သီပေါနယ်၏ နောက်ဆုံးစော်ဘွား

စော်ဘွားများ အုပ်စိုးသည့် ရှမ်းပြည်နယ်မှ သီပေါနယ်၏ နောက်ဆုံး အုပ်ချုပ်သူသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အကြံအစည်ဖြင့် ၁၉၅၄ ခုနှစ်တွင် အမေရိကန်မှ မွေးရပ်ဌာနေသို့ ပြန်လာခဲ့သည်။ သို့သော် ၁၉၆၂ ခုနှစ်က ဖြစ်ပွားခဲ့သော ဦးနေဝင်း၏ အာဏာသိမ်းမှုအတွင်း ဖမ်းဆီးခံခဲ့ရပြီးကတည်းက ၎င်းအား ထပ်မတွေ့ရတော့ပေ။

စာသားနှင့် ဓာတ်ပုံ – ဘရင်နန် အိုကော်နာ  

ဘောင်ခတ်ထားသော စော်ဘွားနှင့်မဟာဒေဝီတို့၏ ဓာတ်ပုံ တစ်ပုံတွင် ချမ်းသာကြွယ်ဝမှု အရှိဆုံးသော ရှမ်းပြည်နယ်တွင်း တစ်နေရာ၏ ယခင် မင်းသားသဖွယ် အုပ်ချုပ်သူ သီပေါစော်ဘွားသည် ခံ့ညားထည်ဝါကြောင်းနှင့် ရိုးသားယဉ်ကျေးကြောင်း အထင်းသား ပေါ်လွင်လှသည်။

ပုံထဲ၌ ရိုးရှင်းသော အနွေးထည်ကိုယ်ကျပ်လက်တိုနှင့် လည်စည်းတို့ကို ဆင်မြန်းထားသော စဝ်ကြာဆိုင်းသည် သြစတြေးလျဇနီးဖြစ်သူ အင်းဂ် ဆားဂျင့်ကို ဂုဏ်ယူဝင့်ကြွားစွာ လက်တွဲထားသည်။ ၁၉၄၅ ခုနှစ်တွင် အမေရိကန်မှ ၎င်းတို့ဇနီးမောင်နှံ နှစ်ဦး ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် များမကြာမီအချိန်တွင် ရိုက်ကူးထားသည့် ဤဓာတ်ပုံကို ၎င်း၏ညီငယ်ဖြစ်သူ စဝ်အုန်းကြာနေအိမ်ရှိ နံရံတစ်ခုပေါ်တွင် ချိတ်ဆွဲထားခြင်း ဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်းမှ ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ရှစ်နှစ်ခန့်အကြာတွင် သီပေါစော်ဘွားမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထိုဓာတ်ပုံကို ရှမ်းတော်ဝင်မျိုးနွယ်စု၏ အခြားဓာတ်ပုံများနှင့်အတူ အံဆွဲများအတွင်း ဝှက်ထားခဲ့ရသည်။

စဝ်ကြာဆိုင်းသည် ဒန်ဗာရှိ ကော်လိုရာဒို သတ္တုတွင်းသင်တန်းကျောင်းတွင် ၁၉၄၉ ခုနှစ်မှ ၁၉၅၃ ခုနှစ်အထိ တက်ရောက်ပညာသင်ကြားခဲ့ပြီး သတ္တုတူးဖော်ရေး အင်ဂျင်နီယာဘွဲ့ ရရှိခဲ့သည်။ ထိုအချိန်အတွင်း ဆားဂျင့်နှင့် တွေ့ဆုံလက်ထပ်ခဲ့ခြင်း ဖြစ်သည်။ ဆားဂျင့်သည် သီပေါမဟာဒေဝီ(မင်းသမီး) စဝ်နန်းသုစန္ဒီဘွဲ့ နှင်းအပ်ခံခဲ့ရသည်။

သီပေါစော်ဘွား စိတ်ထဲတွင် သတ္တုများနှင့် အဖိုးတန် ကျောက်မျက်ရတနာများ ပေါကြွယ်ဝပြီး တစ်စိတ်တစ်ဒေသအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိသည့် သီပေါနယ်ကို ဖွံ့ဖြိုးတိုးတက်စေရန်  ရည်မှန်းချက် မြင့်မားသော အစီအစဉ်များ ရှိနေသည်။

