အစိုးရသစ်ကို စိန်ခေါ်နေတဲ့ နိုင်ငံသားစိစစ်မှု လုပ်ငန်း

ဉာဏ်လှိုင်လင်း ရေးသားသည်။

လွတ်လပ်ရေးလှုပ်ရှားမှု၊ ဒီမိုကရေစီရေးလှုပ်ရှားမှုများအပြီး ဒီဘက်ခေတ်မှာ မြန်မာသံဃာတော်အတော်များများ တခဲနက် ပါဝင်လှုပ်ရှားနေကြတဲ့ အကြောင်းအရာကတော့ “အမျိုးသားရေး” ဆိုတဲ့ ခေါင်းစဉ်ပါပဲ။

၂၀၁၂ ခုနှစ်မှာ ရခိုင်ပြည်နယ်ကစတင်ခဲ့ပြီး နိုင်ငံအတွင်းရှိ မြို့အတော်များများကို ကူးစက်ပျံ့နှံ့ခဲ့တဲ့ မတူညီတဲ့ ကိုးကွယ်ယုံကြည်သူတွေအကြား ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာဖြစ်ပါတယ်။

လူဦးရေသိပ်သည်းဆများပြားတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရ်ှ၊ တရုတ်နိုင်ငံတို့နဲ့ မိုင်ထောင်ချီပြီး နယ်နမိတ်ထိစပ်နေတဲ့ မြန်မာနိုင်ငံအတွင်းမှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေ သိပ်များလွန်းတာဟာ နိုင်ငံသား တိုင်းရင်းသားတွေရဲ့ လူမှုဘဝကို စိန်ခေါ်မှုတွေ သက်ရောက်နေပြီလို့ ယူဆလာကြတာလည်း ဖြစ်ပါတယ်။

အထူးသဖြင့် မြန်မာပြည်ရဲ့  အနောက်တံခါးလို့ ညွှန်းဆိုကြတဲ့ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံက တရားမဝင် ဝင်ရောက်နေထိုင်နေကြသူ အစ္စလာမ် ဘာသာဝင်တွေအရေးကို ပိုပြီး အာရုံစိုက်ကြတာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော် လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရအဆက်ဆက်က ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြတယ်ဆိုပေမယ့် မပြေလည်ခဲ့ပဲ ပိုပိုဆိုးလာတယ်ဆိုတာကို ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ဖြစ်ပွားတဲ့ ပဋိပက္ခတွေ၊ အငြင်းပွားမှုတွေက သက်သေပြနေပါတယ်။

စစ်အဏာရှင်တွေလက်ထဲက လွန်မြောက်ပြီး မြန်မာပြည်ဟာ ဒီမိုကရေစီခရီးကို စတင် လျှောက်လှမ်းနေပါပြီလို့ဆိုတဲ့ ၂၀၁၁ ခုနှစ်နောက်ပိုင်း၊ နိုင်ငံသားတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ ဆန္ဒပြခွင့်၊ ဟောပြောခွင့်တွေ တိုးတက်ရရှိလာတဲ့ နောက်ပိုင်း ဒီကိစ္စဟာ ပိုပြီးတော့ ဆတ်ဆတ်ထိမခံ ဖြစ်လို့လာနေပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အမတ် ဒေါ်ခင်စောဝေက ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ နိုင်ငံသားစိစစ်မှုကို ထိရောက်စွာလုပ်ပေးဖို့ အဆိုတစ်ရပ်ကို ပြည်သူ့လွှတ်တော်မှာ မေလအတွင်းက တင်သွင်းတောင်းဆိုခဲ့ပါတယ်။

၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ဆန်းပိုင်းအထိ တာဝန်ယူခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ယာယီ သက်သေခံလက်မှတ် (အဖြူကတ်) ကိုင်ဆောင်ထားသူ ခြောက်သိန်းနီးပါးရှိနေပြီး အဲဒီအထဲက ငါးသိန်းနီးပါးဟာ ရခိုင်ပြည်နယ်အတွင်းမှာ ရှိနေသလို ဘာသက်သေခံမှမရှိသူ အမြောက်အမြားလည်း ပြည်နယ်အတွင်းမှာ ရှိနေတယ်လို့ အဆိုရှင်က ထောက်ပြခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကို ဒေါ်ခင်စောဝေ တင်ပြတဲ့အထဲမှာ “မျှတကောင်းမွန်တဲ့ ဥပဒေတစ်ရပ်ရှိသော်လည်း အစိုးရအနေနဲ့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းကို အချိန်နဲ့ တပြေးညီ ထိရောက်အောင် မဆောင်ရွက်နိုင်ခဲ့လို့ မတည်ငြိမ်မှုတွေကို ဝမ်းနည်းဖွယ်ရာ ကြုံတွေ့နေရပါတယ်” လို့ ထည့်သွင်းတင်ပြထားပါတယ်။

