သံဖြူဇရပ်တွင် ဂျပန်တို့ ကျူးကျော်သိမ်းပိုက်ခဲ့မှုကို ခြေရာခံခြင်း

သံဖြူဇရပ်သို့ နိုင်ငံခြား ခရီးသွား အများအပြား လာရောက် လည်ပတ်လေ့ရှိကြသည်။ အထူးသဖြင့် ထိုင်း- မြန်မာ မီးရထားလမ်း၊ စစ်သင်္ခ ျိုင်းနှင့် ပြတိုက်များသို့ လာရောက်လည်ပတ်ကြခြင်း ဖြစ်သည်။ 

သောမတ်စ်ကင်းန် ရေးသားသည်။ 

မတ်စောက်သော ဆင်ခြေလျှောတစ်ခု၏ ထိပ်တွင် ကွန်ကရိကတုပ်ကျင်းတစ်ခုကို မြင်တွေ့နေရသည်။ အကျယ်မှာ ၁၀ ပေ၊ ၁၅ ပေ ပတ်လည်ခန့် ရှိနေပြီး မြေကြီးများက တစ်ဝက်တစ်ပျက် ဖုံးလွှမ်းနေသည်။ ထိုနေရာမှာ မုတ္တမပင်လယ်ကွေ့ဆီသို့ ဦးတည်သွားသော မြေပြန်ဒေသတစ်ဝိုက်ကို အပေါ်စီးမှ ကြည့်ရှုနိုင်မည့် နေရာလည်း ဖြစ်ပေလိမ့်မည်။ ယနေ့တွင်မူ ရာဘာစိုက်ခင်းများက ကာရံထားသည့်အတွက် ကမ်းရိုးတန်းကို မမြင်ရတော့ပေ။ 

မွန်ပြည်နယ်တောင်ပိုင်းတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တို့ နေထိုင်ခဲ့သည်ကို သတိရစေမည့် နေရာတစ်ခုလည်း ဖြစ်ပေလိမ့်မည်။ အကျော်ကြားဆုံးကမူ သေမင်းတမန် မီးရထားလမ်းဟု ကျော်ကြားသည့် ထိုင်း- မြန်မာ မီးရထားလမ်းဖြစ်ပင် ဖြစ်သည်။ ထို မီးရထားလမ်းက သံဖြူဇရပ်မှ စတင်သည်။ ထိုပြင် ကတုပ်ကျင်းကဲ့သို့ ဂျပန်တို့နေထိုင်ခဲ့သည့် အရိပ်အယောင်များကို ပြသနိုင်သည့် နေရာ အတော်များများလည်း ရှိနေသေးသည်။ 

နေရာအချို့ကိုမူ သာမန်ကြည့်ရှုရုံဖြင့် မမြင်တွေ့နိုင်ပေ။ ဥပမာ သံဖြူဇရပ် ဘူတာရုံမှ စြင်္ကန်အဆုံးအထိ လျှောက်သွားမည် ဆိုပါက ကွန်ကရိ ကတုပ်ကျင်းတစ်ခုကို တွေ့မြင်နိုင်သည်။ သို့သော် လျစ်လျူရှု ခံထားရပြီး ၎င်း၏ ဘေးတွင် စတိုးဆိုင်လေးတစ်ခုသာ ဖွင့်လှစ်ထားသည်။ ဂျပန် စစ်အရာရှိများ ရေချိုးခဲ့သော ကွန်ကရိ ရေချိုးကန်တစ်ခုကို 21 Paradise ရေပူစမ်းဟိုတယ်၏ ခေတ်မီ ရေချိုးကန်ဘေးတွင် တွေ့မြင်နိုင်သေးသည်။ 