ထွန်စက်များ ဝယ်ယူကာ လယ်သမားများ အသုံးပြုရန် အခမဲ့ ဝေမျှခဲ့သည်။ အလွန်ကျယ်ပြောသည့် လိမ္မော်နှင့် အခြားသစ်သီးခြံကြီးများကို စိုက်ပျိုးစီမံခဲ့ရုံမျှသာမက သီပေါမြို့ဝန်းကျင်ရှိ စိုက်ပျိုး၍ မဖြစ်ထွန်းသော တောင်ကုန်းများပေါ်တွင် နာနတ်စိုက်ပျိုးခြင်း အပါအဝင် စမ်းသပ်စိုက်ပျိုးရေး စီမံချက်များကိုလည်း ဆောင်ရွက်ခဲ့သည်။

“သူက သီပေါ ပတ်ဝန်းကျင်မှာရှိတဲ့ လယ်သမားတွေရဲ့ဘဝကို အဆင့်မြှင့်တင်ပေးလိုခဲ့သူပါ” ဟု စဝ်အုန်းကြာက ဆိုသည်။ “အဲဒီအချိန်က လူတွေကလည်း တော်တော်လေး ရိုးသားလွန်းကြပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

Sao Kya Seng’s younger brother, Sao Ohn Kyar, points to a photo of the royal couple taken soon after they arrived in Hsipaw from the US. (Brennan O'Connor / Frontier)

Sao Kya Seng’s younger brother, Sao Ohn Kyar, points to a photo of the royal couple taken soon after they arrived in Hsipaw from the US. (Brennan O’Connor / Frontier)

စဝ်ကြာဆိုင်းသည် သီပေါနယ်၏ ပေါများကြွယ်ဝလှသော သဘာဝ သယံဇာတများကို ဖော်ထုတ်ခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်လိုသူ တစ်ဦးဖြစ်သည်ဟု ဇနီးဖြစ်သူ ဆားဂျင့်က “ဗမာ့အရုဏ်ဦးက ရှမ်းမင်းသမီး ကျွန်မ” ဟူသော စာအုပ်တွင် ရေးသားဖော်ပြခဲ့သည်။ ပြည်ပသို့ ရောက်ရှိနေစဉ်အတွင်း သီပေါနယ်စော်ဘွားမှာ သီပေါ၌ ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးခဲ့သည့် ကံကျွေးချ အုပ်ချုပ်ရေးစနစ်နှင့် အလွန်တရာ ခြားနားမှုရှိသော ဒီမိုကရေစီ အတွေးအခေါ်များ ရင့်သန်တိုးတက်လာခဲ့သည်။

စော်ဘွားဟော်နန်းတော်က ပိုင်ဆိုင်သော စပါးခင်းများအားလုံးကို ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့ကြသူများ၏ မိသားစုများအား ပေးအပ်သွားမည်ဟု စဝ်ကြာဆိုင်းက ကြေညာလိုက်သောအခါ မဟာဒေဝီ အပါအဝင် လူများစွာမှာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြရသည်။

အရှေ့ဟော်ဟု အမည်တွင်သော တော်ဝင်ဟော်နန်းမှာလည်း စပါးလာရောက် ရောင်းချမှုများကို ဝယ်ယူသည့် ပထမဆုံးသော ဟော်နန်းတော်တစ်ခု ဖြစ်လာသည်။ စီမံအုပ်ချုပ်သူဖြစ်သည့် ၎င်း၏အခန်းကဏ္ဍတွင် သီပေါစော်ဘွား၏ အစောဆုံး  ဆုံးဖြတ်ချက်တစ်ရပ်မှာ ထိပ်တန်းအာဏာပိုင်များအား အကျင့်ပျက်ခြစားမှုအတွက် ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းပင် ဖြစ်သည်။

ထို့နောက်မကြာမီ တပ်မတော်အတွက် ရန်ပုံငွေ ကောက်ခံမည့် လောင်းကစားပွဲ တစ်ပွဲကျင်းပခွင့်ပြုရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးတစ်ဦး၏တောင်းဆိုမှုကို သီပေါစော်ဘွားက  ငြင်းဆန်လိုက်သောအခါ စဝ်ကြာဆိုင်းအား မျက်ခုံးလှုပ်စေခဲ့သည်။

