လူအများ ဝယ်ယူနိုင်သည့် ဈေးကွက်ကို ပစ်မှတ်ထားရန် Yoma Land ရည်ရွယ်

အဆင့်မြင့်အိမ်ခြံမြေတွေ ရောင်းချရမှု နှေးကွေးလာသောကြောင့် Yoma Strategic Holdings နှင့် First Myanmar Investment တို့က Yoma Land အမည်ဖြင့် ကုမ္ပဏီအမည်သစ်တစ်ခုကို တည်ထောင်ခဲ့ပြီး အများဝယ်ယူနိုင်တဲ့ ဈေးကွက်စီမံကိန်းတွေကို ပြောင်းလဲ လုပ်ကိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

သောမတ်စ် ကင်းန်

သင့်မှာ သင့်တော်တဲ့ လစာနဲ့ တည်ငြိမ်တဲ့ အလုပ်တစ်ခုရှိတယ်ဆိုရင် တစ်နေ့မှာ သင့်တော်တဲ့ အိမ်တစ်လုံးကို ဝယ်ယူဖို့ မျှော်လင့်ထားတာဟာ ကျိုးကြောင်း ဆီလျော်လှပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ၊ အထူးသဖြင့် ရန်ကုန်မှာတော့ ယေဘုယျအားဖြင့် မဝယ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထုံးစံအားဖြင့် အိမ်တန်ဖိုးကို သင်က ငွေသားနဲ့ ကြိုတင်ပေးချေရမှာကြောင့် ဖြစ်ပါတယ်။

မကြာသေးခင်ကပြီး ပြည်တွင်းဘဏ်တွေက အိမ်ယာချေးငွေတွေကို စတင်ပေးနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ချေးငွေရရှိဖို့ ခက်ခဲနေတဲ့အပြင် အတိုးက ၁၃ ရာခိုင်နှုန်းဖြစ်တဲ့အတွက် ဈေးကြီးနေလို့ပါ။ ပြန်လည်ပေးဆပ်ရမယ့် ကာလကလည်း တိုတောင်းပြီး ခုနှစ်နှစ်သာ ပေးထားပါတယ်။ နောက်ပြီး အပေါင်စာချုပ်တွေအတွက် အာမခံငွေ အများကြီးပေးရပါတယ်။

မြေဈေးတွေ မြင့်တက်လာမှုနဲ့အတူ ငွေကြေးထောက်ပံ့မှုကလည်းမရှိတော့ ရန်ကုန်မှာ အိမ်ဝယ်ယူနိုင်ဖို့က ပြဿနာတစ်ခု ဖြစ်လာပါတယ်။ အစိုးရက ငွေကြေးထောက်ပံ့မှုလိုမျိုး ပြဿနာကို ကိုင်တွယ်ဖို့ ကြိုးပမ်းမှုတွေဟာ အခုချိန်ထိတော့ တိုးတက်မှု သိပ်မရှိသေးပါဘူး။

နောက်ပြီး ပမာဏကလည်း အလွန်ကြီးမားလှပါတယ်။ ၂ဝ၂ဝ ရွေးကောက်ပွဲတွေမတိုင်မီ အများတတ်နိုင်တဲ့ အိမ်ရာ ၁၂,ဝဝဝ နီးပါးအတွက် ငွေကြေးထောက်ပံ့ဖို့ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (ဂျိုက်ကာ) ထံကနေ ချေးငွေ ကျပ် ၁၈၉ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၄၂သန်း) ချေးယူဖို့ ပြည်ထောင်စုလွှတ်တော်က ပြီးခဲ့တဲ့ မတ်လမှာ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် နောင်ဆယ်စုနှစ် နှစ်နှစ်အတွင်း ရန်ကုန်မှာ အိမ်ယာ တစ်သန်းအပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ အိမ်ယာ ၄ ဒသမ ၈ သန်း လိုအပ်လိမ့်မယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။

