ယခင်ကလူစည်ကားရာ အရပ်ဖြစ်ခဲ့သော စစ်တွေမြို့ဈေးသည် နေအိမ်တွင်နေထိုင်စေရေး အမိန့်ကျင့်သုံးပြီးနောက် ဤကဲ့သို့ ခြောက်ကပ်သွားသည်ကို ဩဂုတ်၂၄ရကfတွင် မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

စားဝတ်နေရေး၊ ကိုဗစ်ဘေးနှင့် အကျပ်အတည်းများကြားက ရခိုင်ပြည်သူများ

ရခိုင်ပြည်နယ်အတွင်းက ကိုဗစ်-၁၉ပိုးတွေ့လူနာဦးရေသည် လွန်ခဲ့သသည့်နှင့် ယခုလဆန်းပိုင်းကထက် လျော့နည်းသွားပြီဖြစ်သည်။ ဒေသခံများကမူ နေအိမ်တွင်နေထိုင်စေရေးအမိန့်များနှင့် အသွားအလာကန့်သတ်မှုများအောက်တွင် စားဝတ်နေရေးကျပ်တည်းစွာ နေထိုင်ရကြောင်း ဆိုသည်။

ကောင်းဆက်နိုင် ရေးသားသည်။

ကိုဗစ်-၁၉နှင့် ရင်ဆိုင်ကြုံတွေ့ရပြီးနောက် တစ်လအကြာ ရခိုင်ပြည်နယ်တွင် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောဆိုလာသည်။

သြဂုတ်၁၆ရက်က စစ်တွေမြို့ရှိ ဘဏ်ဝန်ထမ်းအမျိုးသမီးတစ်ဦးထံတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်း ပိုးတွေ့ရှိသူလူနာအရေအတွက်မှာ စက်တင်ဘာ တတိယအပတ်တွင် ၁၀၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။

တစ်ပြည်နယ်လုံးအတိုင်းအတာနှင့် ပိုးတွေ့လူနာတွေ့ရှိမှု ရှစ်ဦးသာရှိခဲ့သည့် စက်တင်ဘာ၁၅ရက်တွင် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတာဝန်ရှိသူများက ပြောဆိုခဲ့သည်။

ပိုးတွေ့လူနာတွေ့ရှိမှု ရုတ်တရက်မြင့်တက်ခဲ့သည့် စက်တင်ဘာ၁၄ရက် (၄၄ဦး)နှင့် ၁၆ရက် (၈၀ဦး)တို့ကဲ့သို့ နေ့ရက်များကလွဲ၍ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ကူးစက်ပြန့်နှံ့မှုသည် စက်တင်ဘာလဆန်းပိုင်းထက်က စာလျှင် အခြေအနေပို၍ ကောင်းလာသည်ဟု ဆိုနိုင်ပေသည်။ ထိုစဉ်က ရခိုင်ပြည်နယ်သည် တစ်ကျော့ပြန် ကိုဗစ်-၁၉ ဒုတိယလှိုင်းစတင်ရာ ဗဟိုချက်မဖြစ်ခဲ့ပြီး နေ့စဉ်ပိုးတွေ့လူနာမှာ အဆမတန်မြင့်တက်ခဲ့သည်။

ရောဂါပိုးတွေ့ရှိသူ အများဆုံးရှိခဲ့သော မြို့တော်စစ်တွေတွင် စက်တင်ဘာ၁၅ရက်အထိ ရောဂါသက်သာလာ၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၂၄၂ဦးအထိရှိခဲ့ပြီး ဆေးကုသမှုခံယူသူ ၂၀၀ဝန်းကျင်သာ ကျန်တော့သည်။

“ပိုးတွေ့တာကလည်း နည်းလာပြီ။ ဆေးရုံမှာကလည်း ၁၉၇ ယောက်ပဲရှိတော့တယ်။ အဲဒီတော့ လတ်တလော အခြေအနေအရ ထိန်းချုပ်လာနိုင်ပြီ”ဟု စစ်တွေကုတင် (၅၀၀) ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဇော်လွင်က ပြောသည်။