လောင်းကစားမှုပြုခြင်းမှာ တောင်သူလယ်သမားများအကြား လူကြိုက်များသော ကိစ္စရပ်တစ်ခု ဖြစ်ခဲ့သော်လည်း သီပေါမင်းသားသည် ထိုသို့သော ကိစ္စရပ်မျိုးကို ၎င်း၏ပြည်နယ်အတွင်းမှ အမြစ်ပြတ် တိုက်ဖျက်ပစ်လိုခဲ့သည်။ လောင်းကစားမှုပြုခြင်းသည် မိသားစုများအား အန္တရာယ်ပေးလေ့ရှိသောကြောင့် ယခုကဲ့သို့ ဖယ်ရှင်းဆောင်ရွက်လိုခြင်း ဖြစ်သည်။

တပ်မတော်ကလည်း စော်ဘွားစဝ်ကြာဆိုင်းအပေါ် သံသယဝင်လာခဲ့သည်။ ထိုအရိပ်အရောင်မှာ ကွယ်လွန်သွားပြီဖြစ်သော တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးနေဝင်းက  သီပေါမြို့သို့ လာရောက်စဉ် သီပေါမင်းသားထံ လာရောက်လည်ပတ်ရန် ကမ်းလှမ်းမှုကို ငြင်းဆန်ခံရသောအခါတွင် သိသာလာခဲ့သည်။ တကယ်တမ်း ဖြစ်ရပ်မှန်မှာ သီပေါစော်ဘွားအား သီပေါနယ်၏ အခြားဒေသခံများနှင့်အတူ ဗိုလ်ချုပ်နေဝင်း၏ ယာဉ်တန်းကို စောင့်ဆိုင်းကြိုဆိုနေရန်သာ ပြောကြားထားခြင်း ဖြစ်သည်။

Dancers perform at a Shan National Day event in Hsipaw. (Brennan O'Connor / Frontier)

Dancers perform at a Shan National Day event in Hsipaw. (Brennan O’Connor / Frontier)

မြန်မာနိုင်ငံကို ဗြိတိသျှ ကိုလိုနီနယ်ချဲ့တို့ အုပ်စိုးစဉ်က ဗြိတိသျှ စည်းမျဉ်းခံစနစ်ကို ရှမ်းစော်ဘွားများက  သစ္စာခံပြီးနောက်၌ ရှမ်းပြည်အုပ်ချုပ်ရေး ကိစ္စရပ်များကို ၎င်းတို့ဘာသာ၎င်းတို့ အထူးတလည် လွတ်လပ်စွာ  စီမံအုပ်ချုပ်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရှမ်း၊ ကချင်၊ ချင်းခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့သည့် ဖက်ဒရယ် လမ်းပြမြေပုံဖြစ်သော ပင်လုံသဘောတူညီချက်၌ ရှမ်းစော်ဘွားများအား တစိတ်တဒေသအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပ်နှင်းထားခဲ့သည်။ သဘောကျကျေနပ်မှု မရှိပါက နောင်ဆယ်နှစ်အကြာတွင် ပြည်ထောင်စုမှ ခွဲထွက်နိုင်သည့် သီးခြားအခွင့်အရေး တစ်ရပ်ကိုလည်း ပေးအပ်ခဲ့သည်။

၁၉၅၀ ပြည့်နှစ်လယ်ပိုင်းတွင်မူ တပ်မတော်သည် လွတ်လပ်ရေး ရရှိခဲ့သည့် ၁၉၄၈ ခုနှစ်နောက်ပိုင်း၌ ပေါ်ပေါက်လာသည့် တိုင်းရင်းသားများနှင့် ကွန်မြူနစ်လက်နက်ကိုင်များအား တိုက်ခိုက်နှိမ်နင်းကာ ယင်း၏အာဏာကို တည်ဆောက်နေခဲ့ရသည်။ လူနည်းစု တိုင်းရင်းသားအရာရှိများအား တပ်မတော်မှ သန့်စင်ရှင်းထုတ်ပစ်ခဲ့သည်။ ထို့အတူ ရှမ်းတိုင်းရင်းသားများ နှစ်ပေါင်းရာနှင့်ချီ၍ ခံစားခဲ့ရသည့် လွတ်လပ်မှုကိုလည်း ခြိမ်းခြောက်လာတော့သည်။