ဒါဟာ Yoma Land ရဲ့ မန်နေးဂျင်းဒါရိုက်တာ မစ္စတာ ဆိုင်းရပ်စ်ပန်အတွက်တော့ အခွင့်အလမ်းတစ်ခုပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အများတတ်နိုင်တဲ့ အရည်အသွေးရှိ အိမ်ရာတွေ အသည်းအသန် လိုအပ်နေတဲ့ ဈေးကွက်က ကြီးမားပေမယ့် လုံလုံလောက်လောက် မဖြည့်ဆည်းရသေးလို့ ဖြစ်ပါတယ်။

ဇွန် ၂၆ ရက်နေ့က စတင်ဖွဲ့စည်း တည်ထောင်ခဲ့တဲ့ Yoma Land ဟာ စင်ကာပူစာရင်းဝင် Yoma Strategic Holdings နဲ့ မြန်မာနိုင်ငံစာရင်းဝင် First Myanmar Investment တို့ရဲ့ အိမ်ခြံမြေလုပ်ငန်းကို လွှမ်းခြုံလုပ်ကိုင်မယ့် ကုမ္ပဏီသစ်တစ်ခု ဖြစ်ပါတယ်။ ဒီစာရင်းဝင်ကုမ္ပဏီနှစ်ခုဟာ ဦးသိန်းဝေ (ခေါ်) Serge Pun တို့ရဲ့ ပန်မိသားစုနဲ့ ချိတ်ဆက်နေပါတယ်။

သူတို့ရဲ့ စီမံကိန်းတွေစာ လောလောဆယ်မှာတော့ ပန်းလှိုင်အိပ်ယာ (Pun Hlaing Estate)၊ စတားစီးတီးနဲ့ Yoma Central တို့အပါအဝင် အဆင့်မြင့်အိမ်ယာဈေးကွက်ဘက်ကို မဲတင်းထားပါတယ်။ အဲဒီမှာ ဇိမ်ခံဆိုတာထက်တောင် သာလွန်နေတဲ့ Peninsula Residences အိမ်ယာတွေက တိုက်ခန်းကြီးတွေဆို အနည်းဆုံးဈေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းနဲ့ စတင်ထားပါတယ်။

ဒါပေမယ့် Yoma Land ဟာ အမည်သစ်နဲ့ ဈေးကွက် မဟာဗျူဟာတစ်ခုဆိုတာထက် ပိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကုမ္ပဏီက ဆိုင်းရပ်စ်ပန် ပြောကြားသလို အများဝယ်ယူနိုင်တဲ့ ဈေးကွက် (mass market) ထဲမှာ အမျိုးမျိုး ပြောင်းလဲ လုပ်ကိုင်နေတာကြောင့် ဖြစ်ပါတယ်။ စီမံကိန်းတွေနဲ့ ပတ်သက်လို့ကတော့ ရန်ကုန်မှာပဲဆိုတာကလွဲရင် နောက်ထပ် အသေးစိတ် အချက်အလက်တွေကို သူက မပြောခဲ့ပါဘူး။ ပိုပြီး အသေးစိတ်ကျတဲ့ ကြေညာချက်တစ်ခုကိုတော့ လာမယ့်လ အနည်းငယ်အတွင်း ထုတ်ပြန်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် ဇွန် ၂၆ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာတော့ Yoma ဟာ အရည်အသွေးရှိပေမယ့် အများဝယ်နိုင်တဲ့ အိမ်ယာတွေ တည်ဆောက်ရောင်းချဖို့ Yoma က ဘယ်လို စီစဉ်ထားတယ်ဆိုတာကို ရှင်းလင်း ပြောကြားသွားပါတယ်။

အများတတ်နိုင်တဲ့ဈေးကွက် (mass market) ဆိုတာဘာလဲ

“ကျွန်တော့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က အလွန်ရိုးရှင်းပါတယ်။ ကျွန်တော် တကယ်ပစ်မှတ်ထားနေသူတွေက စုဆောင်းငွေ များများစားစား မရှိတဲ့သူတွေ၊ သူတို့မှာ မိသားစု ကြွယ်ဝမှုမရှိဘူး၊ သူတို့မှာ သင့်လျော်တဲ့ အလုပ်အကိုင်လေးတစ်ခု၊ သင့်လျော်တဲ့ လစာလေးတစ်ခုရှိတယ်၊ ဒါပေမယ့် လောလောဆယ် သူတို့ မဝယ်နိုင်သေးဘူး။ ကျွန်တော်က သူတို့အတွက် အဲဒါကို ဆောင်ရွက်ပေးချင်နေတာ” လို့ ဆိုင်းရပ်စ်ပန်က ပြောပါတယ်။

