frontier ရဲ့ လေ့လာစောင့်ကြည့်မှုတွေက ထွက်လာတဲ့ အားနည်းချက်တွေက ဘာတွေလဲ။ ဒါတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနအသီးသီးက ဘယ်လို ပြန်လည်ဖြေကြားထားပါသလဲ။ ဝန်ကြီးဌာန တာဝန်ရှိသူတွေရဲ့ ဖြေကြားမှုတွေမှာ ဘာအားနည်းချက်တွေ ရှိနေလဲဆိုတာကို ကဏ္ဍအလိုက်စုစည်းပြီး အောက်ပါအတိုင်း ဖော်ပြအပ်ပါတယ်။

ဦးတည်ချက်ကဘာလဲ

ရက် ၁၀၀ မှာ ဘာတွေအားနည်းသလဲဆိုတဲ့ အကြောင်းကို ပြောမယ်ဆိုရင် ဦးတည်ချက်ဟာ ရှင်းလင်းပြတ်သားပါရဲ့လားဆိုတာကနေ စရပါလိမ့်မယ်။ ဒါနဲ့ ပတ်သက်ပြီး သြဂုတ် ၁၆ ရက်နေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်တဲ့ ဌာနအသီးသီးက အရာရှိတွေထံ Frontier က မေးမြန်းခဲ့ပါတယ်။

“ရက် ၁၀၀ စီမံချက်ကို ဘယ်လိုဦးတည်ချက်နဲ့ အကောင်အထည်ဖော်ဖို့ နိုင်ငံတော်သမ္မတက ညွှန်ကြားထားပါသလဲ၊ ဝန်ကြီးဌာနတွေကရော ဘယ်လိုဦးတည်ချက်မျိုးနဲ့ စီမံချက် ရေးဆွဲပါသလဲ”ဆိုပြီး မေးမြန်းခဲ့တာပါ။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦးက “ဝန်ကြီးဌာနရဲ့ လုပ်ငန်းသဘာဝနဲ့လည်း သက်ဆိုင်ပါတယ်” လို့ ဖြေကြားခဲ့ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးကျော်လင်းကတော့ “ပြည်သူတွေအတွက် ဘာတွေ အခက်အခဲအတားအဆီးဖြစ်နေလဲ။ အဲဒါတွေ ချက်ခြင်း ဖယ်ရှားပေးလိုက်တယ်။ ရက် ၁၀၀ အတွင်းမှာ ဘာတွေချက်ခြင်း ပြောင်းလဲပေးနိုင်မလဲဆိုတာတွေ လုပ်ပါတယ်” လို့ ဖြေကြားပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်ထံကတော့ ယေဘူယျဆန်လွန်းတဲ့ အဖြေမျိုးပဲရခဲ့ပါတယ်။ သူက “လုံခြုံရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးတွေကို ယခင်ထက်ပိုပြီး ဆောင်ရွက်မယ်ဆိုတာ ရက် ၁၀၀ အတွက် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်”လို့ ဖြေဆိုခဲ့တာပါ။

ပြည်ထဲရေးဝန်ကြီးဌာနကတော့ ပထမရက် ၁၀၀ အတွင်း တရားဥပဒေစိုးမိုးရေးအတွက် ယခင်ကထက် ပိုပြီးဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ပြည်ထဲရေးဝန်ကြီးဌာနကတော့ ပထမရက် ၁၀၀ အတွင်း တရားဥပဒေစိုးမိုးရေးအတွက် ယခင်ကထက် ပိုပြီးဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

အဲဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ အဆင့်အမြင့်ဆုံးအရာရှိလည်းဖြစ်၊ အာဏာရပါတီရဲ့ အမျိုးသားလွှတ်တော် အမတ်အဖြစ်ကနေ အစိုးရအဖွဲ့သစ်မှာ ဝန်ကြီးတာဝန် ထမ်းဆောင်နေသူလည်းဖြစ်တဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ ကောင်းတဲ့ အပြောင်းအလဲကို ဘယ်လိုဖြစ်အောင် လုပ်ကြမလဲဆိုတဲ့အချက်အပေါ် အခြေတည်ပြီး ရည်ရွယ်လုပ်ကိုင်ကြတာလို့ ဆိုတယ်။