ကျွန်တော်က ထိုနေရာများကို တစ်ဦးတည်း လိုက်လံ ရှာဖွေနေခြင်းတော့ မဟုတ်ပေ။ ခရီးသွား လမ်းညွှန်များ၏ အကူအညီဖြင့် သွားရောက်နေခြင်း ဖြစ်သည်။ ၎င်းတို့မှာ Green Season Travel မှ ဂျက်နှင့် ယခု ရန်ကုန်တွင် နေထိုင်နေသည့် မွန်ပြည်နယ်သား ဟန်နရီတို့ ဖြစ်ကြသည်။ သူတို့ နှစ်ဦးက သံဖြူဇရပ်၏ သမိုင်းကြောင်းနှင့် မွန်ယဉ်ကျေးမှုကို လေ့လာနိုင်သော ခရီးသွားအစီအစဉ်တစ်ခုကို စီစဉ်ထားကြသည်။ ၎င်း package တွင် ဝဲခဝရွာတွင် ရွာသားများနှင့် အတူနေထိုင်ရမည့် အစီအစဉ်လည်း ပါဝင်သည်။ ဟင်နရီ၏ ဖခင်ဖြစ်သူသည် ထိုရွာ၏ ရွာသူကြီးဖြစ်သည်။ ရွာနောက်ဘက်ရှိ ရာဘာစိုက်ခင်းများကို ဖြတ်ကျော်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက နေရာများသို့ သူက ကျွန်တော်အား လိုက်လံပြသခဲ့သည်။ ကျွန်တော်တို့ကို လမ်းပြရန် ရွာမှ ဧည့်လမ်းညွှန်တစ်ဦးလည်း အတူလိုက်ပါလာသည်။ 

ကျွန်တော်တို့က တောင်ကုန်းများတစ်လျှောက် ဆက်လက် ခရီးဆက်ခဲ့ကြရာ ခပ်တိမ်တိမ် ကတုတ်မြောင်းများနှင့် လူလုပ်လှိုဏ်ဂူများ အများအပြားရှိသော နေရာသို့ ရောက်ရှိလာသည်။ လှိုဏ်ဂူများက ခြံနွယ်များဖြင့် ဖုံးအုပ်နေသည်။ ထိုနေရာက ကီလိုမီတာ အနည်းငယ်အထိ ရှည်လျားပြီး ဖြတ်ကျော်သွားသောအခါ ဂျပန်အရာရှိများ နေထိုင်ခဲ့သည့် နေရာအနီးရှိ သံရေကန်ကြီး တစ်ခုဆီ ရောက်ရှိသွားသည်။ အနီးတဝိုက်ရှိ တောင်ကုန်းများပေါ်မှ စီးဆင်းလာသည့် စမ်းချောင်းများမှ ရေများဖြင့် ထိုစည်ပိုင်းက တစ်နှစ်ပတ်လုံး ရေများ ပြည့်နေသည်။ 

ဝဲခဝကျေးရွာ အနောက်ဘက်ရှိ ရာဘာခင်းအတွင်းမှ ဂျပန်တို့၏ ကတုတ်ကျင်းဟောင်းတစ်ခုကို ရွာသားတစ်ဦးက ပြသနေစဉ်။ ဓာတ်ပုံ-သောမတ်စ်ကင်းန်

ဝဲခဝကျေးရွာ အနောက်ဘက်ရှိ ရာဘာခင်းအတွင်းမှ ဂျပန်တို့၏ ကတုတ်ကျင်းဟောင်းတစ်ခုကို ရွာသားတစ်ဦးက ပြသနေစဉ်။ ဓာတ်ပုံ-သောမတ်စ်ကင်းန်

မဟာမိတ်တပ်များက ထိုနေရာကို ဗုံးကြဲတိုက်ခိုက်ချိန်တွင် ဂျပန်များက လှိုဏ်ဂူများအတွင်း ပုန်းခိုနေကြသည်ဟု ဆိုသည်။ ၎င်းတို့မှာ အစီအစဉ်တကျ ပြုလုပ်ထားသော လှိုဏ်ဂူများဖြစ်ရာ ကတုပ်ကျင်းများနှင့် လှိုဏ်ဂူများအပြင် ကမ်းရိုးတန်းမှ လာရောက်တိုက်ခိုက်မှုကို ခုခံရန်အပြင် တခြား စိတ်ဝင်စားစရာများလည်း ရှိလိမ့်ဦးမည်ဟု ကျွန်တော်က ယူဆမိသည်။ 