စော်ဘွားဟော်နန်းတော်က ပိုင်ဆိုင်သော စပါးခင်းများအားလုံးကို ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့ကြသူများ၏ မိသားစုများအား ပေးအပ်သွားမည်ဟု စဝ်ကြာဆိုင်းက ကြေညာလိုက်သောအခါ မဟာဒေဝီ အပါအဝင် လူများစွာမှာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြရသည်။

၁၉၅၀ တွင်မူ တပ်မတော်တပ်ဖွဲ့ဝင်များအား ရှမ်းပြည်နယ်၌ တပ်ဖြန့်ခဲ့သည်။ တရုတ်ကွန်မြူနစ်တပ်ဖွဲ့များကို ၁၉၄၉ ခုနှစ်၌ ရှုံးနိမ့်ခဲ့သည့်အတွက် ဗမာနိုင်ငံတွင်းသို့ ဝင်ရောက်လာသော တရုတ်ကူမင်တန်တပ်ဖွဲ့များကို နှိမ်နင်းရန် ဖြစ်သည်။ ကူမင်တန်တို့က နယ်စပ်ဒေသရှိ ရှမ်းတိုင်းရင်းသားများစွာကို စုဆောင်းခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် ရှမ်းပြည်နယ်၏ နေရာတော်တော်များများကို ထိန်းချုပ်ခဲ့သည်။ ပြည်ပလက်နက်ကိုင်များအဖြစ် ရှုမြင်ခံရသည့် နှစ်ဖက်စစ်တပ်အကြား ပိတ်မိနေသည့် ရှမ်းပြည်နယ်မှာ တပ်မတော်၏ ပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။ တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများဆိုင်ရာ မကျေနပ်ချက်များကို ရှမ်းပြည်နယ်တကြောတွင် ပုံမှန်ကြားသိလာခဲ့ရသည်။

Shan soldiers provide security for government officials attending a graduation ceremony for Shan Youth Network English School. (Brennan O'Connor / Frontier)

Shan soldiers provide security for government officials attending a graduation ceremony for Shan Youth Network English School. (Brennan O’Connor / Frontier)

ရှမ်းတို့အား ကာကွယ်ပေးသည်ဟူသော အကြောင်းပြချက်ဖြင့် ပြည်ထောင်စု၏ ထောက်ခံမှုကို ရရှိထားဟန်ပြုသော တပ်မတော်၏ မမျှတသည့် ပြုမူဆက်ဆံမှုများကို မကျေမနပ် ဖြစ်လာသည့်အတွက် လွတ်လပ်ရေး တိုက်ပွဲဝင်ရန် ရှမ်းလူမျိုးစုအဖွဲ့များကို ဖွဲ့စည်းခဲ့သည်။ ၎င်းတို့က စဝ်ကြာဆိုင်း၏ ထောက်ခံမှုကို ရရှိရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းကမူ မထောက်ခံခဲ့ပေ။ မြန်မာနိုင်ငံ လူမျိုးစုလွှတ်တော်၏ အမတ်တစ်ဦး ဖြစ်ရုံသာမက ရှမ်းပြည်ကောင်စီ၏ အဖွဲ့ဝင်နှင့် ရှမ်းစော်ဘွားများ အစည်းအရုံး၏ အတွင်းရေးမှူးတစ်ဦးလည်း ဖြစ်နေသော သီပေါစော်ဘွားသည် နိုင်ငံရေး ပြဿ     နာရပ်များကို ဖြေရှင်းမည့် အကောင်းဆုံးသော နေရာမှာ ပါလီမန်ပင် ဖြစ်သည်ဟု ယုံကြည်ထားခဲ့သည်။

ဗိုလ်ချုပ်နေဝင်းက ၁၉၆၂ ခုနှစ် မတ်လတွင် အာဏာသိမ်းကာ ပြည်ထောင်စု တော်လှန်ရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ် သူ့ကိုယ်သူ ကြေညာပြီးနောက်ပိုင်းတွင်မူ သီပေါစော်ဘွား စဝ်ကြာဆိုင်းမှာလည်း အခြားတိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များနှင့်အတူ ဖမ်းဆီးအကျဉ်းချခံခဲ့ရသည်။ ဗိုလ်နေဝင်းက ဗဟိုချုပ်ကိုင်မှုစနစ်နှင့် ဆိုးရွားသော စီးပွားရေးမူဝါဒများကို လက်တွေ့ဖော်ဆောင်ခဲ့ပြီးနောက်မှာမူ မြန်မာနိုင်ငံသည်လည်း ဆိုးရွားသော အခြေအနေများ အတွင်းသို့ အလျင်အမြန် လျောကျသက်ဆင်းသွားခဲ့ရလေတော့သည်။

