အင်န်အယ်လ်ဒီပါတီ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးကောင်းပါရဲ့လား

အင်န်အယ်လ်ဒီပါတီဟာ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံရေးကောင်းအောင် မတည်ဆောက်နိုင်၊ ယုံကြည်မှုရအောင်မလုပ်နိုင်တဲ့အတွက် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ဖို့ဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီအစိုးရ တက်လာတဲ့ ၂၀၁၆ ခုနှစ်က သူတို့အစိုးရရဲ့ အဓိက ရည်မှန်းချက်ဟာ ငြိမ်းချမ်းရေးရရှိရေးဆိုပြီး ပြောဆိုခဲ့ပါတယ်။

ငြိမ်းချမ်းရေးသည် ပထမ၊ ငြိမ်းချမ်းရေးသည် ဒုတိယ၊ ငြိမ်းချမ်းရေးသည် တတိယ ဆိုသည်အထိ ပြောဆိုခဲ့ဖူးပါတယ်။ တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေအပါအဝင် တိုင်းရင်းသားအားလုံးနဲ့ ညှိနှိုင်း၊ တိုင်ပင်၊ သဘောတူညီမှုရယူပြီး တိုင်းပြည်ကို ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ခြင်းပါ။

ဒီရည်မှန်းချက် ပေါက်မြောက်အောင်မြင်ဖို့ဆိုရင် အာဏာရ အင်န်အယ်လ်ဒီအစိုးရနဲ့ တိုင်းရင်းသားတွေရဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့လိုပါတယ်။ အကြိမ်ကြိမ် တွေ့ဆုံညှိနှိုင်းပြီး တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ယုံကြည်မှု တည်ဆောက်ထားနိုင်ဖို့လည်းလိုပါတယ်။ အတိုက်အခံကာလက အင်န်အယ်လ်ဒီပါတီဟာ တောတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံတာ မရှိခဲ့ပေမဲ့ အာဏာရလာပြီးနောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ခွင့်ရတဲ့အခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံလာရပါတယ်။

စစ်အာဏာရှင်တွေကို ခုခံတွန်းလှန် ရင်ဆိုင်ခဲ့ချိန်က တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ခိုင်မာတဲ့ မဟာမိတ်ဖွဲ့မှုရှိပြီး နားလည်နီးကပ်ခဲ့ကြပါတယ်။ အခုဆို အင်န်အယ်လ်ဒီအစိုးရ တက်လာတာ ၄ နှစ်နီးပါး ရှိပါတော့မယ်။ လက်ရှိကာလ အင်န်အယ်လ်ဒီပါတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆက်ဆံရေး၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ဆက်ဆံရေး ကောင်းမွန်နေပါရဲ့လား၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ဖို့ ဘာတွေလုပ်ကိုင်ဆောင်ရွက်ပြီးပြီလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက် ဖြစ်လာပါတယ်။ ဒီအကြောင်း လေ့လာတင်ပြသွားပါ့မယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း အစိုးရနဲ့ တတိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ တရားဝင် ဆွေးနွေးပွဲတွေ တစ်နှစ်ကျော်ကြာ ရပ်ဆိုင်းခဲ့ပြီး ၂၀၂၀ ဇန်နဝါရီလ ၈ ရက်မှာမှ JICM အစည်းအဝေးတွေ ပြန်စတင်နိုင်တာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုထားတဲ့ တစ်နှစ်ကို ၂၁ ရာစု ပင်လုံညီလာခံ ဘယ်နှစ်ကြိမ်လုပ်မယ်၊ ၂၀၂၀ ရောက်ရင် အခြေခံဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆွေးနွေး သဘောတူပြီးသား ဖြစ်လိမ့်မယ်ဆိုတဲ့ မျှော်မှန်းချက် အောင်မြင်မှုမရဘူးဆိုတာ တွေ့မြင်နိုင်ပါတယ်။

အလားတူ ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ ရခိုင် AA ၊ တအာင်းပလောင်တပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့တွေနဲ့ အပစ်ရပ်စာချုပ် မချုပ်ဆိုနိုင်ရုံမက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ အလားတူ ကေအိုင်အေ ကချင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ အပစ်ရပ်စာချုပ် မချုပ်ဆိုနိုင်သေးသလို ကချင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး လုပ်ငန်းစဉ်လည်း တရားဝင် မစတင်နိုင်သေးပါဘူး။ အပစ်ရပ်ထားတဲ့ ဝ တပ်ဖွဲ့၊ မိုင်းလားတပ်ဖွဲ့၊ SSPP/ SSA ရှမ်းလက်နက်ကိုင်တပ်ဖွဲ့၊ KNPP ကရင်နီ လက်နက်ကိုင် တပ်ဖွဲ့တွေကိုလည်း NCA လမ်းကြောင်းပေါ်ရောက်အောင် မညှိနှိုင်းနိုင်သေးပါဘူး။ ဒီလိုအောင်မြင်မှု မရသေးတဲ့ဖြစ်စဉ်တွေမှာ တပ်မတော်ကြောင့်၊ တိုင်းရင်းသား လက်နက်ကိုင်တွေကြောင့်လို့ လက်ညှိုးထိုး အပြစ်ပုံချချင်ရင် လွယ်ကူပေမဲ့ အစိုးရတာဝန်ယူထားတဲ့၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင်ဦးရွက် လုပ်နေတဲ့ အင်န်အယ်လ်ဒီအစိုးရအပေါ်မှာလည်း အများကြီး တာဝန်ရှိနေတာတွေ့နိုင်ပါတယ်။