ဒေသခံများကလည်း ထိုသို့ပင် ယူဆထားကြသည်။ ၎င်း လှိုဏ်ဂူများအတွင်းတွင် ဂျပန်များ ဖွက်ထားခဲ့သည့် ရတနာများ၊ အထူးသဖြင့် ရွှေများရှိလိမ့်မည်ဟု အများက ထင်မြင်နေကြသည်။ ၎င်းနေရာတွင် မြေအောက် ရထားလမ်းရှိပြီး သံဖြူဇရပ်မှ အဓိက လမ်းမကြီးနှင့် ဆက်သွယ်ထားသည်ဟုလည်း ဆိုကြသည်။ သို့သော် ယခုအခါတွင် မြေကြီးများအောက်တွင် သံချေးများ တက်နေပြီး ပြန်လည်ဖော်ထုတ်မည့်နေရက်ကို စောင့်ဆိုင်းနေသည်။ 

ရတနာများကို အခြားနေရာများတွင်လည်း သိုဖွက်ထားခဲ့ဖွယ်ရှိသည်။ ရထားလမ်း၏ ဘေးတွင် ဘုရားတစ်ဆူနှင့် ဂျပန်များ၏ အမှတ်တရ အဆောက်အဦးတစ်ခုရှိပြီး ခြင်္သေ့ရုပ်တုများက စောင့်ကြပ်နေသည်။ သို့သော် ထူးခြားစွာပင် ခြင်္သေ့များ၏ မျက်စိများနေရာတွင် မျက်လုံးများ မရှိဘဲ ဟောက်ပက်သာ ဖြစ်နေသည်။ ဒေသခံများ၏ အဆိုအရ ဂျပန်အရာရှိများက ထိုမျက်စိများနေရာတွင် ပတ္တမြားများ ဖွက်ထားခဲ့ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လာကာ ပတ္တမြားများကို တိတ်တဆိတ် ပြန်လည် ထုတ်ယူသွားကြသည်ဟု ဆိုကြသည်။ 

ထိုင်းနိုင်ငံဘက်တွင်လည်း အလားတူ ပုံပြင်များ ရှိနေသည်။ Thong Pha Phum ခရိုင်ရှိ Ban Lichia ဂူတွင် ဂျပန်များ ဖွက်ထားခဲ့သော ရတနာများကို ၂၀၀၀ ပြည့်နှစ်က သွားရောက် ရှာဖွေသော လူတစ်စုသည် ဂူအတွင်း ပိတ်မိပြီး သေဆုံးခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းစာက ရေးသားခဲ့ဖူးသည်။ 

မြန်မာအစိုးရပိုင် Global New Light of Myanmar သတင်းစာကလည်း ထိုင်း- မြန်မာ မီးရထားလမ်း ဖောက်လုပ်စဉ်က အတင်းအကျပ် လုပ်အားပေး ခိုင်းစေခံရသော ထိုရွာမှ အဖိုးများနှင့် စကားပြောဆိုခဲ့ရပုံကို ၂၀၁၄ ခုနှစ်တွင် ဖော်ပြခဲ့သည်။ ထိုအထဲတွင် ၎င်းတို့က “ဂျပန်များ ဖွက်သွားသော ရတနာများကို ရှာဖွေ တွေ့ရှိခဲ့ခြင်းများ၊ ရတနာမြေပုံကို လွတ်မြောက်လာသူများ တစ်ပိုင်းစီ ခွဲယူထားကြပြီး အခြေအနေ ကောင်းသောအခါ ပြန်လာယူကြရန် စီစဉ်ထားခဲ့ကြပုံများကို” ပြောပြထားကြသည်။ 

သံဖြူဇရပ်ရှိ ရတနာပုံရာဘာစက်ရုံမှ ရာဘာများ ပေါင်းခံသည့် အဆောက်အဦးထဲ၌ အလုပ်သမားတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-သောမတ်စ်ကင်းန်