“ရက် ၁၀၀ ထဲမှာ ထင်သာမြင်သာတဲ့ အပြောင်းအလဲကို ပြနိုင်ဖို့ ကြိုးစားဆောင်ရွက်တာပါပဲ”လို့ သူကက ရှင်းပြပါတယ်။ ဖြေဆိုချက်တွေကို ကြည့်ရင် ဝန်ကြီးဌာနတွေရဲ့ ရက် ၁၀၀ စီမံချက်ဟာ အပြောင်းအလဲလုပ်ပြဖို့ ရည်ရွယ်ကြောင်း သက်သေပြနိုင်ပေမယ့် လုပ်ငန်းအကောင်အထည်ဖော်မှုတွေမှာ ပုံမှန်လုပ်ငန်းတွေကိုပဲ အာရုံစိုက်တာ၊ မူဝါဒ အပြောင်းအလဲလုပ်တာ၊ ပြည်သူတွေ ဝန်ထုတ်ဝန်ပိုးဖြစ်နေတဲ့ကိစ္စတွေကို ဖြေလျော့တာစသဖြင့် အကွဲကွဲအပြားပြား ဖြစ်နေတာကလည်း အထင်အရှားပါပဲ။

ဒါ့အပြင် အစိုးရအဖွဲ့သစ်အကြား မူဝါဒပိုင်း အပြောင်းအလဲတွေလုပ်ဖို့ ညွှန်ကြားရာမှာ အချိတ်အဆက်လွဲနေသလားလို့ ထင်မြင်နိုင်တဲ့ အချက်တစ်ခုကိုလည်း Frontier ရဲ့ မှတ်တမ်းတွေမှာ တွေ့ရပါသေးတယ်။

အဲဒါကတော့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ကိစ္စပါ။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူဝါဒအရ နိုင်ငံရေးယုံကြည်ချက်ကြောင့် ဥပဒေနဲ့အညီ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်မှုတွေအပေါ်မှာ အရေးယူခံရတာတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ် လက်ခံတယ်လို့ ပြောထားပေမယ့် ပြည်ထဲရေးဝန်ကြီးဌာနကတော့ အရင်ခတ်အဆက်ဆက်ကအတိုင်း နိုင်ငံရေးအကျဉ်းသားဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူးလို့ ဆက်လက် ပြောဆိုနေတဲ့အချက်ပါ။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ရက် ၁၀၀ ရလဒ်ကို သြဂုတ် ၁၆ ရက်က ထုတ်ပြန်ရာမှာ အစိုးရသစ်လက်ထက် ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနဲ့ အမှုပိတ်သိမ်းမှု အခြေအနေတွေ ပါဝင်တာမို့ အခုဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိတော့ဘူးလို့ ဆိုနိုင်ပါသလားလို့ Frontier ကမေးမြန်းတဲ့အခါ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က အထက်ပါအတိုင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ချမှတ်လိုက်တဲ့မူဝါဒနဲ့ကွဲလွဲစွာ ဖြေဆိုခဲ့တာပါ။

ပျောက်ဆုံးသွားတဲ့ ရလဒ်များ

ဒုတိယမြောက် နှိုင်းယှဉ်ပြချင်တဲ့အချက်ကတော့ ဝန်ကြီးတွေ ထုတ်ဖော်ပြောဆိုခဲ့တာတွေနဲ့ ရလဒ်ကွဲလွဲမှုအချို့ ရှိနေတာပါ။ ရက် ၁၀၀ စီမံချက် စတင်တဲ့အချိန်မှာ နိုင်ငံပိုင်သတင်းစာတွေကတစ်ဆင့် သက်ဆိုင်ရာဌာန ပြည်ထောင်စု ဝန်ကြီးတွေ၊ အဆင့်မြင့်အရာရှိကြီးတွေက သူ့တို့ရည်ရွယ်ထားတဲ့ လုပ်ငန်းစဉ်တွေကို ထုတ်ပြန် အသိပေးထားတာ ရှိပါတယ်။