လက်ရှိအချိန်တွင် ရခိုင်တစ်ပြည်နယ်လုံးတွင် GeneXpert ကိုဗစ်-၁၉ ရောဂါရှာဖွေရေးစက် ကိုးလုံးရှိပြီး စက်တစ်လုံးက တစ်ရက်လျှင် ဓာတ်ခွဲနမူနာ ၁၀၀မှ ၁၅၀အထိ စစ်ဆေးနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက စက်တင်ဘာ ၁၈ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

တစ်ပြည်နယ်လုံးအတိုင်းအတာတွင် ဆေးကုသမှုခံယူသူ ၃၈၄ ဦးအထိသာရှိတော့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ၁၅ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နေအိမ်တွင်သာ နေထိုင်စေရေး (Stay At Home) ကန့်သတ်ချက်များနှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း စည်းမျဉ်းများကို ပြည်သူအများက လိုက်နာခြင်းကြောင်း ယခုကဲ့သို့ ထိန်းချုပ်နိုင်ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ဆိုသည်။

“ဒါပေမဲ့ ပေါ့လို့တော့မရသေးဘူး။ စည်းကမ်းတွေကို ဆက်ပြီးလိုက်နာဖို့လိုတယ်”ဟု ဒေါက်တာ ဇော်လွင်က သတိပေးသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း လူဦးရေ ၅,၀၀၀ ကျော်အထိ အစိုးရအစီအစဉ်ဖြင့် အသွားအလာ ကန့်သတ်နေထိုင်နိုင်ရန် နေရာအလုံအလောက်ရှိပြီး လက်ရှိတွင် အဆိုပါနေရာများတွင် လူဦးရေ ၁,၀၀၀ ကျော်သာ ရှိသေးသည်ဖြစ်ရာ နေရာလုံလောက်လျက်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့က ဆိုသည်။

အစိုးရတုံ့ပြန်မှုအပေါ် သံသယမျက်လုံးများ

ပြည်နယ်အစိုးရက ကိုဗစ်-၁၉ဖြစ်ပွားမှုကို ထိန်းချုပ်လာနိုင်ပြီဟုဆိုသော်လည်း ဒေသခံများမှာမူ ရောဂါပိုးရှိသူနှင့်ထိတွေ့မှုရှိသူများကိုစုံစမ်းရှာဖွေမှုများ ထိရောက်မှုမရှိမည်ကို စိုးရိမ်နေကြသည်။ ထို့ပြင် ကိုဗစ်-၁၉ပိုးတွေ့လူနာအရေအတွက် တစ်ဟုန်ထိုးမြင့်တက်လာ၍ နေအိမ်တွင်သာ နေထိုင်ရေးအစီအစဉ် ကြေညာထားရာ ဒေသခံအများအပြား စီးပွားရေးလုပ်ငန်းများ ထိခိုက်ကြရသည်။ အသွားအလာ ကန့်သတ်မှုအစီအစဉ်များကြောင့် ကုန်စည်စီးဆင်းမှု ထိခိုက်ရပြီး ရခိုင်ပြည်နယ်အတွင်း မြို့အတော်များများတွင် ကုန်ပစ္စည်းဈေးနှုန်းမြင့်တက်သည့် ပြဿနာက ဒေသခံများအတွက် ပူပင်သောကပွားစရာဖြစ်ခဲ့သည်။

တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ဓာတ်ခွဲစစ်ဆေးနိုင်စွမ်းမြင့်တက်လာသော်လည်း ပိုးတွေ့လူနာနှင့် ထိတွေ့မှုရှိ၍ ဓာတ်ခွဲစစ်ဆေးမှုခံယူရန် စောင့်ဆိုင်းသူလူနာဦးရေမှာ “အင်မတန်များပြားလှသည်” ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး၏ ထုတ်ပြန်ချက်က ဆိုသည်။