ရခိုင်တိုင်းရင်းသားတွေနဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေကတော့ အထက်က အဆိုမှာပါသလို ၁၉၈၂ ခုနှစ်၊ ဥပဒေကို လက်ကိုင်ထားပြီး နိုင်ငံသားစိစစ်မှုတွေ အမြန်လုပ်ရမယ်လို့ အမြင်ရှိပေမယ့် စိစစ်ခံရမယ့်သူတွေနဲ့ နိုင်ငံတကာကတော့ ဒီဥပဒေဟာ ပြင်ကိုပြင်ရမယ်လို့ ရပ်တည်ပြောဆိုနေကြပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကဆိုရင် ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ပေးဖို့ ၂၀၁၅ နှစ်ဆန်းပိုင်းမှာ ပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ လူ့အခွင့်အရေး တတိယကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ တိုက်တွန်းထားပါတယ်။

ရိုဟင်ဂျာဟူသော အခေါ်အဝေါ်အား သုံးဆွဲသဖြင့် အမေရိကန်သံရုံးရှေ့တွင် ဧပြီလ နောက်ဆုံးပတ်က ဆန္ဒပြနေကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ

ရိုဟင်ဂျာဟူသော အခေါ်အဝေါ်အား သုံးဆွဲသဖြင့် အမေရိကန်သံရုံးရှေ့တွင် ဧပြီလ နောက်ဆုံးပတ်က ဆန္ဒပြနေကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ

သံဃာတော်တွေပါဝင်တဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေကတော့ ဒီတိုက်တွန်းချက်ကို လက်သင့်မခံကြောင်း ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်က ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်မှာ လူရာဂဏန်းပါဝင်တဲ့ ဆန္ဒပြပွဲကြီးတစ်ခု ကျင်းပပြီး ဆန့်ကျင်ခဲ့ကြပါတယ်။

ဒီပြဿနာဟာ ဥပဒေကြောင်းအရတစ်ခုတည်း အငြင်းပွားနေကြတာတော့ မဟုတ်ပါဘူး။ လူမျိုးအမည်သုံးစွဲမှုနဲ့ ပတ်သက်ပြီးတော့လည်း အထက်ကလိုပဲ သဘောထားကွဲလွဲ နေကြပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းက ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးရဲ့ ထုတ်ပြန်စာတစ်ခုမှာ ရိုဟင်ဂျာလို့ သုံးစွဲတာနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်ကို ကြည့်ရင် ဒီအချက်ကိုတွေ့နိုင်ပါတယ်။

ဒီအသုံးအနှုန်းအပေါ် အမျိုးသားရေးအင်အားစုတွေက ဆန့်ကျင်ဆန္ဒပြကြသလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး ချင့်ချိန်ဖို့ အမေရိကန်ဘက်ကို တိုက်တွန်းခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒီအခြေအနေတွေဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ တစ်ဖန်ပြန်ပြီး ကြိုးစားခဲ့တဲ့ နိုင်ငံသားစိစစ်တဲ့ကိစ္စ ဘာကြောင့် မအောင်မမြင် ဖြစ်ရသလဲဆိုတဲ့အချက်ကို အဖြေထုတ်ပေးနေသလိုပါပဲ။

အစ္စလာမ်ဘာသာဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ ဗဟိုဌာနချုပ်က ဥပဒေဌာနမှူး ဦးရန်နိုင်ကတော့ ဥပဒေပိုင်းဆိုင်ရာနဲ့ လက်တွေ့ လုပ်ငန်းဖော်ဆောင်မှုပိုင်းဆိုင်ရာ မကျေလည်မှုတွေကို အခုလိုရှင်းပြပါတယ်။ 