 “အဲဒီအချိန်တုန်းက လူတွေ တော်တော် ဆင်းရဲကြတယ်။ ပိုက်ဆံကလည်း တန်ဖိုးမရှိတော့ဘူး” ဟု စဝ်အုန်းကြာက ဆိုသည်။ ၎င်း၏မိခင်မှာ ကျောင်းဆရာမ အလုပ်ကို လုပ်ကိုင်ခဲ့ပြီး ၎င်းမှာလည်း အစ်ကိုဖြစ်သူက ၎င်းအတွက် စီစဉ်ပေးထားသည့် ပိုမိုကောင်းမွန်သော ပုဂ္ဂလိက ပညာသင်ကျောင်းတွင် တက်ရောက်မည့်အစား အစိုးရကျောင်း တစ်ကျောင်းတွင်သာ ပညာသင်ကြားခဲ့သည်။

စဝ်အုန်းကြာ၏ အဆိုအရ တပ်မတော် အုပ်ချုပ်မှုအောက်တွင် အစ်ကိုဖြစ်သူ၏ အဖြစ်အပျက်အကြောင်းကို  အများပြည်သူရှေ့မှောက်တွင် ပြောဆိုဝံ့သူ မရှိခဲ့ပေ။ ပြောဆိုခဲ့ပါကလည်း “သူတို့ကို ထောင်ထဲထည့်မယ်၊ ရိုက်မယ်၊ နှက်မယ်” ဟု ၎င်းက ဆိုသည်။ 

Successive military regimes that banned public discussion about Hsipaw’s last prince have largely succeeded in erasing Sao Kya Seng from the former princely state’s history and many young people know little about his life. (Brennan O'Connor / Frontier)

Successive military regimes that banned public discussion about Hsipaw’s last prince have largely succeeded in erasing Sao Kya Seng from the former princely state’s history and many young people know little about his life. (Brennan O’Connor / Frontier)

တပ်မတော်က သီပေါစော်ဘွားအား ဖမ်းဆီးခဲ့သည်ဟု မည်သည့်အခါကမျှ ဝန်ခံခဲ့ခြင်း မရှိပေ။ သို့သော် ၎င်းအား မြင်တွေ့ခဲ့ရသည်ဟု ပြောဆိုကြသူ တော်တော်များများက ဆားဂျင့်အား လျှို့ဝှက်ဆက်သွယ်ခဲ့ကြသည်။ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့အနီးရှိ ဗထူးမြို့တွင် မိမိ၏ခင်ပွန်းသည်ကို ထိန်းသိမ်းထားသည့် တပ်မတော်စခန်း တစ်ခုအတွင်းမှ စာနာသနားတတ်သော တပ်မတော်သား အစောင့်တစ်ဦးက သယ်ဆောင်ပို့ပေးသည့် စဝ်ကြာဆိုင်း၏ လက်ရေးမူဖြင့် စာတစ်စောင်ကို ရရှိခဲ့ပြီးနောက် ၁၉၆၂ ခုနှစ်၌ စဝ်ကြာဆိုင်း သေဆုံးသွားသည်ဟု ယူဆရကြောင်း ၎င်း၏မဟာဒေဝီက “ဗမာ့အရုဏ်ဦး” ဟူသောစာအုပ်တွင် ရေးသားဖော်ပြထားသည်။ ဆားဂျင့်မှာလည်း မိမိခင်ပွန်း၏ သေဆုံးမှု အခြေအနေ အကြောင်းကို အစိုးရထံမှ အဖြေတစ်စုံတစ်ရာ ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ဘဲ ၁၉၆၄ ခုနှစ်တွင် သမီးများ ဖြစ်ကြသည့် စဝ်မေရာရီ၊ စဝ်ကန်နာရီတို့နှင့်အတူ သြစတြေးလျနိုင်ငံသို့ ပြန်လာခဲ့ကြသည်ဟုလည်း ရေးသားဖော်ပြထားသည်။