ပိုးတွေ့လူနာသစ်နာသစ်ဦးရေ လျော့ကျသွားသည့်တိုင် ဓာတ်ခွဲစစ်ဆေးမှုရေဒါအောက်မှ လွတ်မြောက်နေပြီး ရောဂါပိုးသယ်ဆောင်သူဦး ဒေသခံများအကြား အများအပြားရှိနေမည်ကို စိုးရိမ်ကြောင်း စစ်တွေမြို့၊ သာဇံလှလမ်းတွင် နေထိုင်သည့် အသက်၃၁နှစ်အရွယ်ရှိပြီဖြစ်သည့် မချမ်းငြိမ်းဝေက ပြောသည်။

“ပိုးက မျက်စိနဲ့မြင်ရတာမဟုတ်ဘူးလေ။ တစ်ယောက်ယောက်များ ကူးပြီးတော့ ကျန်ခဲ့မယ်။ အဲဒါကိုတော့ ကြောက်သေးတာပေါ့။ ကူးပြီးကျန်ခဲ့တာတွေ ရှိနေမှာကိုတော့ အဓိကကြောက်တယ်”ဟု သူက ပြောသည်။

အခြားစစ်တွေမြို့ခံများကလည်း မချမ်းငြိမ်းဝေကဲ့သို့ပင် စိုးရိမ်မှုမျိုးရှိကြသည်။ ရောဂါပိုးရှိခဲ့သူများနှင့် ထိတွေ့ခဲ့သူမှန်သမျှကို ရှာဖွေဖော်ထုတ်မနိုင်မည်ကို ၎င်းတို့က ထိတ်လန့်နေကြသည်။

“ပိုးတွေ့လူနာရဲ့ မိသားစုကိုပဲ ကွာရန်တင်းဝင် (အသွားအလာကန့်သတ်နေထိုင်စေခြင်း)ခိုင်းမယ်။ ကျန်တဲ့အိမ်နီးနားချင်းတွေကို မလိုက်နိုင်ဘူးဆိုရင် ရောဂါပိုးက လူထဲမှာရှိနေုနိုင်တယ်”ဟု ရခိုင်လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဇော်ဇော်ထွန်းက ထောက်ပြသည်။

၎င်းတို့သည် စစ်တွေ့မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကွာရန်တင်းစင်တာနှစ်ခု ဖွင့်လှစ်ကာ အစိုးရလမ်းညွှန်ချက်ဖြင့် ကိုဗစ်-၁၉ သံသယလူနာများကို အသွားအလာကန့်သတ်မှုပြု လုပ်ပေးလျက်ရှိသည်။

အနံ့မရခြင်း၊ ဖျားနာခြင်း စသည့်ကိုဗစ်-၁၉လက္ခဏာခံစားနေရသူအချို့ ကွာရန်တင်းမဝင်သေးခင် ၎င်းတို့၏ အိမ်နီးနားချင်းများနှင့် ထိတွေ့မှုရှိခဲ့သည်ဟု တစ်ဆင့်ပြောစကားများ ကြားသိနေရကြောင်း ကိုဇော်ဇော်ထွန်းက ပြောသည်။ ၎င်းသည် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူးလည်းဖြစ်သည်။

ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကမူ ၎င်းတို့အစိုးရအဖွဲ့သည် ဒေသခံများ၏ စိုးရိမ်မှုကိုနားလည်ကြောင်းဆိုသည်။

“ကျန်းမာရေးနဲ့ပူးပေါင်းပြီး အကောင်းဆုံးလုပ်ဆောင်နေတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ လက်လှမ်းမမီ လိုက်တာမျိုးတွေ ကျန်ခဲ့ကောင်းကျန်ခဲ့နိုင်တယ်လေ။ အဲဒါတွေကို ရပ်ကွက်ထဲက လူတွေသိနိုင်တယ်။ သိရင် သတင်းပေးပါ။ ပြည်သူတွေပူးပေါင်းမှုလိုတယ်”ဟု ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည့် ဦးဝင်းမြင့်က ပြောသည်။