Yoma Land က စတင်လုပ်ဆောင်တာကတော့ သုတေသနလုပ်ခြင်း ဖြစ်ပါတယ်။ အာရုံစိုက်ရမယ့် အုပ်စုတွေကို စစ်တမ်းတွေ ကောက်ယူတာ၊ သူတို့ တန်ဖိုးအထားဆုံး အရာတွေနဲ့ပတ်သက်ပြီး မေးမြန်းတာတွေနဲ့ ပစ်မှတ်ထားတဲ့ ဖောက်သည်တွေနဲ့ စကားပြောတာတွေ လုပ်နေပါတယ်။ အဲဒီနောက် လိုအပ်နေသူတွေအတွက် ကုန်ကျစရိတ် နည်းနည်းဖြင့် ငွေကို အထိရောက်ဆုံးသုံးကာ စီမံချက်တွေကို ဒီဇိုင်းရေးဆွဲ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ကို သူများတွေနဲ့ ခြားနားသွားစေတယ်လို့ ကျွန်တော်ထင်တဲ့ အရာတစ်ခုက ကျွန်တော်တို့ရဲ့ ဝယ်သူတွေက ပြောတာကို နားထောင်ခြင်းပါ” လို့ သူက ပြောပါတယ်။ မကြာခဏဆိုသလိုပဲ မြန်မာနိုင်ငံက ဆောက်လုပ်ရေး စီမံကိန်းတွေကို အကောင်အထည်ဖော်သူတွေက တည်ဆောက်တယ်၊ ပြီးတော့ သူတို့က လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ သိပ်အများကြီး မစဉ်းစားဘူး။ သူတို့က လက်ရှိသွားနေကြတဲ့ လမ်းကြောင်းကိုပဲ ကြည့်တယ်။ တခြားသူတွေလုပ်တာ လိုက်လုပ်နေကြတယ်။ တခြားသူတွေ ရောင်းနေတဲ့ဟာတွေ လိုက်ဆောက်နေတယ်” လို့ သူကပြောပါတယ်။

အဆင့်မြင့်အိမ်ယာဈေးကွက် နှေးကွေးနေ၍ လူအများ ပိုမိုတတ်နိုင်တဲ့ စီမံကိန်းများဘက်သို့ ပြောင်းရွှေ့သွားခြင်းမှာ ပုံမှန်သာဖြစ်တယ်လို့ Myanmar Real Estate and Constructure Monitor က သုတေသီတစ်ဦးဖြစ်သူ မစ္စကက်သရင်း ဟဲန်ဒရဲန်က ပြောကြားခဲ့ပါတယ်။

ရန်ကုန်မှာ ပုဂ္ဂလိကကဏ္ဍက တည်ဆောက်တဲ့ အိမ်ယာယူနစ်တွေရဲ့ ၇ဝ ရာခိုင်နှုန်းနီးပါးက ယေဘုယျအားဖြင့် ဝင်ငွေမြင့်တဲ့ အုပ်စုတွေကို ပစ်မှတ်ထားတယ်လို့ ခန့်မှန်းထားတယ်လို့ သူက ပြောပါတယ်။

“တန်ဖိုးနည်းနဲ့ အများတတ်နိုင်တဲ့ အိမ်ယာတွေ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်လို့ ဈေးကွက်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်ရှိနေအုံးမှာပါ။ အဲဒီဈေးကွက်က မြန်မာနိုင်ငံမှာ ကောင်းကောင်းမွန်မွန် ဖြည့်ဆည်း မပေးရသေးပါဘူး။ အနည်းဆုံးတော့ ရောင်းလို့လည်းရ၊ ရင်းနှီးမြုပ်နှံမှုအဖြစ်လည်း အသုံးပြုလို့ရတဲ့ အရည်အသွေးရှိ အိမ်ယာတွေ မရှိသေးပါဘူး” လို့ သူကပြောပါတယ်။