သီပေါစော်ဘွား၏ ဆွေမျိုးတစ်ဦးဖြစ်သူ စဝ်ဆန်ဖုန်း၏ အဆိုအရ တပ်မတော် အုပ်ချုပ်ရေးကာလအတွင်း စော်ဘွားမိသားစုဝင်များအား လူမှုအသိုင်းအဝိုင်း၏ အပယ်ခံများကဲ့သို့ ဆက်ဆံခဲ့ကြသည် ဟူ၏။

 “[ကျွန်မတို့က] အနာကြီးရောဂါသည်တွေလိုပါပဲ” ဟု စဝ်ဆန်ဖုန်းက ဆိုသည်။ “ကျွန်မတို့နဲ့ ပတ်သက်ခဲ့တယ်ဆိုရင် သူတို့ ပြဿ     နာ တက်လိမ့်မယ်ဆိုပြီး ကြောက်လန့်ခဲ့ကြတာပါ” ဟုလည်း ၎င်းက ထပ်လောင်းရှင်းပြသည်။

Tourists visit the Royal Palace in Hsipaw, also known as East Haw. Built in the early 20th century, its architecture was greatly influenced by British colonialism. (Brennan O'Connor / Frontier)

Tourists visit the Royal Palace in Hsipaw, also known as East Haw. Built in the early 20th century, its architecture was greatly influenced by British colonialism. (Brennan O’Connor / Frontier)

စဝ်ကြာဆိုင်းတူမ၏ ခင်ပွန်းဖြစ်သူ စဝ်ဦးကြာသည် အစိုးရအလုပ်မှ အငြိမ်းစား ယူပြီးနောက် ၁၉၇၂ ခုနှစ်တွင် ၎င်းတို့ဇနီးမောင်နှံမှာ ရှမ်းစော်ဘွား ဟော်နန်းသို့ ရွှေ့ပြောင်းခဲ့ကြသည်။ အစိုးရက ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို စတင်အားပေးခဲ့သည့် ၁၉၉၆ ခုနှစ်တွင် ၎င်းတို့ဇနီးမောင်နှံက အရှေ့ဟော်ကို  ကမ္ဘာလှည့် ခရီးသွားအဖွဲ့ငယ်လေးများကို လာရောက်လည်ပတ်ခွင့်ပြုခဲ့သည်။

၂၀၀၅ ခုနှစ်တွင်မူ တပ်မတော်က တရားမဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသော ရှမ်းနိုင်ငံရေး အဖွဲ့တစ်ဖွဲ့၏ အကြံပေးတစ်ဦးအဖြစ် စဝ်ဦးကြာအား စွပ်စွဲကာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။ ကမ္ဘာလှည့်  ခရီးသွားလိုင်စင် မရှိဘဲ အရှေ့ဟော်သို့ လာရောက်လည်ပတ်ခွင့် ပြုခြင်းအတွက်လည်း ထောင်ဒဏ်သုံးနှစ် ထပ်မံကျခံစေခဲ့သည်။ ဦးသိန်းစိန်အစိုးရ လက်အောက်တွင် ချမှတ်ဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့ပြီးနောက် တစ်နှစ်အကြာ ၂၀၁၂ ခုနှစ်တွင်မူ အရှေ့ဟော်ကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။

 “လောလောဆယ်အထိတော့ မိသားစုဝင်တွေ နေထိုင်နေတဲ့ ဟော်နန်းအဖြစ် ရှိနေတာဆိုလို့ သီပေါဟော်နန်း တစ်ခုပဲ ရှိပါတယ်” ဟု စဝ်ဆန်ဖုန်းက ရှင်းပြသည်။

မြို့ပတ်ဝန်းကျင်တွင် ရှမ်းပြည်ဆိုင်ရာ ရှေးဟောင်း သမိုင်းအမွေအနှစ် နေရာများစွာ ရှိနေပြီး အနီးဝန်းကျင်ရှိ တောင်ကုန်းများပေါ်မှာလည်း ရှမ်းနှင့် တအာင်း(ပလောင်) ကျေးရွာများသို့ ခြေလျင်ခရီးဖြင့် သွားရောက်လေ့လာနိုင်ခြင်းတို့ကြောင့် သီပေါမြို့မှာ လူကြိုက်များသည့် ကမ္ဘာလှည့် ခရီးသွားများ လာရောက်ရာ နေရာတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