စစ်တွေပြည်သူ့ဆေးရုံကြီးဝင်ပေါက်အနီးက လက်ဆေးစင်တွင် လက်သန့်စင်နေသည့်အမျိုးသမီးတစ်ဦးကို ဩဂုတ်၂၄ရက်က မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ကုန်စည်စီးဆင်းမှု အကျပ်အတည်း

မြစ်ချောင်းများပေါများခြင်း၊ ကားလမ်း၊​ မီးရထားလမ်း စသည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးမှုနိမ့်ကျခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းက လမ်းပန်းဆက်သွယ်ရေးသည် ယခင်ကတည်းကပင် ခက်ခဲသည့်အခြေအနေတွင် ရှိခဲ့သည်။ ထို့ပြင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲများကြောင့် လုံခြုံရေးအခြေအနေအရ ကားလမ်းများ မကြာခဏ ပိတ်ဆို့လေ့ရှိခဲ့သည်။

ထိုသို့ ရှိနေနှင့်ပြီးသား လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်သည့်အခြေအနေများအပြင် ကိုဗစ်-၁၉ပြန့်ပွားမှုကို ထိန်းချုပ်ရန် အစိုးရက နယ်ကျော်သွားလာမှု ကန့်သတ်လိုက်သောအခါ ရခိုင်ပြည်နယ်အတွင်း နေရာအနှံ့အပြားသို့ ကုန်စည်စီးဆင်းမှုက ရပ်တန့်လုနီးပါးဖြစ်ခဲ့သည်။

ပြည်နယ်အစိုးရက ကုန်စည်စီးဆင်းမှုမပြတ်တောက်စေရန် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရများနှင့် ညှိနှိုင်း၍ နေရာသတ်မှတ်ကာ ကုန်များကိုယာဉ်ပြောင်းသယ်ဆောင်စေခြင်း၊ ယာဉ်မောင်းလဲလှယ်စေခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့သည်။ သို့သော် မြေပြင်ပေါ်က လက်တွေ့အခြေအနေအခြေအနေမှာမူ တစ်မျိုးတစ်ဖုံဖြစ်သည်။

ပြည်နယ်ပြင်ပသို့ ထွက်ခွာခွင့်ကို အစိုးရက ကန့်သတ်လိုက်ပြီး မဖြစ်မနေ သွားရောက်ရန်ရှိပါကလည်း သက်ဆိုင်ရာအာဏာပိုင်များထံက ခွင့်ပြုချက်ရယူရမည်ဖြစ်ကာ ရောက်ရာအရပ်တွင် ၂၁ရက် အသွားအလာကန့်သတ် နေထိုင်ရန် စည်းမျဉ်းချမှတ်ခဲ့သည်။

ယင်းစည်းမျဉ်းကြောင့် ကုန်စည်ပစ္စည်းပို့ဆောင်ရေးလုပ်ငန်းများမှာ ပြည်နယ်အဝင်ပေါက်တွင် ကားမောင်းသူ လဲလှယ်ခဲ့ကြသည်။​ ကုန်တင်ယာဉ်အများအပြား ယာဉ်မောင်းလဲလှယ်ရသည့်အပြင် စစ်ဆေးရေးဂိတ်များစွာကို ဖြတ်သန်းရသဖြင့် အချိန်ကြာမြင့်လာသည်။ ယင်းကြောင့်ပင် ရခိုင်ပြည်နယ်အတွင်းသို့ ကုန်တင်ယာဉ်များ အဝင်နည်းလာပြီး ကုန်ပစ္စည်းများအတွက် သယ်ယူပို့ဆောင်ရေး စရိတ်စက ကြီးမြင့်လာသည်ဟု ဒေသခံများက ဆိုသည်။

“ယာဉ်မောင်းပြောင်းလိုက်တာ၊ ကုန်ပစ္စည်းကို ကားပြောင်းတင်တာက တကယ်တော့ လက်တွေ့မှာလုပ်ရတာ အရမ်းခက်ခဲတယ်။ စစ်ဆေးရေးဂိတ်တွေ ခဏခဏဖြတ်ရတော့ ခရီးကမတွင်ဘူး။ ကြာလာတော့ ဒရိုင်ဘာတွေက စိတ်ပျက်လာတယ်။ နောက်အခေါက်တွေကျတော့ သူတို့က မလိုက်တော့ဘူးဖြစ်သွားတယ်”ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းက ဦးအောင်အောင်က ပြောသည်။