လက်တွေ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အင်န်အယ်လ်ဒီက ခေါင်းဆောင်အဖြစ် တာဝန်ပေးထားတဲ့ ဒေါက်တာတင်မျိုးဝင်းရဲ့ အခန်းကဏ္ဍ ပျောက်ဆုံးသလို ဖြစ်နေပြီး တခြားဘယ်အင်န်အယ်လ်ဒီ ခေါင်းဆောင်တွေကမှလည်း ထဲထဲဝင်ဝင် ပါဝင်နိုင်တာ မတွေ့ကြရပါဘူး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လို့ ဆိုလိုက်ရင် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနဲ့ အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် အငြိမ်းစားဗိုလ်မှူး ဇော်ဌေးတို့ပဲ ဦးဆောင်နေတာ တွေ့ကြရလို့ အင်န်အယ်လ်ဒီဟာ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ပါရော ပါဝင်နေသလားလို့တောင် မေးခွန်းထုတ်ရမလို ဖြစ်နေပါပြီ။

လေးနှစ်တာ ငြိမ်းချမ်းရေး ဆောင်ရွက်မှုကာလအတွင်း ဒေါက်တာတင်မျိုးဝင်းဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီးက ခေါင်းဆောင်တွေကို စုံစုံညီညီ တွေ့ရော တွေ့ဖူးပါရဲ့လားဆိုတာကိုတောင် သံသယဖြစ်စရာပါ။ အရင်အစိုးရလက်ထက် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်းလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေနဲ့ အကြိမ်ကြိမ် အခါခါတွေ့၊ လူပုဂ္ဂိုလ်ချင်း ရင်းနှီးမှု ရယူထားနိုင်ခြင်း မရှိတာကတော့ သေချာပါတယ်။

ဒါတွေ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် အင်န်အယ်လ်ဒီဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ရင်းရင်းနှီးနှီးလည်းမရှိ၊ နားလည်မှုလည်း တည်ဆောက်မထားနိုင်တာမို့ အဲဒီလက်နက်ကိုင်အဖွဲ့တွေရဲ့ ယုံကြည်မှုရဖို့ ဆိုတာကလည်း မဖြစ်နိုင်ခဲ့ပါဘူး။ အကျိုးဆက်အဖြစ် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား သင့်တင့်တဲ့ ပြေလည်မှုရလဒ်တွေ ထွက်လာအောင်  စေ့စပ်ညှိနှိုင်းမှုတွေ မလုပ်ဆောင်နိုင်ခဲ့ခြင်းပါပဲ။

အခြားတစ်ဖက်မှာတော့ အင်န်အယ်လ်ဒီပါတီဟာ တရားဝင် တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ကောင်းမွန် ခိုင်မာတဲ့ မဟာမိတ်တွေအဖြစ် တည်ရှိခဲ့ဖူးပါတယ်။ အင်န်အယ်လ်ဒီပါတီနဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသားပါတီတွေ စ တည်ထောင်ကြတဲ့ ၁၉၉၀ ဝန်းကျင်ကနေ စစ်အာဏာရှင်တွေက လုပ်ပေးတဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကာလအလွန်အထိ အမျိုးမျိုးသော ဖိနှိပ်မှုကို အတူတကွ ရင်ဆိုင်တွန်းလှန်ရင်း အလွန်ခိုင်မာတဲ့ မဟာမိတ်တွေအဖြစ် လက်တွဲခဲ့ကြပါတယ်။ စစ်အာဏာရှင်တွေက တဖက်သတ်ရေးဆွဲ အတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပပေးတဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလမှာ လွတ်လပ်မှု၊ တရားမျှတမှု မရှိလို့ အင်န်အယ်လ်ဒီပါတီဟာ၊ ပါတီကို မှတ်ပုံလည်း မတင်၊ ရွေးကောက်ပွဲလည်း မဝင်ခဲ့ချိန်၊ တိုင်းရင်းသားပါတီတွေကလည်း ရွေးကောက်ပွဲကို အတူတကွ သပိတ်မှောက်ခဲ့ကြပါတယ်။

ဒါပေမဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကာလမှာတော့ အင်န်အယ်လ်ဒီပါတီဟာ  နှစ်ပေါင်းကြာရှည် လက်တွဲလာတဲ့ မဟာမိတ် တိုင်းရင်းသားပါတီတွေနဲ့ စေ့စပ်ညှိနှိုင်း၊ အပေးအယူ မလုပ်ခဲ့ရုံမက ရွေးကောက်ပွဲ အနိုင်ရပြီးနောက်ပိုင်း သမ္မတရွေးနိုင်၊ အစိုးရဖွဲ့နိုင်တဲ့ အခြေအနေရောက်တော့လည်း တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းတာမျိုး မလုပ်ခဲ့ပါဘူး။ အစိုးရအဖွဲ့ဝင် နေရာတချို့အတွက် အင်န်အယ်လ်ဒီပါတီဘက်က သတ်မှတ်တဲ့ ရာထူးတာဝန်နဲ့ သတ်မှတ်သူကိုပဲပေးဖို့ ကမ်းလှမ်း လုပ်ဆောင်ခဲ့တာကြောင့် SNLD အပါအဝင် ကာလကြာရှည် မဟာမိတ်ဖြစ်ခဲ့တဲ့ တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေး မပြေမလည် ဖြစ်ခဲ့ရပါတယ်။

ဒီကြားထဲ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂ ရက်က တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးကောင်းမွန်အောင် “ ဗဟို တိုင်းရင်းသားရေးရာ ကော်မတီ” တစ်ရပ် ဖွဲ့စည်းလိုက်တော့လည်း တခြားကိစ္စတွေကို ဆွေးနွေးမယ်၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေ အပေးအယူလုပ်ဖို့ ညှိနှိုင်းတာမျိုးတော့ မလုပ်ဘူးလို့ဆိုတဲ့ မာနထောင်လွှားတဲ့ ကြေညာချက်ကြောင့် ကာလကြာရှည် မဟာမိတ်ဖြစ်ခဲ့တဲ့ “စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့” UNA အဖွဲ့ဝင် တိုင်းရင်းသားပါတီတွေက အင်န်အယ်လ်ဒီနဲ့ ဘာမှဆွေးနွေးစရာ မရှိဘူးလို့ ထုတ်ဖော်ပြောဆိုတဲ့အဆင့် ရောက်သွားခဲ့ရပါတယ်။ ပြောရရင် လက်ရှိအချိန် အင်န်အယ်လ်ဒီပါတီနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေ ဆက်ဆံရေး ကောင်းမနေပါဘူး။

ခုလို တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေး ဘယ်လိုပဲဖြစ်နေပါစေ၊ လွှတ်တော်တွင်းမှာ အမတ်နေရာ အများဆုံးရထားပြီး နိုင်ငံတော် သမ္မတတာဝန်နဲ့ အစိုးရတာဝန်ယူထားတဲ့ အင်န်အယ်လ်ဒီအနေနဲ့ ဆန္ဒရှိမယ်ဆိုရင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ကို စ ပြီး အကောင်အထည်ဖော်လို့ ရနေပါတယ်။ လွှတ်တော်တွင်းနဲ့ အစိုးရလုပ်ငန်းဆောင်တာတွေ လုပ်ရာမှာ တိုင်းရင်းသားတွေနဲ့ ဆက်စပ် ပတ်သက်တဲ့ အရေးကိစ္စတွေမှာ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းတိုင်ပင် သဘောတူညီမှုရယူပြီးမှ ဥပဒေပြုတာ၊ ဘတ်ဂျက်တွေ ခွဲဝေတာ၊ ရင်းနှီးမြှုပ်နှံမှုတွေ လက်ခံတာ၊ လုပ်ငန်းအကောင်အထည်ဖော်တာမျိုး လုပ်မယ်ဆို လုပ်လို့ရနေပါတယ်။ ဒါပေမဲ့ အင်န်အယ်လ်ဒီဟာ အဲလိုမလုပ်ခဲ့လေတော့ တကယ်ပဲ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ချင်တဲ့ဆန္ဒ ပြင်းပြပါရဲ့လားဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

အင်န်အယ်လ်ဒီပါတီဟာ တရားဝင် နိုင်ငံရေးပါတီတွေထဲမှာ ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ အစောဆုံး ထုတ်ဖော်ပြောဆိုခဲ့တဲ့ ဗမာအများစုပါဝင်တဲ့ နိုင်ငံရေးပါတီကြီး ဖြစ်ပါတယ်။ ဒီလို ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ဖို့ဆိုတာဟာ ပြောနေဆိုနေ သန္နိဋ္ဌာန်ချပြနေရုံနဲ့ ပြီးတာမျိုးမဟုတ်ဘဲ တကယ့်ကို တိုင်းရင်းသား နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်ဆံရေးကောင်းအောင် တည်ဆောက်နေဖို့လိုပါတယ်။

သူတို့တွေရဲ့ယုံကြည်မှု မရ ရအောင် ကြိုးစားရမယ့်အပြင် လွှတ်တော်ကိုလွှမ်းမိုး၊ အစိုးရအာဏာလည်း ရထားတာမို့ အခွင့်အရေးရရင်ရသလောက် ဖက်ဒရယ်ပြည်ထောင်စု ပုံသဏ္ဍန်ကို လက်တွေ့ကျင့်သုံး အကောင်အထည်ဖော်ပြသင့်နေပြီ ဖြစ်ကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.