အင်န်အယ်လ်ဒီအစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်ပါရဲ့လား

တကယ်လို့များ အင်န်အယ်လ်ဒီအနေနဲ့ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်သည်အထိနိုင်ပြီး ၂၀၂၀ နောက်ပိုင်းကာလ ဆက်ပြီးတာဝန်ယူခွင့်ရခဲ့မယ်ဆိုရင် ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းစဉ် တစ်ခုလုံးကို ပြန်ဆန်းစစ်ဖို့ လိုပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

အခုဆိုရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ လာမယ့်နိုဝင်ဘာလအတွင်း ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပေးမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။

ဒီအတွက် နိုင်ငံရေးပါတီအသီးသီးရဲ့ မဲဆွယ်စည်းရုံးရေးကာလကို အကြမ်းဖျင်းအားဖြင့် သုံးလလောက် သတ်မှတ်ပေးလေ့ရှိတာမို့ လာမယ့်သြဂုတ်လကနေ နိုဝင်ဘာ ရွေးကောက်ပွဲနေ့မတိုင်ခင် အချိန်ထိဟာ မဲဆွယ်စည်းရုံးရေးကာလ ဖြစ်နေပါလိမ့်မယ်။

အဓိပ္ပာယ်ကတော့ အဲလိုအချိန်မျိုးမှာ အာဏာရ အင်န်အယ်လ်ဒီပါတီရော၊ တခြား ရွေးကောက်ပွဲပြိုင်မယ့် နိုင်ငံရေးပါတီအသီးသီးကပါ မဲဆွယ်စည်းရုံးရေးကိုပဲ အာရုံစိုက်ကြမှာမို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဘက် ခြေဦးလှည့်နိုင်မှာ မဟုတ်ဘူးလို့ အစိုးရ၊ တပ်မတော်အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကပါ မှတ်ချက်ပြုထားကြပါတယ်။

ရွေးကောက်ပွဲ နောက်ပိုင်းဆိုရင်လည်း ဘယ်သူပဲနိုင်နိုင် လွှတ်တော်အလွှဲအပြောင်း၊ အစိုးရ အလွှဲအပြောင်းတွေ လုပ်ကြရဦးမှာမို့ အစိုးရအဖွဲ့သစ်တက်လာမယ့် ၂၀၂၁ ဧပြီလ နောက်ပိုင်းကျမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်ပြီးအကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒီအတွက် အင်န်အယ်လ်ဒီ အစိုးရဘက်ကနေ လာမယ့်ဇူလိုင်လအတွင်း ၂၁ ရာစု ပင်လုံညီလာခံ နောက်ဆုံးတစ်ကြိမ်ကျင်းပဖို့ ဆန္ဒရှိနေသလို အဲလိုဖြစ်လာအောင်လည်း ကြိုးစားနေတာ တွေ့ရပါတယ်။

တကယ်လို့ ရွေးကောက်ပွဲ မတိုင်ခင် ၂၁ ရာစု ပင်လုံညီလာခံကြီး ကျင်းပဖြစ်တယ်ဆိုရင် ပြည်ထောင်စု သဘောတူစာချုပ်၏ အပိုင်း(၃) ဆိုတာကို ချုပ်ဆိုဖြစ်မယ်လို့ ၂၀၂၀ မေလ ၃၀ ရက်က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုထားပါတယ်။

သူက အဲဒီစာချုပ်မှာလည်း အပိုင်း သုံးပိုင်း ပါဝင်မှာဖြစ်ကြောင်း၊ ပထမအချက်ကတော့ နဂို သဘောတူညီချက်တွေမှာ မပါဝင်သေးတဲ့ နောက်ထပ် ညှိနှိုင်းလို့ရမယ့်အချက်တွေ၊ ဒုတိယအချက်ကတော့ ၂၀၂၀ ရွေးကောက်ပွဲအလွန် အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အကောင်အထည်ဖော်မယ့်ကိစ္စတွေ၊ တတိယတစ်ချက်ကတော့ ဖက်ဒရယ် တည်ဆောက်ရေးဆိုင်ရာ အခြေခံမူတွေ ချမှတ်ဖို့ကိစ္စ စတာတွေပါဝင်မယ်လို့ ဆိုပါတယ်။