အချို့ကုန်ပစ္စည်းများကို ရန်ကုန်မြို့မှ စစ်တွေမြို့သို့ သင်္ဘောများဖြင့် ရေလမ်းကြောင်းကတစ်ဆင့် တင်ပို့မှုရှိသော်လည်း မကွေးနှင့် မန္တလေးစသည့်မြို့ကြီးများမှ ကုန်းလမ်းကြောင်းဖြင့် တင်ပို့လာသည့် ကြက်သွန်နီ၊ အာလူး၊ ဟင်းသီးဟင်းရွက်များ၊ ငရုတ်ကြမ်းအခြောက်မှုန့်နှင့် စားသုံးဆီစသည့် စားသောက်ကုန်များမှာ ရှားပါးပြတ်လပ်ကုန်သည်။

ထို့ပြင် ကုန်စည်စီးဆင်းမှုကြာမြင့်ခြင်းသည် ရခိုင်ပြည်နယ်၏ အဓိကထွက်ဖြစ်သော ငါးခြောက်နှင့် ပင်လယ်စာထွက်ကုန်များ အခြားဒေသများသို့ တင်ပို့မှုကို အကြီးအကျယ်ထိခိုက်စေခဲ့သည်။

“အရင်က ကုန်အပေါ့ တစ်ပိဿာကို သယ်ခက ၁၈၀ကျပ်၊ အခုက၂၂၀ ဖြစ်သွားပြီ။ အရေအတွက် အများကြီးနဲ့ဆို တွက်သာကြည့်တော့”ဟု ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်တွင်နေထိုင်ပြီး ကုန်စုံဆိုင်ဖွင့်လှစ်ထားသော  ကိုဟန်ဝင်းအောင်က စိတ်ပျက်စွာဖြင့် ပြောသည်။ မကွေးတွင် တစ်ပိဿာလျှင် ကျပ်၆၀၀ဖြင့် ဝယ်ယူရသော ကြက်သွန်နီသည် ရခိုင်သို့ရောက်ရှိလာပါက သယ်ယူပို့ဆောင်ခစရိတ်ကြောင့် ကျပ်၈၀၀ကျော်အထိ စျေးတက်သွားကြောင်း ၎င်းကဆိုသည်။

အသက် ၄၀ အရွယ်ရှိပြီဖြစ်သည့် ကိုဟန်ဝင်းအောင်သည် ရန်ကုန်နှင့် မန္တလေးမြို့များမှ စားသောက်ကုန်များ မှာယူ၍ ကျောက်တော်မြို့တွင် ပြန်လည်ရောင်းချသူဖြစ်သည်။ ယခင်ကပင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြား မကြာခဏဖြစ်ပွားသည့် တိုက်ပွဲများကြောင့်လည်း ကုန်ပစ္စည်းဝင်ရောက်မှုမှာ မတည်မငြိမ်ဖြစ်သည်ဟု ၎င်းကဆိုသည်။ ကုန်စည်လာရောက်ပို့ဆောင်မည့် ယာဉ်မောင်းများမှာ ကွာရန်တင်းဝင်ရမည်ဖြစ်၍ ရခိုင်ဘက်သို့ကုန်တင်ယာဉ်မောင်းနှင်ပေးမည့်သူ ရှာမရဖြစ်နေသည်။

“သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ဆို ဘာပစ္စည်းသယ်သယ် စီးပွားရေးအရ တွက်ချေမကိုက်တော့ဘူး။ သယ်ခ စရိတ်တွေ ဒီလောက်ကြီးနေတာတောင် ယာဉ်လိုင်းတွေက တင်မယ့်ကုန်ပစ္စည်းကို ရွေးသေးတယ်။ အခုက မန္တလေးကနေ ပစ္စည်းကို ပိုက်ဆံအရင်လွှဲပြီး ကြိုမှာထားတယ်။ အဲဒါတောင်မှ ကားသမားတွေက ဒီဘက်ကိုလာဖို့ ရှာမရလို့စောင့်နေရတယ်”ဟု ဦးဟန်ဝင်းအောင်က သူရင်ဆိုင်နေရသည့်အခြေအနေကို ပြောသည်။