သံဖြူဇရပ်ရှိ ရတနာပုံရာဘာစက်ရုံမှ ရာဘာများ ပေါင်းခံသည့် အဆောက်အဦးထဲ၌ အလုပ်သမားတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-သောမတ်စ်ကင်းန်

ထိုသို့သော ပုံပြင်များကို ယုံကြည်ထားကြသောကြောင့် ကျွန်တော်တို့က ရာဘာစိုက်ခင်းများကို ဖြတ်ကျော်ပြီး လှိုဏ်ဂူများကို စိတ်ဝင်တစား ကြည့်ရှုနေကြသဖြင့် ရွာမှ ဒေသခံများက ကျွန်တော်တို့အား ရွှေလာရှာသူများလားဟုပင် သံသယ ရှိနေကြပုံရသည်။ 

ညနေပိုင်းတွင် ကျွန်တော်တို့ ရွာပြန်ပြီး မွန်ရိုးရာပုံစံ ဆောက်လုပ်ထားသော နေအိမ်၌ ဝီစကီပုလင်းကို ဖောက်ကာ ညစာစားသောအခါတွင် ၎င်းတို့က မေးမြန်းကြလေတော့သည်။ အလွန်စိတ်ဝင်စားကြသဖြင့် ဆွေမျိုးများ အားလုံး အိမ်အပြည့် လာရောက်ကြည့်ရှုခဲ့ကြသည်။

အသက် ၈၄ နှစ်အရွယ် အဖိုးအိုက ထိုရွာတွင် အသက်အကြီးဆုံး ဖြစ်သည်။ ဂျပန်များလက်အောက် ကျရောက်နေချိန်တွင် ဂျပန်များက ရွာအား ချမ်းသာပေးခဲ့သည်ဟု သူက ပြောကြားသည်။

စစ်ပြီးခါနီးတွင် သူက တောင်တန်းများပေါ်၌ ဒူးရင်းရိုင်းသီးများကို သွားရောက် ရှာဖွေနေခဲ့သည်။ ထိုအချိန်က ဒူးရင်းသီးကို ထိုဒေသ၌ များများစားစား စိုက်ပျိုးခြင်း မရှိခဲ့ပေ။ နောက်ပိုင်းတွင်မှ ဒူးရင်း၊ ဂရိတ်ဖရုနှင့် မင်းဂွတ်သီးများ စိုက်ပျိုးလာခဲ့ကြခြင်း ဖြစ်သည်။ ထိုစိုက်ခင်းနေရာများသည် ယခုအခါတွင် ရာဘာစိုက်ခင်းများ ဖြစ်နေပြီဟု သူက ဆိုသည်။ ဒူးရင်းသီးများကို ရှာဖွေနေသည့်သူက သစ်ပင်များကို ငေးကြည့်နေစဉ်မှာပင် လေယာဉ်ပျံသံကို ကြားလိုက်ရသည်။ မဟာမိတ်တပ်များက သံဖြူဇရပ် အနီးတဝိုက်တွင် အကြိမ်ကြိမ် လှည့်ပတ် ပျံသန်းနေသည်ကို သူရှိနေသည့်၏ အမြင့်နေရာမှ မြင်တွေ့နေရသည်။ ဒေသခံများ ပုန်းကွယ်နိုင်ရန် သတိပေးနေခြေင်းလည်း ဖြစ်နိုင်သည်။ ထို့နောက်တွင်တော့ ဗုံးမိုးများ ရွာချလိုက်လေတော့သည်။ 