ဒါပေမယ့် Yoma Land ဟာ တခြား ဆောက်လုပ်သူ အများစုထက် အားသားချက်အချို့တော့ ရှိနေပေါတယ်။ သူတို့က နိုင်ငံတကာ ငွေကြေးထောက်ပံ့မှု ရရှိနိုင်တဲ့အပြင် လက်ရှိပရောဂျက်တွေကနေ စီမံခန့်ခွဲမှု၊ ဒီဇိုင်းနဲ့ ဆောက်လုပ်ရေး ကျွမ်းကျင်မှုတွေကို ရယူအသုံးပြုနိုင်တာဟာ တမူထူးခြားချက် ဖြစ်နိုင်ပါတယ်။ နောက်ပြီးတော့ ဆောက်လုပ်မှု အရည်အသွေးနဲ့ ပတ်သက်ရင်  စင်းလုံးချောမဟုတ်တောင် ယေဘုယျအားဖြင့် ကောင်းမွန်တဲ့ ဂုဏ်သတင်းတော့ ရှိပါတယ်။ အများတတ်နိုင်တဲ့ ဈေးကွက်ထဲကို ဝင်ရောက်လုပ်ကိုင်ပေမယ့် အရည်အသွေးနိမ့်တဲ့ စီမံကိန်းတွေ ဖြစ်လာမှာတော့ မဟုတ်ဘူးလို့ ပန်က တွင်တွင်ငြင်းပါတယ်။

“ဈေးနှုန်း အစိတ်အပိုင်းတစ်ခုစီအတွက် ဈေးနှုန်းအတိုင်းအတာက ပေးနိုင်သလောက် အတတ်နိုင်ဆုံး၊ အကောင်းဆုံး အရည်အသွေးရှိတာကို ပေးချင်ပါတယ်။ ခင်ဗျားက အနည်းဆုံး ဈေးနှုန်းအနိမ့်တစ်ခုနဲ့ ပေးမယ်ဆိုရင်တောင် အန္တရာယ်ကင်းကင်းနဲ့ ကောင်းကောင်းမွန်မွန် တည်ဆောက်ထားတာတစ်ခုတော့ ခင်ဗျားရမှာပါ” လို့ သူက ပြောပါတယ်။

ငွေကြေးထောက်ပံ့ခြင်းကတော့ အဓိက အာရုံစိုက်ရမယ့် အရာဖြစ်ပါတယ်။ Yoma Land ဟာ သူ့ရဲ့ ပစ်မှတ်ဈေးကွက်က တတ်နိုင်တဲ့ အတိုင်းအတာကို အခြေခံပြီး တည်ဆောက်မှုကို အကောင်အထည်ဖော်မှာပါ။ အိမ်ချေးငွေတွေအတွက် ပြန်ဆပ်ရမယ့် ကာလက ခုနှစ်နှစ်ကနေ ၁ဝ နှစ်အထိဖြစ်ကြပေမယ့် Yoma Land ကတော့ နှစ် ၃ဝ အထိ တိုးချဲ့ပေးဖို့ မျှော်လင့်နေပြီး ဝယ်ယူသူအသစ်တွေအတွက် ဈေးကွက်ဖွင့်ပေးမှာ ဖြစ်ပါတယ်။ စီးပွားရေး ရင့်ကျက်လာပြီး ငွေဖောင်းပွမှုလျော့ကျလာတဲ့ စံနှုန်းကို ရောက်လာတဲ့အခါမှာ လက်ရှိ မြင့်မားနေတဲ့ အတိုးနှုန်းတွေ လျှော့ပေးဖို့ မျှော်လင့်ကြောင်းလည်း ပန်ကပြောပါတယ်။

“လူအများအပြား အိမ်ယာဝယ်ယူနိုင်စေဖို့ ခိုင်မာအားကောင်းတဲ့ အခြေအနေတစ်ခုကို ကျွန်တော်တို့ ရောက်ရှိနေတယ်လို့ ကျွန်တေ်တို့ ယူဆပါတယ်။ နောက်ပြီး ကျွန်တော်တို့မှာ ငွေကြေးထောက်ပံ့ပေးတဲ့ အသိုင်းအဝိုင်းနဲ့ အဆက်အသွယ် ရှိပါတယ်။ ဒီအခြေအနေကနေ အဲဒီကွန်ရက်ကိုအသုံးပြုပြီး  ဝယ်ယူသူတွေအတွက် ပိုကောင်းတဲ့ ဘဏ္ဍာရေးစည်းကမ်း သတ်မှတ်ချက်တွေ ချပေးနိုင်မှာပါ” လို့ သူကပြောပါတယ်။