“၁၉၈၂ နိုင်ငံသားဥပဒေနဲ့ လုပ်တဲ့နေရာမှာ သူတို့က ဘာသာရေးအပေါ် အခြေခံပြီး လုပ်နေတယ်။ အစ္စလာမ်ဆိုတာပါတာနဲ့ အခြားနိုင်ငံတစ်ခုကို တွန်းပို့တယ်ဗျာ။ အထူးသဖြင့် ဘင်္ဂလားဒေ့ရ်ှ-မြန်မာ၊ အိန္ဒိယ-မြန်မာဆိုပြီး အဲဒီလိုလုပ်ခံရတယ်။ ဒါကြောင့် လွတ်လပ်စွာ ယုံကြည်ခွင့်ရှိတယ်လို့ ယုံကြည်တဲ့ တိုင်းပြည်တစ်ခုမှာ ဗုဒ္ဓဘာသာမဟုတ်တာနဲ့ နိုင်ငံခြားတိုင်းပြည်တစ်ခုနဲ့ တွဲရမယ်ဆိုတာ မဟုတ်ဘူးလို့ ယူဆတယ်” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အဲဒီဥပဒေဟာ လက်ရှိဖွဲ့စည်းပုံနဲ့လည်း ကိုက်ညီမှုမရှိတော့လို့ ပြန်ပြင်သင့်တယ်လို့ ဦးရန်နိုင်က သုံးသပ်ပါတယ်။ တရားလွှတ်တော်ရှေ့နေတစ်ဦးလည်းဖြစ်တဲ့ သူက “အခြေခံဥပဒေမှာမပါဘဲနဲ့ ဥပဒေထဲမှာကျတော့ ဧည့်နိုင်ငံသားဆိုတာပါတဲ့အချက်၊ စိစစ်တဲ့လုပ်ငန်း လုပ်တဲ့နေရာမှာ နိုင်ငံသားသံသယဆိုပြီး လုပ်နေတာတွေကလည်း အခြေခံဥပဒေနဲ့ မကိုက်တဲ့သဘောပါ” လို့ ပြောတယ်။

အာဏာရ အင်န်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်ကတော့ ၁၉၈၂ နိုင်ငံသားဥပဒေကို “တည်ဆဲဥပဒေဖြစ်လို့ လက်ခံထားပါတယ်” ပြောပါတယ်။ ဒါပေမယ့် “ပြန်လည်သုံးသပ်ဖို့လိုတဲ့ ဥပဒေတွေလို့ ဦးစားပေး သတ်မှတ်ထားတဲ့ ၁၄၂ ခုထဲမှာတော့ မြန်မာနိုင်ငံသားဥပဒေလည်း ပါပါတယ်”လို့သူက ပြောပါတယ်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌတာဝန်ကိုလည်း ထမ်းဆောင်နေတဲ့ သူက အသေးစိတ်ကို ပြောဖို့တော့ ငြင်းဆိုပါတယ်။

အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့က ဆရာတော် ဦးပါမောက္ခကတော့ ဒီအခြေအနေတွေကို သတိထားစောင့်ကြည့်နေတယ်လို့ မိန့်ကြားပါတယ်။ ဘယ်လိုပြင်မယ်ဆိုတာ မသိရသေးလို့ မှတ်ချက်ပြုဖို့ ခက်ပေမယ့် ၁၉၈၂ နိုင်ငံသားဥပဒေဟာ မြန်မာနိုင်ငံအတွက် မရှိမဖြစ်လိုအပ်တယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။  

“လုံးလုံးပြင်မယ်။ ပယ်ဖျက်မယ်ဆိုရင် လုံးဝဆန္ဒပြရမှာပဲ” လို့ ဆရာတော်က ဆိုပါတယ်။

မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်အဖွဲ့ဝင်၊ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကတော့ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေဟာ ပြင်ကိုပြင်သင့်တယ်လို့ မှတ်ချက်ပြုပါတယ်။

“ပြဋ္ဌာန်းချက်အချို့ဟာ အဓိပ္ပာယ်မရှိဘူး၊ သဘာဝမကျဘူး” လို့ သူက သုံးသပ်ပါတယ်။  

မြန်မာနိုင်ငံသားမိဘနှစ်ပါးက မွေးဖွားသူမဟုတ်ဘူးဆိုရင် ၁၈၂၄ ခုနှစ်၊ ပထမ မြန်မာ အင်္ဂလိပ်စစ်ပွဲ၊ ၁၈၅၂ ဒုတိယ မြန်မာ အင်္ဂလိပ်စစ်ပွဲ မတိုင်မီ ပြည်တွင်း ရောက်နေသူတွေထံက ဆင်းသက်လာသူဖြစ်မှ နိုင်ငံသားဖြစ်ခွင့်ရမယ်ဆိုတဲ့ အချက်ကို ထောက်ချင့်ပြီး သူက ပြောတာပါ။