စစ်တွေ၊ မြောက်ဦးနှင့် အခြားမြို့နယ်များက ဒေသခံများကလည်း ရခိုင်ပြည်နယ်အတွင်း လူသုံးကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်လျက်ရှိပြီး  အချို့ကုန်ပစ္စည်းများမှာ ပြတ်လပ်သည်အထိ ရှားပါးနေသည်ဟု ဆိုသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ပိုးတွေ့လူနာအများဆုံးရှိခဲ့သည့် စစ်တွေမြို့တွင် ပြင်းထန်တင်းကျပ်သော အသွားအလာ ကန့်သတ်မှုများ၊ ကုန်စည်ပစ္စည်းဝင်ရောက်မှု နည်းပါးလာသောကြောင့် သြဂုတ်လကုန်ပိုင်းတွင် ကုန်ပစ္စည်းအချို့ ပြတ်လပ်ခဲ့သေးသည်။

“အဲဒီတုန်းက အာလူးတွေ ပြတ်တောင်ပြတ်သွားတယ်။ နောက်ဝယ်လို့ရတော့ တစ်ပိဿာကို ၅၀၀ (ကျပ်) လောက်စျေးတက်သွားတယ်”ဟု မချမ်းငြိမ်းဝေက ပြောသည်။

စစ်ဘေးပဋိပက္ခမီးတောက်လောင်နှင့်ပြီးဖြစ်သော ပြည်နယ်တစ်ခုအတွက် ကိုဗစ်-၁၉ဘေးကြောင့် ကုန်စည်စီးဆင်းမှုတွင် အခက်အခဲများဖြစ်ပေါ်ပြီး စားသောက်ကုန်ဈေးနှုန်းမြင့်တက်မှုသည် ရခိုင်ပြည်သူများအတွက် အလွန်ကျပ်တည်းသည့်ကာလဖြစ်သည်။

ထို့ကြောင့် ကုန်တင်ယာဉ်များချောချောမွေ့မွေ့နှင့် ယခင်အတိုင်းသွားလာနိုင်အောင် တင်းကျပ်ထားသော စည်းမျဉ်းအချို့ကို အစိုးရက ဖြေလျှော့ပေးသင့်ပြီး လေကြောင်းလိုင်းများ ရခိုင်ပြည်နယ်သို့ ပြေးဆွဲမှုကို ပြန်လည်ခွင့်ပြုပေးသင့်ကြောင်း ကိုဇော်ဇော်ထွန်းက ဆိုသည်။

“အချိန်ကြာလာတာနဲ့အမျှ ပိုမိုအခက်တွေ့လာလိမ့်မယ်။ ကုန်စည်စီးဆင်းမှုတွေကောင်းအောင် သယ်ယူပို့ဆောင်ရေးစနစ်ကို ပိုကောင်းအောင်လုပ်ပေးဖို့ အရေးကြီးနေတယ်”ဟု ၎င်းက ပြောသည်။

တင်းကျပ်မှုတွေ ဖြေလျှော့နိုင်တော့မလား

လက်ရှိအချိန်တွင်မူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သြဂုတ်၂၅ရက်က ထုတ်ပြန်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အားလုံးတွင် နေအိမ်တွင်သာနေထိုင်စေရေးအမိန့်သည် အသက်ဝင်နေဆဲဖြစ်သည်။ 

နေ့စဉ်ကိုဗစ်-၁၉ပိုးတွေ့လူနာဦးရေ ကျဆင်းလာမှုနှင့်အတူ တင်းကျပ်သည့်ကန့်သတ်မှုများလည်း တဖြည်းဖြည်း အစိုးရက ဖြေလျော့ပေးလာမည်ဟု ဒေသခံများက မျှော်လင့်နေသည်။ ယင်းအခြေအနေတွင် အစိုးရအနေဖြင့် ခက်ခဲသော ရွေးချယ်မှုပြုလုပ်ရမည့်အနေအထား ဖြစ်လာသည်။