“ပြည်တွင်းဘဏ်တွေက မဖြည့်ဆည်းနိုင်ရင်ပဲဖြစ်ဖြစ်၊ စည်းမျဉ်းသတ်မှတ်ချက်တွေက ခွင့်မပြုရင်ပဲဖြစ်ဖြစ် တည်ဆောက် အကောင်အထည်ဖော်သူအနေနဲ့ ကျွန်တော်တို့က ဘယ်ကွာဟချက်မဆို တံတားထိုးပေးနိုင်ဖို့ ဘဏ္ဍာရေး ထောက်ကူအစီစဉ်တွေကို ချမှတ်လုပ်ဆောင်သွားမှာပါ” လို့လည်း သူက ပြောပါတယ်။ အများတတ်နိုင်တဲ့ အိမ်ယာတွေဖြစ်လာဖို့ ထောက်ပံ့ကူညီခြင်းဟာ အရည်အသွေးရှိဖို့နဲ့ လူမှုရေး ပေါင်းစည်းညီညွတ်မှုအတွက် အရေးပါတယ်လို့ ပန်ကပြောပါတယ်။ ပြီးတော့ ပြဿနာကို မကိုင်တွယ်ဘဲထားတဲ့ ကာလရှည်ကြာလေ ပြဿနာဟာ ပိုမိုနက်ရှိုင်းလာလေလို့လည်း သူက ထပ်မံပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အများတတ်နိုင်တဲ့ အိမ်ယာလုပ်ငန်းထဲကို ဝင်ရောက်လုပ်ကိုင်ခြင်းဟာ Yoma ရဲ့ ကျန်တဲ့ အိမ်ယာလုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံမှုအစုစုမှာ အားနည်းချက်တွေ ရှိလို့လည်း ဖြစ်ပါတယ်။ Yoma Strategic Holdings ရဲ့ ဝင်ငွေဟာ စင်ကာပူဒေါ်လာ ၆၆ ဒသမ ၄ သန်းကနေ ၂ဝ၁၈ ခုနှစ်မှာ စင်ကာပူဒေါ်လာ ၄၂ ဒသမ ၆ သန်းကို ကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ ဝင်ငွေ ၂ဝ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့တာဖြစ်ပါတယ်။

ဒါဟာ တစိတ်တပိုင်းအားဖြင့်တော့ အိမ်ခြံမြေ တည်ဆောက် ရောင်းချသူအဖြစ်ကနေ လုပ်ငန်းအမျိုးမျိုးလုပ်ကိုင်တဲ့  ကော်ပိုရေးရှင်းကြီးအဖြစ် ကူးပြောင်းလုပ်ကိုင်တဲ့ ကုမ္ပဏီရဲ့ မဟာဗျူဟာလည်း ဖြစ်ပါတယ်။ ၂ဝ၂ဝ ပြည့်နှစ်မှာ အိမ်ခြံမြေမဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတွေကနေ အနည်းဆုံးဝငငွေ ၅ဝ ရာခိုင်နှုန်းရဖို့လည်း ပစ်မှတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဒီရည်မှန်းချက်ကို နှစ်နှစ်စောရခဲ့ပြီး အိမ်ခြံမြေလုပ်ငန်းက ၂ဝ၁၈ ခုနှစ်မှာ ဝင်ငွေ ၃၉ ရာခိုင်နှုန်းသာ ရခဲ့တယ်ဆိုတဲ့အချက်က အိမ်ခြံမြေလုပ်ငန်းရဲ့ ရင်းနှီးမြုပ်နှံမှုအစုစုကနေ မျှော်လင့်သလောက် ဖြစ်မလာသေးတာကို ပြသနေပါတယ်။