ဒါပေမယ့် ရလဒ်ထုတ်ပြန်ချိန်မှာတော့ မူလထုတ်ပြန်အသိပေးထားတဲ့ လုပ်ငန်းအချို့ မပါဝင်တော့တာ တွေ့ရပါတယ်။ အဲဒီအထဲကမှ ပြည်သူကို တိုက်ရိုက်အကျိုးဖြစ်စေနိုင်ပေမယ့် ရလဒ်ထုတ်ပြန်ရာမှာ ချန်လှပ်ခံလိုက်ရတဲ့ လုပ်ငန်းတွေထဲကအချို့ကို ရွေးနှုတ်ပြချင်ပါတယ်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက်အကြောင်း နိုင်ငံပိုင် သတင်းစာတွေရဲ့ ဖော်ပြချက်မှာ “မကြာခဏဖြစ်ပေါ်နေသည့် ဖားကန့်မြေစာပုံ ပြိုကျမှုအပေါ် အရေးယူ ဆောင်ရွက်မှုများ” ဆိုတာနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦးအုန်းဝင်းကိုယ်တိုင်ပြောထားကြောင်း မှတ်သားခဲ့ရပေမယ့် ရလဒ်ထုတ်ပြန်ချိန်မှာတော့ ဒီအချက်ဟာ ပါဝင်မလာခဲ့ပါဘူး။

သြဂုတ် ၁၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနကို Frontier က မေးမြန်းရာမှာတော့ “မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်ကို ရေးဆွဲဖို့ တင်ထားပါတယ်။ ဒါတွေလုပ်ပြီး အဖြေထွက်တော့မှ လုပ်ငန်းတွေကို ပြန်ပြီး လုပ်ရမှာဖြစ်တဲ့အတွက် ပြန်ပြင်ထားရတာတွေရှိပါတယ်” လို့ အဆိုပါဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြန်လည်ဖြေဆိုခဲ့ပြီး ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေကို အကျယ်တဝင့် ဆက်ရှင်းပြပါတယ်။

ဖားကန့်ဒေသမှာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်မယ်လို့ ရက် ၁၀၀ စီမံချက်မှာ ပါဝင်ပေမယ့် ရလဒ်ထုတ်ပြန်ချက်မှာတော့ ပါမလာပါဘူး။ ဓာတ်ပုံ-အေအက်ဖ်ပီ

ဖားကန့်ဒေသမှာ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်မယ်လို့ ရက် ၁၀၀ စီမံချက်မှာ ပါဝင်ပေမယ့် ရလဒ်ထုတ်ပြန်ချက်မှာတော့ ပါမလာပါဘူး။ ဓာတ်ပုံ-အေအက်ဖ်ပီ

နောက်ထပ် ရွေးထုတ်ပြချင်တဲ့ ဌာနတစ်ခုကတော့ စက်မှုဝန်ကြီးဌာနပါ။ ခေတ်အဆက်ဆက် စီးပွားရေးအကျိုးအမြတ် မဖော်ဆောင်နိုင်ခဲ့ဘဲ ပြည်သူ့ဘဏ္ဍာငွေတွေ ဆုံးရှုံးနေတဲ့ နိုင်ငံပိုင် စက်မှုကဏ္ဍတွေနဲ့ ပတ်သက်ပြီး အလေးထား ဆောင်ရွက်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက အစိုးရပိုင်သတင်းစာတွေကို ပြောထားပေမယ့် ရလဒ် ထုတ်ပြန်ချိန်မှာတော့ အဲဒီအကြောင်း တစ်လုံးတစ်ပါဒမှ မပါဝင်ပါဘူး။

သြဂုတ် ၂၃ ရက်နေ့မှာ ပြုလုပ်တဲ့ စက်မှုဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီအကြောင်းကို Frontier က တိုက်ရိုက်မေးမြန်းဖို့ အခွင့်အရေး မသာခဲ့ပါဘူး။ ဒါပေမယ့် “အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေကို ဘာဆက်လုပ်မှာလဲ”လို့ သဘောဆောင်တဲ့ ဧရာဝတီသတင်းဌာနရဲ့ မေးခွန်းကို စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြန်လည်ဖြေဆိုရာမှာတော့ နိုင်ငံပိုင်စက်ရုံ စုစုပေါင်း ၁၀၃ ရုံရှိတဲ့အနက် ၅၉ ရုံကို ပုဂ္ဂလိကထံ ငှားရမ်း၊ ဖက်စပ်၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်းနဲ့ ကျန်တဲ့ ၄၄ ရုံနဲ့ စပ်လျဉ်းပြီး အလေးထား စဉ်းစားလုပ်ဆောင်နေကြောင်းသာ ပြန်ဖြေခဲ့ပါတယ်။