ထိုနေရာတွင် ဇာတ်လမ်းကလည်း ပြီးဆုံးသွားခဲ့ပြီဟု ကျွန်တော်တို့က ထင်မှတ်ခဲ့သည်။ သို့သော် ဒုတိယ ကမ္ဘာစစ် ပြီးဆုံးသွားခြင်းက မြန်မာနိုင်ငံ၌ စစ်မက်များ အဆုံးသတ်သွားခြင်း မဟုတ်ဘဲ သွေးထွက်သံယိုများ၏ အစဦးပိုင်းသာ ဖြစ်ခဲ့သည်။ အဖိုးအိုက ဝီစကီတစ်ခွက်ကို ကိုင်မော့လိုက်ချိန်တွင် အဖိုးအို၏ ဆွေမျိုးတစ်ဦးက သူ၏ စစ်ပွဲ အတွေ့အကြုံများကို ပြောပြလေတော့သည်။ သူနှင့် ဒေသခံ ၁၅၀ ခန့်တို့သည် ထိုင်းအခြေစိုက် ကူမင်တန် ကိုယ်စားလှယ်များ၏ ဆွယ်မှုကြောင့် အနီးအနားရှိ ပငရွာမှ ဘုန်းကြီးကျောင်းတစ်ခုတွင် စုဝေးခဲ့ကြပြီး ရှမ်းပြည်နယ်တွင် စစ်သင်တန်းတက်ရန် ထွက်ခွာခဲ့ကြသည်။ ခရီးက ကြမ်းတမ်းလှသဖြင့် လမ်းတွင် သေဆုံးခဲ့သူအချို့လည်း ရှိခဲ့သည်။ ထိုသင်တန်းက စိတ်ပျက်ဖွယ်ရာသာ ဖြစ်ခဲ့ပြီး သူတို့ကို သေနတ် သုံးလေးလက်ခန့် ပေးပြီး ရွာပြန်ကာ တော်လှန်ရေး လုပ်ခိုင်းလေတော့သည်။ 

ထိုင်းမြန်မာမီးရထားလမ်းပေါ်မှ သံဖြူဇရပ် ဘူတာရုံ။ ဒုတိယကမ္ဘာစစ်အတွင်းက တည်ဆောက်ခဲ့ပြီး လူပေါင်း တစ်သိန်းကျော် သေဆုံးခဲ့ရသည့် အဆိုပါရထားလမ်းအား ၁၉၄၀ နောက်ပိုင်း၌ အသုံးမပြုတော့ပေ။ ဓာတ်ပုံ-သောမတ်စ်ကင်းန်

ထိုင်းမြန်မာမီးရထားလမ်းပေါ်မှ သံဖြူဇရပ် ဘူတာရုံ။ ဒုတိယကမ္ဘာစစ်အတွင်းက တည်ဆောက်ခဲ့ပြီး လူပေါင်း တစ်သိန်းကျော် သေဆုံးခဲ့ရသည့် အဆိုပါရထားလမ်းအား ၁၉၄၀ နောက်ပိုင်း၌ အသုံးမပြုတော့ပေ။ ဓာတ်ပုံ-သောမတ်စ်ကင်းန်

သေနတ်အရေအတွက် နည်းပါးမှုကြောင့် ထပ်မံ အားဖြည့်ပေးရန်ဟုဆိုက မီးခြစ်ဆံများပေးပြီး မုဒုံမြို့ကို မီးရှို့ရန် သူတို့ကို စေခိုင်းခဲ့သည်။ သို့သော် ထိုသို့ မီးရှို့သည့် အလုပ်ကို မည်သူကမှ မလုပ်ရက်ကြပေ။ ထို့ကြောင့် သူတို့၏ ခေါင်းဆောင်တစ်ဦး သေနတ်ထိသွားမှုကို အကြောင်းပြုချက်ပေးကာ တိုက်ခိုက်ရန် အစီအစဉ်ကို သူတို့က ဖျက်သိမ်းခဲ့ပြီးနောက် အစိုးရထံတွင် လက်နက်ချခဲ့ကြသည်။ ထိုအချိန်မှစပြီး သူလည်း အိမ်ထောင်ပြုကာ အေးချမ်းစွာ ဆက်လက်နေထိုင်ခဲ့သည်ဟု ဆိုသည်။ 

သူစကားပြောနေစဉ်တွင် လူအများက တိတ်ဆိတ်ငြိမ်သက်စွာ နားထောင်နေကြသည်။ ထိုသူ၏ ဇနီးသည်ကသာ ပျင်းရိနေပုံ ပေါ်လေသည်။ သူပုန်ဖြစ်ခဲ့သော အချိန်က အကြောင်းများကို သူက ပြောပြလေ့ မရှိကြောင်း သိရသည်။ 