စာချုပ်မှာ ၂၀၂၀ ရွေးကောက်ပွဲအလွန်ကိစ္စတွေ ထည့်သွင်းထားရတာကတော့ လက်ရှိ အင်န်အယ်လ်ဒီ အစိုးရသက်တမ်းအတွင်း ဒီညီလာခံကို နောက်ဆုံးညီလာခံအဖြစ် သဘောထားပြီး ရွေးကောက်ပွဲအလွန် နောင် တက်လာမယ့်အစိုးရအဖွဲ့လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်သွားနိုင်အောင် ထည့်သွင်းထားရတာလို့ဆိုပါတယ်။

ဒီအခြေအနေကိုကြည့်ရင် လာမယ့် ၂၁ ရာစု ပင်လုံညီလာခံဟာ နောက်ဆုံးညီလာခံ ဖြစ်မှာမို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရလက်ထက် ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုနဲ့ပတ်သက်လို့ အကဲဖြတ်၊ သုံးသပ်နိုင်ပြီလို့ မှတ်ယူနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရလက်ထက် ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှု ဘယ်အခြေအနေ ရောက်ခဲ့သလဲ၊ ဘာကြောင့် အဲလိုအခြေအနေမျိုး ဖြစ်ပေါ်ခဲ့သလဲဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

အင်န်အယ်လ်ဒီ အစိုးရလက်ထက် ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုကို အပိုင်း သုံးပိုင်းခွဲပြီး ကြည့်နိုင်ပါတယ်။ ပထမ တစ်ပိုင်းကတော့ တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်သဘောတူစာချုပ် NCA လက်မှတ်ထိုး၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်း သဘောတူညီနိုင်မှု၊ ဒုတိယပိုင်းမှာတော့ လက်ရှိအချိန်ထိ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားနေသေးတဲ့ ရခိုင် အေအေတပ်ဖွဲ့၊ တအာင်းပလောင်တပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့၊ ကေအိုင်အေ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းမှု၊ တတိယပိုင်းကတော့ ပစ်ခတ်တိုက်ခိုက်မှုလည်း မဖြစ်၊ နှစ်ပေါင်းများစွာ အပစ်ရပ်ထားတဲ့ ဝ နဲ့ မိုင်းလား တပ်ဖွဲ့တွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေဆိုပြီး ခွဲခြားနိုင်ပါတယ်။

အင်န်အယ်လ်ဒီ အစိုးရဟာ တပ်မတော်နဲ့အတူ အင်န်စီအေလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။ ဆွေးနွေးမှုတွေကနေတဆင့် အားလုံးပါဝင်တဲ့ ၂၁ ရာစု ပင်လုံညီလာခံ အကြိမ်ကြိမ်ကျင်းပပြီး ဆွေးနွေးသဘောတူညီချက်တွေကို ပြည်ထောင်စု သဘောတူစာချုပ်မှာ ထည့်သွင်း၊ အဲဒီအချက်တွေကို လွှတ်တော်ကအတည်ပြု၊ လွှတ်တော်ရဲ့အတည်ပြုချက်နဲ့ အညီ ၂၀၀၈ ဖွဲ့စည်းပုံကို ပြုပြင်၊ အဲဒီနည်းနဲ့ ငြိမ်းချမ်းရေးအရယူပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုပြီး ရည်မှန်းထားတာပါ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အစိုးရသက်တမ်း ငါးနှစ်တာကာလအတွင်း တစ်နှစ်ကို ၂၁ ရာစု ပင်လုံညီလာခံ သုံးကြိမ်လောက် ကျင်းပမယ်၊ ၂၀၂၀ ရောက်ရင် ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အခြေခံကျတဲ့ သဘောတူညီချက်တွေ ရပြီးဖြစ်လိမ့်မယ်ဆိုသည်အထိ ရည်မှန်းချက်ထားခဲ့တာပါ။

ဒါပေမဲ့ ကံမကောင်း အကြောင်းမလှစွာနဲ့ လေးနှစ်အတွင်း ညီလာခံ သုံးကြိမ်လောက်ပဲ ကျင်းပနိုင်ပြီး ပြည်ထောင်စု သဘောတူညီချက်မှာ အချက်ပေါင်း ၅၀ ကျော်လောက်ပဲ သဘောတူညီမှု ရခဲ့ပါတယ်။ အဲဒါတွေကလည်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့၊ ငြိမ်းချမ်းရေးရဖို့ သိပ်အရေးကြီးတဲ့အချက်တွေ မပါသေးဘူးဆိုပြီး ဝေဖန်တာ ခံရပါတယ်။ အားလုံးကို ခြုံငုံကြည့်ရင် အင်န်အယ်လ်ဒီ အစိုးရဟာ အင်န်စီအေ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုအပိုင်းမှာ မျှော်လင့်ထားသလို အောင်မြင်မှု မရခဲ့ဘူးဆိုတာပါပဲ။