လက်တွေ့နဲ့ ကွဲလွဲတာတွေ

ဒါတွေအပြင် ဝန်ကြီးဌာနအချို့ရဲ့ ရက် ၁၀၀ စီမံချက်ထဲမှာ ပကတိအခြေအနေနဲ့ လွဲချော်နေတဲ့ မူဝါဒ အပြောင်းအလဲတွေ၊ ပြင်ဆင်မှု ပြီးစီးသေးတာတွေ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။

ဒီအချက်ထဲက တစ်ခုကတော့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်တဲ့နေရာမှာ အဓိက တာဝန်ရှိတဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ မူဝါဒပိုင်းဆိုင်ရာ ဖြေလျော့မှုပါ။

ပထမရက် ၁၀၀ အတွင်း ပြည်ပကို တင်ပို့ဖို့ ကန့်သတ်ထားတဲ့ ပို့ကုန်အမယ်တွေထဲက ပန်းနှမ်းဆီ၊ မုန်ညှင်းစေ့/ မုန်ညင်းဆီ၊ နေကြာစေ့/ နေကြာဆီ၊ ဆီကြိတ်ဖတ်တို့ကို ဖြေလျော့ပေးလိုက်တယ်ဆိုပေမယ့် ဒီကနေ့ ပြည်တွင်း ဈေးကွက်မှာတော့ အဲဒီဆီအမျိုးအစားတွေဟာ ပြည်ပကနေ ကျယ်ကျယ်ပြန့်ပြန့် တင်သွင်းနေရတဲ့ အခြေအနေမှာ ရှိပါတယ်။

ဒီမူဝါဒအပြောင်းအလဲဟာ လက်တွေ့ကျပါရဲ့လားလို့ သြဂုတ် ၂၃ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Frontierက မေးမြန်းတဲ့အခါ “င့ါညီပြောတာမှန်ပါတယ်”လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြန်ဖြေပါတယ်။

ဒီကဏ္ဍဟာ အရင်က ပိတ်ပင်ထားလို့ မဖွံ့ဖြိုးဘဲဖြစ်နေတာကြောင့် ဖြေလျော့လိုက်တာပါလို့ သူက ဆက်ရှင်းပြပါတယ်။ “ဘာမှမလုပ်နိုင်ဘူးဆို ပိတ်ထားလေ။ နောက်ဆုံး ပပျောက်သွားတဲ့ အဆင့်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်ဖွင့်ပေးတာပါ”လို့ ဦးတိုးအောင်မြင့်က ဆိုပါတယ်။

နောက်ထပ်ဝန်ကြီးဌာနတစ်ခုကတော့ ပြန်ကြားရေးပါ။ စာကြည့်တိုက်တွေကို အများပြည်သူ နှီးနှောဖလှယ်ရာ၊ ဆုံတွေ့ရာ၊ ဆွေးနွေးတိုင်ပင်ရာ Community Centre များအဖြစ် ပြောင်းလဲဖို့ စီစဉ်ဆောင်ရွက်မယ်လို့ ဝန်ကြီး ဒေါက်တာဖေမြင့်က ပြောထားပေမယ့် လက်တွေ့မှာတော့ ခန့်မှန်းကုန်ကျစရိတ်တောင် မတွက်ချက်ရသေးပါဘူး။

နိုင်ငံအနှံ့မှာ ဝန်ကြီးဌာနပိုင် စာကြည့်တိုက် ၄၁၄ တိုက်ရှိတယ်ဆိုပေမယ့် ခေတ်အဆက်ဆက် အမှန်တစ်ကယ် အသုံးပြုနိုင်စွမ်း နည်းပါးခဲ့တဲ့အခြေအနေကြောင့် အခုရော ဘယ်လိုအောင်မြင်အောင် လုပ်မှာလဲဆိုတဲ့ မေးခွန်းကို Frontier က သြဂုတ် ၂၃ ရက်မှာ မေးမြန်းတဲ့အခါ အသေးစိတ်အစီအစဉ်တွေ ဘာမှမလုပ်ရသေးတာ သိလိုက်ရပါတယ်။ 