သူပြောပြသော အကြောင်းအရာများက မည်မျှ မှန်ကန်သည်ကို သိရှိနိုင်မည့် နည်းလမ်းကျွန်တော်၌ မရှိပေ။ ဘာသာပြန်ပေးသူကလည်း တစ်လုံးစ နှစ်လုံးစသာ ပြန်ပေးပြီး နားမလည်သည်ကို ပြန်မေးရန် အခွင့်အလမ်းလည်း မရရှိခဲ့ပေ။ 

သို့သော် သူပြောပြသည့် အကြောင်းအရာများက ထိုအချိန်က သမိုင်းဖြစ်ရပ်များနှင့် ကိုက်ညီနေသည်။ မဟာမိတ်တပ်များသည် ၁၉၄၃ ခုနှစ်တွင် သံဖြူဇရပ်ကို ဗုံးများ ကြဲချခဲ့သည်။ မီးရထားလမ်း ဖောက်လုပ်ရာတွင် သုံးသော အလုပ်သမားများကို ကယ်ထုတ်ရန် ဖြစ်သည်။ 

၁၉၅၂ ဖေဖော်ဝါရီလတွင် မွန်ပြည်နယ်မှ နိုင်ငံရေး ခေါင်းဆောင်များသည် ဦးနုအစိုးရကို ပုန်ကန်ခဲ့ပြီး Mon People’s Solidarity Group ကို ဖွဲ့စည်းခဲ့သည်။ ၎င်းသည် နောက်ပိုင်းတွင် Mon People’s Front အဖြစ် ပြောင်းလဲခဲ့သည်။ ခေါင်းဆောင်မှာ ဝဲခဝတောင်ဘက် ပငရွာမှ နိုင်အောင်ထွန်း ဖြစ်သည်။ 

ရေးသားထားမှုအရ Mon People’s Solidarity Group သည် အစောပိုင်း ကာလများတွင် ကူမင်တန်များထံမှ အကူအညီ ရယူခဲ့သည်ဟု ဆိုသည်။ ကူမင်တန်များသည် ထိုအချိန်က ကရင်အမျိုးသားအစည်းအရုံး (Karen National Union) နှင့်လည်း မဟာမိတ် ဖြစ်သည်။ ၁၉၅၃ ခုနှစ် နွေရာသီတွင် MPSG သည် KMT နှင့်အတူ ပငရွာ၌ အစိုးရတပ်များအား တိုက်ခိုက်ခဲ့ရာ မအောင်မြင်ခဲ့ပေ။ အစပိုင်းတွင် MPSG သည် ကူမင်တန် တရုတ်များထံမှ လက်နက်နှင့် ငွေကြေးများ လုံလောက်စွာ ရရှိမည်ဟု ထင်ထားသော်လည်း အကူအညီ အနည်းငယ်သာ ရရှိခဲ့သဖြင့် ဆက်ဆံရေး ကြဲသွားခဲ့သည်။ 

တိုက်ပွဲအတော်များများ ရှုံးနိမ့်အပြီးတွင် တပ်သား ၁,၁၁၁ ဦးခန့်ရှိသော MPF မှ တပ်သားအများစုသည် ဦးနု အစိုးရထံ လက်နက်ချပြီး လွတ်ငြိမ်းချမ်းသာခွင့်နှင့် နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ကို တောင်းဆိုခဲ့သည်။ ၁၉၆၀ ရွေးကောက်ပွဲတွင် နိုင်အောင်ထွန်း အပါအဝင် အများစုသည် လွှတ်တော်အမတ်နေရာများ ရရှိခဲ့သည်။ သို့သော် နှစ်နှစ်ကြာမြင့်ပြီး ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းသောအခါတွင် ဖမ်းဆီးခံခဲ့ကြရသည်။ ထိုနောက် စစ်အစိုးရသည် ၁၉၅၈ ခုနှစ်တွင် မွန်များကို ပေးခဲ့သော ကတိစကားများ အားလုံးကို လျစ်လျူရှုခဲ့သည်။ အွန်လိုင်း Mon News Agency က မကြာသေးမီက ရေးသားထားမှုအရ MPF ၏ လက်နက်ချမှုသည် မွန်ပြည်သူများအတွက် ကံဆိုးမိုးမှောင် ကျခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ 