အေအေ ရခိုင်တပ်ဖွဲ့၊ ကိုးကန့်၊ တအာင်းပလောင်တပ်ဖွဲ့၊ ကေအိုင်အေ ကချင်လက်နက်ကိုင်အဖွဲ့တွေနဲ့ Bilateral Ceasefire Agreement လို့ခေါ်တဲ့ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းမှုကလည်း မအောင်မြင်ရုံမက အလှမ်းဝေးနေဆဲလို့တောင်ပြောနိုင်ပါတယ်။ ခုထက်ထိ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် အစပ်တွေမှာ တိုက်ပွဲတွေ ဖြစ်နေပြီး ရှမ်းပြည်နယ်ထဲမှာလည်း ကြိုကြား ကြိုကြားဆိုသလို ပစ်ခတ်မှုတွေ ဖြစ်ပေါ်နေတာပါ။

အလားတူ အပစ်အခတ်ရပ်စဲပြီး ကိုယ့်ထီးကိုယ့်နန်းပုံသဏ္ဍာန် ရပ်တည်နေတဲ့ ဝ နဲ့ မိုင်းလားအဖွဲ့တွေ အင်န်စီအေ လက်မှတ်ထိုးလာအောင်၊ ပင်မ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးထဲ ပါလာအောင်မဆွဲဆောင်၊ မစည်းရုံးနိုင်သေးပါဘူး။

ပြောရရင် အရင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ထူးခြားတဲ့ တိုးတက်ဖြစ်ထွန်း အောင်မြင်မှုတွေရခဲ့သလောက် အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာတော့ ထင်တိုင်းမပေါက် ဖြစ်နေခဲ့တာပါ။ ဒီနေရာမှာ အင်န်အယ်လ်ဒီအစိုးရနဲ့ အရင်သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်း ဆောင်ရွက်မှုမှာ ဘာတွေကွာလို့ ရလဒ်တွေ ဘယ်လိုကွာသလဲ နှိုင်းယှဉ်ကြည့်ဖို့ သင့်ပါတယ်။

အရင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တုန်းက သမ္မတရုံးဝန်ကြီး စစ်ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းကို ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ ဦးဆောင်စေပါတယ်။ ဦးအောင်မင်းဟာ တိုင်းရင်းသားအရေးကို ပိုနားလည်အောင် ကြိုးစားပြီး လက်နက်ကိုင်တိုင်းရင်းသား တစ်ဖွဲ့ချင်း၊ ခေါင်းဆောင် တစ်ယောက်ချင်းစီရဲ့ ယုံကြည်မှုရအောင်ကြိုးစားပြီး အပစ်အခတ်ရပ်ရေး၊ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်ပါတယ်။

ငြိမ်းချမ်းရေး၊ အနည်းဆုံးအားဖြင့် အပစ်အခတ် ရပ်စဲရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်တာတွေကို ဖော်ထုတ်ပြီး သမ္မတ ဦးသိန်းစိန်ကတဆင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နားလည်လက်ခံလာအောင် ကြိုးစားပါတယ်။ တနည်းအားဖြင့် တပ်မတော်ဘက်က လက်ခံလာအောင် လုပ်တာပါ။ ဒီလိုနည်းနဲ့ ပထမအဆင့် အပစ်အခတ် ရပ်စဲထားရအောင်၊ အပစ်အခတ် ရပ်စဲထားချိန် တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ ကိုယ့်တပ်ဖွဲ့နဲ့ ကိုယ့်လက်နက် ကိုယ်ကိုင်၊ ကိုယ့်နယ်မြေ ကိုယ်ထိန်းချုပ်ထားရင်း ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးကြမယ်၊ ဆွေးနွေးလို့ သဘောမကျတာတွေရှိရင်၊ ယုံကြည်မှု မရှိတော့ဘူးဆိုရင် အချိန်မရွေး လက်နက်ကိုင်လမ်းစဉ် ပြန်သွားနိုင်တယ်ဆိုတဲ့ ကမ်းလှမ်းချက်နဲ့ အင်န်စီအေစာချုပ်ရအောင် ကြိုးစားခဲ့တာပါ။