“ပြင်ဆင်ခြင်းတွေ၊ စုဆောင်းခြင်းတွေ လုပ်ရမှာဖြစ်တဲ့အတွက် တကယ့် community center အဖြစ် ဆောင်ရွက်မယ်ဆိုတာကို နောက်မှ ပြင်ဆင်ပြီးမှ လုပ်မှာဖြစ်ပါတယ်” လို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးမောင်ဖေက ပြောတယ်။

ရက် ၁၀၀ အတွင်းမှာတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်မှာရှိတဲ့ ပြန်ကြားရေးစာကြည့်တိုက်ကို community center အဖြစ် ထူထောင်ထားရှိပြီးပါပြီလို့ဆိုပေမယ့် ဝန်ကြီး ပြောထားတဲ့ စီစဉ်ဆောင်ရွက်မှုတွေဟာ ဘယ်ကာလမှာစတင်ပြီး ဘယ်တော့အဆုံးသတ်မယ်ဆိုတဲ့ အစီအမံမျိုး သက်ဆိုင်ရာဦးစီးဌာနမှာ ရှိမနေသေးပါဘူး။

မကြာမီကာလအတွင်း မြောင်းမြမြို့နဲ့ နတ်မောက်မြို့တွေမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပေါင်းပြီး ထူထောင်တဲ့  community center တွေ မကြာမီ ဖွင့်လှစ်သွားဖို့ရှိတယ်လို့ပြောပေမယ့် ကျန်တဲ့စာကြည့်တိုက်တွေ အဆင့်မြှင့်တင်ဖို့ကိစ္စကိုတော့ အစိုးရမဟုတ်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဖောင်ဒေးရှင်းတွေနဲ့ ပူးပေါင်းဖွင့်ရင်ဖွင့်၊ မဟုတ်ရင် ရရှိလာတဲ့နိုင်ငံတော်ဘတ်ဂျက်ပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်မယ်လို့ပဲ ဦးခင်မောင်ဖေက ပြောနိုင်ပါတယ်။

“မလုပ်ဘူးတော့ မဟုတ်ပါဘူး။ လုပ်နေပါတယ်”လို့ သူကဆိုတယ်။

ရက် ၁၀၀ ကာလအတွင်းမှာ ရန်ကုန်မန္တလေး အမြန်လမ်းမကြီးရဲ့ အစိတ်အပိုင်းတချို့ကို ပြင်ဆင်ခဲ့ပါတယ်။ ဓာတ်ပုံ-တေဇလှိုင်

ရက် ၁၀၀ ကာလအတွင်းမှာ ရန်ကုန်မန္တလေး အမြန်လမ်းမကြီးရဲ့ အစိတ်အပိုင်းတချို့ကို ပြင်ဆင်ခဲ့ပါတယ်။ ဓာတ်ပုံ-တေဇလှိုင်

ပုံမှန်လုပ်ငန်းတွေ

အထက်ပါကိစ္စတွေအပြင် Frontier ရဲ့ မှတ်တမ်းတွေမှာ ထင်ထင်ရှားရှား ထပ်တွေ့ရတာကတော့ ရက် ၁၀၀ စီမံချက်ရလဒ်ထဲမှာ ဝန်ကြီးဌာနအလိုက် ပုံမှန်လုပ်နေကျလုပ်ငန်း ပြီးစီးမှုအခြေအနေတွေ ထည့်သွင်းဖော်ပြထားမှုပါပဲ။

နမူနာအားဖြင့်ပြောရရင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီးစီးခြင်း၊ လုပ်ငန်းနှင့် ယာဉ်မောင်းနှင်မှုဆိုင်ရာ လိုင်စင်များချထားပေးခြင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားများအား လေ့လာရေးခရီး ပို့ဆောင်ခြင်း စတာတွေပါ။ 