အိမ်ခြံမြေလုပ်ငန်း နှေးကွေးမှုဟာ အလယ်အလတ်နဲ့ အဆင့်မြင့် စီမံကိန်းတွေအတွက် ယေဘုယျဝယ်လိုအား အားနည်းမှုနဲ့အတူ Yoma Strategic Holdings ရဲ့ စိတ်ပျက်ဖွယ် အမြတ်ရရှိမှုရလဒ်အတွက် အဓိက အကြောင်းရင်းဖြစ်တယ်လို့ မေ ၃၁ ရက်နေ့က ရင်းနှီးမြုပ်နှံသူတွေထံ ပေးပို့တဲ့ အကြောင်းကြားစာတစ်စောင်မှာ  လေ့လာဆန်းစစ်သူ မစ္စတာဗီဂျေနာတာရာဂျန်က ပြောကြားထားပါတယ်။

အများတတ်နိုင်တဲ့ ဈေးကွက်စီမံကိန်းတွေအတွက် ဝယ်လိုအား ပိုမိုမြင့်မားလာတာကြောင့် ကုမ္ပဏီဟာ ပိုမိုသေးငယ်ပြီး အများတတ်နိုင်တဲ့ အိမ်ယာတွေအတွက် ဝယ်လိုအား ဖြည့်တင်းပေးနိုင်ဖို့ Star City က Galaxy Tower မှာရှိတဲ့ လက်ရှိအိမ်ယာတွေရဲ့ ကမ်းလှမ်းချက်တွေကို ပြင်ဆင်ထားတယ်လို့ သူက ပြောကြားခဲ့ပါတယ်။ Yoma ကလည်း Star City မှာ City Loft ဆိုတဲ့ စီမံကိန်းအသစ်တစ်ခုကို စတင်ဖို့ စီစဉ်နေပြီး Galaxy Tower ရှိ အိမ်ယာတွေနဲ့ နှိုင်းယှဉ်ပါက ဈေးအနည်းငယ် နိမ့်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

City Loft ဟာ မကြာမီအချိန်မှာ အများတတ်နိုင်တဲ့ ဈေးကွက်စီမံကိန်းဖြစ်မဖြစ်ကတော့ စောင့်ကြည့်ရဦးမှာပါ။ ဒါပေမယ့် Yoma ကဘယ်လိုစိတ်ကူးနဲ့ လုပ်မလဲဆိုတာ ကြည့်ဖို့က စိတ်လှုပ်ရှားဖွယ်ကောင်းတယ်လို့ ဟဲန်ဒရဲန်က ပြောပါတယ်။

Yoma ဟာ အများတတ်နိုင်တဲ့ ဈေးကွက်မှာ အရေးပါတဲ့ လှုပ်ရှားသူဖြစ်ဖို့ မြန်မာနိုင်ငံမှာ သြဇာအရှိန်အဝါတော့ ရှိနေပါတယ်။ ဒါပေမယ့် အဲဒီဈေးကွက်ကို ဝင်ရောက်လုပ်ကိုင်မယ့် တစ်ခုတည်းသော ကုမ္ပဏီတော့ မဟုတ်ပါဘူးလို့လည်း သူမက ပြောပါတယ်။ “Yoma က ဆန်းသစ်တီထွင်မှုတွေကို ပြသခဲ့တယ်။ ပိုမိုဆန်းသစ်တီထွင်မှုရှိတဲ့ ဒီဆောက်လုပ်ရေး နည်းလမ်းအချို့ မြန်မာနိုင်ငံမှာ အရှိန်ရမလားဆိုတာ ကြည့်ဖို့ ကျွန်မ စိတ်ဝင်စားပါတယ်။ ကုမ္ပဏီအနည်းငယ်လည်း ဒီနယ်ပယ်မှာ စွန့်စားလုပ်ကိုင်ကြမှာပါ” လို့ သူကပြောကြားခဲ့ပါတယ်။

ခေါင်းစီးဓာတ်ပုံ- Yoma Land ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဆိုင်းရပ်စ်ပန်က သတင်းထောက်များနှင့် ဇွန် ၂၆ ရက်နေ့က တွေ့ဆုံနေစဉ်။ ဓာတ်ပုံ- Supplied

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.