အသက် ၅၀ မပြည့်သေးသည့် သီပေါမြို့ခံများမှာ ကွယ်လွန်သွားပြီဖြစ်သော နောက်ဆုံး ရှမ်းစော်ဘွားအကြောင်း အနည်းအကျဉ်းမျှသာ သိကြသည့်အတွက် စိတ်မကောင်း ဖြစ်ရသည်ဟုလည်း စဝ်ဆန်ဖုန်းက ဆိုသည်။

ဒေသခံတွေက ကမ္ဘာလှည့် ခရီးသွားတွေရဲ့မေးခွန်းတွေကို ပြည့်ပြည့်စုံစုံ မဖြေကြားနိုင်ဘူးဆိုရင် “ဒါက ဒီမြို့အတွက် အရမ်း ရှက်စရာကောင်းပါတယ်” ဟု တော်ဝင်မိသားစုနှင့် ရင်းနှီးသော မိသားစုဝင် တစ်ဦးဖြစ်သည့် အသက် ၇၀ အရွယ် ဦးရဲအောင်က ဆိုသည်။

 “ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့သမိုင်းကိုတော့ သိရမှာပေါ့” ဟုလည်း ၎င်းက ဆိုလိုက်သေးသည်။

ဦးရဲအောင်မှာ နေရပ်သို့ စဝ်ကြာဆိုင်း ပြန်လာသည့်အချိန်တွင် ရှစ်နှစ်သားအရွယ်သာ ရှိသေးသော်လည်း စော်ဘွားငယ်သည် “စိတ်ဓာတ်အလွန်ကြံ့ခိုင်သူ” ဖြစ်ကြောင်းကို ထိုအချိန်အခါက သက်ကြီးရွယ်အိုများ၏ ပြောကြားချက်အရ သက်ကြီးစကား သက်ငယ်ကြားအဖြစ် သိခဲ့ရကြောင်း ရှင်းပြသည်။

ဦးရဲအောင်၏ အဆိုအရ သီပေါစော်ဘွားမှာ သီပေါမြို့ကို ယခုထက်ပို၍ တိုးတက်စေလိုသူ ဖြစ်ပြီး ၎င်း၏ ခေါင်းဆောင်မှုအောက်တွင် “သီပေါမြို့မှာ ၁၉၄၅ မှ ၁၉၆၂ ခုနှစ်အထိ စီးပွားဖြစ်ထွန်းခဲ့သည်”ဟူ၏။

Students wait to greet guests during a graduation ceremony at the Shan Youth Network English School. (Brennan O'Connor / Frontier)

Students wait to greet guests during a graduation ceremony at the Shan Youth Network English School. (Brennan O’Connor / Frontier)

၁၉၉၄ ခုနှစ်တွင် ထုတ်ဝေပြီးနောက် သုံးနှစ်အကြာတွင် ဆားဂျင့်၏စာအုပ် တစ်အုပ်ကို သူ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည့်တိုင် ကျောင်းတစ်ကျောင်း၏ ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးပစ်ခဲ့ရပုံကို ဥပမာတင်၍ စစ်အုပ်ချုပ်မှုအောက်၌ တိုင်းရင်းသားများ မည်မျှအကြောက်တရား ကြီးမားခဲ့ရပုံကို ညွှန်းဆိုချက် တစ်ရပ်အဖြစ် ဦးရဲအောင်က ပြောကြားသည်။

“ဆရာမကြီးက စာအုပ်ကို [အထဲမှာ] ယူခဲ့တာ ဖြစ်ပြီး တံခါးကိုလည်း သော့ခတ်ထားခဲ့ပါတယ်။ ဒါက သူတို့ ဘယ်လောက် ကြောက်သလဲဆိုတာကို ပြသတာပါ” ဟု ၎င်းက ဆိုသည်။

ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း တိုးတက်လာခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ သမိုင်းအမွေအနှစ် ကြွယ်ဝသော သီပေါမြို့အကြောင်း လေ့လာရန် သီပေါမြို့သို့ လာရောက်လည်ပတ်သည့် ခရီးသွားဦးရေ တိုးမြင့်လာခဲ့သည်။ ဧည့်သည်များ၏ မေးခွန်းတို့က သူဖြေကြားနိုင်သည်ထက် ပိုများနေသဖြင့် သူ့မှာ စိုးရိမ်စိတ် ပိုကာ ဖေဖော်ဝါရီလထဲတွင် သီပေါသမိုင်းကြောင်းကို အကျဉ်းချုပ် ရှင်းလင်းဖော်ပြထားသော ဒီဗီဒီ တစ်ချပ်ကို ဦးရဲအောင်က စီစဉ် ဖြန့်ချိခဲ့ရသည်။

အင်္ဂလိပ်၊ ရှမ်းနှင့် ဗမာဘာသာတို့ဖြင့် ရေးသားထားသော စာအုပ်ပေါင်း ၅,၀၀၀ ၏ ထက်ဝက်ခန့်ကို ရောင်းချခဲ့ရပြီး ဖြစ်သည်။ ဒီဗီဒီအခွေများ ရောင်းချခြင်းမှ ရရှိသည့်ပိုက်ဆံများကို အရှေ့ဟော်ရှိ ဝင်းအတွင်းတွင် သီပေါစော်ဘွား ဇနီးမောင်နှံ၏ အမှတ်တရ ကျောက်ရုပ်တု တည်ဆောက်ရာ၌ အသုံးပြုသွားမည် ဖြစ်သည်။

 “ခင်ဗျား ဒီကို လာမယ်ဆိုရင် စော်ဘွားအိုတွေက ဒီနေရာက အုတ်ဂူတွေထဲမှာ လဲလျောင်းနေကြပါပြီ။ ဒါဆိုရင် စဝ်ကြာဆန်းကကော ဘယ်ရောက်နေလဲ။ သူက ဘယ်မှာ လဲလျောင်းနေတာလဲ။ [သူ့အုတ်ဂူ] အဖြစ် မှတ်ယူလို့ရတဲ့ အုတ်ဂူတစ်ခုမှ မရှိသေးပါဘူး” ဟုလည်း ဦးရဲအောင်က မှတ်ချက်ပြုသည်။

အစိုးရက စဝ်ကြာဆိုင်း၏ သေဆုံးမှု သို့မဟုတ် ၎င်းအား ဖမ်းဆီးထိန်းသိမ်းခဲ့မှုတို့ကို အသိအမှတ်ပြု ထုတ်ပြန်ခြင်းမျိုး လုံးဝ မရှိသေးပေ။

မဟာဒေဝီ ဖြစ်သည့် ဆားဂျင့်မှာ သမီးများနှင့်အတူ မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီးနောက် အမေရိကန်နိုင်ငံသို့ မပြန်မီအထိ သြစတြေးလျနိုင်ငံတွင် နေထိုင်ခဲ့သည်။ ယခုအခါတွင် စဝ်မေရာရီနှင့် စဝ်ကန်နရီတို့မှာလည်း လူလတ်ပိုင်းအရွယ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကာ သူတို့အဖေ၏ ကံကြမ္မာနှင့်ပတ်သက်၍ မြန်မာအစိုးရထံမှ တစ်စုံတစ်ရာ အဖြေပေးရန် စာများ ရေးသားတောင်းဆိုနေကြဆဲပင် ဖြစ်သည်ဟု ဦးရဲအောင်က ဆိုသည်။

 “ကျွန်မတို့ ဖေဖေက ဘယ်မှာလဲ။ [သူ]ဘယ်တော့ ပြန်လာမှာလဲ။ သူ သေပြီလား။ ဒါမှမဟုတ် အသက်ရှင်နေတုန်းပဲလားလို့ မေးမြန်းထားတဲ့စာတွေကို အစိုးရဆီကို သူတို့ နှစ်စဉ် နှစ်တိုင်း ပို့ပါတယ်” ဟု ဦးရဲအောင်က ဆိုသည်။

အောင်မင်း ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – သီပေါမြို့၏ ရှမ်းစော်ဘွားကတော် အင်းဂ် ဆားဂျင့်နှင့် စဝ်ကြာဆိုင်းတို့၏ ရက်စွဲအတိအကျ မသိရသော အစောပိုင်းဓာတ်ပုံ တစ်ပုံကို တွေ့ရှိရစဉ်။ ဓာတ်ပုံ – ဘရင်နန် အိုကော်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.