တင်းကျပ်မှုများကို ဖြေလျှော့မှုသည် စောစီးလွန်းပါက ပိုးတွေ့လူနာများ ပြန်လည်များပြားလာသည့် ဖြစ်နိုင်ခြေရှိပြီး တင်းကျပ်မှု အချိန်ကြာမြင့်လွန်းပါကလည်း ဒေသခံပြည်သူများအဖို့ စားရေးသောက်ရေးနှင့် စီးပွားရေးပို၍ ထိခိုက်မည်ဖြစ်သည်။ အထူးသဖြင့် နေ့စားအလုပ်သမား ဒေသခံများသည် ကြီးစွာသော အခက်အခဲများကို ရင်ဆိုင်ရမည်ဖြစ်သည်။

“ကျွန်တော်တို့ မြို့ဆိုရင် စစ်လည်း တစ်ပိုင်း၊ ကိုဗစ်လည်း တစ်ပိုင်းဆိုတော့ အကုန်လုံးစီးပွားရေးတွေက အဆင်မပြေကြဘူး”ဟု ကိုဟန်ဝင်းအောင်က ပြောသည်။

ထို့ပြင် နေအိမ်တွင်နေထိုင်စေရေးအမိန့်အသက်ဝင်သဖြင့် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ၍ နီးစပ်ရာမြို့ရွာများတွင် ခိုလှုံရသည့် စစ်ဘေးရှောင်ဒေသခံများအတွက်လည်း အခက်အခဲများ ကြုံတွေ့နေရသည်။ အသွားအလာကန့်သတ်မှုကြောင့် ၎င်းတို့ကို စားနပ်ရိက္ခာ ထောက်ပံ့ပေးသော အရပ်ဘက်အဖွဲ့အစည်းများ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်မရဖြစ်ကြသည်။

“အခုကပေါ့လို့တော့မရသေးဘူး။ ဒါပေမဲ့ တစ်ဘက်မှာကျတော့ ရေရှည်မှာ လူတွေအတွက် ကျန်းမာရေးနဲ့ စားဝတ်နေရေးနဲ့ ရွေးရမယ်ဆို စားဝတ်နေရေးပဲ ရွေးကြမှာပဲ။ နောက်မှာ မိသားစုတွေရှိသေးတာကိုး”ဟု ကိုဇော်ဇော်ထွန်းက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင် နှစ်သိန်းနီးပါးရှိပြီး တိုက်ပွဲများမှာဆက်လက်ဖြစ်ပွားနေရာ စစ်ဘေးရှောင်အရေအတွက်သည် ဆက်လက်မြင့်တက်လျက်ရှိသည်။

“သိပ်မကြာခင်မှာ တဖြည်းဖြည်းချင်းဖြေလျှော့ဖို့လုပ်ရင်လုပ်၊ မလုပ်ရင် အခြေခံ လူတန်းစားတွေနဲ့ စစ်ဘေးရှောင်တွေကို တိုးပြီးထောက်ပံ့ဖို့ လုပ်ရင်လုပ်။ ဒီနှစ်ခုထဲက တစ်ခုတော့ရွေးရမယ်”ဟု ကိုဇော်ဇော်ထွန်းက ထောက်ပြသည်။

ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်ကမူ ရောဂါကူးစက်မှုထိန်းချုပ်ကုသနိုင်သည့် အခြေအနေရောက်မှ ဖြေလျှော့မှုများ ပြလုပ်မည်ဖြစ်သည်ဟု ဆိုသည်။

“ဒီပိုးနဲ့လုံးဝဖြတ်တောက်သွားနိုင်ပြီဆိုတဲ့အချိန်မျိုးရောက်ရင်တော့ ဖြေလျှော့ရမှာပေါ့”ဟု ၎င်းက ပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.