ဦးနေဝင်း၏ လက်အောက်တွင် မွန်အမျိုးသားရေး လှုပ်ရှားမှုများ အရေးနိမ့်ခဲ့ရာ ဝဲခဝရွာ၊ ပငရွာနှင့် တခြားရွာများမှ ပြည်သူများသည် စီးပွားရေးကိုသာ လုပ်ဆောင်ကြတော့သည်။ ထိုအချိန်က ဆိုရှယ်လစ်ခေတ် ဖြစ်သောကြောင့် မှောင်ခိုလုပ်ငန်းဟု ခေါ်ဆိုရမည်ဖြစ်မည်။ သူတို့က ညပိုင်းတွင် ရာဘာများနှင့် တခြားကုန်စည်များကို စက်လှေဖြင့် သယ်ဆောင်ပြီး ကမ်းရိုးတန်းတစ်လျှောက် ထိုင်း၊ မလေးရှားနှင့် စင်ကာပူအထိ သွားရောက်ရောင်းချကြသည်။ ထို့နောက် မြန်မာနိုင်ငံတွင် ရှားပါးပြီး ရှာဖွေရခက်ခဲသော ကုန်ပစ္စည်းများကို ပြန်လည် သယ်ယူလာပြီး ရန်ကုန်နှင့် မော်လမြိုင်တွင် ပြန်လည်ရောင်းချကြသည်။ 

ငါးခြောက်လုပ်ငန်းခွင်အား တွေ့ရစဉ်။ ဓာတ်ပုံ-သောမတ်စ်ကင်းန်

ငါးခြောက်လုပ်ငန်းခွင်အား တွေ့ရစဉ်။ ဓာတ်ပုံ-သောမတ်စ်ကင်းန်

ပငရွာသည် ဆားလုပ်ငန်းနှင့် ငါးပိလုပ်ငန်းတို့ဖြင့် နာမည်ကြီးသည်။ ရွာ၏ အရှေ့ဘက် လမ်းမတွင် ကုန်လှောင်ရုံများရှိပြီး ကုန်တင်ကားများက ဆားသိပ်ထားသော ငါးနှင့် ပုဇွန်များ လာရောက်ချထားကြသည်။ ငါး နှင့် ပုဇွန် ငါးပိများကို ကုန်လှောင်ရုံ ကြမ်းပြင်တွင် ချခင်းပြီး အလုပ်သမားများက ကော်ပြားများကို အသုံးပြုကာ ဆားများနှင့် နယ်ကြသည်။ ကျန်လုပ်ငန်း အဆင့်ဆင့်ကို ကုန်လှောင်ရုံ၏ အနောက်ဘက်တွင် လုပ်ကိုင်နေကြသည်။ သို့သော် အနံ့ဆိုးသဖြင့် ကျွန်တော် သွားရောက်ကြည့်ရှုခဲ့ခြင်း မရှိပေ။

သူတို့အတွက် အလုပ်လုပ်ရသည်ကတော့ ပင်ပန်းလှသည်။ အထူးသဖြင့် ဆားကွင်းများတွင်ဖြစ်သည်။ ဆားနေလှန်းရာတွင် နေရောင်က ရောင်ပြန်ဟပ်သဖြင့် ပူပူလောင်လောင် အလုပ်လုပ်ကြရသည်။ အလုပ်သမား အများစုသည် မြန်မာနိုင်ငံ၏ အခြားနေရာများမှ လာကြသူများ ဖြစ်ကြသည်။ လခ အနည်းငယ် ပိုရသဖြင့် လာရောက်လုပ်ကိုင်ကြခြင်း ဖြစ်သည်။ သူတို့က မြို့အစွန်တွင် ဝါးအိမ်လေးများဖြင့် နေထိုင်ကြသည်။