နိုင်ငံသားစိစစ်ခံရမယ့်သူတွေကတော့ အစိုးရသစ်လက်ထက်မှာ ဥပဒေဆိုင်ရာကိစ္စအပြင် နောက်ထပ်ပြဿနာတစ်ခုဖြစ်တဲ့ လူမျိုးအမည် သတ်မှတ်မှုပါ ပြေလည်မှုရဖို့ မျှော်လင့်နေကြပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က သက်ကယ်ပြင်ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ အသက် ၃၅ နှစ်အရွယ် ကိုတင်လှိုင်က “ရိုဟင်ဂျာဆိုတာကို အစိုးရကလက်မခံဘူး။ ဘင်္ဂါလီကိုကျတော့ ဒီဖက်က လက်မခံဘူး။ အဲဒီတော့ သေချာ တွေ့ဆုံဆွေးနွေးပြီးတော့ နှစ်ဖက်လက်ခံနိုင်မယ့် အမည်သတ်မှတ်မှုတစ်ခု ယူနိုင်ရင် ပြေလည်မယ်ထင်တယ်” လို့ မှတ်ချက်ပြုပါတယ်။

ရခိုင်လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးအသင်းရဲ့ ဒါရိုက်တာ ကိုဝင်းထွန်းစိုးကတော့ နိုင်ငံသားစိစစ်ခံရမယ့်သူတွေက လူမျိုးအမည်မှာ ရိုဟင်ဂျာလို့ သတ်မှတ်ဖို့ တောင်းဆိုတာဟာ တစ်ဖက်က ယူဆနေသလို တိုင်းရင်းသားဖြစ်ဖို့ မျှော်မှန်းနေတာမဟုတ်ဘူးလို့ ပြောပါတယ်။

မြန်မာပြည်မှာ တိုင်းရင်းသားအဖြစ် သတ်မှတ်ခံရတဲ့မျိုးနွယ်စုတွေကို တိုင်းပြည်က ငွေကြေးထောက်ပံ့တာ၊ အခမဲ့ ပညာသင်ခွင့်၊ ဆေးကုသခွင့်စတဲ့ အခွင့်အရေးတွေပေးတဲ့ အခြေအနေအမျိုးမရှိတာကြောင့် တိုင်းရင်းသားအဖြစ် သတ်မှတ်ပေးဖို့ တောင်းနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မှန်ကန်မှုမရှိဘူးလို့ သူက ငြင်းဆိုပါတယ်။

“တိုင်းရင်းသားဆိုရင်လည်း ဘာမှရတာမှမဟုတ်တာ။ ကျွန်တော်တို့ အဲဒါတွေ မမျှော်လင့်ပါဘူး။ လိုချင်တာ အနာဂတ်၊ ကျွန်တော်တို့ ကလေးတွေရဲ့ အနာဂတ်” လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ အသက် ၃၆ နှစ်အရွယ် ကိုဝင်းထွန်းစိုးက ပြောတယ်။

စစ်တွေမြို့ အပြင်ဘက်ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းတစ်ခုအနီး လှေဆိပ်တွင် ရပ်နားထားသည့် စက်လှေများကို ကြည့်ရှုနေသည့် ကလေးငယ်တစ်ဦး။ ဓာတ်ပုံ- အေအက်ဖ်ပီ

စစ်တွေမြို့ အပြင်ဘက်ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းတစ်ခုအနီး လှေဆိပ်တွင် ရပ်နားထားသည့် စက်လှေများကို ကြည့်ရှုနေသည့် ကလေးငယ်တစ်ဦး။ ဓာတ်ပုံ- အေအက်ဖ်ပီ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်ကတော့ အစိုးရသစ်လက်ထက်မှာ နိုင်ငံသားစိစစ်မှုလုပ်ငန်းတွေကို မေ ၁ရက်နေ့ကတည်းက စတင်လုပ်ကိုင်နေတယ်လို့ Frontier ကို ပြောပါတယ်။

“အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံချက်ထဲမှာ ထည့်ဆွဲပြီးသားပါ”လို့ သူကဆိုတယ်။