သြဂုတ် ၁၂ ရက်နဲ့ ၁၆ ရက်တို့မှာ ပြုလုပ်ပြီးစီးခဲ့တဲ့ ဝန်ကြီးဌာနခုနှစ်ခုရဲ့ ထုတ်ပြန်တဲ့ အချက်အလက်တွေထဲက သာမန်ဖော်ပြချက်တွေကို နှုတ်ပယ်ပြီး ပုံမှန်လုပ်ငန်း၊ မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲဖြစ်မှု၊ လက်ငင်းအကျိုး ဖြစ်ထွန်းမှုဆိုပြီး Frontier က ခွဲခြားရေတွက်ကြည့်ရာမှာ ပုံမှန်လုပ်ငန်းတွေက စုစုပေါင်း ၂၉ ခုနဲ့ အများစုဖြစ်နေပါတယ်။

အဲဒီနောက်မှ လက်ငင်းအကျိုးဖြစ်ထွန်းမှုက ၁၄ ခုနဲ့ ဒုတိယလိုက်ပြီး မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲကတော့ ၁၃ ခုပဲရှိပါတယ်။ ပြည်ထဲရေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ နယ်စပ်ရေးရာ၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ရဲ့ ဖော်ပြချက်များအပေါ် အခြေခံ တွက်ချက် ထားတာဖြစ်ပါတယ်။

အဖြေမရ

အထူးခြားဆုံးအချက်ကတော့ အစိုးရအဖွဲ့သစ်မှာ ဝန်ကြီးဌာနစုစုပေါင်း ၂၂ ခုရှိတဲ့အနက် ရလဒ်ထုတ် ပြန်တဲ့ ဝန်ကြီးဌာနကတော့ ၂၀ ခုသာ ဖြစ်ပါတယ်။ မပါတဲ့ထဲက တစ်ခုကတော့ သူ့လက်အောက်ဌာနတွေရဲ့ အကောင်အထည်ဖော်မှုကိုသာ ကြီးကြပ်ဖို့တာဝန်ရှိတဲ့ နိုင်ငံတော်သမ္မတရုံးပါ။ ဒါအငြင်းပွားစရာမရှိပါဘူး။

ရလဒ်ထုတ်ပြန်ခြင်းမရှိတဲ့ နောက်ထပ်ဌာနတစ်ခုကတော့ ကာကွယ်ရေးဝန်ကြီးဌာနပါ။ မေ ၁၃ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဝန်ကြီး၊ ဗိုလ်ချုပ်ကြီးစိန်ဝင်းရဲ့ ထုတ်ဖော်ပြောဆိုချက်အရ ရက် ၁၀၀ အတွင်း ဘာလုပ်မယ်ဆိုတာ သိရပေမယ့် ဘာတွေလုပ်ပြီးပြီဆိုတာတော့ မသိရပါဘူး။

ဗိုလ်ချုပ်ကြီးစိန်ဝင်းက “ရက် ၁၀၀ မှာ သောင်းကျန်းသူစခန်း ၁၀၀ လောက် တိုက်ပေးပါလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တင်ပြမလား။ ဒီလို စဉ်းစားပါတယ်။ သို့သော်လည်းပဲ အဲဒီလိုတော့ မဖြစ်ဘူး။ အဲဒီလို မဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့က ဘာပဲလုပ်မလဲဆိုရင် သမ္မတကြီး ဦးထင်ကျော် လမ်းညွှန်ထားတဲ့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးပေါ့လေ။ ဒီလုပ်ငန်းစဉ်မှာ အောင်မြင်အောင် ကျွန်တော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်”လို့ ပြောခဲ့ပါတယ်။

ရလဒ်မထုတ်ပြန်တာနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတွေလို့ တရားဝင်ကြေညာထားတဲ့ တာဝန်ရှိသူတွေထံ မေးမြန်းဖို့ Frontier ကကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။