ရာဘာနှင့် နိုင်ငံခြားသို့ သွားရောက်လုပ်ကိုင်နေသော ဒေသခံများ၏ ဝင်ငွေဖြင့် မြို့၏ စီးပွားရေးကို ပုံဖော်ထားခြင်း ဖြစ်သည်။ အလုပ်လုပ်ကိုင်နိုင်သည့်အရွယ် လူငယ်အများစုသည် ထိုင်းနိုင်ငံတွင်  သွားရောက် လုပ်ကိုင်နေကြသည်။ ၎င်းတို့က မိသားစုထံ ပြန်ပို့သော ငွေဖြင့် မိသားစု တစ်ခုလုံးကို ထောက်ပံ့ထားခြင်း ဖြစ်သည်။ အလုပ်လုပ်ကိုင်မည့်သူ ရှားပါးသဖြင့် လုပ်ခများ မြင့်တက်လာပြီး နိုင်ငံအနှံ့မှ အလုပ်သမားများကို ဆွဲဆောင်နိုင်ခဲ့သည်။ ဒေသတွင်းမှ နိုင်ငံခြားသို့ သွားရောက်လုပ်ကိုင်သူများသည် ၎င်းတို့ ပြန်ပို့သော ငွေဖြင့် ရာဘာခြံများကို ဝယ်ယူထားကြသည်။ ထိုသို့ဖြင့် ၎င်းတို့ နေရပ် ပြန်လာသောအခါတွင် ပုံမှန်ဝင်ငွေကို ရရှိစေမည် ဖြစ်သည်။ ထိုသို့ဖြင့် သံဖြူဇရပ် အနီးတဝိုက်မှ ဒေသများသည် ဖွံဖြိုးကြွယ်ဝနေပြီး နေထိုင်၍ ကောင်းသော ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်နေစေသည်။ 

နေ့လယ်ပိုင်းတွင် ကျွန်တော်တို့က သံဖြူဇရပ် စစ်သင်္ခ ျိုင်းကို ဝင်ရောက်လည်ပတ်ပြီး ဝဲခဝသို့ ပြန်လာခဲ့သည်။ သံဖြူဇရပ်ရှိ ထိုသင်္ချ ိုင်းအား Commonwealth War Graves Commission က ထိန်းသိမ်းစောင့်ရှောက်ထားခြင်းဖြစ်ပြီး ဓနသဟာရ နိုင်ငံများမှ စစ်အကျဉ်းသားများနှင့် ဒက်ချ်လူမျိုး စစ်အကျဉ်းသားများ၏ အကြွင်းအကျန်များကို မြုပ်နှံထားသည်။ ထိုင်း၊ မြန်မာ မီးရထားလမ်း ဆောက်လုပ်စဉ် အတင်းအကြပ် အလုပ်စေခိုင်းခံရပြီး သေဆုံးခဲ့သူများ ဖြစ်ကြသည်။ 

ခြံဝင်းထဲရှိ အရိပ်ထဲတွင် ကောင်လေးသုံးယောက် ထိုင်နြေ့သည်။ ကျွန်တော်တို့က စကားစမြည် ပြောကြည့်သောအခါ ဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက်က သူ ကျောင်းဆက် မတက်တော့ကြောင်း ပြောသည်။ သူတို့က ပူပန်စရာမရှိတော့ကြောင်းနှင့် ဝင်ငွေအတွက် ရာဘာခြံများ ရှိသည်ဟု ပြောကြားသည်။

ခေါင်းစီးဓာတ်ပုံ- သံဖြူဇရပ်ရှိ ထိုင်း မြန်မာ မီးရထားလမ်းအနီး ဘုရားတစ်ခုတွင် ဂျပန် အက္ခရာဖြင့်  ထွင်းထု ရေးသားထားသော စာတန်းတစ်ခု။ ဓာတ်ပုံ- သောမတ်စ်ကင်းန်

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.