နိုင်ငံသားစိစစ်မှုခံယူဖို့ လိုအပ်သူတွေကို ဒီလုပ်ငန်းစဉ်ဟာ သူတို့အတွက်ရော၊ ရခိုင်ပြည်နယ်အတွက်ပါ အကျိုးအမြတ်ရှိတယ်ဆိုတဲ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းနေပြီး အားလုံးပါဝင်ဆောင်ရွက်စေမယ့် နည်းလမ်းနဲ့ ချဉ်းကပ် လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကတော့ နိုင်ငံသားစိစစ်မှုကိစ္စကို အရင်အစိုးရ အဆက်ဆက်တုန်းကလို နိုင်ငံရေးအရ လိုတစ်မျိုး၊ မလိုတစ်မျိုး အသုံးချတာမျိုး လုပ်ခဲ့တာကို ရပ်တန့်ပြီး ပြေလည်အောင်ဖြေရှင်းသင့်တဲ့ အချိန်ရောက်ပြီလို့ သတိပေးပါတယ်။ 

“ပြဿနာတွေက စုံတက်နေပြီ။ ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံတကာမှာပါ သြဇာရှိတဲ့သူ ခေါင်းဆောင်နေတဲ့ အချိန်မှာ ဒီကိစ္စကို ဖြေရှင်းဖို့ အချိန်ကောင်းပါပဲ” လို့ သူကပြောတယ်။

ဒါပေမယ့် ဒီကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့အတွက် ကြီးမားတဲ့ စိန်ခေါ်ချက်ဖြစ်မယ်ဆိုတာတော့ အသေအချာပဲလို့ ဦးသိန်းသန်းဦးက ဟောကိန်းထုတ်ပါတယ်။

“သူ့ကို ဒုက္ခပေးမယ့်ကိစ္စ၊ ဒါကိုအကြောင်းပြုပြီး ချောက်တွန်းမယ့်သူတွေ ရှိနေတယ်လေ” လို့ သူက ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီပြဿနာကို ဖြေရှင်းဖို့ တာဝန်ရှိတယ်ဆိုတာကို လက်ခံထားတယ်လို့ မေလနှောင်းပိုင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နေပြည်တော်လာရောက်စဉ် အတူပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ကျွန်မတို့ဟာ ဒီ ( ရိုဟင်ဂျာ) ပြဿနာကို ဖြေရှင်းဖို့ အဖြေကြိုးစားပြီး ရှာနေပါတယ်။ အဲဒီ အဖြေရှာနေဆဲ အချိန်ကာလမှာ ကျွန်မတို့ရဲ့ မိတ်ဆွေ နိုင်ငံတွေအနေနဲ့ကျွန်မတို့ကို ဝိုင်းဝန်း ကူညီတဲ့ သဘောဆောင်စေချင်ပါတယ်။ ကျွန်မတို့ဟာ အုပ်စုတစ်စု တစ်ဖွဲ့ကို အပြစ်တင်ဝေဖန်ဖို့ လုပ်နေတာမဟုတ်ပါဘူး။  ဒီပြဿနာနဲ့ သက်ဆိုင်တဲ့ လူ့အဖွဲ့အစည်းနှစ်ရပ်လုံးအတွက် လက်ခံနိုင်မယ့် နည်းလမ်းကို ရှာဖွေဖို့ကြိုးစားနေတယ်ဆိုတာ သိစေချင်ပါတယ်။ ဒါပေမယ့် ဒါဟာ အလွန်ပဲ ခဲယဉ်းပါတယ်။ ဒါကို ကျွန်မ မငြင်းပါဘူး။ သို့သော်လည်း ဒီပြဿနာကို ဖြေရှင်းပေးဖို့ ဆန္ဒရှိနေတဲ့ ကျွန်မတို့ရဲ့ မိတ်ဆွေတွေက ကျွန်မတို့ကို ကူညီပြီး ပူပေါင်းဆောင်ရွက် နိုင်မယ့် အနေအထားမှာ မရှိသေးဘူးဆိုရင်တော့ ကျွန်မတို့ ဖြေရှင်းဆောင်ရွက်ရမယ့် အလုပ်ကို ပိုပြီးခက်ခဲအောင် လုပ်လိုက်သလိုဖြစ်ပါလိမ့်မယ်။ ဒီလိုပြောလိုက်လို့ ကျွန်မတို့ ဒီပြဿနာကို ဘေးဖယ်ထားမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ဟာ ကျွန်မတို့မှာ တာဝန်ရှိတယ်ဆိုတာ ကျွန်မ လက်ခံထားပါတယ် ။ ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းနှစ်ရပ်လုံးအတွက် အကျိုးဖြစ်စေမယ့် အဖြေတစ်ခုကို ရရှိနိုင်ဖို့ ကျွန်မတို့ အကောင်းဆုံးကြိုးစားသွားပါ့မယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.