ဘာပဲဖြစ်ဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပထမဆုံးအကြိမ် နိုင်ငံတော်အာဏာ ကိုင်တွယ်ဆောင်ရွက်နေတဲ့ လေးလတာအတွင်း ခေတ်အဆက်ဆက် မတွေ့ရဘူးတဲ့ ပွင့်လင်းမြင်သာမှု တစ်ခုခုများ ပြစရာရှိမလားလို့ ဆိုလာရင် ရက် ၁၀၀ စီမံချက်ကို ရွေးထုတ်ပြနိုင်တာတော့ အမှန်ပါပဲ။

ထင်မြင်ချက်များ

– ဦးဇော်ဌေး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန

“အုပ်ချုပ်ရေးယန္တရား ပြင်ဆင်ဖွဲ့စည်းမှုမှာ တစ်ချို့ဟာတွေက လုပ်ငန်းစဉ်တွေ ပြောင်းလိုက်ရတယ်။ အစိုးရသစ်ရဲ့ မူဝါဒမှာ ဦးစားပေးလုပ်ချင်တာတွေ ရှိတယ်။ command force ကို ပြင်ဆင်ဖွဲ့စည်းလိုက်တယ်။ အဆင်ပြေပြေနဲ့ ဆောင်ရွက်နိုင်လားဆိုတော့ ကြိုးစားပြီး ဆောင်ရွက်ခဲ့တယ်။ နောက်ပိုင်းကျတော့ အဆင်ပြေသွားတယ်။ ပထမပိုင်းမှာတော့ လုပ်ငန်းအချို့ နှောင့်နှေးတာတော့ရှိခဲ့တယ်။ သို့သော်ကြီးကြီးမားမား အခက်အခဲဖြစ်တာမျိုးတော့မရှိဘူး။

– ဦးမြတ်ကို၊ အမှုဆောင်ဒါရိုက်တာ၊ Yangon Political Science

“ရက် ၁၀၀က ဘယ်လိုသဘောလဲ ကျွန်တော်တော့ နားမလည်ဘူး။ နိုင်ငံတကာမှာ လုပ်တာမျိုးနဲ့တော့ လွဲနေသလိုပဲ။ ထပ်တူရမယ်လို့ မပြောလိုပါဘူး။ ဒါပေမယ့် ဒီမှာပြောနေတဲ့ ရက် ၁၀၀ ဆိုတာက ရှိရှိသမျှအရာတွေ အားလုံးဖြစ်နေတယ်။ စီးပွားရေးဆိုရင်လည်း ရက် ၁၀၀ အတွင်း ဘယ်လိုလုပ်မယ်ဆိုတဲ့ မူချတာမျိုးတွေ ဖြစ်သင့်တယ်ထင်တယ်။ အခုလုပ်နေတာက သေးသေးမွှားမွှားလေးတွေကို လျှောက်လုပ်သလိုဖြစ်နေတယ်။ ကျေနပ်အားရစရာ မကောင်းဘူး။ ဘယ်လောက် အောင်မြင်ရမယ်ဆိုတာမျိုး မျှော်လင့်နေတာ မဟုတ်ဘူး။ ဒါပေမယ့် ဦးတည်ချက် (Focus)ကတော့လွဲနေတယ်။”

– ကိုပြည့်ဖြိုးကျော်၊ လ ျှပ်စစ်အင်ဂျင်နီယာ၊ မကွေးတိုင်းဒေသကြီး

“အခြေခံအဆောက်အအုံ တည်ဆောက်တာတွေမှာ အရင်အစိုးရထက်တော့ စနစ်ကျတယ်လို့ ထင်တယ်။ နေ့စဉ်လူနေမှုဘဝအတွက်တော့ ဘာမှ ထူးထူးခြားခြား ပြောင်းလဲတာမရှိဘူး။”