အဲဒီအချိန် တပ်မတော်ဘက်က လိုက်လျောမှုဟာ ပြည်တွင်းစစ်ပွဲ နှစ် ၆၀ ကျော်ကာလအတွင်း မကြုံဖူးတဲ့၊ အရင်က မရှိခဲ့ဖူးတဲ့ လိုက်လျောကမ်းလှမ်းချက်လို့ ပြောမယ်ဆို ပြောနိုင်ပါတယ်။

ဒီလိုနဲ့ အစိုးရအဆက်ဆက်ကို ရာစုနှစ် တစ်ဝက်ကျော် လက်နက်ကိုင် တွန်းလှန်ခဲ့တဲ့ ကေအင်န်ယူ ကရင်အမျိုးသား အစည်းအရုံးဟာ ပြည်တွင်းစစ်သမိုင်းမှာ ပထမဦးဆုံး အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့သလို နောက်ပိုင်း အင်န်စီအေစာချုပ် လက်မှတ်ရေးထိုးရာမှာလည်း ပါဝင်ခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကဲဖြတ်ရရင် အပြည့်အဝ မဟုတ်ပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစိတ်တပိုင်းတော့ ခရီးရောက်ခဲ့ပါတယ်။

အင်န်အယ်လ်ဒီ အစိုးရတက်လာတဲ့အခါ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် လုပ်ကိုင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမွေဆက်ခံရပါတယ်။ ပြည်တွင်းပြည်ပ နိုင်ငံရေးအကဲခတ်တွေကတော့ ဒီမိုကရေစီလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုလက်ခံတဲ့ အရပ်သား အစိုးရတက်လာရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုပြီးအောင်မြင်မှု ရလာလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြဖူးပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ရှည်လများ သူ့မိတ်ဆွေဖြစ်ခဲ့တဲ့ ခွဲစိတ်ကုဆရာဝန်ကြီး ဒေါက်တာတင်မျိုးဝင်းကို ငြိမ်းချမ်းရေးလုပ်ငန်းဦးဆောင်ဖို့ တာဝန်ပေးပါတယ်။ လေးနှစ်ကျော်ကြာကာလ ဒေါက်တာတင်မျိုးဝင်းရဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုကိုကြည့်ရင် တဘက်မှာ ငြိမ်းချမ်းရေးဆိုင်ရာ၊ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ၊ တိုင်းရင်းသားအရေးဆိုင်ရာ နားလည်သိမြင်မှု သိပ် မရှိသလို၊ ပြည်တွင်းစစ်နဲ့ပတ်သက်ပြီးတော့လည်း နှံ့စပ်ပုံ မရပါဘူး။

အခြားတဘက်မှာတော့ အရေးအကြီးဆုံးဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေရော၊ တပ်မတော် စစ်ခေါင်းဆောင်တွေရဲ့ယုံကြည်မှုရအောင် တည်ဆောက်တာမတွေ့ရသလို၊ ယုံကြည်မှုလည်း ရခဲ့ဟန်မတူပါဘူး။ ဒီအခြေအနေဟာ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ အင်န်အယ်လ်ဒီ အစိုးရရဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းမှုဆိုတဲ့ အခန်းကဏ္ဍ ပျောက်ဆုံးသွားစေပြီး တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေကြား သူတို့ချင်း တည့်တည့်ကြီးညှိနှိုင်းကြရတဲ့သဘော သက်ရောက်သွားစေပါတယ်။

နောက်ထပ်ထူးခြားတာ တစ်ခုက တပ်မတော်ခေါင်းဆောင်တွေရဲ့ သဘောထားပြောင်းလဲလာမှုပါ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရာမှာ ပျော့ပျောင်း၊ လိုက်လျောမှုရှိတယ်ဆိုတာကို ပြသခဲ့ပေမဲ့ အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာတော့ ပြောင်းလဲသွားတယ်လို့တောင် ပြောနိုင်ပါတယ်။

၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးဆွေးနွေးပွဲအတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့တဲ့ “ ပြည်ထောင်စုမှ ခွဲမထွက်ရ” ဆိုတာနဲ့ “ တစ်ခုတည်းသော တပ်မတော်” ဆိုင်ရာ မိန့်ခွန်းကြောင့် နောက်ပိုင်းအကျိုးဆက်တွေ အများကြီးဖြစ်ပေါ်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရပ်ဆိုင်းလုနီးပါးအထိ ဖြစ်သွားပြီး တိုးတက်မှုမရှိတော့တာ ဒီကနေ့အထိပါပဲ။

မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မမြင်ဖြစ်၊ ရှေ့မတိုးနိုင် ဖြစ်ရတဲ့ကိစ္စမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တချို့ရဲ့ ရပ်တည်လှုပ်ရှားပုံကြောင့်လည်း ပါဝင်ပါတယ်။ ဥပမာအားဖြင့် အေအေ ရခိုင်တပ်ဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ တပ်မတော်ကို တိုက်ခိုက်ရုံတင်မက ရဲတပ်ဖွဲ့လိုမျိုး အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားတွေကိုတိုက်ခိုက်၊ အစိုးရကို ထောက်ခံသူလို့ ယူဆသူတွေ၊ အင်န်အယ်လ်ဒီ စည်းရုံးရေးမှူးတွေ၊ အစိုးရဝန်ထမ်းတွေ နောက်ဆုံး အင်န်အယ်လ်ဒီ အမတ်လို နိုင်ငံရေးသမားတွေကိုပါ ပစ်မှတ်ထားပြီး ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ လုပ်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေကြောင့် ရခိုင်ပြည်နယ်အရေးမှာ အစိုးရကို တပ်မတော်နဲ့ ဘက်တဘက်တည်း ဖြစ်သွားအောင် တွန်းပို့လိုက်သလို ဖြစ်သွားပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံရတာ၊ ငြိမ်းချမ်းရေးကို နှောင့်နှေးသွားစေတာမျိုး ဖြစ်ခဲ့ပါတယ်။ ဒါတင်မက အေအေ ရခိုင်တပ်ဖွဲ့ရဲ့ အစိုးရနဲ့ တစ်ဖွဲ့ချင်း မဆွေးနွေးဘူးဆိုတဲ့ရပ်တည်ချက် ဆုပ်ကိုင်ထားခြင်းကလည်း နှစ်ဘက် အပစ်အခတ်ရပ်စဲနိုင်ဖို့၊ Bilateral Ceasefire Agreement ရေးထိုးဖို့ အလှမ်းဝေးစေခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်ဖို့ဆိုရင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာမှာ တိုက်ရိုက်သက်ဆိုင်နေတဲ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က တွေ့ဆုံ၊ ညှိနှိုင်း၊ ဆွေးနွေး၊ အပေးအယူ အလျော့အတင်းလုပ်လိုစိတ် ရှိရပါမယ်။ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားစိတ်၊ ရအောင်ယူလိုစိတ် ကြိုးစားလိုစိတ် ရှိရပါမယ်။

အထူးသဖြင့် အင်အားပိုကြီးတဲ့ တပ်မတော်ဘက်က ဖြစ်ပါတယ်။ တဘက်ဘက်မှာ အဲဒီအချက် ချို့ယွင်းနေရင် ငြိမ်းချမ်းရေးဆိုတာလည်း ဖြစ်ပေါ်လာစရာ အကြောင်းမရှိပါဘူး။ အရပ်သား အစိုးရအနေနဲ့ကတော့ လက်တွေ့ကျတဲ့ ဖက်ဒရယ်မူကို စွဲကိုင်ရင်း သက်ဆိုင်သူ နှစ်ဘက်ကို ကြားကနေ စေ့စပ်ညှိနှိုင်းပေးနိုင်တဲ့ အရည်အချင်းရှိဖို့ လိုပါတယ်။ နှစ်ဘက်ရဲ့ ယုံကြည်မှုရအောင် ကြိုးစားနိုင်ဖို့ လိုပါတယ်။

လက်ရှိ အင်န်အယ်လ်ဒီအစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထင်သလောက် မတိုးတက်ပါဘူး။ အကြောင်းကတော့ တပ်မတော်ဘက်က သဘောထား တင်းမာလာတာ၊ အင်န်အယ်လ်ဒီရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှု အရည်အချင်းနိမ့်ကျတာ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ရဲ့ သဘောထားတင်းမာတာ စတဲ့အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

တကယ်လို့များ အင်န်အယ်လ်ဒီအနေနဲ့ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်သည်အထိနိုင်ပြီး ၂၀၂၀ နောက်ပိုင်းကာလ ဆက်ပြီးတာဝန်ယူခွင့်ရခဲ့မယ်ဆိုရင် ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုဆိုင်ရာ လုပ်ငန်းစဉ် တစ်ခုလုံးကို ပြန်ဆန်းစစ်ဖို့ လိုပါတယ်။ အလားတူ တပ်မတော်ဘက်ကရော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ဘက်ကပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်၊ ပြုပြင်၊ ပြောင်းလဲကြိုးစားမှသာ အောင်မြင်မှုရနိုင်မှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.