– ဦးကျင်ဦး၊ ဥက္ကဋ္ဌ၊ ပေါ်ပြူလာပလပ်စတစ်

“အစိုးရသစ်လက်ထက်မှာ အလုပ်သမားကိစ္စတွေ၊ ဘာသာရေးကိစ္စတွေ ထိန်းမနိုင်သိမ်းမနိုင် ဖြစ်လာမယ်လို့ အစကထင်ထားတာ ဖြစ်မလာတာကတော့ ချီးကျူးရမှာပါ။ စီးပွားရေးဆိုင်ရာ အားနည်းချက်ကတော့ အရင်ကလိုပဲ။ ဌာနဆိုင်ရာအရာရှိတွေကို ကိုင်တွယ်တတ်ဖို့တော့ လိုမယ်။ မရရင် မလုပ်ဘူး။ အရင်ကထက်ပိုပြီး နှောင့်နှေးအောင် လုပ်ထားတာမျိုး ပိုဆိုးတာရှိတယ်။ အခက်အခဲတွေကို ပိုကြီးကျယ်အောင်လုပ်တဲ့ သဘောပေ့ါ။ ဒါကို အရေးယူဖို့ လိုမယ်ထင်တယ်။ ကုန်ဈေးနှုန်းတည်ငြိမ်ဖို့ဆိုရင်တော့ အဖွဲ့အစည်းတွေပေ့ါ။ ကုန်သည်အသင်းတို့ ဘာတို့မှာပေ့ါ။ အစိုးရအစီအစဉ်နဲ့ ပညာရှင်တွေ ထည့်ပေးဖို့လိုမယ်ထင်တယ်။ မထည့်ပေးရင် ဘာဖြစ်နေလဲဆိုတော့ မျောက်ကို ငှက်ပျောခြံ စောင့်ခိုင်းသလိုပဲ။ ကုန်သည်အသင်းကို ကုန်သည်တွေပဲ ကိုင်တယ်ဆိုတော့ ဈေးမတတ်တတ်အောင် လုပ်တာမျိုးရှိတယ်။ ပညာရှင်တွေထည့်ပြီး ထိန်းကျောင်းမှ ရမယ်။”

– ဦးမြင့်ဇော်၊ အိမ်ခြံမြေပွဲစား၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်။

“သာမန်လူတွေအဖို့ ဒီရက် ၁၀၀မှာ စီးပွားရေးအရ ကြည့်ရင် ပိုပြီးကြပ်တည်းလာတယ်။ လုပ်ငန်းတွေက၊ ကုမ္ပဏီကြီးတွေက ငြိမ်သွားတော့ ကျန်တဲ့ အောက်ခြေက လူတန်းစားက ရပ်နေရတာမျိုးပေ့ါ။ ကုန်ဈေးနှုန်းတွေ ကြီးလာတယ်။ အလုပ်တွေ နည်းလာတယ်။ အလုပ်ပါးလာတော့ လုယက်မှု ပြန်များလာတယ်။ စီးပွားရေးက အရင်ကထက် ဆိုးလာတယ်လို့ ပြောလို့ရတယ်။ တရားဥပဒေစိုးမိုးမှုကလည်း လောင်းကစားပိုင်းကတော့ အရင်လိုထင်ထင်ရှားရှား မလုပ်ကြပေမယ့် လုံခြုံရေးပိုင်းကတော့ တာဝန်ရှိသူတွေက ခပ်ပေါ့ပေ့ါလုပ်နေသလိုပဲ။ အစိုးရဌာနတွေရဲ့ ဝန်ဆောင်မှုပိုင်းကို ကြည့်ရင်လည်း ဝန်ထမ်းက သူ့ဝင်ငွေအတွက်ပဲ သူလုပ်နေတာပဲဆိုတော့ မြင်မိသလောက်က အရင်ထက် နည်းနည်းသာလာတာမျိုးပဲရှိမယ်။ သိသိသာသာကြီး ပြောင်းတာမျိုး ထင်သလောက်ဖြစ်မလာဘူး။ အစိုးရသစ်ရဲ့ သက်တမ်းအတွင်း စီးပွားရေး ကောင်းလာမယ်လို့ အလုပ်မြန်မြန်လုပ်နိုင်ဖို့၊ အဟန့်အတားဖြစ်နေတာတွေ လျော့သွားမယ်လို့ မျှော်လင့်ထားပေမယ့် အခုအချိန်အထိတော့ ထင်ထားသလို ဖြစ်မလာဘဲ ပိုဆိုးနေတယ်လို့တောင် ပြောရမလိုပါပဲ။”

ခေါင်းစီးဓာတ်ပုံ- သြဂုတ် ၃၁ ရက်နေ့က နေပြည်တော်တွင် စတင်ကျင်းခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲတွင် သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို အတူတွေ့ရစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.